အာဏာရှင်ဗိုလ်နေဝင်း၏ဇာတ်သိမ်းခန်း အပိုင်း(၃)
သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၆၊ ၂၀၁၃
ဂျပန် စစ်ပညာတော်သင်ဘဝ
ဂျပန်နိုင်ငံသို့ စစ်ပညာသင်ရန်အတွက် ၁၉၄၁ ခုနှစ် ဇူလိုင်လ ၈ ရက် အင်္ဂါနေ့တွင် ကိုရီယုမာရူး (Koriyu Maru) သင်္ဘောဖြင့် ဂျပန်သို့ စေလွှတ်သော မြန်မာမျိုးချစ်လူငယ် စတုတ္ထအသုတ်တွင် သခင်ရူမောင်လည်း ပါဝင်ခဲ့သည်။ ယင်းအသုတ်သည် ရဲဘော်သုံးကျိပ်၏ နောက်ဆုံးအသုတ်လည်း ဖြစ်သည်။ ယင်းအဖွဲ့၌ သခင်ထွန်းအုပ်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်မောင်မောင် (ဗိုလ်ဥာဏ)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်သန်းညွှန့် (ဗိုလ်ဇင်ယော်) တို့ ပါဝင်သည်။
ဂျပန်စစ်ပညာသင် ရဲဘော်သုံးကျိပ်အဖွဲ့တွင်အဓိက သခင်အဖွဲ့ကြီး နှစ်ဖွဲ့ ပါဝင်သည်။ ကျန်ပုဂ္ဂိုလ်များမှာ ကျောင်းသားအဖွဲ့မှဖြစ်ပြီး ၊တသီးပုဂ္ဂလအဖွဲ့မှ တစ်ဦးလည်းပါဝင်သည်။
သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံးဝင် ရဲဘော်သုံးကျိပ်ဝင်များမှာ-
(၁) သခင်အောင်ဆန်း – ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း)
(၂) သခင်လှမြိုင် – ဗိုလ်ရန်အောင်
(၃) သခင်လှဖေ – ဗိုလ်လက်ျာ
(၄) သခင်အေးမောင် – ဗိုလ်မိုး
(၅) သခင်စောလွင် – ဗိုလ်မင်းခေါင်
(၆) သခင်စိုး – ဗိုလ်မြင့်အောင်
(၇) သခင်တင်အေး – ဗိုလ်ဘုန်းမြင့်
(၈) သခင်ထွန်းရွှေ – ဗိုလ်လင်းယုန်
(၉) သခင်သန်းတင် – ၂ – ဗိုလ်မြဒင်
(၁၀) သခင်ခင်မောင်ဦး – ဗိုလ်တာရာ
(၁၁) သခင်စံမြ – ဗိုလ်တောက်ထိန်
(၁၂) သခင်ထွန်းလွင် – ဗိုလ်ဗလ
(၁၃) သခင်စံလှိုင် – ဗိုလ်အောင်
(၁၄) သခင်မောင်မောင် – ဗိုလ်ဥာဏ
(၁၅) သခင်လှ – ဗိုလ်မင်းရောင်
(၁၆) သခင်သန်းညွှန့် – ဗိုလ်ဇင်ယော်
(၁၇) သခင်ဘဂျမ်း – ဗိုလ်လရောင်
သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဦးစီးသော တို့ဗမာအစည်းအရုံးဝင် ရဲဘော်သုံးကျိပ်ဝင်များမှာ –
(၁၈) သခင်ထွန်းအုပ် – အုပ်ချုပ်ရေးပညာ သင်ကြား၍ ဗိုလ်ဘွဲ့မခံပေ
(၁၉) သခင်အောင်သန်း – ဗိုလ်စကြာ
(၂၀) သခင်ရှုမောင် – ဗိုလ်နေဝင်း
(၂၁) သခင်ထွန်းခင် – ဗိုလ်မြင့်ဆွေ
(၂၂) သခင်ငွေ – ဗိုလ်စောအောင်
(၂၃) သခင်သစ် – ဗိုလ်စောနောင်
(၂၄) သခင်ကျော်စိန် – ဗိုလ်မိုးညို
(၂၅) သခင်သန်းတင် – ၁ – ဗိုလ်ဘွဲ့မရမီ တိုင်ပေဆေးရုံတွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သည်။
ကျောင်းသား အဖွဲ့မှ-
(၂၆) ကိုလှမောင် – ဗိုလ်ဇေယျ
(၂၇) ကိုရွှေ – ဗိုလ်ကျော်ဇော
(၂၈) ကိုထွန်းရှိန် – ဗိုလ်ရန်နိုင်
(၂၉) ကိုအောင်သိန်း – ဗိုလ်ရဲထွဋ်
တသီးပုဂ္ဂလ အဖွဲ့ မှ-
(၃၀) ကိုဆောင်း – ဗိုလ်ထိန်ဝင်း (တိုကျိုမြို့တွင် စက်မှုလက်မှု၊ အတတ်ပညာသင် တက္ကသိုလ်တွင် ပညာသင်ကြားနေသူ)
သခင်ရှုမောင်တို့ ပါဝင်သော စတုတ္ထအသုတ်သည် ရှန်ဟိုင်းသို့ ၁၉၄၁ ခုနှစ်၊ ဇူလိုင်လ ၂၂ နေ့တွင် ရောက်ရှိပြီး ရှန်ဟိုင်းမှ လေယာဉ်ဖြင့် ဂျပန်သို့ ဆက်လက်ထွက်ခွာရာ ဇူလိုင်လ ၂၄ နေ့တွင် ဂျပန်နိုင်ငံ ကျူးရှုးကျွန်း နာဂါဆာကီမြို့အနီးရှိ ရေတပ်စခန်းသို့ ရောက်ခဲ့သည်။
သြဂုတ်လ ၁၁ ရက်နေ့တွင် ဟိုင်နန်ကျွန်း (တရုတ်ပြည်တောင်ဘက် တောင်တရုတ် ပင်လယ်တွင်းရှိ ကျွန်းကြီး) နှင့် ထိုင်ဝမ်ကျွန်း (တရုတ်ပြည် အရှေ့တောင်ဘက်ကမ်းလွန် မိုင် ၁ဝဝ ခန့် အကွာတွင်ရှိသော တရုတ်ပြည်ပိုင် အကြီးဆုံး ကျွန်းကြီးဖြစ်သည်။ ဖော်မိုဆာ (Formosa) ဟုလည်း ခေါ်ဝေါ်ကြသည်) တို့ တွင် စစ်ပညာရပ်များ သင်ကြားခဲ့ကြသည်။
ရဲဘော်သုံးကျိပ်ဝင်များကို တပ်ဖွဲ့ (၃) ဖွဲ့ခွဲ၍ ၁၉၄၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှစ၍ ဟိုင်နန်ကျွန်းရှိ စန်းယစစ်ပညာသင်တန်းကျောင်းတွင် သင်ကြားပေးခဲ့ကြသည်။ သခင်ရှုမောင်ကို တပ်မတော်သမိုင်း စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့၏ တပ်ဖွဲ့ (၃) တွင် ထည့်သွင်းထားသော်လည်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ၎င်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်၌ တပ်ဖွဲ့ (၂) ပြည်တွင်းသူပုန်အဖွဲ့၌ ပါရှိသည်ဟူ၍ ဖော်ပြထားသည်။
တပ်ဖွဲ့ (၂) တွင် ပါဝင်ခဲ့သော အရှေ့ရန်ကင်းမြို့နယ် ဂျူးပလက်တိုက်ခန်း အမှတ် ၁၄ဝ (က) နေ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကလည်း သူတို့တပ်ဖွဲ့တွင် သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်သန်းတင် (၂) (ဗိုလ်မြဒင်)၊ သခင်ရှုမောင် (ဗိုလ်နေဝင်း) နှင့် သူ (ဗိုလ်တာရာ) ပါဝင်ကြောင်း အခြေခံစစ်ပညာ၊ ဖောက်ခွဲဖျက်ဆီးရေး နည်းပညာများ ထောက်လှမ်းရေးနှင့် ဆက်သွယ်ရေးပညာရပ်များ အလေးထားသင်ယူရပြီး သင်တန်းဆရာမှာဂျပန်စစ်ဗိုလ် ဗိုလ်တာယာဖြစ်သည်ဟု ဆိုသည်။
ဗိုလ်နေဝင်းသည် မွေးရာပါ ဖျက်ဆီးရေးသမားဖြစ်သည်ဟု ဆိုသည်။ ကလေးဘဝကပင် အကြမ်းဖက်မှုနှင့် ဖျက်ဆီးရေးတို့တွင် သူ့အစွမ်းအစကို ပြသခဲ့သည်။ ပေါင်းတလည်မြို့နယ်တွင် သူတက်နေသော မူလတန်းကျောင်း၊ အလယ်တန်းကျောင်းသားဘဝက မီးရှို့ဖျက်ဆီးရန် ကြိုးစားခဲ့ဖူးသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျောင်းပညာကို မသင်လိုသောကြောင့် ဟုဆိုသည်။ သူသည် ဟိုင်နန်ကျွန်း စစ်သင်တန်းတွင်လည်း အဖျက်အမှောင့်လုပ်ငန်း (Sabotage) နှင့် ဖျက်လိုဖျက်ဆီး အနှောင့်အယှက်ပေးရန် သွေးဆောင်နိုင်စွမ်း (Sobversion) ကို အစွမ်းပြနိုင်ခဲ့သည်။
ယင်းနောက် ရဲဘော်သုံးကျိပ်ဝင်များအားလုံး စန်းယစစ်ပညာသင်ကျောင်းမှ တရုတ်တိုင်ပေကျွန်း (ဖော်မိုဆာ) ကာမာဆာတိုမြို့ (Tamasato) ဗိုလ်သင်ကျောင်းသို့ ပြောင်းရွှေ့၍ တပ်စုတပ်ခွဲ တိုက်ပွဲများ၊ ညတိုက်ပွဲများ၊ စစ်မြေပြင်တိုက်ပွဲများ၊ တပ်ရင်း၊ တပ်မဟာ တပ်မအဆင့်တိုက်ပွဲများ၊ လက်နက်ငယ်မျိုးစုံ ပစ်ခတ်နည်း၊ လက်နက်ကြီး (စိန်ပြောင်း၊ အလတ်၊ အကြီး၊ တင့်ကားပစ်အမြောက်) ပစ်ခတ်နည်းများ၊ အင်ဂျင်နီယာလုပ်ငန်း (တံတားဆောက်၊ တံတားမိုင်းခွဲခြင်း) များနှင့် ရေကူးသင်တန်း၊ ကင်ဒို (ဂျပန်ဓားသိုင်း)၊ ဂျူဒို၊ လှံစွပ်ထိုး စသည့် လေ့ကျင့်ခန်းများကို အခြေခံမှစ၍ သင်ကြားခဲ့ရသည်။
ထို့နောက် ၁၉၄၁ နိုဝင်ဘာ ၂၄ တွင် ရဲဘော်သုံးကျိပ်ဝင်များကို တာဝန်ယူ စစ်ပညာသင်ကြား နေသော မီနာမီကီကန်အဖွဲ့ (Minami Kikan) ကို ဂျပန်ကြည်းတပ်၊ တောင်ပိုင်း တပ်မတော်ကွပ်ကဲမှု အောက်သို့ လွှဲပြောင်းယူခဲ့သည်။ ထိုမှတဖန် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မီနာမီအဖွဲ့ကို တောင်းပိုင်း တပ်မတော်လက်အောက်မှ ဂျပန်အမှတ် ၁၅ တပ်မတော်၏ လက်အောက်သို့ လွှဲပြောင်းယူခဲ့သည်။
ဗိုလ်မှူးကြီး ဆူဇူကီးသည် တိုင်ပေကျွန်း တာမာဆာတိုမြို့မှ မြန်မာမျိုးချစ်လူငယ်များကို အသုတ်လိုက် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ စေလွှတ်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သခင်အောင်ဆန်း၊ သခင်စောလွင်၊ သခင်စိုး၊ သခင်တင်အေး၊ သခင်ထွန်းရွှေ၊ ကိုရွှေနှင့် သခင်သန်းတင် (၂) တို့ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။ မီနာမီအဖွဲ့သည် ဘန်ကောက်မြို့ အင်္ဂလိပ်ပိုင် ဘော်နီယို ကုမ္ပဏီဝင်းကြီးကို သိမ်းယူကာ ဌာနချုပ် ပြုလုပ်ခဲ့သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့စည်းရေးကိစ္စများကို စီစဉ်ဆောင်ရွက်ခဲ့သည်။
ဘန်ကောက်မြို့သို့ မီနာမီအဖွဲ့ မြန်မာမျိုးချစ်လူငယ်များ ရောက်ရှိပြီးနောက် ဗိုလ်မှူးကြီး ဆူဇူကီးက ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့စည်းရန်အတွက် တပ်သားများ စုဆောင်းရန် အမိန့်ပေးခဲ့သည်။ ယင်းနောက် ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရဲဘော်သုံးကျိပ်ဝင်တို့သည် တစ်ဦးကို တစ်ဦး အသက်ပေးစောင့်ရှောက်၍ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်စွန့်လှူပါမည်ဟု သစ္စာ အဓိဋ္ဌာန်ပြုကာ သွေးသောက်ပွဲ ကျင်းပခဲ့သည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့ ဘန်ကောက်မြို့ရှိ မြန်မာလူမျိုး မျက်စိကု အထူးကု ဆရာဝန်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင် အစည်းအဝေး ကျင်းပသည်။ အစည်းအဝေး၌ သခင်အောင်ဆန်းက ရဲဘော်သုံးကျိပ်ဝင် (မျိုးချစ်လူငယ်များနှင့် အစည်းအဝေးတက်ရောက်လာသူများကို မိတ်ဆက်ပေးသည်။ ယင်းနောက် သခင်အောင်ဆန်းက မိမိတို့ ဝတ်ထားသည်မှာ ဂျပန်ဝတ်စုံ၊ အမည်ကလည်း ဂျပန်နာမည် ဖြစ်နေ၍ မိတ်ဆက်ရာတွင် အဆင်မပြေကြောင်း၊ မိမိတို့၏ နာမည်ရင်းများနှင့် မိတ်ဆက်လျှင်လည်း မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သည့် မိဘဆွေမျိုးသားချင်းများ ဒုက္ခရောက်နိုင်ကြောင်း ဟိုင်နန်ကျွန်းတွင် ရှိစဉ်ကတည်းက ကိုလှမောင်(ဗိုလ်ဇေယျ)အကြံပေးသည့်အတိုင်း ဗမာဆန်ဆန် ဗိုလ်နာမည်များပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သခင်အောင်ဆန်း၏ လမ်းညွှန်ချက်အရ ရဲဘော်သုံးကျိပ်ဝင်တို့၏ ဗိုလ်ဘွဲ့အမည် အသီးသီးကို ဘော်နီယိုကုမ္ပဏီဝင်းအတွင်း အမိန့်ကြေညာချက်ထုတ်ပြန်ကာ ခေါ်ဝေါ်စေခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင်တို့၏ အမည်ရင်း၊ ဂျပန်အမည်နှင့် ဗိုလ်အမည်များမှာ –
စဉ် အမည် ဂျပန်အမည် ဗိုလ်ဘွဲ့အမည်
၁။ သခင်အောင်ဆန်း Omoda Monji ဗိုလ်တေဇ
၂။ သခင်ရှုမောင် Takasugi Susumu ဗိုလ်နေဝင်း
၃။ သခင်ကျော်စိန် Takahashi ဗိုလ်မိုးညို
၎။ သခင်ခင်မောင်ဦး Monya Mosaru ဗိုလ်တာရာ
၅။ သခင်ငွေ Katsura ဗိုလ်စောအောင်
၆။ သခင်စောလွင် Yamaoka ဗိုလ်မင်းခေါင်
၇။ သခင်စံမြ Nakagawa Ichiro ဗိုလ်တောက်ထိန်
၈။ သခင်စံလှိုင် Omura Tadashi ဗိုလ်အောင်
၉။ သခင်စိုး Kono ဗိုလ်မြင့်အောင်
၁၀။ ကိုဆောင်း Monya Hiroshi ဗိုလ်ထိန်ဝင်း
၁၁။ သခင်တင်အေး Cinda Seiji ဗိုလ်ဘုန်းမြင့်
၁၂။ သခင်ထွန်းခင် Nakamura Hitoshi ဗိုလ်မြင့်ဆွေ
၁၃။ ကိုထွန်းရှိန် Yamashita Teruo ဗိုလ်ရန်နိုင်
၁၄။ သခင်ထွန်းရွှေ Utsumi Susumu ဗိုလ်လင်းယုန်
၁၅။ သခင်ထွန်းအုပ် Ichihara ဗိုလ်ဘွဲ့မခံ
၁၆။ သခင်ထွန်းလွင် Otani Horoshi ဗိုလ်ဗလ
၁၇။ သခင်ဗဂျမ်း Baba Takeshi ဗိုလ်လရောင်
၁၈။ သခင်မောင်မောင် Tsuchiya ဗိုလ်ဥာဏ
၁၉။ ကိုရွှေ Taniguchi Shinichi ဗိုလ်ကျော်ဇော
၂၀။ သခင်လှ Ito Hitochi ဗိုလ်မင်းရောင်
၂၁။ သခင်လှဖေ Tani Kiyoshi ဗိုလ်လက်ျာ
၂၂။ ကိုလှမောင် Kaga Masashi ဗိုလ်ဇေယျ
၂၃။ သခင်လှမြိုင် Itoda Tei-ichi ဗိုလ်ရန်အောင်
၂၄။ သခင်သစ် Osawa ဗိုလ်စောနောင်
၂၅။ သခင်သန်းညွှန့် Okawa ဗိုလ်ဇင်ယော်
၂၆။ သခင်သန်းတင် (၁) Yamada ဗိုလ်ဘွဲ့မရမီ်
တိုင်ပေဆေးရုံ၌ကွယ်လွန်
၂၇။ သခင်သန်းတင် (၂) Tsubota Fukuti ဗိုလ်မြဒင်
၂၈။ သခင်အေးမောင် Mizuno Saburo ဗိုလ်မိုး
၂၉။ သခင်အောင်သန်း Hirata Masao ဗိုလ်စကြာ
၃၀။ ကိုအောင်သိန်း Hayashi ဗိုလ်ရဲထွဋ်
တို့ ဖြစ်ကြသည်။ ဤသို့ မျက်စိအထူးကု ဆရာဝန်ကြီး ဦးလွန်းဖေအိမ်တွင် ဗိုလ်ဘွဲ့များ ခံယူပြီးနောက် သခင်ရှုမောင်သည် ဗိုလ်နေဝင်း ဖြစ်လာသည်။
ဗိုလ်မှူးကြီး ဆူဇူကီး၏ အမည်ကိုလည်း ဗိုလ်မိုးကြိုးဟု ပြောင်းလဲ မှည့်ခေါ်ခဲ့ကြသည်။ ထိုသို့ ပြောင်းလဲ မှည့်ခေါ်ခြင်းမှာ “အင်းကို ဟင်္သာ ဆင်းမည်၊ ဟင်္သာကို မုဆိုးလေးနှင့် ခွင်းမည်၊ မုဆိုးကို ထီးရိုးရိုက်မည်၊ ထီးရိုးကို မိုးကြိုးပစ်မည်” ဟူသော ထိုစဉ်က မြန်မာ့တဘောင်အတိုင်း စနေနံဖြစ်သည့် ဗြိတိသျှနယ်ချဲ့ထီးရိုးကို ဂျပန်စစ်ဗိုလ် ဗိုလ်မိုးကြိုးက အောင်နိုင်မည်ဟု မြန်မာလူထုက ယုံကြည်လာစေရန် အတွက် ဖြစ်သည်။ ထိုယုံကြည်မှုနှင့်အတူ ဗိုလ်မိုးကြိုးဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် မြန်မာနိုင်ငံတွင်း ချီတက်တိုက်ခိုက်ရာ၌ မြန်မာပြည်သူတို့၏ ကြိုဆိုထောက်ခံမှုနှင့် အကူအညီများ ရရှိစေနိုင်မည်ဟု ယူဆခဲ့ကြသည်။
ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာပြည်အတွင်းသို့ မဝင်မီ ဗိုလ်နေဝင်းအား ပြည်တွင်းသူပုန်တပ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာပြည်တွင်းသို့ ၀င်ရောက်၍ တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၁၉၄၁ ဒီဇင်ဘာလ ၃၁ ရက်နေ့ အမိန့်ထုတ်ပြန်ခဲ့သည်။ ဗိုလ်နေဝင်းကိုလည်း ဗိုလ်မှူးရာထူး တိုးမြှင့်ခန့်အပ်ခဲ့သည်။
၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဗိုလ်နေဝင်းခေါင်းဆောင်သည့် ပြည်တွင်းသူပုန် တပ်ဖွဲ့သည် ရဟိုင်းမှတဆင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဆောင်ရမ်းကို ဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဗမာပြည်တွင်းသို့ ရှေ့ပြေးအဖြစ် ဝင်ရောက်ရန် တာဝန်ပေးအပ်ခံရသည့် ဗိုလ်မှူး နေဝင်းအဖွဲ့တွင် ဗိုလ်တာရာ၊ ဗိုလ်လင်းယုန်၊ ဗိုလ်မိုးညိုတို့ ပါဝင်သည်။ ထို့ပြင် ကိုစိန္တာ၊ ကိုညွှန့်၊ ကိုလှမောင်၊ ဦးမိုးအောင်၊ ကိုသောင်းနှင့် လမ်းခုလတ်မှ လိုက်လာသော သစ်တောခေါင်း ကိုမောင်ကလေးတို့လည်း ပါဝင်ကြသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ၎င်းတို့အဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ ရန်ကုန်တွင် ပြည်သူ့အရေးတော်ပုံပါတီမှ ကိုကျော်ငြိမ်း (ဆိုရှယ်လစ်ပါတီ၊ အထွေထွေအတွင်းရေးမှူး) နှင့် တွေ့ဆုံ၍ ပဲခူး မြေအောက်တော်လှန်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်မ ၅၅ တို့ ၁၉၄၂ မတ်လ ၈ တွင် ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးနေဝင်းသည် ဘီအိုင်အေတပ်မကြီး ၂ ၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင်အေကို ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဒုဗိုလ်မှူးအဆင့်ဖြင့် ဘီဒီအေတပ်ရင်း ၁ ၏ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗမာ့အမျိုးသားတပ်မတော် (Burma National Army) ၌ စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့ထံမှ လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့တွင် စစ်ဝန်ကြီး (ကာကွယ်ရေးဝန်ကြီး) ဖြစ်လာပြီး ဗမာ့တပ်မတော် အုပ်ချုပ်ရေးအတွက် စစ်ဝန်ကြီးရုံး ပေါ်လာသည်။ ၎င်း၏လက်အောက်တွင် စစ်ဦးစီးချုပ်ရုံးလည်း ပေါ်လာသည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ တောင်းဆိုချက်အရ ညီညွတ်ရေးအတွက် ထိုစဉ်က ၎င်းတို့၏ သခင်ဂိုဏ်းမှ ဗိုလ်မှူးကြီးနေ၀င်းကို စစ်ဦးစီးချုပ်ရုံးတွင် စစ်ဦးစီးဌာနချုပ်မှူးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ခန့်အပ်ခဲ့သည်။
သို့သော်လည်း ဗိုလ်နေဝင်းသည် တာဝန်နှင့် ဝတ္တရားများကို ကောင်းစွာအလုပ်ဘဲ အပျော်အပါး လိုက်စားကာ လောင်းကစားဝိုင်းများ၌သာ အချိန်ဖြုန်းနေသဖြင့် စစ်ဦးစီးဌာနချုပ်မှူးရာထူးမှ ဖြုတ်ချပြီး စစ်ဝန်ကြီးရုံးလက်အောက်ရှိရိက္ခာနှင့်ထောက်ပံ့ရေးဌာနကြီးမှူးနေရာသို့ရာထူးအဆင့်ချ၍ ပြောင်းရွှေ့လိုက် သည်။ ၎င်း၏ မူလရာထူး နေရာကိုမူ ဗိုလ်မှူးကြီး ဇေယျသို့ လွှဲပြောင်းခဲ့သည်။
ထို့နောက် ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကလေးပတ်လမ်း (ယခု နတ်မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်များ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် (A.F.O) ဖွဲ့စည်းရေး အစည်းအဝေးပြုလုပ်ရာတွင် ဗိုလ်မှူးကြီးနေဝင်းသည် တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။
၁၉၄၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒအရ ဗိုလ်မှူးကြီး နေ၀င်းအား ဗိုလ်မှူး ရဲထွဋ်၊ ပြည်သူ့အရေးတော်ပုံပါတီမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်အတူ ဒေးဒရဲရှိ သခင်စိုးထံ လျှို့ဝှက်သွားရောက်၍ ဖွဲ့စည်းပြီးသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရေး၊ တပ်မတော်အတွင်းရှိ လက်ဝဲအင်အားစုများ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်စည်းရုံးမှုလုပ်ငန်းများ ဆွေးနွေးရန် စေခိုင်းခဲ့သည်။
၁၉၄၅ မတ်လ ၁၁ တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးဗဆွေ၊ ဗိုလ်မှူးကြီး နေဝင်း၊ ဗိုလ်မှူးကြီး ဇေယျ၊ သခင်ချစ်နှင့် အခြားတပ်မှူး ၃-၄ ဦးတို့ ဖက်ဆစ်တော်လှန်ရေးအတွက် ဆွေးနွေးခဲ့ကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေး အတွက် ပြင်ဆင်မှုများမှာ မတ် ၂၃-၂၄ ရက်လောက်တွင် ပြီးစီးမည်ဟု ခန့်မှန်းရကြောင်း၊ ဗမာ့တပ်မတော် တပ်ဖွဲ့များ သတ်မှတ်ရာ စစ်တိုင်းများသို့ သွားလာရေးအခြေအနေကို တွက်ဆပြီး ၁၉၄၅ မတ်လ ၂၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ် (၁၉း၃ဝ နာရီ) တိတိတွင် ဖက်ဆစ်ဂျပန်တို့ကို တပြိုင်တည်း တော်လှန်တိုက်ခိုက်ကြရမည်ဟု သတ်မှတ်လိုက်ကြသည်။
ထို့နောက် ၁၉၄၅ မတ်လ ၁၃ ရက် နံနက် ၉း၃ဝ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ကြောင်းဖြန့်ရန် အမိန့်ထုတ်ပြန်၍ ဗိုလ်မှူးကြီး နေဝင်းအား တိုင်းအမှတ် (၂) မြစ်ဝကျွန်းပေါ် အရှေ့ပိုင်း (ဟံသာဝတီ၊ဖျာပုံ၊မအူပင်)တိုင်းမှူးခန့်၍စစ်ရေးခေါင်းဆောင်အဖြစ်တာဝန်ပေးခဲ့သည်။နိုင်ငံရေးမှူးမှာ သခင် စိုးဖြစ်သည်။
၁၉၄၅ မတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်း ဂေါ့ဖ်ကစားကွင်း (ယခု တော်လှန်ရေးပန်းခြံ) တွင် ဂျပန်တို့ကို တပတ်ရိုက်၍ ဗမာ့တပ်မတော်စစ်ရေးပြပွဲ အခမ်းအနား ကျင်းပခဲ့ကြသည်။ တပ်မတော် စစ်ရေးပြအခမ်းအနားသို့ ဗိုလ်မှူးတင်ဖေ ဦးစီးသော တပ်ရင်း (၁)၊ ဗိုလ်မှူး သိန်းအောင်ဦးစီးသော တပ်ရင်း (၄)၊ ဗိုလ်မှူး မောင်ကလေး ဦးစီးသော တပ်ရင်း (၇)၊ ဗိုလ်မှူး စောထွန်းစိန် ဦးစီးသော လေ့ကျင့်ရေးတပ်ရင်း (၄) (ကရင်တပ်ရင်း)၊ ဗိုလ်ကြီး ထွန်းတင် ဦးစီးသော စစ်သား စုဆောင်းရေးတပ်၊ ဗိုလ်ခင်မောင်ကလေး ဦးစီးသော စစ်ပစ္စည်းတပ်၊ ဗိုလ်မှူး မောင်မောင်ကြီး ဦးစီးသော စစ်ဆေးရုံတပ်၊ ဗိုလ်မှူးရှိန် ဦးစီးသော အချက်ပြဆက်သွယ်ရေးတပ်၊ ဗိုလ်မှူးဝင်းဦးစီးသော ထောက်ပံ့ရေးတပ်၊ ဗိုလ်အေးမောင် ဦးစီးသော ဆေးတပ်၊ ဗိုလ်မှူး ခင်ညို ဦးစီးသော အမြောက်တပ်နှင့် စစ်ဝန်ကြီးရုံး စစ်ဦးစီးဌာနချုပ် အရာရှိများအပြင် တပ်မတော်အကြီးအမှူးများ ဖြစ်ကြသော ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်မှူးကြီး လက်ျာ၊ ဗိုလ်မှူးကြီးဇေယျ၊ ဗိုလ်မှူးကြီး နေဝင်း၊ ဗိုလ်မှူး ရန်နိုင်၊ ဗိုလ်မှူး လရောင်၊ ဗိုလ်မှူး မောင်မောင်၊ ဗိုလ်မှူး အောင်ကြီး၊ ဗိုလ်မှူး လှအောင်၊ ဗိုလ်မှူးသောင်း၊ ဗိုလ်မှူး အောင်တို့နှင့် ဗိုလ်မှူး ဘသန်း (နောက် ဓမ္မိက ဘသန်း) တို့ တက်ရောက်ခဲ့ကြသည်။
တပ်မတော်စစ်ရေးပြအခမ်းအနားသို့ အဓိပတိ ဒေါက်တာဘမော်၏ ဝန်ကြီးများ၊ တပ်မတော် အကြံပေးအရာရှိချုပ် ဗိုလ်ချုပ် ဆာကူရိုင်းနှင့် ဂျပန်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။ ရန်ကုန်မြို့သူမြို့သားပေါင်း တစ်သောင်းငါးထောင်ခန့်က စုဝေး၍ အားပေးကြကာ အောင်သပြေပန်းများ ကမ်းကြသည်။
တပ်မတော်စစ်ရေးပြအခမ်းအနားတွင်စစ်ထွက်မည်။တပ်မတော်သားများကို ဗိုလ်ချုပ်အောင်ဆန်း က –
“ရဲဘော်တို့ ကျုပ်အကျယ်ချဲ့ပြီး ရှည်ရှည်မပြောလိုဘူး။ ဒီနေရာမှာလာပြီး အောင်မြေရယ်လို့ နင်းကြတယ်။ အောင်မြင်မယ့် နိမိတ်လို့ ဆိုရမယ်၊ အောင်မြေနင်းတာ ဘာအတွက်လဲဆိုရင် ရန်သူကို တိုက်ဖို့၊ ရန်သူကို အောင်မြင်အောင် တိုက်ဖို့ နင်းတယ်ဆိုတာ နားလည်ပြီးကြမှာပဲ”
“အောင်မြေနင်းပြီး စစ်မြေပြင် ထွက်ရမယ်၊ ဆင်းရဲမယ်၊ ငတ်မယ်၊ အအိပ် အစား ၊ အသွားအလာ အစစအရာရာ ဆင်းရဲမယ်။ ဒီဆင်းရဲတွေ ကျော်လွန်နိုင်မှ စစ်ထွက်ခြင်းဟာ အောင်မြင်နိုင်မယ်ဆိုတာ သတိပြုပါ။ ဒီတော့ ဒီဆင်းရဲတွေကို ဂရုမစိုက်ဘဲ ရင်မြေကတုတ်ထားပြီး မြန်မာပီပီ မြန်မာ့သွေးပြကြပြီး ဒီအောင်ပွဲကို ရအောင်ကြိုးစားကြပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်များကလည်း သာသာညီညီ မျှမျှတတ ဆင်းရဲအတူတူ၊ ငတ်အတူတူ၊ သေအတူတူ ရဲဘော်အစစ်အဖြစ်ဖြင့် အောင်မြင်အောင် ကြိုးစားရန် တိုက်တွန်းလိုတယ်။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နှင့်အတူ ချီတက်မယ်။ ဗမာ့ရန်သူကို ချေမှုန်းကြ၊ အနီးကပ်ဆုံး ရန်သူကို ရှာပြီးတိုက်ကြ၊ ဒါပဲ..”
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၌ ၁၉၄၅ မတ် ၁၈ တွင် အစည်းအဝေးကျင်းပကာ တော်လှန်ရေးနေ့ကို ဧပြီလ ၂ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စစ်တိုင်းအမှတ် (၆) စစ်ရေးခေါင်းဆောင် ဗိုလ်မှူး ရဲထွဋ်ထံ စာရေးသားပေးပို့လိုက်သည်။
တဖန် ၁၉၄၅ မတ်လ ၂၃ ညနေတွင် ပဲခူးမြို့ရှိ တိုင်း (၄) တပ်မှူး ဗိုလ်မှူး ကျော်ဇောက တပ်ကြပ်ကြီးတင်ဦး (မကွေး) ကိုခေါ်၍ ပဲခူးရှိ ဗမာ့တပ်မတော်၏ လှုပ်ရှားမှုကို ဂျပန်တို့က သံသယာ ရှိသဖြင့် ၎င်းတို့ ပတ်ဝန်းကျင်တွင် ဂျပန်တပ်များ ချထားကြောင်း၊ ထို့ကြောင့် ဖက်ဆစ်တော်လှန်ရေးကို မူလ သတ်မှတ်ထားသည့် ဧပြီ ၂ ရက်အစား မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခွင့်ပြုပါရန် အမိန့်တောင်းခံကြောင်း ပန်ကြားစာကို ဗိုလ်ချုပ်အောင်ဆန်းထံ ပေးပို့ခိုင်းသည်။ မတ်လ ၂၄ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှူးကျော်ဇော၏ စာကို ဖတ်ရှုပြီးနောက် အခြေအနေကို သုံးသပ်ကာ ဖက်ဆစ်တော်လှန်ရေးနေ့ကို မတ်လ ၂၇ ရက်နေ့သို့ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း တိုင်းအသီးသီးသို့ ဆက်သားများ လွှတ်ကာ အကြောင်းကြားခဲ့သည်။
ဤသို့ဖြင့် ၁၉၄၅ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီမှ စတင်ကာ မြန်မာပြည်တ၀န်းလုံးတွင် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲတိုက်ခိုက်ခဲ့ကြသည်။ သို့သော် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း ဗိုလ်မှူးကြီးနေ၀င်းသည် တော်လှန်ရေးအတွက် ပေးထားသော တာဝန်ကို လုံးဝမလုပ်ဘဲ အပျော်အပါး လိုက်မှု၊ စာရိတ္တပျက်ပြားမှု၊ တပ်တွင်း ဂိုဏ်းခွဲလုပ်ဆောင်မှု၊ ၎င်းတာဝန်ကျရာဒေသ၌ ဒေသခံနိုင်ငံရေး ကေဒါများနှင့် မပြေလည်မှု၊ ပြဿနာအကြိကြိမ်တက်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အတော်ပင် မကျေမနပ်ဖြစ်ကာ စစ်တပ်မှ ထုတ်ပယ်ရန် အခြားခေါင်းဆောင်များနှင့် တိုင်ပင်ခဲ့သည်။
တော်လှန်ရေးကာလ မပြီးဆုံးမီ ဗိုလ်နေဝင်းအား ထုတ်ပယ်ပစ်လိုက်ပါက နယ်ချဲ့တို့နှင့် ပူးပေါင်း၍ အာဏာရှင်စနစ် ဂိုဏ်းခွဲရေးနှင့် အခြား မလိုလားအပ်သော ပြဿနာများ ရှုပ်ထွေးလာနိုင်သဖြင့် ခေတ္တသည်းခံရန် ဗိုလ်ချုပ်အား အားလုံးက ဖျောင်းဖျခဲ့မှုကြောင့် ထုတ်မပစ်နိုင်ခဲ့ချေ။ ယင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက နောင်တွင် သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်၌ အောက်ပါအတိုင်း ရေးသား ဖော်ပြထားလေသည် –
ကျွန်တော် ဗမာပြည် ကွန်မြူနစ်ပါတီ၏ တော်လှန်ရေး နယ်ရောက်ပြီး နှစ်အတော်ကြာပြီး နောက်ပိုင်း ပါတီဥက္ကဌ သခင်ဗဟိန်းတင်ကလည်း စကားစပ်မိပြီး ကျွန်တော့်ကိုပြောတာက ဖက်ဆစ်တော်လှန်ရေးပြီးခါစ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေ၀င်းအပေါ် အတော်တူးတူးခါးခါး မကျေနပ်မှုတွေ ဖြစ်ပြီး စစ်တပ်က အပြီးအပိုင် ဖယ်ရှားထုတ်ပယ်ချင်နေတာကို နိုင်ငံရေး ခေါင်းဆောင်အချို့နှင့် တိုင်ပင်ကြောင်းကို သခင်သန်းထွန်းက ဗဟိုကော်မတီဝင်အချို့ကို ပြောခဲ့ကြောင်း ပြောပြသည်ကို ကျွန်တော်မှတ်မိနေပါသည်။
ဒီလိုထုတ်ပစ်လိုက်ဖို့ စိုင်းပြင်းနေရင်း နောက်ပိုင်း ထုတ်မပစ်နိုင်ခဲ့ချေ။ ယင်းတွင်း အကြောင်းရင်း နှစ်ခု ရှိသည်ဟု ထင်ရသည်။ ပထမအကြောင်းက ဗိုလ်နေ၀င်းရဲ့ အကင်းပါးပြီး ကောက်ကျစ်လှည့်စားနိုင်မှု ဖြစ်သည်။ ဘယ်အချိန် ဘယ်သူတွေနှင့် ပေါင်းပြီး ဘယ်သူတွေကို ခွာရမည်။ ဘယ်သူတွေကို ကန်ထုတ် နင်းချေရမည်တို့ကို နားလည်ကျင့်သုံးတတ်သူ ဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်။
ဗိုလ်နေ၀င်းကို ထုတ်မပစ်နိုင်သည့် အကြောင်းနှစ်အခုအနက် အခြားအကြောင်းတစ်ခုမှာ ကျွန်တော့်အထင် ထိုအချိန် ဗိုလ်ချုပ် အောင်ဆန်းမှာ တော်လှန်ရေးအပြီး ရန်ကုန်ပြန်ရောက်တော့ နေစရာ အိုးအိမ်မရှိဘဲ အိမ်ထောင်နှင့် ကလေးတွေနှင့် များစွာ အခက်အခဲ ဖြစ်နေသည်။ ထိုအချိန်က ဗိုလ်နေဝင်းမှာ သူ စစ်ဦးစီးချုပ် ဘဝက တိုက်အိမ်ကြီး နှစ်လုံးကို ဘယ်လိုနည်းနှင့် ပိုင်ဆိုင်ထားသည် မသိ။ တစ်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့၍ ယခု ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လုပ်ထားသော တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်)က တိုက်အိမ်ကြီးဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးပြီးခါစက သူတက်နေသည်။ နောက်တစ်လုံးမှာ ထိုတာဝါလိန်းကုန်းအိမ်ကြီး၏ ခြေရင်းကားလမ်းဘေးရှိ တိုက်အိမ်ဖြစ်သည်။ ၎င်းအိမ်မှာ အပေါ်အိမ်ကြီးလောက် မကောင်းပေ။ ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကို ဆွဲခေါ်လာပြီး တာဝါလိန်း ကုန်းပေါ်ရှိ တိုက်အိမ် (ယခု ဗိုလ်ချုပ်ပြတိုက်) ကို ဆွဲခေါ်လာပြီး တာဝါလိန်းကုန်းပေါ်ရှိ တိုက်အိမ်ကြီးကို အတင်းထိုးပေးပြီး သူကိုယ်တိုင်က ထိုအိမ်လောက် မကောင်းသော ကုန်းအောက်ခြေက တိုက်အိမ်တွင် ဆင်းနေသည်။
ဤတွင် ရိုးသားသော ဗိုလ်ချုပ်အောင်ဆန်းအဖို့ ဗိုလ်နေဝင်းသည် စိတ်ရင်းမဆိုး မကောင်းသည့် အကျင့်စရိုက်အချို့ကြောင့် တချို့အားနည်းချက်တွေ ရှိနေတာဖြစ်သည်။ ပြုပြင်သွားရင် ရနိုင်သည်။ အထူးသဖြင့် သူ့အပေါ် ဒီလောက်လေးစားသဖြင့် သူကြိုးကိုင်သွားလို့ ရနိုင်သည်။ စွန့်ပစ်လိုက်ရအောင် အထိ မဆိုးဟု တွက်ချက်ပုံရသွားသည်ဟု ထင်ရသည်။
ထိုအကြောင်းနှစ်ခုကြောင့် ဗိုလ်နေဝင်း အတင်းထိုးပေးသော အဆိုပါ အိမ်ကြီးတွင် မိသားစုနှင့်အတူ ၁၉၄၅ မေလ ၁ ရက်မှ ၁၉၄၇ ဇူလိုင်လ ၁၉ ရက် လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။ အဆိုပါ နေအိမ်သည် ၁၉၂၁ ခုနှစ်က ဆောက်လုပ်ခဲ့သော အဆောက်အဦဖြစ်ပြီး အနောက်တိုင်း ဗိသုကာဟန် ရောနှောနေသည်။ နေအိမ်အဆောက်အဦကို ခြံအကျယ် ၂ ဒသမ ၄၂၃ ဧကရှီ ဘဲဥပုံသဏ္ဌန် (Oval Shape) မြေကွက်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါနေအိမ်၌ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့် မိသားစုသည် ၁၉၅၃ ခုနှစ် မေလအထိ ဆက်လက်နေထိုင်ခဲ့သည်။ ထို့နောက် ဒေါ်ခင်ကြည်မိသားစုသည် တက္ကသိုလ်ရိပ်သာလမ်း နေအိမ် (ယခုဒေါ်အောင်ဆန်းစုကြည် နေအိမ်) သို့ ပြောင်းရွှေ့သွားသောအခါ နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်ပြတိုက်လုပ်ရန် ဝယ်ယူသောအခါ ဗိုလ်ချုပ်ကြီးနေဝင်းက အဆိုပါ အိမ်သည် ၎င်းအိမ်မဟုတ်ကြောင်း၊ အိမ်ရှင်မှာ တရုတ်မိသားစုပိုင်ကြောင်း ပြောဆိုသောကြောင့် ယင်းအိမ်ကို အိမ်ရှင် တရုတ်လင်မယားထံမှ ငွေ ၃၅ဝဝဝ နှင့် ဝယ်ယူခဲ့ရသည်။ အဆိုပါ ငွေထဲမှ ငွေသုံးသောင်းကို ဗိုလ်ချုပ်ကြီးနေဝင်းက ယူ၍ အိမ်ရှင်အဖြစ် အမည်ခံပေးသော တရုတ်လင်မယားကို ငွေ ၅ဝဝဝ ပေး၍ နှုတ်ပိတ်ခိုင်းလိုက်သည်ဟု သိရလေသည်။
ထို့နောက် ၁၉၄၅ မေလ ၁ ရက်နေ့တွင် ဗမာ့မျိုးချစ်တပ်မတော် (ဘီအန်အေ) သည် ရန်ကုန်မြို့ကို သိမ်းယူခဲ့သည်။ မေ ၇ ရက်နေ့တွင် ရေဒီယိုမှတဆင့် ရန်ကုန်မြို့ကို သိမ်းယူကြောင်း ဗိုလ်နေဝင်းသည် စစ်ဦးစီးချုပ် ရာထူးဖြင့် အသံလွှင့်ကြေညာခဲ့သည်။ ယင်းအသံလွှင့်ကြေညာချက်ကို ဗိုလ်အောင်ကြီးနှင့် ဦးကျော်ငြိမ်းတို့ တိုင်ပင်စီစဉ်၍ ဦးခင်မောင်လတ် (တော်လှန်ရေးကောင်စီ အစိုးရလက်ထက် လုပ်သားပြည်သူ နေ့စဉ်အင်္ဂလိပ်သတင်းစာ အယ်ဒီတာချုပ်) က အင်္ဂလိပ်လိုရေးသားခဲ့ခြင်း ဖြစ်သည်။ ကြေညာချက်ပါ ရာထူးအဆင့်ကို အကြောင်းပြု၍ တာဝန်မဲ့လုပ်ရပ်ဟု ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ဗြိတိသျှစစ်ဦးစီးချုပ်ထံ ဝန်ခံခဲ့ရသည်။
၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသော နေသူရိန် လူထုအစည်းအဝေးတွင် ဗိုလ်နေဝင်းသည် ဖဆပလ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၄၅ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်သော ပြည်သူ့လွတ်လပ်ရေးပါတီ (ဆိုရှယ်ပါတီ၊ မြန်မာပြည်)တွင် လည်းကောင်း ပါဝင်ခဲ့သည်။
ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ နေသူရိန် ဇာတ်ရုံကြီး၌ ကျင်းပသော လူထုအစည်းအဝေးပွဲ၌ ဗြိတိသျှအစိုးရအား မျိုးချစ်ဗမာ့တပ်မတော်နှင့် ပြောက်ကျားတပ်များအား အမြဲတမ်း စစ်တပ်အဖြစ် ပြန်လည်ဖွဲ့စည်းရန် တောင်းဆိုခဲ့ရာ များမကြာမီအတွင်း အာရှအရှေ့တောင်ပိုင်း စစ်သေနာပတိချုပ် ရေကြောင်းဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန်က မျိုးချစ်ဗမာ့တပ်မတော်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးရန် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ခဲ့သည်။
ထိုသို့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၅ စက်တင်ဘာလ ၄ ရက်နေ့တွင် သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ) ကိန္နီမြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်နေဝင်းသည် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ဇော်မင်း (ဦးမောင်မောင်ကျော်ဝင်း)၊ ဗိုလ်ကျော်ဇော၊ ဦးဘဖေ၊ သခင်သန်းထွန်း ၊ ဗိုလ်မောင်မောင်၊ စောဘဦးကြီး၊ ဦးညိုထွန်းတို့နှင့်အတူ လိုက်ပါခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကူညီရန် ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးချုပ်ရိုက်စ်နှင့် ဗိုလ်မှူးကြီးလော့စ်ဆိုသူတို့ နှစ်ဦး လိုက်ပါသွားကြသည်။
၁၉၄၅ စက်တင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာရှအရှေ့တောင်ပိုင်း စစ်သေနာပတိချုပ် ရေကြောင်း ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန် ခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ်တို့ နှစ်ရက်တိုင်တိုင် ဆွေးနွေးခဲ့ကြပြီးနောက် အချက် ၉ ချက်ပါ ကိန္နီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ကိန္နီစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့က လက်မှတ်ထိုးပြ၍ အဆုံးသတ်သဘောတူညီချက်အဖြစ်ဖြင့် လက်ခံခဲ့ကြသည်။
ကိန္နီစာချုပ်အရ ဗမာ့မျိုးချစ်တပ်မတော်သည် ဗမာ့တပ်မတော် (Burma Rifle) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရသည်။ အဆိုပါ ဘားမားရိုင်ဖယ်တွင် တပ်သား ၅ဝဝဝ နှင့် အရာရှိ ၂ဝဝ သာ ပါဝင်ခွင့်ရခဲ့ရာ ကျန်ရဲဘော်ဟောင်းများကို စုစည်းပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဦးဆောင်၍ ပြည်သူ့ရဲဘော်အဖွဲ့ (People’s Volunteer Organization) ကို ဖွဲ့စည်းခဲ့သည်။
ကိန္နီစာချုပ် သဘောတူညီချက်အရ ပြန်လည်ဖွဲ့စည်းသည့် ဗမာ့တပ်မတော်တွင် ဗိုလ်နေဝင်းသည် ဗိုလ်မှူးအဆင့်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်း ၄ ၏ ဒုတိယတပ်ရင်းမှူးအဖြစ်လည်းကောင်း ၁၉၄၆ နိုဝင်ဘာလ ၁၆ ရက်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့်လည်းကောင်း ခန့်အပ်ခံခဲ့ရသည်။