Uncategorized

ဝတ်မှုန် (၀န်ထမ်းဟောင်းတဦး) – မှန်ကန်သောနောက်လိုက်ကောင်း၊ စိတန်နေ စိတ်ထား (၂)

မှန်ကန်သောနောက်လိုက်ကောင်း၊ စိတ်နေစိတ်ထား (၂)
ဝတ်မှုန် (၀န်ထမ်းဟောင်းတဦး)
နိုဝင်ဘာ ၆၊ ၂၀၁၃


လွန်ခဲ့တဲ့ ၁၉၉၀လောက်က ဆိုတော့ ကြာပြီလို့ပြောနိုင်ပါတယ်။ အဲဒီအချိန်က အသက်၃၀လောက် လူငယ်တစ်ဦးရဲ့ စိတ်နေစိတ်ထား၊ အနှစ်၂၀ကြာတဲ့အချိန်မှာ အနည်းဆုံးဘဝကို သန့်ရှင်းစွာအသက်ရှင်နိုင်ခြင်းအကြောင်း ရေးချင်လို့ပါ။ ကျုပ်ရဲ့ယုံကြည်ချက်ကတော့ အသက်ရှင်နေတုန်း စိတ်ရှင်းရှင်းနေထိုင်သွားဖို့ပါ။ အခက်ခဲ၊ဆင်းရဲဒုက္ခများကတော့ အသက်၃၀အရွယ်မှာလဲ ရှိတာပဲ။ အသက်ကြီးလေလေ ကောင်းမှုများများလုပ်သလို၊ မကောင်းမှုများလည်း များလာပါသည်။ မကောင်းမှုလုပ်ဆောင်ချက်များကို ဘာသာရေးလုပ်ဆောင်၊ကျင့်ကြံမှု များနဲ့ (သို့မဟုတ်) လူမှုရေးလုပ်ဆောင်မှုများနဲ့ ဖြေရပါတယ်။ စိတ်ရှင်းသွားအောင်ဖြစ်ပါတယ်။ 
ကိုနိုင်လို့ပဲ ဆိုကြပါစို့။ 
၁၉၈၈ ရှစ်လေးလုံးအရေးအခင်းကြီးပြီးတဲ့နောက် စစ်တပ်အာဏာသိမ်းပြီး၊ မြန်မာနိုင်ငံသားများ ပတ်စပို့လျှောက်၊ ပြည်ပထွက်အလုပ်ရှာဖို့ လွယ်ကူသွားချိန်မှာ သင်္ဘောသား (သို့မဟုတ်) ရှိုးဂျော့ ဆိုပြီးခေတ်စားလာပါတယ်။ တစ်ချို့လည်း စတူးဒင့် Student ပညာသင်ဖို့ ထွက်လာကြတယ်။ ပညာသင်ပြီးရင် နိုင်ငံခြားမှာပဲအလုပ်လုပ်မယ်ပေါ့။ ကိုနိုင်လဲ ၁၉၉၀လောက်မှာ မြန်မာပြည်ကထွက်လာခဲ့ပါတယ်။ အဲဒီခေတ် မြန်မာလူငယ်များဟာ အခုခေတ်ကလို သူဌေးကြီးများ အလွန်နည်းပါတယ်။ စစ်ဗိုလ်ချုပ်ကြီးသားသမီးများလည်း၊ ဒေါ်လာတစ်ရာမသုံးနိုင်သလို၊ နိုင်ငံတော်ကောင်စီသားသမီးလည်း ဒေါ်လာမရှိပါ။ စီးပွားရေးလုပ်ငန်းတွေလည်း နည်းပါးတော့ သူဌေးဆိုတာလည်း၊ အိမ်ကြီး၊လုပ်ငန်းကြီးရှင်ဆိုလို့ နီလာဒန်ပေါက်ဆိုင်၊ အင်းယားလမ်းဘေးက အိမ်ကြီးပိုင်ရှင် ..အဲ၊ အင်းယားလမ်းကအိမ်ကိုဝယ်ချင်ရင် အခုခေတ်လို ကျပ်သိန်းသောင်းချီ၊ မပေးရပါဘူး။ ကျပ်သိန်း၁၀သိန်း (ကန်ဒေါ်လာ၂သောင်း) ဆိုရင် အိမ်ဝင်းခြံ အကြီးကြီးတစ်ခု ရတဲ့ခေတ်၊ ဒေါ်လာ၄၀၀၀လောက်၊ ကျပ်၃သိန်း (ဒေါ်လာ၈ထောင်)ဆိုရင် ဟိုင်းလက်ကားတစ်စီး (သို့မဟုတ်) တိုက်ခန်းသေးသေးတစ်ခု ဝယ်နိုင်တဲ့ခေတ်ကာလဖြစ်ပါတယ်။ ပညာတတ်လူငယ်များ အဲဒီအချိန်က နိုင်ငံခြားစုပုံထွက်တဲ့အချိန်ဆိုတော့ ကိုနိုင်လည်း ဒေါ်လာလေး ရာဂဏန်းကိုင်ပြီး ထိုင်းနိုင်ငံထွက်လာခဲ့ပါတယ်။ အပြင်ဒေါ်လာဈေး ကန်တစ်ဒေါ်လာကို ကျပ်၄၀ပေါက်ဈေးရှိချိန်မှာ မြန်မာ့စီးပွားရေးဘဏ် နိုင်ငံခြားသွားသူတိုင်းကို တစ်ဒေါ်လာ ၆ကျပ်ခွဲဈေးနှုန်းနဲ့ ၆၅ဒေါ်လာ လဲပေးပါတယ်။ မှောင်ခိုဈေးကတော့ တစ်ဒေါ်လာ ၄၀ကနေ တရိပ်ရိပ်တက်ခဲ့တာ အခု ၂၀၁၃မှာ တစ်ဒေါ်လာ ကျုပ်တစ်ထောင်အထိ ရောက်နေပါပြီ။ အံ့သြစရာ မြန်မာ့စီးပွားရေးဘဏ်က တစ်ဒေါ်လာ၆ကျပ်ခွဲနှုန်း ပုံသေထားတာ ၂၀၁၁အထိပါပဲ။ ဦးသိန်းစိန်အစိုးရ ပြုပြင်ပြောင်းလဲရေးလုပ်မှပဲ ၆ကျပ်ခွဲ ပျောက်သွားတော့တယ်။ ထားပါတော့။
ကိုနိုင်ခမြာ ဘန်ကောက်မြို့မှာ အလုပ်လဲရှာမရ၊ ပါလာတဲ့ငွေလည်း ကုန်နေပြီဆိုတော့ ဘာလုပ်ရမှန်းမသိချိန်ဖြစ်ပါတယ်။ မိဘဆီ ငွေပြန်တောင်းဖို့ဆိုတာလည်း အဲဒီခေတ်က မိဘများဟာ အစိုးရဝန်ထမ်းဆိုတော့ ကျပ်၄၀၀၊ ၅၀၀ လောက်ပဲလစာရတယ်။ မြန်မာပြည်က ဖောင်ဖျက်ထွက်လာခဲ့ပြီဆိုတော့ အဆင်မပြေမချင်း၊ မပြန်ဘူး၊ အိမ်ကိုအဆက်အသွယ်မလုပ်ဖူး သံဓိဌာန်ချထားသူဖြစ်ပါတယ်။ အခုတော့ ဘန်ကောက်မှ ၃လလောက် အလုပ်ရှာ၊ နေထိုင်စဉ်မှာ ငွေကုန်၊စိတ်ဓါတ်ကျနေချိန်ဖြစ်ပါတယ်။ လူအများသွားလာလှုပ်ရှားနေချိန်လမ်းဘေးမှာ ငေးငိုင်တွေးတောနေမိပါတယ်။ ရုတ်တရက် ဘုတ်ကနဲ့ ပိုက်ဆံအိတ်တစ်ခု သူ့ရှေ့လမ်းမပေါ်ကျလာပါတယ်။ သွက်လက်တဲ့ ကိုနိုင်က ပြေးပြီးကောက်လိုက်တော့ ကိုယ့်ကိစ္စနဲ့ကိုယ်သွားလာနေတဲ့ လူများကလည်း သတိမထားမိဘူး။ ခပ်သုတ်သုတ်လျှောက်သွားတဲ့ ပိုက်ဆံအိတ်ပိုင်ရှင်ကလည်း ခြေလှမ်း၅လှမ်းလောက် ဝေးသွားပါပြီ။ လျှင်မြန်စွာပဲ ပိုက်ဆံအိတ် ဝေါလက်ကို ဖွင့်ကြည့်လိုက်တဲ့အချိန် ပိုက်ဆံတွေအထပ်လိုက်မြင်လိုက်ရပါတယ်။ စက္ကန့်ပိုင်းအတွင်း အတွေးများစွာ၊ စိတ်ထဲမှာ ကွန်ပြူတာလို ဒလစပ်စဉ်းစားလိုက်မိတယ်။
● လျှပ်တပျက်စဉ်းစားချက်များ
ငါ တော်တော်ကံကောင်းတဲ့လူပဲ။ ကြည့်စမ်း..ငါ့ကုသိုလ်ကံက ပိုက်ဆံပြက်ပြီး၊ အလုပ်မရှိဖြစ်နေချိန်၊ အကူညီတောင်းဖို့မရှိ၊ ကယ်မဲ့လူမဲ့နေချိန်မှာ ..ငါ့ရှေ့တည့်တည့် ပိုက်ဆံအပြည့်နဲ့ ပိုက်ဆံအိတ်တစ်ခု ကောက်ရပြီ။ အတော်ပဲ။ ငါနဲ့ထိုက်လို့ရတာ..ဘယ်သူမှလဲမြင်ဟန်မတူဘူး။ ငါယူထားလိုက်ရင် အိုကေပဲ။
ဟာ..မဟုတ်သေးပါဘူး။ ငါ့ဘဝ မိဘဆွေမျိုးတွေမှာ သူများဥစ္စာ၊ ခိုးယူ၊ လိမ်စား၊ မတရားလုပ်၊ ကောက်ရတာပြန်မပေးပဲ သိမ်းထားတာမျိုး အဖေ၊အမေ၊မောင်နှမ၊ အဖိုးအဖွား၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ မလုပ်ကြဘူး။ ဒီလို စိတ်နေစိတ်ထားကောင်း ငါတို့က ဂုဏ်ယူတယ်။ စိတ်ထားမကောင်းသူများနဲ့လည်း ဝေးဝေးနေတဲ့ အမျိုးကောင်း၊ အဲဒီလူကို ပြေးပြီး ပြန်ပေးလိုက်တာကောင်းတယ်။ ကိုယ့်ဟာလဲမဟုတ်ဘူး။ 
အိုး.. မဟုတ်သေးပါဘူး။ ငါပိုက်ဆံပြက်နေပြီး၊ ဘယ်သူ့ဆီကလည်း ချေးငှား၊ အကူညီတောင်းဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဒီပိုက်ဆံတွေက အဲဒီလူအတွက် ဘာမှမဖြစ်လောက်ဘူး။ သူရဲ့ မှတ်ပုံတင်၊ ကဒ်ပြားတွေ အရေးကြီးတာတွေလည်း အထဲမှာပါတဲ့လိပ်စာအတိုင်း စာတိုက်ကထည့်ပေးလိုက်လဲ ရတာပဲ။ ဒီငွေတွေ ငါယူကို ယူမှဖြစ်မယ်….။
အဲဒီလို ချီတုံချတုံ ဒလစပ်စဉ်းစားနေချိန် ပိုက်ဆံအိတ်ပိုင်ရှင် ခပ်လှမ်းလှမ်းရောက်သွားပါပြီး။ စက္ကန့်ပိုင်းလောက်ကြာရင် လူအုပ်ထဲမှာ ပျောက်သွားတော့မယ်ဖြစ်ပါတယ်။ မသိစိတ်လား၊ အသိစိတ်လား ဆုံးဖြတ်ချက်တစ်ခုက လျှပ်စီးလက်သလို ..ကိုနိုင်ခြေထောက်တွေက အဲဒီလူနောက်ကို အမြန်မှီအောင် ပြေးလိုက်ပြီး၊ လှမ်းဆွဲလိုက်တယ်။ Your Wallet, Your Wallet .. ဆိုပြီး ပြန်ပေးလိုက်တော့ အဲဒီလူက အတော်အံ့သြတဲ့မျက်နှာနဲ့ သူ့အိတ်ကိုစမ်းကြည့်ပါတယ်။ ပြီတော့ အလွန်ဝမ်းသာသွားတဲ့ မျက်နှာနဲ့ ပိုက်ဆံအိတ်ကိုယူလိုက်တယ်။ မျက်လုံးချင်းဆုံပြီး ကိုနိုင်ပြောတဲ့ အင်္ဂလိပ်စကားကိုလဲ ကြားပြီးဖြစ်တော့ အဲဒီ အသက်ကြီးကြီးနဲ့လူက မြန်မာစကားနဲ့ပဲ တိုက်ရိုက်ပြောလာပါတယ်။ 
ကျေးဇူးတင်တယ် ညီလေးရေ .. 
ဒါနဲ့ မင်းက ဘန်ကောက်မှာဘာလာလုပ်တာလဲ…လို့ မေးလိုက်တော့… အလုပ်လာရှာတာပါ၊ အလုပ်မရသေးလို့ အခက်ခဲရှိနေကြောင်း ဖြေလိုက်ပါတယ်။ 
အဲဒီလူကြီးက သူ့လိပ်စာကဒ်ပြားလေးထုတ်ပေးရင်… မနက်ဖန် မနက်၉နာရီမှာ ကျွန်တော့ကုမ္ပဏီ၊ ရုံးခန်းကို ဒီလိပ်စာအတိုင်းလာခဲ့ပါ။ အခုတော့ အရေးကြီးတဲ့ကိစ္စရှိနေလို့ မအားလိုပါ။ ကျေးဇူးအများကြီးတင်ပါတယ်…ပြောပြီး လမ်းခွဲလိုက်ကြတယ်။
● သူဌေးနှင့်သွားရောက်တွေ့ဆုံခြင်း
ကိုနိုင်တစ်ယောက် လိပ်စာကဒ်လေးကိုကိုင်ပြီး၊ သူလုပ်တာကို မှန်သလား၊ မှားသလား တွေးတောဆင်ချင်နေမိပါတယ်။ မှန်ကန်သောလုပ်ရပ်ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချပြီး စိတ်သန့်သန့်နဲ့ အလုပ်ရှာကြော်ငြာများကို လိုက်ဖတ်၊ လုပ်စရာရှိတာဆက်လုပ်ရင်း တနေကုန်၊ မြန်မာတွေစုနေတဲ့ မိမိအိမ်နေရာကို ပြန်လာခဲ့ပါတယ်။ 
ထုံးစံအတိုင်း ဒီလူက ငါ့ကိုပိုက်ဆံပေးမှာလား။ တွေးရင်း လိပ်စာကပ်ကိုကြည့်၊ ဘယ်လိုသွားရမလဲ မြေပုံကြည့်ပြီး အိပ်ရာဝင်တယ်။ နောက်တစ်နေ့၉နာရီမထိုးမီ နာရီဝက်အလိုလောက် လိပ်စာအတိုင်းရောက်သွားတယ်။ အလွန်အံ့သြသွားပါတယ်။ ကြီးမားလှတဲ့ ကုမ္ပဏီကြီး၊ အထပ်များစွာနဲ့ လုံခြုံရေးအစောင့်က တံခါးဝမှာ ဝင်ထွက်သွားလာသူများကို စစ်ဆေးနေပါတယ်။ ဟုတ်မှဟုတ်ရဲ့လား။ ကိုနိုင်ထင်တာက ရုံးခန်းသေးသေးလေးပဲလို့ ထင်ခဲ့တာ၊ အခုတော့ ဧရာမကုမ္ပဏီကြီးဖြစ်လို့ ဘန်ကောက်မြို့မှာ မြန်မာပိုင်တဲ့ ဒါလောက်ကြီးတဲ့ကုမ္ပဏီ ဟုတ်ပါ့မလား။ ဒီလူကြီးက ကျွန်တော့ကုမ္ပဏီလို့ပြောသွားတယ်…ဆိုပြီး၊ ၃၊ ၄ခေါက်လောက် ရှေ့ကဖြက်ရှောက်ရင်း၊ ဒွိဟဖြစ်နေတယ်။ ဘယ်ဝင်ရဲမလဲ။ တကြည့်ကြည့်နဲ့ ၃ခေါက်လောက် လျှေက်နေတဲ့ကိုနိုင်ကို လုံခြုံရေးတံခါးစောင့်က လှမ်းခေါ်မေးရတဲ့အထိ ဖြစ်သွားတယ်။ ဒီတော့မှ မနေ့က ဒီလူကြီးက ၉နာရီတွေ့ဖို့ ချိန်းထားပါတယ်ပြောပြီး လိပ်စာကဒ်ပြားကိုပြတယ်။ လုံခြုံရေးက ဖုန်းဆက်မေးမြန်းပြီး၊ သူ့ကို အထဲခေါ်သွင်းလိုက်တယ်။ အထဲကလာခေါ်သူနောက်လိုက်သွားရင်း ဧရာမရုံးခန်းကြီးမှာ အဲဒီလူကြီးနဲ့တွေ့ဆုံ စကားပြောခွင့်ရသွားပါတယ်။ 
မေးရင်းမြန်းရင်း အလုပ်ရှာနေတယ်ဆိုတော့ မင်းကိုငါကူညီနိုင်တာ၊ အလုပ်တခုပေးမယ်။ မင်းကို အစမ်းခန့် ၃လခန့်မယ်။ ၃လအတွင်း အလုပ်ကိုနိုင်နင်းအောင်လုပ်နိုင်ရင် အမြဲတမ်းခန့်မယ်။ မလုပ်နိုင်ရင်တော့ မတတ်နိုင်ဘူး။ ဆက်ခန့်မှာမဟုတ်ကြောင်း …ခပ်ပြတ်ပြတ်ပြောပြတယ်။ လစာများကိုလည်း သာမန်အလုပ်သမားရဲ့ ပေါက်ဈေးနှုန်းအတိုင်းပေးတော့ ဝမ်းသာအားရနဲ့ အလုပ်လက်ခံခဲ့ရပါတယ်။ ကိုနိုင်လဲ အဲဒီကုမ္ပဏီမှာ ၃လ အကောင်းဆုံးလုပ်ပေးပြီး၊ ကုမ္ပဏီက သဘောကျပြီး ဆက်လုပ်ရင်း၊ ရာထူးတွေလည်း တက်လာပါတယ်။ ၁၅နှစ်လောက်ကြာတဲ့အချိန်မှာ ကိုနိုင်တဖြစ်လဲ ဦးနိုင်ဟာ ကုမ္ပဏီရဲ့ စိတ်ချရတဲ့ အဆင့်မြင့်ဒါရိုက်တာရာထူးကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကုမ္ပဏီကို သစ္စာရှိစွာ လုပ်ကိုင်ပေးတဲ့အတွက် ရာထူးနဲ့အညီ၊ လစာများလဲ တိုးတက်ရရှိပေမဲ၊ အိမ်ထောင်မရှိတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်နေပါတယ်။ တစ်နေ့တော့ ကုမ္ပဏီပိုင်ရှင် (အဲဒီအချိန်တော့ အဖိုးကြီးဖြစ်သွားပါပြီ) သူ့ကို ပါစင်နယ်ကိစ္စတွေ ပြောလာတယ်။ မင်းလဲ လူပျိုကြီး အိမ်ထောင်ပြုသင့်ပြီ။ ငါ့ရဲ့ တစ်ဦးတည်းသောသမီးလည်း ရုပ်တော့မချောဘူး၊ မင်းနဲ့လည်း ရင်းနှီး၊လုပ်ကိုင်လာတာ ၁၅နှစ်ကျော်ပြီ၊ မင်းသဘောကျရင်တော့ ငါ့သမီးနဲ့မင်းကို လက်ထပ်ပေးချင်တယ်။ ငါ့သမီးဘက်ကတော့ ဖခင်အနေနဲ့ ငါတာဝန်ယူပါတယ်။ မင်းပဲ ဆုံးဖြတ်ပါ ..ဆိုလာတယ်။ နောက်ဆုံးတော့ လက်ထပ်ဖို့ဆုံးဖြတ်ရင်း အိမ်ထောင်ကျ၊ သားသမီးများမွေးဖွားလာပြီး အခု ၂၀၁၃မှာတော့ ဟိုးအနှစ်၂၀ကျော်က အလုပ်သမားလေးဟာ ထိုင်းနိုင်ငံက မြန်မာပိုင် ကုမ္ပဏီဧရာမကြီးရဲ့ ပိုင်ရှင်ဘဝကို ရောက်သွားပြီဖြစ်ပါတယ်။ 
ကိုနိုင်ဟာ ဒီကုမ္ပဏီကို အလုပ်ရကတည်းက သစ္စာရှိစွာလုပ်ကိုင်ပေးသူဖြစ်ပါတယ်။ ကုမ္ပဏီသူဌေးသမီးကိုလည်း မသင့်လျှော်ဘူး (အားနာလို့လားမသိ)၊ သာမန်ကိုယ့်သူဌေးရဲ့သမီး Lady Boss အဖြစ်ပဲဆက်ဆံခဲ့ပါတယ်။ အခုတော့ သူဌေးယောက္ခမဖြစ်ပြီး ၊ ကိုယ်တိုင်လဲ သူဌေးဘဝကို ရောက်သွားပါတယ်။ 
● လက်ဆောင်ကြိုက်သောလူသားများအကြောင်း
မနေ့က မိတ်ဆွေတစ်ဦးနဲ့ စင်ကာပူ ပင်နီစူလာပလာစာမှာ ဆွေးနွေးပါတယ်။ သက်တူရွယ်တူဆိုတော့ အစိုးရထိပ်ပိုင်းလူကြီးများရဲ့ ခြစားမှုများ၊ အာဏာရှင်ပုံစံလုပ်ဆောင်မှုများကို ပြောရင်း သူက အစိုရထိပ်ပိုင်းရောက်လာရင် မြန်မာနဲ့စင်ကာပူ အတူတူပါပဲ..လို့ ဆွေးနွေးလာပါတယ်။ သူငယ်စဉ် အသက်၃၀အရွယ်က ဆည်မြောင်းအင်ဂျင်နီယာ AE အဖြစ် ဧရာဝတီတိုင်းမှာ ပရောဂျက်ကြီးများ လုပ်ခဲ့ပါတယ်။ ဝန်ကြီးကလည်း စီနီယာ စစ်ဗိုလ်ချုပ်၊ ဧရာဝတီတိုင်းမှုးကလည်း ဂျုနီယာစစ်ဗိုလ်ချုပ်၊ ရန်ကုန်ဆည်မြောင်းဌာန၊ ဗဟိုအစိုးရက ညွန်ကြားချက်နဲ့ ပုသိမ်၊ဧရာဝတီတိုင်းမှုး ဒေသအစိုးရ အာဏာပြိုင်၊ ငွေပြိုင်တဲ့ပွဲတွေမှာ အလူးအလဲခံခဲ့ရကြောင်း၊ ဒီအာဏာရှိသူများကို မိမိလူများက နောက်ဖေးပေါက်ရော၊ ရှေ့ပေါက်ရော ရုံး၊အိမ်အထိ သွားပြီး စကားပြောဆိုရတယ်။ လက်ဆောင်ပေးတဲ့အဖွဲ့ကလည်း နည်းလမ်းတွေရှိပါတယ်။ လက်ဆောင်ကတော့ လူတိုင်းကြိုက်ပေမဲ့ ပေါ်ထင်ပေးလို့ကောင်းတဲ့အရာမဟုတ်တော့ ဘောင်ဝင်အောင်ပေးရပုံတွေ ပြန်ပြောပြပါတယ်။ သူကတော့ အလုပ်ကထွက်စာတင်ပြီး စင်ကာပူကို အေးအေးဆေးဆေးလုပ်ကိုင်စားသောက်နေချိန်၊ မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးများနဲ့ ပလဲပနံသင့် ပြောဆိုပေါင်းသင်း၊ ဂေါက်သီးရိုက်တတ်သူ သူ့သူငယ်ချင်းကတော့ ရာထူးတွေတက်၊ ငွေတွေချမ်းသာ နေကြောင်း။ သူ့ကုသိုလ်နဲ့ ဖြစ်ကြောင်း။ မိမိက သူတို့လိုမလုပ်နိုင်၊ မလုပ်ရဲ၊ ကြောက်လန့်နေတဲ့အတွက် စင်ကာမှာ အင်ဂျင်နီယာအလုပ်ကို အနှစ်၂၀ကျော်လုပ်တာက ပိုအဆင်ပြေကြောင်း ပြောပြပါတယ်။ 
နောက် နှစ်ပေါင်းများစွာ စင်ကာပူဆောက်လုပ်ရေးလောကမှာ လုပ်ကိုင်တဲ့အခါမှာ ကုမ္ပဏီတစ်ခုပြီးတစ်ခု၊ ပြောင်းရင်း အခုနောက်ဆုံး China Construction ကိုရောက်လာကြောင်း။ စင်ကာပူအစိုးရက China Construction ကို သန်းရာနဲ့ချီတဲ့ လုပ်ငန်းကြီးတွေမပေးသော်လည်း တရုပ်ဆောက်လုပ်ရေးကုမ္ပဏီကြီးဟာ ဒေါ်လာ၁၀သန်း ပတ်ဝန်းကျင်အလုပ်များလုပ်ရင်း စင်ကာပူမှာ အလွန်ချမ်းသာလာကြောင်း၊ နောက်ဆုံး Republic Poly ကိုဆောက်လုပ်ခွင့်ရတဲ့အခါ စင်ကာပူအစိုးရက China Construction ကို တိုက်ရိုက်လုပ်ငန်းအကြီးကို ပေးဖို့မဖြစ်နိုင်တဲ့အတွက်၊ စင်ကာပူမှာ နာမည်ရပြီးသား စနစ်တကျလုပ်တတ်တဲ့ ဂျပန်တိုင်ဆေး Taisei  ကုမ္ပဏီနဲ့ Joint Venture လုပ်ပြီး လုပ်ငန်းကြီးလုပ်ခွင့်ပေးလိုက်ကြောင်း။ အဲဒီလုပ်ငန်းကို ဂျပန်နဲ့တရုပ်၂ခု ပူးပေါင်းလုပ်ပြီး၊ ဂျပန်တိုင်ဆေးက အမြတ်ထွက်ကြောင်း၊ တရုပ်ဆောက်လုပ်ရေးကုမ္ပဏီက အရှုံးခံလုပ်ရင်း စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းကြီးများကို နေရာဝင်ယူလာပုံကို ပြောပြပါတယ်။ ဒီလို ကုမ္ပဏီကြီးများရဲ့ လုပ်နည်းကိုင်နည်း၊ ငွေကြေးကိုင်တွယ်၊ လူ၊ ပစ္စည်း၊ လုပ်နည်းကိုင်နည်း  Men, Material, Method များကို မြင်ရတဲ့အခါ လွန်ခဲ့တဲ့ အနှစ်၂၀က မြန်မာပြည်၊ ပရိုဂျက်အကြီးများကို ဦးဆောင်လုပ်ကိုင်တာနဲ့ ပုံစံခပ်ဆင်ဆင်ဖြစ်နေတာကို တွေ့ရကြောင်။ ဒီမှာလဲ လာဘ်ပေးမှု၊ အာဏာပြမှုများ ရှိကြောင်း ဆွေးနွေးပါတယ်။ မြန်မာပြည်နဲ့စင်ကာပူ ဆောက်လုပ်ရေးမှာ မတူညီချက်ကတော့ စံနှုန်းစနစ်များမရှိတာချင်းတူပေမဲ့၊ စင်ကာပူက နိုင်ငံတကာနည်းစနစ်များကို ဈေးနှုန်းကြီးကြီးနဲ့ သုံးနိုင်ကြောင်း၊ ၁၉၉၅လောက်ကမှာ ဆောက်လုပ်ရေး Drawing များကို AutoCad + Manual နဲ့လုပ်ကိုင်ခဲ့ပေမဲ့ ၂၀၀၀ နောက်ပိုင်းမှာ စင်ကာပူက အားလုံး အော်တိုကက် AutoCad ကို လူတိုင်းလုပ်တတ်သွားတဲ့အတွက် အစိုးရကလည်း AutoCad Drawing နဲ့ပုံစံမတင်ရင် စင်ကာပူအစိုးရ BCA ကလက်မခံဘူးဖြစ်သွားကြောင်း၊ အခု ၂၀၁၅နောက်ပိုင်းဆိုရင် Revit ဆိုတဲ့ ဆော့ဝဲကို သုံးမှ BCA က လက်ခံတော့မယ်ဖြစ်လို့ Revit ကို အားတဲ့အချိန်မှာ ပညာဒါနသင်တန်းနဲ့ လေ့လာနေရကြောင်း ပြောပြပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ အထက်ပိုင်းလုပ်ငန်းများမှာ မြန်မာ၊ စင်ကာပူ အတူတူဖြစ်ကြောင်း ပြောပြပါတယ်။ ၁၉၉၇ခုလောက်က မြန်မာပြည်ကို အပြီးပြန်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ ၂နှစ်လောက်လုပ်ကိုင်ခဲ့ကြောင်း။ ပိုက်ဆံမရတဲ့အပြင်၊ US, Europe Sanction ပိတ်ဆို့မှုတွေကြောင့် ဘယ်လိုမှမနေနိုင်တော့တာကြောင့် စင်ကာပူကိုပြန်လာအလုပ်လုပ်ရကြောင်း၊ အခုတော့ အသက်ရွယ်လဲရလာပြီဖြစ်တဲ့အတွက် လစာမရနိုင်ပေမဲ့၊ မိမိရဲ့ ကိုယ်ပိုင်လုပ်ငန်းလေးများ ဘာများလုပ်နိုင်မလဲ တစ်လလောက် သွားကြည့်ဖို့ အလုပ်ထွက်ထားကြောင်းပြောပြပါတယ်။ 
ငါလဲမင်းလိုပါပဲကွယ်…ဟု ကျနော်လည်းပြောပြလိုက်ပါတယ်။ အမေရိကန်မှာ အနှစ်၂၀ကျော် နေလာတဲ့ မြန်မာ-အမေရိကန်နိုင်ငံသားများစွာလည်း မြန်မာပြည် တလလောက်သွားကြည့်ပြီး၊ စင်ကာပူ အလည်ပတ်ဝင်လာလေ့ရှိပါတယ်။ ထုံးစံအတိုင်း အထူးသဖြင့် လာဘ်စားမှုနဲ့ ကြိုးနီစနစ်များပြားလွန်တဲ့ လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ကြောင့် မြန်မာပြည်ပြန်လုပ်ဖို့ဆိုတာ မြန်မာပညာရှင်များအတွက် ခက်ခဲနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် စင်ကာပူမှာရတဲ့ လစာရဲ့ တဝက်ကို ပေးမဲ့နိုင်ငံခြားကုမ္ပဏီ အလွန်ရှားပါးနေလို့၊ စင်ကာပူ တတ်သိပညာရှင်များနဲ့ တွေ့ဆုံပွဲ ၂၀၁၃ လာရောက်ခဲ့တဲ့ ဝန်ကြီးဦးအောင်မင်းက ၂၀၁၅အထိ စောင့်ပါဦးလို့ ပြောသွားပါတယ်။ စောင့်ပါဦးပေါ့…။
ခရစ်ယာန်မိတ်ဆွေတစ်ဦးက ကျမ်းစာအုပ်မှ ကျမ်းချက်တစ်ခု ကိုးကားကြပါတယ်။ 
တိတ်ဆိတ်စွာ ပေး သောလက်ဆောင်သည် သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ ချထားသောလက်ဆောင်ပဏာသည် ပြင်းစွာသော အမျက်ကို၎င်း ဖြေတတ်၏။ သုတ္တံကျမ်း ၂၁း၁၄ 
လက်ဆောင်လား ..လာဘ်လား ဆိုတာ ခွဲခြားသိတတ်ဖို့ အလွန်အရေးကြီးပါတယ်။
● လက်ဆောင် Gift & လာဘ် Graft

မြန်မာနိုင်ငံရဲ့ ခြစားမှုများနဲ့ ကြိုးနီစနစ်များကို အံတုနိုင်သူလူတန်းစားကတော့ အသက်၃၀ပတ်ဝန်းကျင် လူငယ်များဖြစ်ပါတယ်။ စင်ကာပူမှာ အလုပ်လာလုပ်တဲ့ အသက်၃၀လူငယ်များလည်း မြန်မာပြည်ပြန်သွားနိုင်ပါတယ်။ သူတို့မှာ စုဆောင်းမိမှုလဲမရှိသေးဘူး၊ လစာကလည်း လူကြီးတွေလောက် လစာမကောင်းသေးတဲ့အပြင်၊ ငဲ့ကွက်စရာ သားသမီး၊ဇနီးများလည်း မရှိသေးတော့ မြန်မာပြည်ပြန်လုပ်ကြတဲ့ ကြီးမားတဲ့အင်အားစုကြီးဖြစ်ပါတယ်။ လူငယ်များရဲ့  ဒီအရွယ်လေးတွေကို အားကိုးပြီး နိုင်ငံထူထောင်ရမှာဖြစ်ပါတယ်။ ကျောင်းသားနဲ့စစ်တပ်၊ ရဟန်းန္တာ၊ အလုပ်သမား အများစုဟာ လူငယ်များဖြစ်တဲ့အတွက် အနာဂါတ်မြန်မာပြည်ဟာ ခြစားမှုနဲ့အာဏာပြမှုကို မုန်တီး၊ဆန့်ကျင်တဲ့ လူငယ်များအပေါ် မူတည်နေပါတယ်။ အဖေဖြစ်သူ မျက်နှာပြောင်တိုက်ပြီး ခြစားနေရင် အမေကလည်း ငြိမ်နေပါတယ်။ သားသမီးများက မဟုတ်တာလုပ်နေရင် မိဘကိုလည်း ပြန်မေးခွန်းထုတ်တတ်ပါတယ်။ မြန်မာပြည်ခြစားနေသူကို မိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်များကလည်း မသိကျိုးကျွန်လုပ်ပါတယ်။ ခြစားမှုဟာ ရိုးနေပါပြီကွာ ..လို့ မြန်မာမာလူကြီးများက ပြောဆိုကြတယ်။ မြန်မာပြည်တိုးတက်ဖို့ ခြစားတဲ့လူကြီးအုပ်စုကို အစားထိုးမဲ့ လူသစ်တစ်ခု တရှိန်ထိုးပေါ်ပေါက်နေပြီဖြစ်ပါတယ်။ သူတို့ရဲ့ ဦးနှောက်ကို ဖေါက်စားသောက်မဲ့ နောက်ကြောင်းပြန်ဆွဲအုပ်စုနဲ့ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်အုပ်စု မကြာခင်အင်အားပြိုင်ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုးတက်တဲ့အမြင်များနဲ့ လက်ရှိအစိုးရရဲ့ မျက်နှာနာရတဲ့အုပ်ချုပ်ရေးစနစ်တို့ကြားမှာ နိုင်ငံခြားပြန်လူငယ်အုပ်စုကပဲ မြန်မာပြည်ခြစားမှု (လာဘ်စားမှု)ကို ရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လက်ဆောင်ကြိုက်တဲ့ မြန်မာများ ကိုယ့်ဆီရောက်လာတဲ့ ပစ္စည်းနဲ့လုပ်ပိုင်ခွင့်ဟာ လက်ဆောင်လား၊ လာဘ်လား ဆိုတာ ခွဲခြားသိမြင်နိုင်ပါစေ…။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts