သူတို့အာဘော် ငြိမ်းချမ်းအေး

စားစရာမရှိတဲ့သူနဲ့ ထားစရာမရှိတဲ့သူရဲ့တိုက်ပွဲမှာ ကြားချဖို့ ပြောနေသူအားလုံးအတွက် ရည်ညွှန်းတဲ့စာ

ငြိမ်းချမ်းအေး

မတ်လ ၁၆၊ ၂၀၁၃

လက်ပံတောင်းတောင် အစီရင်ခံစာ အပေါ် ဆရာကျော်ဝင်း အမြင် ဆောင်းပါးကို မိုးမခမှာတင်လို့ ဖတ်လိုက်ရတယ်။ ပြန်ပြောစရာတွေ ရှိလာတယ်။

 

ရိုးရိုးလေး.. တွေးကြည့်ပါ..။ ခု ကော်မရှင် က အကြံပြုထားတဲ့ ဒေသခံတွေအတွက် လုပ်ပေးရမယ့် ကိစ္စဆိုတာ မူလ အခွင့်အရေး နဲ့ ရပိုင်ခွင့်ပါ။ သူတို့မြေတွေ ကို သွားသိမ်းရင်၊ သူတို့ ဒေသမှာ စီးပွားသွားလုပ်ရင်၊ သူတို့ဒေသရဲ့ လူမှု၊စီးပွား၊ သဘာဝ နဲ့ ရိုးရာ ဓလေ့ ကို ထိခိုက်ရင် ဒီလို နစ်နာကြေးမျိုး၊ လျော်ကြေးမျိုး၊ လူမှုဘဝတိုးတက်ရေး အစီအစဉ်မျိုးဆိုတာ ရင်းနှီးမြှုပ်နှံသူ စီးပွားရှင်က မဖြစ်မနေ ပြန်လုပ်ပေးရမယ့် ကုလသမဂ္ဂကချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျင့်ဝတ် တွေပါ။ ထပ်ဆောင်း အပိုစေတနာ နဲ့ လုပ်ပေးရမှာ မဟုတ်ပါဘူး။ ဝမ်ပေါင် + ဦးပိုင် က ကြီးစွာသောစေတနာ မေတ္တာ ဗလပွထား လုပ်ပေးရမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ တာဝန် ဝတ္တရား၊သူတို့ရဲ့ အလုပ် ကိုပဲ အနည်းဆုံး တာဝန်ကျေ လုပ်ပေးရမယ်ဆိုတဲ့ သဘောပါ။ဘဝတွေ၊ အနာဂတ်တွေ ဆုံးရှုံးရတဲ့ လူတွေအတွက် ဒီအခွင့်အရေးဟာ အနည်းဆုံးရရှိသင့်တဲ့ အရာပါ..။ အပို ဆုကြေးမဟုတ်ပါဘူး..။

 

ကောင်းပြီ..။ ဆိုတော့ ဆရာ ကျော်ဝင်း ပြောတဲ့ “better off” က ဘယ်သူ့အတွက်ပို “better off” သွားသလဲ..။  ‘နက်(ချ)မျှခြေ’ ရဲ့ ချိန်ခွင်လျှာ မျှခြေက ဘယ်ဘက် ကို တဘက်စောင်းနင်း ဖြစ်သွားသလဲ ဆိုတာ ဘယ်လို သီအိုရီ တွေ၊သုခမိန် အသုံးတွေ၊ စကားလုံး အလှတွေ နဲ့ ဖုံးဖုံး သိသာ ထင်ရှားတဲ့အချက်ပါ..။

 

မှန်ပါတယ်..။ “ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ပါတယ်..။ ဒါပေမယ့်ရှဥ့်ခမျာ ပျားတုပ် ခံခဲ့ရ/ခံနေရ/ခံရလတံ့ တွေကတော့ သေလုမြောပါး ပါပဲ..။ဒါကိုတော့ ထည့်မပြောတော့ဘူးလား..ခင်ဗျာ။

 

“သူမနာ၊ ကိုယ်မနာ” တော့ မဟုတ်ဘူး ခင်ဗျာ..။ “သူမနာ၊ ကိုယ်မသာ”အခြေအနေမျိုး ဆိုတာ အတွေးရှင်း၊ အမြင်ရှင်း၊ အဂတိ ကင်းရင် လူတိုင်းမြင်နိုင်ပါတယ်..။

 

မုန်းသူ ရှိ/မရှိ တော့  မသိဘူး ခင်ဗျာ..။ ဒါပေမယ့် ချစ်သူ တွေတော့ဘိုးဘိုးအောင် တန်ခိုး နဲ့ နှစ်ဆ တိုးပွား လာမှာတော့ အသေအချာ ပဲ ..။ဘယ်သူတွေက ချစ်တာခံရမလဲ ဆိုတော့ ပြည်သူ့မေတ္တာ ခံယူနေကျ ဘဘ..စစ်ဗိုလ်ချုပ်ကြီးများ၊ မောင်တော် ခရိုနီကြီးများ က နှမတော် ဒီမိုကရေစီမင်းသမီးလေးကို ဆထက်တိုးပြီး မေတ္တာသက်ဝင် ယုံကြည်မှု ပိုသွားမှာတော့အသေအချာ ပါပဲ..။

 

အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောင်ရေးအတွက် လက်ပံတောင်းတောင်က မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင် ထိုးကျွေးခံဖြစ်ရော့လား..။ သူကြီး အလှူအတွက် ရွာသား ကောင်းမှု ဖြစ်ရတော့မှာလား။လက်ပံတောင်းတောင် လူထုက နိုင်ငံရေး အသုံးချခံသက်သက် စစ်အုပ်စု နဲ့ ခရိုနီအကျိုးအတွက် အနစ်နာခံ ပေးရမတဲ့လား..။ ဒီလိုကြေးဆိုရင်..အင်းလျားကန်စောင်းမှာ ရွှေထွက်မှပဲ သဘောထားကြီးကြောင်း သက်သေပြု၊ယုံကြည်မှုတည်ဆောက် အနစ်နာခံ ပြဖို့ ကြိုးစားပါတော့..။

 

“နိုင်ငံတော်” အတွက်၊ “အမျိုးသား အကျိုးစီးပွား” အတွက် ဆိုတာ စစ်အုပ်စုအတွက်၊ စစ်တပိုင်း အစိုးရ အတွက်၊ ခရိုနီ တစု အတွက် မဟုတ်ဘူး။“နိုင်ငံတော်” ဆိုတာ “ပြည်သူလူထု”..။ “အမျိုးသား အကျိုးစီးပွား” ဆိုတာ“ပြည်သူလူထု” အများစုရဲ့ အကျိုးစီးပွား ကိုသာ ဆိုလိုတယ်။

 

ဒီပြဿနာက လက်ပံတောင်းတောင် တခုတည်း ပြဿနာ မဟုတ်ဘူး.။ ဗမာပြည်သူပြည်သားအားလုံး နဲ့ စစ်အုပ်စု အကျိုးစီးပွားချင်း ယှဉ်တဲ့ ကိစ္စ..။အရင်ခေတ်တွေတုန်းက စစ်ဖိနပ်အောက်မှာ ဒီလို အသံတွေဟာတိုးတိုးလေးပဲထွက်တယ်။ အခု အထိုက်အလျောက် ခေတ်ပြောင်းလို့ကျယ်ကျယ်ထွက်တယ်..။ အသံတိုးတာ နဲ့ ကျယ်တာပဲ ကွာတယ်..။ အစိုးရ နဲ့ စနစ်ကတုန့်ပြန်ပုံကတော့ အတူတူပဲ..။ ပိုဝမ်းနည်းဖို့ကောင်းတာက ပြည်သူလူထုအဖိနှိပ်ခံချင်း၊ တုံးအောင်က ဖားချင်း အတူတူ နည်းနည်းအသက်ရှုချောင်တဲ့ဖားတွေက စားပိုးနင့်နေတဲ့ စားဖားတွေ ဖြစ်ပြီး စစ်အုပ်စုလေသံလိုက်ထွက်တာပဲ။ ဒီလို ထွက်ကျတဲ့ အထဲမှာ တချို့က အစကတည်းက စစ်အုပ်စုနဲ့တလေသံထဲ၊ တသဘောထဲ မလို့ အခုလည်း အသံတူထွက်တယ်။ တချို့ကဒေါ်အောင်ဆန်းစုကြည် မျက်နှာကို ကြည့်ပြီး လေသံ လိုက်ထွက်တယ်။

 

ဒီမှာ.. လက်ပံတောင်းတောင် လူထု တိုက်နေတာက ဒေါ်အောင်ဆန်းစုကြည်ကိုမဟုတ်ဘူး။ ဗိုလ်သိန်းစိန်ကိုတောင် မဟုတ်ဘူး..။ စနစ်ကို တိုက်နေတာ..။မူကို တိုက်နေတာ..။ ခု လူတန်းစာပျက်တွေက ပြန်တိုက်တော့ လူအပေါ်မှီးပြီးဘဝတူချင်း ပြန်နင်း အပြစ်တင်တယ်။ လူပုဂ္ဂိုလ် ကိုးကွယ်မှု အပြင် စနစ်ကကိုယ့်ကို နင်းသတ်နေမှန်း မသိချင်ယောက်ဆောင်၊ ရတဲ့ အခွင့်အရေးလေးနဲ့သာယာနေတာကြောင့် စနစ်ဆိုးကို ကာကွယ်ပြီး အဖောက်ပြန်ဆုံး သဘောထားတွေကိုထုတ်ပြန်ကြတယ်။ ဆရာကျော်ဝင်း တယောက်တည်း မဟုတ်ဘူး။ စာရေးသူ ရဲ့“ဦးပိုင်လူများ မမြင်ချင်” ဆောင်းပါးမှာ ထောက်ပြခဲ့သလို စစ်အုပ်စု ရဲ့သူတို့ အကျိုးစီးပွား ရာသက်ပန် တည်တံ့ရေးအတွက် ပြုလုပ်ရတဲ့ခုဖြစ်ပေါ်နေတဲ့ အထိုက်အလျောက် ပြုပြင်ပြောင်းလဲမှု Liberalization ဖြစ်စဉ်ကို ဖင်ဆီဗူထအောင် အားတက်သရော ထောက်ခံကြတဲ့ ပညာတတ် ဆိုသူ (တကယ်က ဉာဏ်ပညာ၊အမျှော်အမြင်၊ တွေးခေါ်စဉ်းစာနိုင်မှု ဖိုးသုညတွေ) အသိုင်းအဝန်း၊ ရေပေါ်ဆီ

လူတန်းစား၊ လူ့အဖွဲ့အစည်းရဲ့ ကပ်ပါးတွေ အားလုံးက လူထု မျက်နှာမွဲ ကိုစော်ကားတဲ့ နေရာမှာ အသံတူတယ်။

 

“ဂိမ်းသီအိုရီ” တွေ၊ “ဇီးရိုးဆမ်း”တွေ၊ “ဝင်း-ဝင်း” တွေတော့လက်သမား/ယာသမား တွေက နိုင်ငံရေး သုခမိန် ပညာရှိ ဆရာကြီးများလိုလျှာ တယားယားနဲ့ မပြောတတ်ဘူး၊ မသိဘူး ခင်ဗျာ..။ ဒါပေမယ့် သူတို့ရဲ့လက်တွေ့ဘဝမှာတော့ (တနိုင်ငံလုံးအတိုင်းအတာနဲ့.. လက်ပံတောင်းတောင်ဒေသတခုတည်းမဟုတ်) လယ်တွေ၊ယာတွေမဲ့.. “အမွဲတကာ့ ထွတ်ခေါင် ဖွတ်မင်းနောင်မှာပြာတောင် ကြီးပေါက်ကရော”ဖြစ်ပြီး မွဲပြာကျ အနာဂတ်တွေ “ဂိန်”နေတာ၊“ဇီးရိုး”တွေ “တစ်” စွဲ.. သုညအကြွင်းရလဒ် ဘဝမှာ အမြဲမပြတ် ထွက်နေတာ၊“ဝင်းဝင်း” ဖယောင်းတိုင်ကို နှစ်ပိုင်းဖြတ် ရေစိမ်ထွန်းရင်း မသေရုံတမယ်ရှင်သန်လှုပ်ရှားနေရတာကတော့ သူတို့သိတဲ့ ပကတိ အခြေအနေ ခင်ဗျာ။

 

ဘဝမှာ သေရေး၊ ရှင်ရေး ဖြစ်လာရင် အရှုံး-အနိုင် ဆိုတာထည့်စဉ်းစားရစမြဲပါ..။ “Gain & Loss” ဆိုတာ ထည့်ကို ထည့်ရမှာပါ။

 

“ပေးစရာမရှိတော့..၊ မကျန်တော့တဲ့.. ဘဝတွေ” နဲ့ “ပေးစရာ အလျှံပယ်ဖြစ်နေတဲ့ဘဝတွေ” ယှဉ်ရာမှာ “အပေး-အယူ” တော့ ရှိရာမှာပေါ့..၊ “ညှိနှိုင်းမှု” တော့လုပ်ရာမှာပေါ့.. လို့ ကြားချ ရွှေပြည်အေး တရားဟော တာလောက် အတွေးအခေါ် နဲ့ကျင့်ဝတ် စာရိတ္တ ဖောက်ပြန်တာ လောကမှာ ရှိမယ် မထင်ပါ။

 

မီးလောင်ဗုံးဒဏ် ခံပြီး တိုက်ယူရတဲ့ တိုက်ပွဲ ကို နောက်ဆုံးမှာ“အပေး-အယူ” လုပ် ညှိနှိုင်း လိုက်ပါကွာ.. လို့ ပြောထွက်တာ အံ့သြမိပါရဲ့။

 

သူတို့အတွက် “အကုန်ရရင် ရ.. မရရင်.. ဘာမှ.. မလိုချင်ဘူး” ဆိုတာစိတ်ကူးယဉ် အာရုံခံစား မှောက်မှားမှု မဟုတ်ဘူး။ ဘဝရှင်သန်ရေးအတွက်လက်တွေ့ကျတဲ့ အဘိဓမ္မာ ပါ..။ သူတို့ လိုချင်တဲ့ “အကုန်လုံး” ဆိုတာ သူတို့ဘဝတွေ အတွက် မရှိမဖြစ် ဖြစ်တဲ့ အခြေခံ လိုအပ်ချက် မြေ၊ရေ၊လေ နဲ့အသက်ရှင်ရပ်တည်မှု ပဲ..။ ဒါမှ မရရင် သူတို့ဘဝတွေသေ (အသက်ကလည်း ခုမသေရုံတမယ်.. နောင် သေအံ့မူမူး) ၊ ဇာတိကို စွန့် ထွက်ပြေးဖို့သာရှိတော့တယ်။

 

ကိုယ့်အိမ်..၊ ကိုယ့်မြေ ကို သူတပါးက အဓမ္မ လာသိမ်းတယ်။ကိုယ်တန်ဖိုးထားတဲ့ ဒေသ နဲ့ ပတ်ဝန်းကျင် ကို သူတပါးက အဓမ္မ လာကျင့်

ဖျက်ဆီးတယ်။ ဒါကို မခံနိုင်လို့ တန်ပြန်တယ်။ ဒီလို ခပ်မာမာပဲ ရပ်တည်နေတာကို နင်တို့ သဘောထားမကြီး ရကောင်းလား၊ မပျော့ပြောင်း ရကောင်းလား၊“အလျှော့-အတင်း” မလုပ်နိုင်ရကောင်းလား လို့ အပြစ်တင်ရင် အပြစ်တင်တဲ့ သူဟာလူသားစံနှုန်း၊ တရားမျှတမှု စံနှုန်း မှာ အကြီးအကျယ် လွှဲမှားနေသူသာ ဖြစ်တယ်။

 

ဒီလို စံနှုန်းလွဲနေသူတွေဟာ တရားမျှတမှု နဲ့ ယှဉ်ကြည့်ရမယ့် ဘယ်ကိစ္စမှာမဆိုပြတ်ပြတ်သားသား မရပ်တည်နိုင်ကြပါဘူး။  ဥပမာ – ဒီလို လူမျိုးတွေရဲ့ပါးစပ်တွေကပဲ ကချင်စစ်ပွဲ မှာ နှစ်ဘက်စလုံးကို အပစ်အခတ်ရပ်ခိုင်းတတ်ပါတယ်။ ကိုယ့်အိမ်ထဲ သေနတ်ကိုင် ဝင်လာလို့ခုခံနေရတဲ့သူတွေရဲ့ ဘဝကို မစာနာနိုင်ပါဘူး။ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုမျိုး မရှိ၊ မပြုလုပ်နိုင်လို့ဆိုတဲ့အကြောင်းပြချက်ကောင်းပေးပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကိုမဝေဖန်နိုင်၊ ထောက်မပြနိုင်သေးပါဘူး လို့ ဆိုတတ်ပါတယ်။

 

ခု လွတ်လပ်တဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကြီးက ထုတ်တဲ့အစီရင်ခံစာ ကျရော ဘယ်လောက်တောင် ဘက်လိုက်မှုကင်း၊ ဒေသခံ လူထု ရဲ့ ပကတိအခြေအနေကို ထင်ဟပ်၊ တရားမျှတမှု ကို ပုံဖော်နိုင်နေလို့လဲ..။

 

စုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့ အပြီးသတ် အစီရင်ခံစာ အပေါ် စာရေးသူ ရဲ့အမြင်နဲ့ သုံးသပ်ချက် အကျယ်ကို အချိန်ပေးပြီး ရေးနိုင်အောင်ကြိုး စားပါ့မယ်။ အခု ဒီ စာကတော့ ဆရာကျော်ဝင်း ဆောင်းပါး ဖတ်လိုက်ရလို့ပြောချင်တာလေး တချို့ ပြန်ပြောရုံ သက်သက်ပါ။

 

ဒီကိစ္စ နဲ့ ပတ်သက်လို့ ဆရာ ကျော်ဝင်း နဲ့ သူ့အမြင် ကို အပြစ်မမြင်မိပါ..။အပြစ် တင်စရာလည်း မလိုပါ။

 

အပြစ်တင်စရာက ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းပါ..။ “လူတွင်ပါ၍နွားကျားကိုက်” ခံရတာပါ..။ ဆိုတော့ ကျန်တဲ့ “အခါတော်ပေး” တွေ ကို ထည့်အရေးလုပ် ပြောနေစရာ၊ အပြစ်တင်နေစရာလည်း မလိုပါ..။

 

၂၀၀၇ နောက်ပိုင်းက စလို့ စစ်တပ်အလိုကျ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို လူတိုင်း လိုက်မမီနိုင်တဲ့ ပညာရပ်ဆိုင်ရာ စကားလုံးအကြီးကြီးတွေကို သုံး၊ ကိုယ်လိုရာ အဓိပ္ပာယ်ဖွင့်ပြီး တစိုက်မတ်မတ်“အခါတော်ပေး” လမ်းကြောင်း လာခဲ့တဲ့ ဆရာကျော်ဝင်း အပါအဝင် “နေစူးကျော်”ဂိုဏ်း ကို စစ်အုပ်စု အလိုကျ စစ်မိုကရေစီ အခြေတည်လာမှုဖြစ်စဉ်တလျှောက်လုံး အတွက် လက်သည် တရားခံစာရင်းမှာ ထည့်လို့ရပေမယ့်တကယ်တမ်းတော့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းအပေါ်မှာပဲလုံးလုံးမူတည်ပါတယ်။

 

ဦးထွေးမြင့် ရှေ့ဖြစ်ဟောခဲ့သလို စစ်အုပ်စု ရဲ့ လူထု ဖိနှိပ်မှုအားလုံးမှာ ပူးတွဲ တရားခံ အဖြစ် ရောက်အောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် “ဘယ်သူမပြု မိမိမှု” လုပ်ခဲ့တာပါ..။

 

စစ်ဖွဲ့စည်းပုံ ရဲ့ အတုန့်အနှောင် ခြေချုပ် ကို ခံ “ဆင်ဖမ်းမယ်..၊ကျားဖမ်းမယ်” ဆိုပြီး စစ်လွှတ်တော် နိုင်ငံရေး ကို ဝင်ခဲ့တာ၊ လက်တွေ့မှာ

“ဖိုးသင်းမျောက်” လုပ် “ချိုမိုင်မိုင်က” ဖြစ်နေတာ၊ “ကျွန်မတို့ကမူနဲ့ပတ်သက်ရင်တော့ ဒူးခေါင်းတွေမာပါတယ်..” လို့ ပါးစပ်ကသာဆိုနိုင်ခဲ့ပြီး တကယ့် လက်တွေ့ “ဒူးခေါင်းတွေ မာရမယ့် မူကိစ္စတွေမှာ”သာခွေယိုင် ဖြစ်၊ နှာစေး၊ ချောင်းဆိုး၊ အသံဝင်၊ နားအူ..၊  “ခေတ်သစ်နိုင်ငံရေး ငါးသလောက်ပေါင်းစား” ပြီး ကိုးဆယ့်ခြောက်ပါး ရောဂါစုံဝင်နေတာအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းပဲ တာဝန်ခံ၊ တာဝန် ယူရမှာပါ။

 

ဗမာလူထုက ဘုန်းတော်ဘွဲ့တွေမှာ သာယာတတ်တာ မှန်ပါတယ်။ အပြောကောင်း၊ ဥပတိခန့်ရင် “မင်းဟန်” အပြည့်ရှိတယ်ဟေ့.. ဆိုပြီး ကြည်ညိုတတ်တာလည်းမှန်ပါတယ်။ “မင်း” ဆိုရင် ဘယ်လို “မင်း” မဆို ထိုင်ရှိခိုးဖို့ဦးမလေးတတ်တာလည်း အမှန်ပါပဲ။ ဗိုလ်ခင်ညွှန့် အရာကျတော့ ဈေးထဲမှာရင်ဘတ်စည်တီး ငိုတဲ့ ငါးစိမ်းသည် အမျိုးသမီးကြီးတွေကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗမာ့သမိုင်းမှာ၊ ဗမာ့နိုင်ငံရေးမှာ ဗမာလူထု ဟာဘယ်တော့မှ မျက်ခြေမပြတ်၊ အတွေးအခေါ် မတိမ်၊ အမြင် မလွဲ တတ်ပါဘူး။

 

လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတွေ နောက်ပိုင်း စစ်အာဏာရှင် နောက်မြီးဆွဲ “ခွေးကတက်နိုင်ငံရေးလမ်းစဉ်” လိုက်မိတာ နောက်ဆုံး နိုင်ငံရေးသေ နာလံမထူ ခဲ့တဲ့သမိုင်းဖြစ်စဉ် သင်ခန်းစာတွေ ဗမာ့နိုင်ငံရေးမှာ အများကြီးပါ။ ပြည်သူလူထုနဲ့ ကင်းကွာတဲ့ နိုင်ငံရေး လမ်းစဉ် ရွေးမိသူ ဘယ်လို ဝေလငါးကြီးမျိုး၊ဆင်ကြီးမျိုး၊ ဂေါ်ဇီလာကြီးမျိုးမှ နိုင်ငံရေး သက်ဆိုး မရှည်ပါဘူး။အနားပြာ၊ ဖော်လံဖား၊ သာကူး နဲ့ သာပေါင်းညာစား အုပ်စုကလည်း ကျတဲ့အချိန်ဆို စွန့်ခွာသွားကြတာပါပဲ။

 

ဆိုတော့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ ရဲ့ ရှေ့ဆောင်လမ်းပြမီးရှုးတန်ဆောင် ဒေါ်အောင်ဆန်းစုကြည်လို အကျင့်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာပြည့်စုံတဲ့ ခေါင်းဆောင်ကြီးတယောက်အနေနဲ့ ပြည်သူ့ဘက်က ပြတ်ပြတ်သားသားရပ်တည်ဖို့၊ လှေနံနှစ်ဘက် နင်းနေရာက ပြည်သူဆိုတဲ့ ဘက်ကိုသာ ရဲရဲကြီးနင်းချလိုက်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် အနာဂတ် ဒီမိုကရေစီအင်အားစုရဲ့ နိုင်ငံရေးဟာ ထန်းလျက်ခဲ ခွေးရက်သလို လုံးပါးပါးဖို့ပဲရှိတော့သလို တိုင်းပြည်ရဲ့ အနာဂတ်လည်း မကောင်းနိုင်ပါ။ တိုင်းပြည်မှာဘယ်တုန်းကမှ အခြေမတည်ခဲ့ဖူးတဲ့ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းလောကပါလ တရားတွေဟာလည်း ထာဝစဉ်သာ ဆက်လက် အလုံးစုံ ဆိတ်သုဉ်းဖို့ပဲရှိပါတော့တယ်။

 

သူတော့မနာတာမှန်ပါတယ်.. ကိုယ့်မှာတော့ “မသာ” ဖြစ် ကျန်ရစ်နေရှာတဲ့..၊ကျောနောက်မှာ နံရံပဲ ရှိတော့တဲ့..၊  လျှော့ကြိုးကုန်နေပြီဖြစ်တဲ့..၊

သန်းခေါင်ထက်ပို ညဥ့်နက်နေပြီးတာ ကြာပေမယ့် အရုဏ်တက်ချိန်ကိုမမျှော်နိုင်သေးတဲ့.. နင်းပြား၊ လူထု ကျောမွဲ တွေအတွက်ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖို့၊ လူတစု ခေါင်းဆောင် မဟုတ်ဘဲလူထုခေါင်းဆောင်စစ်စစ် ဖြစ်ဖို့ ဗမာပြည်အတွက် မရှိမဖြစ် လိုပါတယ်။

 

(မှတ်ချက် – ဒီစာကို ၁၄ ရက်နေ့မှာ ရေးတယ်။ အကြောင်းကြောင်းကြောင့် မတင်ဖြစ်ခဲ့ပါ။ အကြောင်းကြောင်းဆိုတဲ့ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အဝေဖန်ခံရတာတွေ များနေတဲ့ အချိန်မှာ (သူ့အလုပ်တွေကို အမြဲတမ်းလိုလိုအကျိုး/အကြောင်း ထောက်ပြလေ့ရှိတဲ့) ကျနော့်အနေနဲ့ ထပ်နင်းပြီးမဆိုချင်လို့ ဆိုတာလည်း ပါတယ်။ ရေးတုန်းကတော့ ရင်ထဲ ဘယ်လိုမှမနေနိုင်လို့ ချရေးခြင်းဖြစ်တယ်။ မတင်ဖြစ်တဲ့ (၂) ရက်အတွင်းမှာ လူတွေရဲ့စာရိတ္တ နဲ့ ယှဉ်ရမယ့် အမြင်၊ ခံယူချက်တွေ ပိုဖောက်ပြန်လာနေကြတာကိုမြင်နေရတော့ နောက်ဆုံး တင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီစာဟာ ခေါင်းစဉ်မှာဆိုထားသလိုပဲ ဆရာကျော်ဝင်းကို တုန့်ပြန်တာလည်းမဟုတ်၊ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်လည်းမဟုတ်၊ ခေါင်းစဉ်ပါ သဘောထားမှာအကျုံးဝင်သူ အားလုံးနဲ့ သက်ဆိုင်တယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “စားစရာမရှိတဲ့သူနဲ့ ထားစရာမရှိတဲ့သူရဲ့တိုက်ပွဲမှာ ကြားချဖို့ ပြောနေသူအားလုံးအတွက် ရည်ညွှန်းတဲ့စာ
  1. KAUNG LIGHT TAE “SAUNG PAR” BEI, Very,Very Good article,I have more than 100% appreciate. It means not for personnel attack,but,the author means are so true,what is happening in Burma,now. The whole World thinks,that “Burma” is changing on the way to Democracy,But, it is not true,it’s only means for Passed and Present ,Junta Regime,their Families,their cronies,and blind supporters to them,gets Demo, But, WE,civilian,people of the country,are still,still suffering likes before,and even leading to Worst.

  2. totally agree with this article.
    totally agree.
    I think she was short tempered and went to there on the following day and talked in aggressive way to monks. That is how I understood from audio clips. As a noble prize winner, she should not do that.
    It is questionable for her ability now. ( I feel sorry for her , at the moment – the country need more quality people to lead our future of Myanmar ) .
    thank you Nyein Chan Aye.
    can someone or Moemaka tell us where we can find that article suggested by Mg w tha ( written by Win Myo thu ) ? please ..

Comments are closed.