သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

အမေရိကန်ကုမ္ပဏီကြီးများမြန်မာပြည် လာပြန်ပြီ (Zaw Aung (Mon Ywa))

အမေရိကန်ကုမ္ပဏီကြီးများမြန်မာပြည် လာပြန်ပြီ

ဇော်အောင် (မုံရွာ) ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃

ဒီနေ့ 26 Feb 2013 ဗွီအိုအေ သတင်းအရ အမေရိကန်လူငါးဆယ်အဖွဲ့  မြန်မာပြည်ကိုရင်းနှီးမြှတ်နှံဖို့ ရောက်ရှိလာတယ်။ အဓိပတိ ထိပ်တန်း အမေရိကန်ကုမ္ပဏီများဖြစ်ပါတယ်။ ဥပမာ အစားအသောက်ပိုင်းဆိုင်ရာ McDonald, KFC တွေလိုမျိုးတွေ မကြာခင်ရောက်လာတော့မည် ဟုဆိုသည်။ အမေရိကန်များ လာရောက်စီးပွားလုပ်ဆောင်မှု အလွန်နောက်ကျနေတယ်လို့ ဗွီအိုအေမှ မေးမြန်းထားပါတယ်။ အမေရိကန်ထုတ်တဲ့ ပစ္စည်းဟာ ကမ္ဘာ့ထိပ်တန်း နည်းပညာရော၊ ငွေအင်အားရော၊ နာမည်ကျော်ပါတယ်။  မြန်မာတိုင်းကြိုက်တဲ့ အမေရိကန် ဖေ့စ်ဘုန်၊ ဂူဂယ်၊ ကွန်ပြူတာ၊ ဂျီပီအက်စ်၊ ဂျီမေး စတဲ့ အင်တာနက်ကအစ၊ စက်ပစ္စည်းကြီးများ၊ ဒုံးပျံ၊ စစ်လက်နက် ဂျက်တိုက်လေယဉ်ကအစ၊ အမ်စစ်စတင်း မောင်ပြန်သေနပ်အထိ အားလုံး မြန်မာများ မက်မောတဲ့ ပစ္စည်းတွေပါ။

အမေရိကန်ကို အားကျလွန်းလို့ အမေရိကန်ကို အလုပ်သွားလုပ်သူ၊ ကျောင်းသွားတက်သူ မြန်မာများစွာရှိပါတယ်။ အခုဆို သိန်းနဲ့ချီတဲ့ မြန်မာလူမျိုး အမေရိကန်ပတ်စပို့ ကိုင်ဆောင်သူများစွာ အမေရိကန်မှာ ရောက်နေပြီး အဲဒီ အမေရိကန်ရောက်မြန်မာများဟာ ဒုတိယမျိုးဆက်အဆင့်ရောက်ပါပြီ။ အမေရိကန်ရောက် မြန်မာများဟာ အမေရိကန်ကုမ္ပဏီကြီးများနဲ့အတူ အမေရိကန် အမေရိကန် ကုမ္ပဏီအကျိုးအမြက်ရရှိရေးအတွက် မြန်မာပြည်ကို ပြန်လာကြတော့မယ်ဖြစ်ပါတယ်။ တနည်းအားဖြင့် အစပိုင်းမှာ အမေရိကန်ကုမ္ပဏီ အလိုတော်ရိ ဖြစ်မှန်းမသိ ဖြစ်နေပေမဲ့၊နောက်ပိုင်းတော့ မြန်မာပြည်အတွက် အကျိုးပြုမဲ့လူ ဖြစ်လာမှာပါ။

ရပ်ဝေးနယ်ခြားကို ရင်းနှီးမြှတ်နှံခြင်း

ဒီလိုရင်းနှီးမှုကို အလွန်လယ်ဝယ်လှတဲ့ ကုမ္ပဏီအဆင့်ပဲ လာရောက်ဖို့ သတ္တိရှိပါတယ်။ မြန်မာပြည်လို ရာဇ၀င် မကောင်းလှတဲ့၊ နိုင်ငံခြားကုမ္မဏီများကို နှုတ်မိန့်နဲ့ အခက်အခဲ ဖြစ်အောင် လုပ်ဆောင်တဲ့၊  အစိုးရထိပ်ပိုင်းအထိ ခြစားမှုများလှတဲ့ မြန်မာပြည်ကို ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှတ်နှံဖို့ဆိုတာ အလွန်မရေရာလွန်းလို့ ကုမ္ပဏီအကြီးစားများပဲ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးဖို့ သတ္တိရှိပါတယ်။ ဒီကုမ္ပဏီကြီးများဟာ မြန်မာအစိုးရနဲ့ တိုက်ရိုက်စာချုပ်များကို အောင်မြင်စွာချုပ်ဆိုနိုင်ပါတယ်။

ဥပမာ ..Total, Unical, Dawoo စတဲ့ ရတနာဓါတ်ငွေ၊ ရွှေဓါတ်ငွေ လုပ်ငန်းများကို လာရောက်လုပ်ကိုင်တဲ့ ကုမ္ပဏီကြီးများရဲ့ အထူးလိုအပ်တဲ့ 4M (Manpower, Methord-technology, Material-machine, Money .. ) မြန်မာပြည်တွင်းကို သွင်း၊ထုတ် Impor-Export လုပ်ဖို့ မြန်မာပြည်ရဲ့ အင်မတန်ကြီးမားလှတဲ့ ကြိုးနီစနစ်ကို ကျော်လွန်အောင် အထက်က တချက်လွှတ်ဥပဒေမျိုး နှုတ်မိန့်နဲ့ ထုတ်ပြန်ထားရပါတယ်။

ဥပမာ ..ကျွန်တော်တို့ လူ၂၀ဦးပါတဲ့ ဘွိုင်လာတပ်ဆင်ဖို့ လုပ်ငန်း Total Oil Company က ရတနာဓါတ်ငွေနယ်မြေမှာ ကမ်းလွန်ဒေသ၊ ပြည်တွင်းရေနံပိုက်လိုင်း နေရာမှာ လုပ်ငန်းတခု လုပ်ဖို့ အလုပ်ရပါတယ်။ လူ၂၀လောက်ရဲ့ ပစ္စည်းတွေကို လေဆိပ်ဝန်ထမ်းများက ဘာမှ အရစ်မရှည်ပဲ၊ အလွန်လျှင်မြန်စွာ လုပ်ကိုင်ပေးကြပါတယ်။ လိုအပ်တဲ့ စက်ပစ္စည်း၊ ကွန်ပြူတာ၊ တံဆာပလာမျာစွာကိုလည်း မြန်မာပြည်တွင်း အမြန်ဆုံးတင်သွင်းတာလဲ ကွန်တိန်နာများကို သမရိုးကျ သင်္ဘောဆိပ်ကမ်းများကို မသုံးပါဘူး။ ကွန်တိန်နာသယ်တဲ့ သင်္ဘောလေးများဟာ စင်ကာပူကနေ မြန်မာပြည်ထိ တပါတ်ခရီး အပြင်းမောင်းနှင်လာပို့ပါတယ်။ မြန်မာ့ရေတပ်မတော်ကလည်း အမြန်ဆုံး၊စစ်ဆေးပေးဖို့၊ ကူညီပေးဖို့ ..အထူးသဖြင့် ကြံ့ကြာအောင်၊ လာဘ်မတောင်းစားဖို့ အဓိကဖြစ်ပါတယ်။ အကယ်၍ ကြံကြာအောင် မတော်တဆဖြစ်စေ လုပ်မိလိုက်တယ်ဆိုရင် အဲဒီ လုပ်တဲ့မြန်မာဝန်ထမ်း၊စစ်တပ်အဖွဲ့ကတော့ အနည်းဆုံး ဌာနပြောင်းခံရရင် ဒုက္ခဖြစ်သွားနိုင်ပါတယ်။

ကျွန်တော် ဗီယက်နမ်-စင်ကာပူ စက်မှုဇုံက ကုမ္ပဏီကြီးတစ်ခုအတွက် အလုပ်လုပ်ပေးချိန်မှာလည်း၊ ပစ္စည်းများ ကွန်တိန်နာ၊ သွင်းထုတ်လုပ်ခြင်း၊ လေဆိပ်မှာ ကုမ္ပဏီဝန်ထမ်းများ ၀င်ထွက် သွားလာခြင်းများအတွက် ဗီယက်နမ် ဆိပ်ကမ်း၊ ဗီယက်နမ် လ.၀.က ဗီဇာဌာနများက ပိုမိုလွယ်ကူအောင် ကူညီထားပါတယ်။ ဘာကြောင့်လဲဆိုတော့ စင်ကာပူစက်မှုဇုံအဖွဲ့မှာ ကြီးမားတဲ့ပါဝါ Authority Connection ရှိပါတယ်။ သူတို့ စက်မှုဇုံမှာ စင်ကာပူကို ယုံတဲ့အတွက် လာရောက်စက်ရုံတည်ထောင်နေတဲ့ ကုမ္ပဏီပေါင်း ၃၀၀ လောက် ရှိပါတယ်။ အဲဒီ အုပ်စုလိုက် လာရောက်ရင်းနှီးမြှတ်နှံတော့ ဗီယက်နမ်ဝန်ထမ်းများဟာ ခြစားလိုချင်တောင်မှ မရပါဘူး။ စင်ကာပူစက်မှုဇုံအဖွဲ့က ဗီယက်နမ်ထိပ်တန်း ရင်းနှီးမြှတ်နှံမှု အာဏာပိုင်အဖွဲ့အစည်းနဲ့ အပိုင်လုပ်ထားတော့ ကွန်တိန်နာ၊ သွင်းကုန်-ထုတ်ကုန်လို ကိစ္စမျိုးကို မြန်ဆန်စေပါတယ်။

နိုင်ငံခြားရင်းနှီးမြှတ်နှံမှု လာလုပ်တဲ့ ကုမ္ပဏီဟာ 4M ဆိုတဲ့ တတ်သိပညာရှင် Men, စက်ပစ္စည်းကုန်ကြမ်း Material, နည်းပညာဆိုင်ရာ ဈေးကြီးပစ္စည်းများTechnology နဲ့ ငွေကြေး Money တွေကို အလွယ်တကူ သွင်း၊ထုတ် မလုပ်နိုင်ရင် Time is Money ဆိုတဲ့အတိုင်း တရက်ကြံ့ကြာသွားတာနဲ့ ဒေါ်လာသန်းနဲ့ချီ ဆုံးရှုံးသွားနိုင်ပါတယ်။


လက်ရှိမြန်မာပြည်သို့ရောက်ရှိနေသူအများစု

မြန်မာပြည်ကို နိုင်ငံခြားကုမ္မဏီကြီးများ အထူးသဖြင့် တရုပ်ကုမ္ပဏီများဟာ သယံဇာတထုတ်ယူမှု လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေပါတယ်။ တခြား လယ်ယာ၊စက်မှု၊ ကုန်ထုတ်လုပ်ငန်းများမှာ ဂျပန်၊ တရုပ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုးရီးယား၊ အိန္နိယ စသည့်အာရှနိုင်ငံများ၊ အီတလီ၊ အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ် စသည့် ကုမ္ပဏီကြီးများ ရောက်လာခဲ့တာ ၁၀စုနှစ်မက ကြာမြင့်ခဲ့ပါပြီ။ အရင်က ကြိုးနီစနစ် (စစ်အာဏာရှင်စနစ်) နိုင်ငံတကာပိတ်ဆို့ထားခဲမှုကြောင့် FDI  Foreign Direct Investment သိပ်မလာကြပေမဲ့ အခု ပြုပြင်ပြောင်းလဲရေးမှာ ကုမ္ပဏီကြီးတွေ တော်တော်လာရောက်နေပါပြီး အကြီးစားများပဲ လာရောက်ရခြင်း၊ အလယ်လတ်တန်း ကုမ္ပဏီများ၊ လာရောက်မှုနည်းပါးခြင်းဟာ စီးပွားရေးဆိုင်ရာ ဥပဒေစိုးမိုးမှု အလွန်နည်းပါးတဲ့အတွက်ဖြစ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းလုပ်မယ်ဆိုရင် သွင်းကုန်၊ ထုတ်ကုန် Import/Export လွယ်ကူ၊မှန်ကန်၊မြန်ဆန်ဖို့ အတွက် မြန်မာပြည်မှာ အခက်အခဲများစွာ ရှိနေပါသေးတယ်။

4M အချက်ကြီး၎ချက်

လောလောဆယ်တော့ ပြည်ပကုမ္ပဏီ အကြီးစားများအတွက် 4M Import-Export လွယ်ကူအောင် မြန်မာအစိုးရ FDI agreement နဲ့ လုပ်ဆောင်ပေးနိုင်ပါတယ်။ သို့သော် အလတ်စား၊ အသေးစားများအတွက် မြန်မာဆိပ်ကမ်းနဲ့ လ.၀.က၊ ကမ်းခြေစောင့်တပ်၊ ရဲအဖွဲ့ စတဲ့ ၀န်ထမ်းများရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ လုပ်ငန်း မကြံ့ကြာရေးအတွက် လုပ်စရာနည်းလမ်း တစ်ခုပဲရှိပါတယ်။ ”ပေးကမ်းခြင်းသည်အောင်မြင်သည်… နည်းလမ်းဟာ လစာနည်းပါးလှတဲ့၊ ဆင်းရဲမွဲတေလှတဲ့ မြန်မာနိုင်ငံအတွက် မလွဲမရှောင်သာတဲ့ လုပ်ငန်းဖြစ်နေဆဲပါ။ အလတ်စား၊ အသေးစား စက်မှုလုပ်ငန်းများ SME Small & Median Enterprises ဆိုတာ နိုင်ငံရဲ့ ၇၀% အထက် အဓိကစီးပွားလုပ်ငန်းဖြစ်ပေမဲ့ မြန်မာအစိုးရအဖို့ ကိုင်တွယ်ဖို့ လူအင်အားနဲ့နည်းပညာ မရှိသေးပါဘူး။

တတ်သိပညာနည်းပါးခြင်း

ပြည်ပကုမ္ပဏီ များစွာ လာရောက်တဲ့အချိန် သူတို့နဲ့ပေါင်းလုပ်ကိုင်မဲ့ ဖက်စပ် အစိုးရလုပ်ငန်းများအတွက် အထူးခက်ခဲလှပါတယ်။ နည်းပညာပိုင်းဆိုင်ရာ မလိုက်နိုင်တဲ့အတွက် ပြည်တွင်းပညာရှင်များဟာ သူတို့ရဲ့ စာချုပ်များကို နားမလည်ပဲ လက်မှတ်ထိုးပေးလိုက်ရတဲ့ အခြေအနေရောက်မှာပါ။

ဥပမာ.. ဗီယက်နမ်ကို သံမဏိစက်ရုံကြီး လာရောက်တည်ထောင်ပေးတဲ့ အမေရိကန်ကုမ္ပဏီကြီးဟာ ကမ္ဘာ့ငွေကြေးဘဏ် IMF ချေးငွေနဲ့ ဂျာမဏီပစ္စည်းကို ရောင်းချပြီး၊ တပ်ဆင်ပေးပါတယ်။ အိုင်အမ်အက်ဖ် စာချုပ် ချုပ်ကတည်းက ဂျာမဏီစက်ရုံကို ၀ယ်ရမယ် ပါပြီးသားပါ။ တခြားရွေးခွင့်မရှိ၊

ဒီသံမဏီစက်ရုံကြီး ဗီယက်နမ်အစိုးရ ၆၀% ပိုင်တဲ့ ပုဂ္ဂလိက Public Listed Company အဖြစ်ပြောင်းထားတဲ့ ဗီယက်နမ်ကုမ္မဏီကြီးက အင်ဂျန်နီယာငယ်များဟာ ဂျာမဏီများ တဖက်သတ် စာချုပ်ကို By Force နဲ့ လက်မှတ်ထိုးလိုက်ရပါတယ်။ အင်ဂျင်နီယာငယ်များဟာ မလိုအပ်တဲ့ ပစ္စည်းများ၊ ဂျာမဏီမှာ ရောင်းလို့မရလို့ ထိုးထည့်ပေးလိုက်တဲ့ စက်ပစ္စည်းများ၊ Safety ဈေးကြီးဒီဇိုင်းစနစ်… စတဲ့ ငွေပိုကုန်ကျတဲ့ သံမဏီစက်ရုံကြီးကို လက်ခံလိုက်ရပါတယ်။ သူတို့ပေးတဲ့ ချေးငွေနဲ့ သူတို့ပစ္စည်းပဲ ၀ယ်ရတယ်ဆိုတော့ ဂျီးသိပ်များလို့မဖြစ်ပါ။ ပြီးတော့ ဂျာမဏီများက ဗီယက်နမ်ထိပ်ပိုင်း တာဝန်ခံများကို အပိုင်ရင်းနှီးမှုယူထားပြီး ဆိုတော့ တကယ်လုပ်ရမဲ့ ဗီယက်နမ်လူငယ်အင်ဂျင်နီယာများအဖွဲ့က ပေးတာယူ၊ ကျွေးတာစား … စက်ရုံမရှုံးအောင် မနည်းလုပ်ရမဲ့အခြေနေပါပဲ။

ဗီယက်နမ်မှာ တတ်ကျွမ်းသူ နိုင်ငံခြားအတွေ့ကြုံများတဲ့ ဗီယက်နမ်အင်ဂျင်နီယာကြီးများ မရှိဘူးလား.. မေးရင်၊ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဗီယက်နမ်ကို လာရောက်ရင်းနှီးမြှတ်နှံတဲ့ ဂျာမဏီ၊ ဂျပန် ကုမ္ပဏီကြီးများဘက်ကပဲ လုပ်ပေးပါတယ်။ ဘာကြောင့် အစိုးရဖက်က လုပ်မပေးသလဲ မေးစရာရှိပါတယ်။ လစာမပေးလို့ …လစာနည်းလို့ …မဟုတ်ပါဘူး။ လက်ရှိ ဗီယက်နမ် ဆိုရှယ်လစ်ပါတီ အစိုးရလူကြီးများက နေရာမပေးလို့ ဖြစ်ပါတယ်။

နိုင်ငံခြားအတွေ့ကြုံရှိသူမြန်မာများ

စာရေးသူအနေနဲ့ ဗီယက်နမ်နိုင်ငံကို ဂျာမဏီနို့မှုန့်စက်ရုံအတွက် နွားနို့စိမ်းချက်စက်ရုံ၊ အမှုန့်အခြောက်ခံစက်ရုံ၊ နို့မှုန့်ထုတ်စက်ရုံ၊ နို့မှုန့်ဗူးထုတ်စက်ရုံ .. စက်ရုံ၎ခုကို တစ်ရက် တန်ချိန်၆၀ ၂ရုံ ဒီဇိုင်းဆွဲ၊ တပ်ဆင်၊ ကုန်ထုတ်လုပ်မှုအတွက် လုပ်ခဲ့ဖူးပါတယ်။ ဂျာမဏီနိုင်ငံက ဒီဇိုင်းထုတ်ပြီး၊ ဥရောပတိုက်သားများ၊ စင်ကာပူ၊ဖိလစ်ပိုင်၊သြတြေးလျှား ပညာရှင်များနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့အခါ နို့မှုန့်  Process Design လုပ်သူများ ဘယ်လောက်အထိ ငွေကိုချွေတာလုပ်ကိုင်တယ် ဆိုတာ လက်တွေ့သိရပါတယ်။ သူတို့ ကုန်ကျစရိတ် ဒေါ်လာ သန်း၂၀၀ လောက်ပဲ ရှိတာကို အမြက် သန်း၁၀၀လောက် ရပါတယ်။ ဗီယက်နမ်မှာ လုပ်တဲ့အခါ နည်းပညာပိုင်း နဲ့ လူအင်အား ဆိုင်ရာမှာ ချွေတာသုံးစွဲရင်း အမြတ်၂ဆ ဒေါ်လာသန်း၂၀၀ အထိ မြတ်အောင် လုပ်ဆောင်သွားတဲ့ Big Company’s Management Skill ကို ဗီယက်နမ်များ လုံးဝမယှဉ်နိုင်ပါဘူး။

အမေရိကန်ကုမ္ပဏီများရဲ့ အမေရိကန်မှာ မသုံးတော့တဲ့ စက်ပစ္စည်းများကို ဗီယက်နမ်မှာ တင်ပို့ရောင်းချခဲ့လို့ ဗီယက်နမ်မှာ အမေရိကန်စက်ပစ္စည်းများ စုပုံနေတယ် Dump ဖြစ်နေတယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။ အခုတော့ ဗီယက်နမ်အစိုးရက ရုရှား ရေနံကုမ္ပဏီများကို ဦးစားပေးနေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားကုမ္ပဏီများစွာ မြန်မာပြည်လာရောက် ရင်းနှီးတော့ မြန်မာများစွာ အလုပ်ရမယ်ဖြစ်ပါတယ်။ မြန်မာအစိုးရလည်း FDI များစွာရရှိပြီး တိုင်းပြည်ဖွံ့ဖြိုးရေး လယ်ယာ၊ ပညာရေး၊ကျန်းမာရေးများ ပိုမိုတိုးတက်လာမှာပါ။


နိဂုံးချုပ်

ဗီယက်နမ်နိုင်ငံဟာ မြန်မာပြည်ထက် ၁၅နှစ်စောပြီး ပြုပြင်ပြောင်းလဲခဲ့ပေမဲ့ တရုပ်နိုင်ငံရဲ့ တဖက်သတ် ရင်းနှီးမြှတ်နှံမှုထက်စာရင် ဂျာမဏီရဲ့ ရင်းနှီးမြှတ်နှံမှုမျိုးကို မဆိုးဘူးလို့ ပြောရပါမယ်။ နောက်ဆုံးတော့ ဗီယက်နမ်အစိုးရဟာ နည်းပညာပိုင်းဆိုင်ရာမှာ ကိုးရီးယား၊ ဂျပန်များထက် စင်ကာပူ၊မလေးရှား၊ထိုင်း နည်းပညာနဲ့ ရင်းနှီးမြှတ်နှံမှုက ပိုပြီး တရားမျှတတယ်လို့ ခံယူကြပါတယ်။

နိုင်ငံခြားကုမ္ပဏီများကို အံတုနိုင်ဖို့ နိုင်ငံခြားမှာ ပညာသင်၊ အလုပ်လုပ်လာတဲ့ ကိုယ့်မြန်မာလူမျိုးများကို နေရာမပေးနိုင်သရွေ့တော့ ဒီ နိုင်ငံခြားက တတ်သိပညာရှင် မြန်မာများဟာ ဂျပန်အလိုတော်ရှိ၊ ဂျာမဏီအလိုတော်ရှိ … အဖြစ် မြန်မာပြည်အတွက် အကျိုးရှိဖို့ ခက်ပါမယ်။ စင်ကာပူ၊ တရုပ်ပြည်ကြီး၊ တောင်ကိုးရီးယား တွေ တဟုန်ထိုး တိုးတက်သွားခြင်းဟာ ပြည်ပရောက် တတ်သိပညာရှင်များနဲ့ ပြည်တွင်းတတ်သိပညာရှင်များ ပေါင်းကူးပေးနီုင်တဲ့အတွက်ဖြစ်ပါတယ်။

လောလောဆယ်တော့ လက်နက်ကိုင်သူပုန်ဖြစ်ခဲ့သူများကို မြန်မာအစိုးရသစ်က လူသောင်းနဲ့ချီပြီး ဘလက်လစ်စ် စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါပြီ။ သို့သော်  မြန်မာတတ်သိပညာရှင် အကြောင်းအမျိုးမျိုးကြောင့် (၀န်ထမ်းမှ ထွက်ခွင့်မရပဲ၊ ပြည်ပအလုပ်သွားလုပ်သူအများစု) ပြည်ပရောက်သွားသူများကို မြန်မာနိုင်ငံတော်အစိုးရက ဘလက်လစ်စ် BL စာရင်းကနေ ပယ်ဖျက် မပေးသေးပါဘူး။ ၀န်ကြီးဌာနများက ပြည်ပထွက်ခွင့်ပိတ်ထားဆဲ ဖြစ်တဲ့အတွက် ပြည်ပထွက်ခွာတဲ့အချိန်မှ ပြသနာတက်ပြီး၊ ဘောင်ဝင်အောင်လုပ်ရတာ ငွေကုန်၊ အချိန်ကုန်၊ ကသိကအောင့် များစွာဖြစ်ရပါတယ်။ တတ်သိပညာရှင်များ ပြန်လာဖို့ဆိုတာ ခက်နေဆဲပါပဲ။

ပြည်ပရောက် မြန်မာတတ်သိပညာရှင်များကို နေရာပေးမဲ့ အချိန်ကာလတစ်ခုကို စောင့်လျှက်ရှိပါကြောင်း၊

ဇော်အောင် (မုံရွာ)
၂၇-ဖေ-၂၀၁၃

(Photo – Irrawaddy)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts