မှတ်စုမှတ်တမ်း မောင်ရင်ငတေ

ရောက်တတ်ရာရာ အတိုအစများ

မောင်ရင်ငတေ
မတ်လ ၂၊ ၂၀၁၃
● ပါရီမြေကို စနင်းသူများ
 
  
 Bienvenue à Paris
နိုင်ငံတကာက ဘယ်တိုင်းပြည်ကဖြစ်ဖြစ် ဘာလူမျိုးဘဲဖြစ်ဖြစ် ပြင်သစ်ဆိုတာရယ် ပါရီဆိုတာရယ် ပြောလိုက်ကြားလိုက်ရရုံနဲ့  လူတိုင်းအား လုံးနီးပါး စိတ်ဝင်တစားရှိကြတာပါ၊ အခုခေတ်ကာလမှာ လမ်းပန်းဆက်သွယ်ရေး သတင်းဆက်သွယ်ရေးတွေ လွယ်ကူလျှင်မြန်လာတာရယ်ကြောင့် လူတွေ အားလုံးက ခရီးသွားလာခြင်းကို ပိုမိုစိတ်ဝင်စားလာကြပါတယ်၊ အရင့်အရင်ခေတ်တုန်းက ဆိုရင်ဖြင့် အထူးသဖြင့် မောင်ရင်ငတေတို့ရွာမှာဆိုရင် မြို့တက်ဘုရားဖူးတာလောက် ရှိခဲ့တာပါ၊ အခုခေတ်က ခရီးသွားတယ်ဆိုတာ Marco Polo မာကိုပိုလို (၁၂၅၄ – ၁၃၂၄) တို့လို Christopher Columbus ကိုလံဘတ်စ် (၁၄၅၁ – ၁၅၀၆) တို့လို ကုန်းကြောင်းခရီး ရေကြောင်းခရီးတွေနဲ့ စွန့်စွန့်စားစား အချိန်ကုန် လူပင်ပန်းပြီးမှ ရောက်ရပေါက်ရတဲ့ ခေတ်မျိုးတွေလည်း မဟုတ်တော့ဘူးလေ၊ ဝေးကွာလှတဲ့ ကုန်းမြေကြီးတွေကို ဝေဟင်ခရီးနဲ့ ဆွဲခြုံ့နိုင်ခဲ့ပြီမဟုတ်ပါလား၊ ကမ္ဘာ့အရှေ့ဖျားနဲ့ အနောက်ဖျား မိုင်တသောင်းကျော်ကို ဆယ့်လေးငါးနာရီ လေယာဉ်စီးပြီးသွားရုံနဲ့ ရောက်နိုင်ပါပြီ၊ အဲဒီလိုခရီးတွေ သွားလာကြတဲ့အခါ ကမ္ဘာအရပ်ရပ် နေရာဒေသ တော်တော်များများကိုရောက်ရင် ဒေသဆိုင်ရာ ဘာသာစကားတွေရယ် နောက်ပြီးမသုံးမဖြစ် အတော်များများနားလည်ကြတဲ့ အင်္ဂလိပ်စကားကို ကြားခံအသုံးပြုနိုင်ကြပါတယ်၊ အဲဒီအခါမှာ အနောက်ဥရောပနိုင်ငံကြီးများဆိုတဲ့ အရပ်ဒေသတွေ ပြင်သစ်တို့ အီတလီစပိန်တို့ ဂျာမဏီတို့ ရောက်ရင်ဖြင့်တော့ အင်္ဂလိပ်စာ အင်္ဂလိပ် စကားကို လိုလိုလားလား အသုံးပြုခြင်း မရှိလှပါဘူး၊ အဲဒီအထဲမှာမှ မောင်ရင်ငတေတို့ ရောက်ရှိ နေထိုင်နေတဲ့ ကိုရွှေပြင်သစ်လူမျိုးတွေက အဆိုးဆုံးလို့ ထင်ပါတယ်၊ အင်္ဂလိပ်စကားကို ပြောတတ် ရင်တောင်မှ မပြောချင်ကြတဲ့လူမျိုးပါ၊ အခုခေတ်မွေး ပြင်သစ်လူငယ်တချို့ကတော့ အသုံးပြုလာ ကြပါပြီ၊ နောက်ပေါက်လူငယ် အများစုဆိုတာကလည်း အရှေ့အလယ်ပိုင်းသားတွေ အာရပ်တွေ အာဖရိကန်တွေ အာရှတိုက်သားတွေ လက်တင်နွယ်ဖွားတွေ ဖြစ်နေကြတာ မဟုတ်ပါလား၊

ပါရီလေဆိပ် L’aéroport de Paris-Charles-de-Gaulle
 ပါရီမြို့တော်မှာ အဓိကအသုံးပြုနေတဲ့ လေဆိပ်ကြီး L’aéroport de Paris-Charles-de-Gaulle ရှားလ်ဒဂိုးရ် ပါရီလေဆိပ် နဲ့ L’aéroport de Paris-Orly အော်လီ ပါရီလေဆိပ်ရယ် နှစ်ခုရှိပါတယ်၊ နောက်ပြီး ပါရီမြို့မြောက်ဘက် ကီလိုမီတာ ၇၀ လောက်ဝေးတဲ့ L’aéroport de Beauvais-Tillé ဘိုးဗေးလေဆိပ် ခပ်သေးသေးလည်း ရှိပါသေးတယ်၊ ဘယ်လေဆိပ်ကို ဆိုက်ရောက်လာလာ ပထမဆုံး ရင်ဆိုင်ရမှာကတော့ ပြင်သစ်စကားပြောပါဘဲ၊ ပြင်သစ်လို Bonjour ဘွန်ရှူးဆိုတဲ့ ကောင်းသောနေ့ပါဆိုတဲ့ နှုတ်ဆက်စကားရဲ့ နောက်ကွယ်မှာပါလာမဲ့ စကားတွေက အင်္ဂလိပ်လို ပြောတာတောင်မှ အမည်နာမအခေါ်အဝေါ်တွေကိုတော့ ဘယ်လိုမှ နားမလည်နိုင်လောက်အောင် ပါဘဲ၊ မောင်ရင်ငတေတို့ ကိုယ်တွေ့ပါ၊ ယခုထက်ထိတိုင်အောင်လည်း နားမလည်နိုင်သေးသော အခေါ်အဝေါ်တွေ အများကြီးပါ၊ အင်္ဂလိပ်လို ချားလ်းဒီဂေါလ်လို့ အသံထွက်တဲ့ လေဆိပ် အမည်ကို ပြင်သစ်လို ရှားလ်ဒဂိုးရ်လို့ အသံထွက်ရပါတယ်၊ ပြင်သစ်အသံထွက်တွေကို မြန်မာအက္ခရာတွေနဲ့ တကယ်တမ်း ချရေးကြည့်တဲ့အခါမှ ပြောရတာထက်တောင် ပိုခက်ခဲတာကို တွေ့ရပါတယ်။
ရှားလ်ဒဂိုးရ် ပါရီလေဆိပ်ကို အတိုကောက်အနေနဲ့ Roissy CDG လို့လည်းခေါ်ကြပါသေးတယ်၊ ပါရီမြို့ရဲ့မြောက်ဘက် ၂၅ ကီလိုမီတာကွာဝေးတဲ့ ဒီလေဆိပ်ကြီးကို ဒုတိယကမ္ဘာစစ်အတွင်းနဲ့ စစ်အပြီးမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး သမတကြီးရှားလ်ဒဂိုးရ် (၁၈၉၀ – ၁၉၇၀) ကို ဂုဏ်ပြုပြီး မှည့်ခေါ်ထားတာပါ၊ ၁၉၆၆ ခုနှစ်ကစတင်ဖွင့်ခဲ့တဲ့ ဒီလေဆိပ်ကြီးဟာ တနှစ်ကိုခရီးသည် သန်းပေါင်း ၆၀ ကျော် အဝင်အထွက်နဲ့ လေယာဉ်အဆင်းအတက်ပေါင်း ၆ သိန်းနီးပါးရှိပါတယ်၊ ဒီလေဆိပ်မှာ Terminals စုစုပေါင်း သုံးခုရှိပြီး တာမီနယ် ၁ နဲ့ ၂ ကိုသာ အသုံးများပြီး ၃ ကတော့ ကိုယ်ပိုင်လေယာဉ်တွေအတွက်နဲ့ Charter flight တွေအတွက် အသုံးပြုတာများပါတယ်။
L’aéroport de Paris-Charles-de-Gaulle Terminal 1
စက်ဝိုင်းပုံရှိတဲ့ တာမီနယ် ၁ မှာ အဓိကလေကြောင်းလိုင်းတွေဖြစ်တဲ့ Asiana Airlines, Malaysia Airlines, Singapore Airlines, Thai Airways International, All Nippon Airways, Qatar Airways,  Air China, Lufthansa, Scandinavian Airlines, United Airlines, US Airways, စတဲ့လိုင်းတွေ ဆင်းသက်ရပ်နားပြီး ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့တဲ့ တာမီနယ် ၂ မှာတော့ Korean Air, Japan Airlines, Cathay Pacific, Emirates, KLM, British Airways, American Airlines, Delta Air Lines, EasyJet နဲ့ အထူးသဖြင့်တော့ အိမ်ရှင် Air France လေကြောင်းလိုင်းတွေ အတွက်ဖြစ်ပါတယ်။
http://www.francetravellight.com/paris/roissy-charles-de-gaulle-airport.shtml
ဒီ အင်တာနက်စာမျက်နှာမှာ ပါရီလေဆိပ်တွေနဲ့ ပတ်သက်တဲ့ မြေပုံတချို့ကို ကူးယူနိုင်ပါတယ်။
ရှားလ်ဒဂိုးရ်လေဆိပ်ကို ရောက်ရှိလာပြီး နောက် လာရောက်ကြိုဆိုသူမရှိခဲ့ရင် ကိုယ့်အားကိုယ်ကိုးရ တော့မယ်ဆိုရင်တော့ ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်၊ လာရောက်ကြိုဆိုရမဲ့သူ ပါရီမြို့ ပေါ်မှာနေထိုင်သူလို့ ပြောလို့ရတဲ့မောင်ရင်ငတေတို့ကိုတောင်မှ ကြိုတင်မပြောထားရင် ချက်ချင်းဆို သလို လာရောက်ခေါ်ယူဖို့ရာ အတော်ခက်ခဲပါတယ်၊ ပါရီတောင်ဘက်ဖျားမှာ နေထိုင်တဲ့သူတွေက ပါရီမြောက်ဖျားကရှားလ်ဒဂိုးရ်လေဆိပ်ကို ရထားနဲ့လာဖို့ အနည်းဆုံး အချိန်တနာရီကျော်ကြာမှာပါ၊ ရှားလ်ဒဂိုးရ်လေဆိပ်က ပါရီမြို့လယ်ကို တက္ကစီငှားရင် ပျမ်းမျှခြင်း ယူရို ၅၀ အထက်မှာ ရှိပါတယ်၊ တော်တော်များများ တိုးလ်ရစ်တွေကတော့ ပါရီတက္ကစီတွေကို အသုံးပြုတာကို တွေ့ရခဲပါတယ်၊ ဘာလို့လဲလို့တော့ မေးမကြည့်ဖူးကြောင်းပါ၊ တက္ကစီမောင်းဆရာတွေရဲ့ လှဲ့ပတ်မောင်းတဲ့ရန်ကိုဘဲ ကြောက်ကြလို့လား ဒါမှမဟုတ် မြို့အဝင်ကားတွေ ပိတ်ဆို့တာကို ကြာမှာကြောက်ကြလို့လားတော့ မသိပါဘူး၊ ပါလာတဲ့ ခရီးဆောင်အိတ်ကြီးတွေကို ကိုယ်ကိုတိုင်ဆွဲပြီး ရထားတွေကို တိုးခွေ့စီးကြ တာများပါတယ်၊ မောင်ရင်ငတေတို့လည်းမြို့ထဲမှာ နေ့ခင်းကြောင်တောင် အငှားကားစီးပြီး သွားကြ တာမျိုး တခါမှမရှိဖူးပါဘူး၊ ငှားချင်တိုင်းလည်း တွေ့ရာနေရာမှာတား ငှားလို့ရတာ မဟုတ်ဖူးလေ၊ ကားတွေကလည်း ခရီးသည်များ ရလေမလားလို့ ပတ်မောင်းနေတာမျိုးလည်းမရှိ၊ သူဂိတ်ထိုးရမဲ့ နေရာမှာ ထိုးရပ်စောင့်ကြတာများပါတယ်၊ အများအားဖြင့်တော့ ဘူတာရုံကြီးတွေ မြိုပြင်အထွက်က ဂိတ်တွေမှာတော့ အငှားကားတွေ များများရှိတတ်ပါတယ်၊
Roissybus (Paris-Opéra – l’aéroport Paris-Charles de Gaulle)
အဲယားပို့တ်ဘတ်စ်ကားလိုင်း တခုကတော့ Roissybus ဘတ်စ်ကားလိုင်းပါဘဲ၊ ရှားလ်ဒဂိုးရ် လေဆိပ်နဲ့ ပါရီမြို့လယ် တနေရာက ၁၈၇၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ Opéra Garnier ဆိုတဲ့ အော်ပေရာကဇာတ်ရုံကြီး တည်ရှိရာ Opéra မေထရိုဘူတာကို ဆက်သွယ်ပေးထားတဲ့ ဘတ်စ် ကားလိုင်းပါ၊ ကားခကတော့ ၁၀ ယူရို ကျသင့်မှာပါ၊
 Les Cars Air France အဲယားပို့တ်ဘတ်စ်လိုင်း
http://www.lescarsairfrance.com/fileadmin/documents/accueil/L2_plan.pdf
http://www.lescarsairfrance.com/fileadmin/documents/accueil/L4_plan.pdf
Les Cars Air France ခေါ်တဲ့အဲယားပို့တ်ဘတ်စ်ကို စီးမယ်ဆိုရင်တော့ ၁၀ ယူရိုပေးရမှာ ဖြစ်ပြီး ရှားလ်ဒဂိုးရ်နဲ့အော်လီ လေဆိပ်ကြီးနှစ်ခုနဲ့ ပါရီမြို့ရဲ့ အဓိကအချက်အခြာကျတဲ့ ရှောင်ဇေလီဇေ မုဒ်ဦး La gare de Paris-Montparnasse မောင့်ပါးနပ်ဘူတာရုံကြီး Paris-Gare de Lyon လီယွန်ဘူတာရုံကြီးတွေကို ဆက်သွယ်ပေးထားတာပါဘဲ၊ အများစု ခရီးသည်တွေကော ပါရီမှာ နေထိုင်ကြသူတွေကော အသုံးများကြတာကတော့ RER ရထားစီးပြီး ပါရီကိုသွားကြတာပါ၊ အဲယားပို့တ်ဘတ်စ်ကို စီးမယ်ဆိုခဲ့ရင်လည်း ပါရီမြို့ထဲရောက်တာနဲ့ မိမိ သွားလိုရာကို မေထရို ထပ်စီးကြရအုံးမှာပါ၊ တယောက်တည်းသမားအနေနဲ့ တက္ကစီခ ၅၀ ကျော် ၆၀ ဆိုတာ ဈေးကြီး လွန်းလှပါတယ်၊ ဥရောပမြို့ တမြို့နဲ့တမြို့ လေယာဉ်စီးခက ယူရို ၁၀၀ မကျော်ဘဲ ကားငှားခက ၅၀ ကျော်ဆိုတော့ ဘယ်သူမှတန်တယ် မထင်ပါဘူး၊ ဥရောပမြို့တွေက မြို့ကြီးကြီးသေးသေး မြိုလယ်တွေဟာ ဟိုးရှေးရှေးက လမ်းတွေမြို့ကွက်တွေအတိုင်း အခုထိတိုင် ထိမ်းသိမ်းထားတာ ဖြစ်လို့ မြို့လယ်ကျဉ်းကျဉ်း လမ်းကျဉ်းကျဉ်းတွေမှာ ကားရပ်ဖို့နေရာ အရမ်းရှားရုံမျှမက ရပ်နားခ ဈေးကြီးတာကြောင့် မြို့လယ်ကိုကားနဲ့လာချင်သူ နည်းလွန်းလှပါတယ်၊ တော်ရုံကားတစီး ယူရို ထောင်ကျော်ပေးရုံနဲ့ ဝယ်စီးလို့ရပေမဲ့ ကားအတွက်အခွန်ခက တလသုံးလေးငါးရာ ဆိုတော့ကာ ဘယ်သူမှမလိုအပ်ဘဲနဲ့တော့ ကားဝယ်မထားကြပါဘူး၊ ဒါကြောင့် ရထားစီးသူများတာ ထင်ပါတယ်၊
CDGVAL shuttle rail ဆိုတာက ရှားလ်ဒဂိုးရ်လေဆိပ်ရဲ့ တာမီနယ်သုံးခုကို ဆက်သွယ်ထားတဲ့ ရထားလိုင်းအတိုလေးပါ၊ လက်မှတ်ဝယ်စရာမလိုဘဲ အလကားစီးလို့ရပါတယ်၊ ရထားကိုစီးပြီး ပါရီ မြို့ထဲကို သွားမယ်ဆိုရင်တော့ RER B ဆိုတာကို ရှာရမှာဖြစ်ပါတယ်၊ လေယာဉ်နဲ့ တာမီနယ် ၁ ကို ဆိုက်ရောက်လာသူတွေက CDGVAL နဲ့ တာမီနယ် ၃ ရှိ RER B ဘူတာရှိရာ သွားရောက်စီးရမှာ ဖြစ်ပါတယ်၊ သတိပြုရမှာက တာမီနယ် ၃ ကို T 3 လို့ရေးသလို မူလပထမအခေါ် T 9 လို့လည်း ခေါ်ကြတဲ့အပြင် Roissypôle လို့လည်းခေါ်ကြပါသေးတယ်၊ တာမီနယ် ၂ မှာတော့ ခရီးဝေးသွား ဘူတာရုံ La gare CDG 2 TGV နဲ့ ပါရီသွားတဲ့ဘူတာ RER B ဂိတ်စဘူတာ ရှိပါတယ်၊ ရထားခက ယူရို ၁၀ ခန့် ပေးရမှာဖြစ်ပြီး ပါရီမြို့ထဲက ကိုယ်တည်းခိုနေထိုင်မယ့်နေရာနဲ့ အနီးဆုံးဘူတာရှိရာကို အဲဒီလက်မှတ်နဲ့ဘဲ မြေအောက်မေထရိုရထားတွေ ပြောင်းစီးပြီး သွားလို့ရပါတယ်၊
 
RER Line B
Île-de-France ခေါ်တဲ့ ပါရီမေထရိုပိုလီတန်နယ်မြေကြီးမှာ တရားဝင်စာရင်းများအရ လူဦးရေ ၁၂ သန်းကျော် နေထိုင်တာပါ၊ Le réseau express régional ခေါ် RER ရထားလိုင်းများဟာ ပါရီ မေထရိုပိုလီတန် နယ်မြေအတွင်းမှာ ပြေးဆွဲနေတဲ့ ရထားလိုင်းများ ဖြစ်ပါတယ်၊ အေ ဘီ စီ ဒီ အီး ဆိုပြီး ငါးလိုင်းရှိပါတယ်၊ မြေအောက်မေထရိုရထားလိုင်းများကတော့ လိုင်းရှည် ၁၄ လိုင်းနဲ့ လိုင်းတို ၂ လိုင်း စုစုပေါင်း ၁၆ လိုင်းရှိပြီး လိုင်းအမည်တွေကိုတော့ နံပတ်စဉ်တွေနဲ့ သတ်မှတ်ထားပါတယ်၊ များပြားလွန်းတဲ့ မြို့တော်တွင်နေထိုင်သူတွေနဲ့ မြို့တော်ကိုလာရောက်လည်ပတ်ကြသူတွေကြောင့် ပါရီမြို့ရဲ့ မြေအောက်ဘူတာရုံတွေဟာ အမြဲလိုရှုတ်ရှက်ခတ် စည်ကားနေတာကိုတွေ့မြင်ရမှာပါ၊ ပုံမှန်အားဖြင့် နေ့တဒူဝ မြို့ထဲကနေရုံးပြန်ကျောင်းပြန် ဈေးပြန်အလုပ်ပြန် မောမောပန်းပန်းနဲ့လည်း ဒီမြေအောက်ရထားတွေကိုဘဲ အသုံးပြုပြီး သွားကြပြန်ကြတာ မြို့သူမြို့သား အားလုံးလိုလိုပါ၊ ဒါကြောင့် ပြင်သစ်စကားမှာ Métro-boulot-dodo မေထရို – ဘူးလို – ဒိုဒို ဆိုပြီးတော့ အရပ် စကားလား ဘာလားတော့ သေချာမသိပါဘူး ပြောလေ့ပြောထရှိပါတယ်၊ တနေ့တနေ့ မေထရို အသွားအပြန်စီး – အလုပ်လုပ် – အိပ်၊ အိပ်တာမှ မေထရိုပေါ်မှာ တရေးတမောရအောင် အိပ်နိုင် ကြပါတယ်၊ တချို့တွေများ အလုပ်လုပ်ချိန် သုံးလေးနာရီအတွက်ကို အိမ်ကနေအလုပ် အသွား အပြန် ရထားစီး ကားစီးရတဲ့အချိန်က သုံးနာရီလောက်ကြာပါတယ်၊
RER B ကတော့ မြောက်ဘက်ရှိ ရှားလ်ဒဂိုးရ်လေဆိပ်နှင့် တောင်ဘက်ရှိ အော်လီလေဆိပ် နှစ်ခုကို ပါရီမြို့လယ်နှင့် ဆက်သွယ်ပေးထားသော အဓိကရ ရထားလိုင်းပင် ဖြစ်ပါတယ်၊ အဓိကရဆိုသည့် အတိုင်းပင် ပြဿနာတွေဗလပွနဲ့ ရထားလိုင်းလည်းဖြစ်ပါတယ်၊ မကြာခဏဆိုသလိုဘဲ မီးရထား ဝန်ထမ်းတွေ ရထားတွေရပ် ဆန္ဒပြကြလို့ ဘူတာစင်္ကြန်တွေမှာ ခရီးသွားတွေ ဒင်းကြမ်းပြည့်ပြီး တောင်ပြေးလိုက် မြောက်ပြေးလိုက် ဖြစ်နေတာကို တွေ့နေရမြဲပါ၊ လေဆိပ်ကနေ အာအီးအာ ဘီ ရထားကို စီးလာရင် ပါရီမြို့တွင်းက မေထရိုမြေအောက် ရထားလိုင်းတွေကို ပြောင်းစီးလို့ရမဲ့ မြေအောက်ဘူတာကြီးတွေက Gare du Nord, Châtelet-les-Halles, Saint-Michel, Port-Royal, Denfert-Rochereau, Cité universitaire တို့ဖြစ်ပါတယ်၊ ဒီရထားလိုင်းဟာ လေဆိပ် ကနေပါရီကို သီးသန့်သွားတဲ့ ရထားလိုင်းမဟုတ်လို့ ပါရီမရောက်ခင် ကြားဘူတာ အသေးလေး တွေမှာ ရပ်ပါသေးတယ်၊ ပါရီရဲ့ ပထမဆုံးဘူတာကတော့ ခရီးဝေးသွား ဘူတာကြီး ၇ ခုထဲမှာ အကြီးဆုံးတခုဖြစ်တဲ့ La gare de Paris-Nord ဘဲဖြစ်ပါတယ်၊ ဒီမြေအောက် Gare du Nord ဘူတာမှာ မေထရို လိုင်းနံပတ် ၂၊ ၄ နဲ့ ၅ သုံးလိုင်းရယ် RER B D E သုံးလိုင်းရယ် တွေ့ဆုံတဲ့ ဘူတာကြီးပါ၊ ဒီဘူတာကြီးနဲ့အနီးအနားက ရပ်ကွက်တွေဟာ ပြင်သစ်ပြည်ရောက် ရွှေ့ပြောင်း အာဖရိကန်တွေ အာရပ်နွယ်ဖွားတွေ အင်ဒီးယန်း ဆရီလင်္ကာတမီလ်တွေရဲ့ ဈေးဆိုင်တန်းတွေရှိရာ ရပ်ကွက်နေရာဖြစ်လို့ ဒီဘူတာကြီးတခုလုံးမှာလည်း သူတို့လူမျိုးတွေရဲ့ စကားပြောသံတွေနဲ့သာ ဖုံးလွှမ်း ထားပါတယ်၊
ပြင်သစ်ဆိုတဲ့တိုင်းပြည်ကလည်း နေ့စဉ်ဆိုသလို တနေရာမဟုတ်တနေရာမှာ ဆန္ဒပြနေကြတာပါ၊ ဆန္ဒမပြတဲ့နေ့ မရှိဘူးနဲ့တူပါတယ်၊ ပါရီမြို့ရဲ့ မြေအောက်ရထားလိုင်းများဟာ အနည်းဆုံးပျမ်းမျှခြင်း နှစ်တရာကျော်ဝန်းကျင်ရှိနေတာဖြစ်ပြီး အထွေထွေ အကြပ်အတည်းများကလည်း များပြားလှစွာ ရှိနေတာကြောင့် ဘယ်လိုပင် ပြင်ဆင်ခြင်းတွေလုပ်လုပ် မြေအောက်ရထားလမ်းကြောင်းတွေဟာ ဟောင်းနွမ်းမှုဇရာကို ဖုံးကွယ်ထားနိုင်စွမ်း မရှိပါဘူး၊ အဟောင်းဆိုတာတွေကို ထိမ်းသိမ်းထားရ တာကိုဘဲ ကျင့်သားရနေလို့များလားတော့ မသိပါဘူးခင်ဗျား၊  ဥရောပရဲ့ ကျဆင်းနေတဲ့ စီးပွားရေး အကျပ်အတည်းများကြောင့်အပြင် ကိုလိုနီဟောင်း တိုင်းပြည်များမှ ရောက်ရှိနေထိုင် နေကြသော သူများ နိုင်ငံတကာမှ ရွှေ့ပြောင်းအခြေစိုက် နေထိုင်လာသူများရဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ထမ်းထား ရတာတွေကလည်း များပြားလွန်းလှပါတယ်၊ ပြင်သစ်လူမျိုးဆိုသူများရဲ့ မူလဓလေ့ စရိုက်များအရ ဝေဖန်လေကန်နေရတာကို ကြိုက်နှစ်သက်သူတွေက ယခုခေတ်တိုင် များပြားစွာဘဲ ရှိနေဆဲ ဖြစ်နေတာလည်း ပါမှာဖြစ်ပါတယ်၊
La gare de Paris-Nord
၁၈၄၆ ခုနှစ်က စတင်ဖွင့်လှစ်အသုံးပြုခဲ့တဲ့ ဒီ Paris-Nord ဘူတာကြီးကနေတဆင့် La Société nationale des chemins de fer français ပြင်သစ်မီးရထားဌာန SNCF ကနေပြေးဆွဲနေတဲ့ TGV Train à grande vitesse အမြန်ရထားတွေစီးပြီး ပြင်သစ်ပြည်မြောက်ပိုင်းက La Haute-Normandie အထက်နော်မန်ဒီဒေသ La Picardie ပီကာဒီဒေသ Le Nord-Pas-de-Calais အင်္ဂလိပ်ရေလက်ကြားက Channel Tunnel ရှိရာ ကာလေဒေသ တွေကိုသွားနိုင်ပါတယ်၊ la Belgique ဘယ်လ်ဂျီယံ Les Pays-Bas နယ်သာလန် La Grande-Bretagne ဂရိတ်ဗြိတိန်နဲ့ L’Allemagne ဂျာမဏီနိုင်ငံတို့ကိုလည်း ဒီဘူတာကြီးကနေဘဲ သွားနိုင်ပါတယ်၊ နာမည်ကျော် ယူရိုစတားစီးပြီး လန်ဒန်ကိုသွားနိုင်သလို Thalys ခေါ်အနီရောင် TGV ရထားတွေစီးပြီး ဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ် နယ်သာလန်မြို့တော် အမ်စတာဒမ် နဲ့ ရော့တာဒမ်ရယ် ဂျာမဏီရဲ့ ကိုလုံးမြို့တွေကို အဓိကသွားနိုင်ပါတယ်၊ ဒီဘူတာကြီးကို အသုံးပြုဖြတ်သန်းသွားတဲ့ ပြည်တွင်းပြည်ပ ခရီးသည်ဦးရေဟာ တနှစ်ကို သန်းပေါင်း ၂၀၀ ကျော်ခန့် ရှိနေတာပါ၊ ဥရောပရဲ့ အများဆုံးနဲ့ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ခရီးသည်ဖြတ်သန်းသွားလာမှုပါဘဲတဲ့ ခင်ဗျာ၊ တနေ့တနေ့ကို ရထားစင်္ကြန် ၄၄ ခုကနေ အမြန်ရထားစင်းရေ ၁၅၀၀ ကျော် ဝင်ထွက် ဆိုက်ကပ်သွားလာနေတဲ့ ဘူတာရုံကြီး တခုဖြစ်ပါတယ်၊
 La gare de Châtelet – Les Halles
Châtelet-les-Halles ရှထ်တလေ-လေဟောလ်ဆိုတဲ့ မြေအောက်ဘူတာရုံကြီးကတော့ ပါရီမြို့ရဲ့ အလယ်ခေါင်အကျဆုံး အကြီးဆုံး ပါရီမေထရိုပိုလီတန် နယ်မြေအတွင်းသွား ရထားလိုင်းတွေဆုံရာ  ဘူတာကြီးဘဲ ဖြစ်ပါတယ်၊ RER ခေါ် ပါရီဆင်ခြေဖုံးသွားရထားလိုင်း အေ ဘီ ဒီ သုံးလိုင်းရယ် Métro မေထရိုလိုင်း တစ် လေး ခုနှစ် နဲ့ ဆယ့်လေးရယ် စုစုပေါင်း လိုင်းခုနှစ်လိုင်း ပေါင်းဆုံတွေ့ရာ
မြို့တော်တွင်းသွား ဘူတာကြီးဖြစ်ပြီး လူငယ်အများစုဆုံတွေ့ရာ Le Forum des Halles အမည်ရ ရှော့ပင်စန်တာကြီးတခုနဲ့လည်း တဆက်တည်းလို တည်ရှိနေတာဖြစ်လို့ အမြဲလိုလို ခရီးသွားလာသူ တွေနဲ့ ပြည့်နှက်နေသော ဘူတာကြီးတခုပါ၊ ဒီဘူတာရောက်ပြီးရင် အဝါရောင် အမှတ် ၁ မေထရို လိုင်းကို ပြောင်းစီးရင်တော့ ပါရီမြို့ရဲ့အဓိကနေရာ တော်တော်များများကိုရောက်နိုင်ပါတယ်၊ အဲဒီ Châtelet မေထရိုကနေ ပါရီမြို့ အနောက်ဘက်ခြမ်း La Défense လာဒေဖောင့်စ်ဘက်ကို သွား မယ်ဆိုရင်တော့ နာမည်ကျော်လုဗ်ရ်ပြတိုက်ရှိရာ  Palais Royal – Musée du Louvre ဘူတာ၊ အမေရိကန် အင်္ဂလန်သံရုံးတွေရှိရာ ကွန်းကောဒ်ရင်ပြင် Concorde ဘူတာ၊ ရှောင်ဇေလီဇေ လမ်းမကြီးနဲ့ အောင်မြင်ရေးမုဒ်ဦးရှိရာ Charles de Gaulle – Étoile စတဲ့ဘူတာတွေကို ဖြတ်သန်း သွားပြီး ခရီးဆုံးဘူတာ La Défense ကတော့ ပြင်သစ်ပြည်ရဲ့အပြည်ပြည်ဆိုင်ရာ ရုံးသစ်ကြီးတွေနဲ့ နောက်ဆုံးပေါ် အထပ်မြင့်မိုးမျှော် တိုက်သစ်ကြီးတွေ တည်ရှိရာနေရာပါ၊ ပါရီအရှေ့ခြမ်းဘက်ကို Châtelet ဘူတာကနေစီးရင် ပါရီမြို့တော်ဝန်ရုံးစိုက်ရာ မြို့တော်ခန်းမရှိရာ Hôtel de Ville ဘူတာ၊ ဘာစတီးအကျဉ်းထောင်ဟောင်းကြီးရှိခဲ့ရာ အခုခေတ်တော့လူငယ်တွေ ညလုံးပေါက် ကျက်စားရာ နိုက်ကလပ်တွေနဲ့ ဘားတွေတည်ရှိရာ Bastille ဘူတာ၊ နောက်တဘူတာကတော့ ပါရီမြို့ရဲ့ အကြီးဆုံးဘူတာကြီးဖြစ်တဲ့ Paris-Gare de Lyon  ဂါးရ်ဒလီယွန်ဘူတာဘဲဖြစ်ပါတယ်၊ ပါရီကနေ ပြင်သစ်တောင်ပိုင်း Lyon လီယွန်မြို့မှတဆင့် ဆွစ်ဇာလန်နိုင်ငံက ဂျီနီဗာ ဇူးရစ်မြို့များကို သွာရောက်နိုင်ပြီး လီယွန်မှ မားဆေးလ် Marseille ထိုမှတဆင့် မြေထဲပင်လယ်ကမ်းခြေတွေက အီတလီနဲ့ စပိန်နယ်မြေတွေကို ရောက်ရှိနိုင်ပါတယ်၊ မေထရိုအမှတ်တစ်လိုင်းရဲ့ ဂိတ်ဆုံးဘူတာ ကတော့ ၁၆ ရာစု ၁၇ ရာစုခေတ်တွေက ပြင်သစ်ဘုရင်မိသားစုဝင်တွေ နေထိုင်ခဲ့ရာ နန်းတော် ရဲတိုက်အဟောင်းတခု ဖြစ်သော Château de Vincennes ဘူတာဘဲဖြစ်ပါတယ်၊
Paris Métro Map
ဒီမေထရို နံပတ်တစ်လိုင်းဟာ ပါရီမြို့ရဲ့ အဓိက အရေးပါတဲ့နေရာတွေကို ဖြတ်သန်းသွားတာဖြစ်လို့ နိုင်ငံခြားခရီးသွားသူတွေများပြားသလို ဖြတ်သန်းသွားတဲ့ ရပ်ကွက်တွေကလည်း ငွေကြေးချမ်းသာ သူတွေနေတာများလို့ ရထားလိုင်းကလည်း သန့်ရှင်းသလို ရထားတွဲတွေကလည်း သိပ်မကြာခင် ကာလကမှ စတင်အသုံးပြုခဲ့တဲ့ တွဲအသစ်တွေဖြစ်ပြီး ရထားကလည်း နောက်ဆုံးပေါ် မောင်းသူမဲ့ ရထားများ ဖြစ်ပါတယ်၊ တချို့ရထားလိုင်းတွေမှာတော့ မထင်မှတ်လောက်အောင် ညစ်ပတ်ပေရေ နေတတ်ပါတယ်၊ ပါရီမြေအောက်ရထားဘူတာတွေရဲ့ အဓိကပြသနာကတော့ လှေခါးအတက် အဆင်းတွေ များပြားလှတာပါဘဲ၊ အတက်နေရာတွေမှာ စက်လှေခါးတွေ ရှိတတ်ပေမဲ့ အဆင်း နေရာ တော်တော်များများမှာတော့ စက်လှေခါးမရှိတတ်ပါဘူး၊ စက်လှေခါးတွေကလည်း မကြာ ခဏဆိုသလို ဆန္ဒပြပြီး ရပ်နေတတ်တာပါ၊ အဲဒါကြောင့် ဘန်ကောက်တို့ စင်္ကာပူတို့မှာလို တက္ကစီလေး ဖတ်ကနဲငှားပြီး သွားတတ်လာတတ်တဲ့ စတိုင်လ်နဲ့မလိုင်နဲ့ နံကထိုင်စီးထားတတ်တဲ့ ကိုရွှေမြန်မာများ ပါရီမြေအောက်စက်လှေကားတွေမှာ ကိုးယိုးကားယားတွေ ဖြစ်ကြတာ မကြာခဏ ဆိုသလို တွေ့ကြုံရဖူးကြောင်းပါခင်ဗျာ၊ ခရီးဆောင်အိတ်ကြီးတွေမှာ ဘီးပါပြီးတော့ ဆွဲသွားလို့ရတဲ့ ခိုင်ခိုင်ခန့်ခန့် အကြမ်းခံ ရေစိမ်ခံ အိတ်တွေဖြစ်ဖို့လည်း အရေးကြီးပါတယ်၊ နောက်တခုကတော့ ကိုရွှေတိုးလ်ရစ်ဆိုသူများကို ကျားချောင်းသလိုချောင်းနေတတ်တဲ့ ပါရီမြေပေါ်မြေအောက်က နာမည်ကျော် Pick-pocket များပါဘဲ၊ ရန်ကုန်ဘတ်စ်ကားလိုင်းများပေါ်က ကိုရွှေခါးတို့လို ပညာသားနဲ့ နှိုက်တာမျိုးမဟုတ်ဘဲ အုပ်စုလိုက် ဗြောင်အလစ်သုတ်ပြီးပြေးတာမျိုးပါ၊ သူတို့တွေဟာ အများအားဖြင့်တော့ အရှေ့ဥရောပဘက်ကနေ ခေတ်ပျက်ပြီး ရောက်လာကြတဲ့ ဂျစ်ပစီမျိုးနွယ်ဝင် လူငယ်တွေပါ၊ မိန်းခလေးငယ်ငယ် လှလှလေးတွေလည်း ပါပါတယ်၊
အဲဒါဆိုရင်တော့ ပါရီမြေအကြောင်း အနည်းငယ်တော့ သိရှိသွားနိုင်ပါပြီ၊ ပါရီမြို့ကို ဆိုက်ရောက်နိုင်တဲ့ တခြားဝင်ပေါက်တွေနဲ့ ပါရီမြို့တွင်းက အကြောင်းတွေကိုတော့ နောက်များမှ ဆက်ပါအုံးမယ်၊ အဓိကကတော့ မရောက်ဖူးသေးတဲ့ နယ်မြေဒေသတခုကို သွားမယ်ဆိုရင် ကိုယ်တိုင်ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါဘဲ၊ အသိမိတ်ဆွေတွေ ရှိနေပေသော်လည်း သူတို့နေထိုင်ရာ ဝန်းကျင်ဒေသအကြောင်းကို အလုပ်မအားလို့ဘဲဖြစ်ဖြစ် စိတ်မဝင်စားလို့ဘဲဖြစ်ဖြစ် သိချင်မှသိကြမှာပါ၊ ယခုအင်တာနက်ခေတ်မှာ ရှာဖွေဖတ်ရှုမယ်ဆိုရင် ကိုယ်သွားချင်တဲ့ ဒေသ ဆိုင်ရာအကြောင်းတွေကို လွယ်လွယ်ကူကူ သိရှိနိုင်ပါတယ်၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts