ရောက်တတ်ရာရာ အတိုအစများ

မောင်ရင်ငတေ

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃

● ဖော့ဆို့ဖောက်တံနဲ့ ဝက်သစ်ချပင်ရဲ့ဇာတ်လမ်း

ဒီပစ္စည်းလေးဟာ ဘယ်လောက်မှ အရေးမပါအရာမရောက်တဲ့ ပစ္စည်းအမျိုးအစားတခုပါ၊ မြင်လိုက် တွေ့လိုက်ရတဲ့ အခါတွေမှာလည်း သိပ်ထူးခြားတာမျိုး မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါမရှိတဲ့ အခါမှာတော့ အတော်ကိုဘဲ ဒုက္ခရောက်ရပါတယ်၊ ကိုယ်တွေ့ကြုံဖူးသူတိုင်း သိကြပါ တယ်၊ ပြင်သစ်ပြည်ကဲ့သို့ ဝိုင်အသောက်များတဲ့ တိုင်းပြည်မျိုးတွေမှာ နေ့စဉ်အသုံးပြုနေရတာပါ၊ နေ့စဉ်လိုအပ်နေတဲ့အရာ ပစ္စည်းတခုပါ၊ ဆိုင်တွေမှာဘဲဖြစ်ဖြစ် အိမ်တွေမှာဘဲဖြစ်ဖြစ် အမြဲလိုလို အသုံးပြုနေရတာပါ၊

Le tire-bouchon ဆိုင်တွေမှာ အသုံးများတဲ့ ဝိုင်ဖောက်တံ

ပြင်သစ်ပြည်မှာ ပြင်သစ်လူမျိုးတွေထဲမှာ ဝိုင်မသောက်တဲ့သူ မရှိသလောက်ပါဘဲ၊ မိန်းမ ယောက်ျား လူတိုင်းနီးပါး သောက်ကြပါတယ်၊ အနည်းဆုံးတနေ့ကို ဝိုင်တခွက် ၂၅ စင်တီလီတာ လောက်တော့ နေ့လည်စာနဲ့ ညစာ စားခါနီးစားနေစဉ် အချိန်တွေမှာ ကျန်းမာရေးအတွက်ဆိုပြီး သောက်ကြစမြဲပါ၊ ဒီလိုမျိုးသောက်ကြတဲ့ အခါတိုင်းမှာ ဒီဝိုင်ဖောက်တံက လိုအပ်စမြဲပါ၊ ဝိုင်မဟုတ်ဘဲတခြား ဘီယာ သောက်တဲ့အခါမှာ ပုလင်းဆိုရင်တော့ ဖောက်စရာဖောက်တံ လိုကောင်းလိုအပ်ပေမဲ့ ကြံဖန်ပြီး ဖောက်တတ်ရင် ဇွန်းတို့ခရင်းတို့ တူတို့ဓါးတို့နဲ့လည်း ဖောက်လို့ရပါတယ်၊ ဘီယာဖောက်ရတာက ဝိုင်ဖောက်တဲ့ပုံစံနဲ့ လုံးဝမတူပါဘူး၊ ဝီစကီတို့ ရှန်ပိန်ပုလင်းတို့အတွက်က ဖောက်တံမလိုအပ်ပါဘူး၊ ရှန်ပိန်ပုလင်းတို့ စပတ်ကလင်ဝိုင်ပုလင်းတို့က အရည်ရဲ့တွန်းကန်မှုနဲ့ ဖော့ဆို့ကို တွန်းဖွင့်စေတာ မျိုးပါ၊ ဝိုင်ပုလင်းမှာတော့ ဖောက်တံမရှိမဖြစ်ဆိုသလို လိုအပ်ပါတယ်၊ ဖောက်တံနဲ့ စနစ်တကျ မဖောက်တတ်ရင် ဖော့ဆို့မကောင်းရင် ဖော့ဆို့ကဖွာထွက်ပြီး ဖော့အမှုန်တွေ ဝိုင်ပုလင်းထဲ ဝင်ကျန် ခဲ့ရင်တော့ ဝိုင်သောက်ရတဲ့အရသာ လျော့နည်းသွားမှာ အမှန်ပါဘဲ၊ ကမ္ဘာတဝှန်း တနှစ်တနှစ် ထုတ်လုပ်ကြတဲ့ ၂၀ ဘီလျှံကျော်ရှိသော ဝိုင်ပုလင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းမှာ ဖော့ဆို့ကို ပုလင်းဆို့ ပိတ်ရန်အဖြစ် အသုံးပြုကြပါတယ်၊ တချို့သော ဝိုင်ပုလင်းတွေမှာ ဖော့ဆို့မဟုတ်ဘဲ တခြားသော နည်းတွေနဲ့ အစားထိုးဆို့ပိတ်ထားတတ်ကြပေမဲ့လည်း ဖော့ဆို့ရဲ့နေရာမှာ လုံးဝအစားထိုးနိုင်ဖို့ မလွယ်သေးပါဘူး၊ ဖော့ဆို့အစားစရိတ်သက်သာစေနိုင်စေမဲ့ အခြားနည်းလမ်းတွေကိုတော့ ကြံစည် ဖန်တီးနေကြဆဲပါ၊ ဖော့ဆို့ကောင်းကောင်းနဲ့ မပိတ်ဘဲထားရင် ဝိုင်အရသာပျက်စီးလွယ်စေပါတယ်၊ ဝိုင်ပုလင်းတွေကို သိမ်းဆည်းထားရင် ပုလင်းတွေကို ဘေးစောင်းပြီးတော့ ထားရတာက ပုလင်း ထိပ်က အပိတ်ဖော့ဆို့နဲ့ ပုလင်းထဲက ဝိုင်အရည်တွေကို ထိတွေ့နေစေဖို့ပါ၊ ဝိုင်နဲ့ဖော့ဆို့ ထိနေခြင်း အားဖြင့် ဝိုင်အရသာကို မပျက်စီးစေသလို ဝိုင်သက်တမ်းကိုလည်း ပိုရှည်စေပါသတဲ့၊

Les bouchons en liège

ဖော့ဆို့ကို ၁၇ ရာစု အလယ်ပိုင်းလောက်မှာမှ စတင်အသုံးပြုလာကြတာပါတဲ့၊ ဖော့ဆို့မပေါ်လာမီ ကတော့ ဝိုင်ပုလင်းတွေကို ဆီစိမ်ထားတဲ့အဝတ်စတွေနဲ့ ဆို့ပိတ်ကြပါသတဲ့၊ ဖော့ဆို့ဆိုတာပေါ် ပေါက်လာပြီးတော့မှ ဖော့ဆို့ဖောက်တံ ပေါ်လာတာဖြစ်လို့ ဖောက်တံရဲ့သမိုင်းကလည်း ၁၇ ရာစု အကုန်ပိုင်းလောက်မှ စတင်လာခဲ့တာပါ၊ ဖော့ဆို့ရဲ့ကုန်ကြမ်းကတော့ အများအားဖြင့် Le chêne ခေါ် ဝက်သစ်ချမျိုးနွယ်အပင်များရဲ့အသားကနေ ပြုလုပ်တာပါ၊ ဖော့ဆို့လုပ်တဲ့ ဝက်သစ်ချပင် မျိုးနွယ်ရဲ့ မူရင်းပေါက်ရာဒေသကတော့ ဥရောပအနောက်တောင်ပိုင်းဒေသနဲ့ အာဖရိက အနောက် မြောက်ပိုင်းဒေသဘဲ ဖြစ်ပါတယ်၊ တခြားနေရာဒေသ အနှံအပြားမှာ ပေါက်ရောက်လေ့ရှိပေမဲ့ ဒီ ဒေသမှာ အပေါက်ဆုံးဖြစ်နေတာက အသုံးအလိုအပ်ဆုံးဒေသက ဒီဒေသဘဲဖြစ်နေလို့လားတော့ မသိပါဘူး၊ ဒါကြောင့်ဒီနေရာဒေသမှာ ပိုပြီးစိုက်ပျိုးကြတာ များလာတာ ဖြစ်နိုင်ပါတယ်၊

Le chêne de Marie-Antoinette မာရီအန်တွမ်းနက် ဝက်သစ်ချပင်မြစ်ဆုံ

Le chêne ခေါ် ဝက်သစ်ချပင်အမျိုးအစားတွေဟာ နှစ်ရှည်ပင်မျိုးတွေဖြစ်ကြပါတယ်၊ တချို့သော သက်တမ်းရှည် ဝက်သစ်ချပင်အိုကြီးများကို ယခုတိုင်အောင် ပြင်သစ်နိုင်ငံ တနံတလျှားမှာ တွေ့မြင် ရနိုင်ပါသေးတယ်၊ ဗားဆိုင်းနန်းတော်အနောက်ဘက် သစ်တောပန်းခြံဝန်းကြီးထဲက ပြင်သစ်ဘုရင် လူဝီ ၁၆ (၁၇၅၄ – ၁၇၉၃) ဘုရင်ကြီးရဲ့ ချစ်လှစွာသော မိဖုရားကြီးဖြစ်သူ Marie-Antoinette မာရီ အန်တွမ်းနက် (၁၇၅၅ – ၁၇၉၃) ဝက်သစ်ချပင်ဆိုပြီး အမည်တွင်နေခဲ့သော သက်တော်ရှည် ဝက်သစ်ချပင်ကြီးဟာ ယနေ့အခါမှာအသက်ရှင်လျှက် မရှိတော့ပေမဲ့လည်း လဲကျနေတဲ့အပင်ရဲ့ မြစ်ဆုံအပိုင်းကြီးကိုတော့ အမှတ်တရအနေနဲ့ ထိမ်းသိမ်းထားလို့ ယနေ့ထိတွေ့မြင်နေကြရပါတယ်၊

အဲဒီ အမြင့် ၃၅ မီတာမြင့်ပြီး ပင်စည်လုံးပတ် ၅ မီတာခွဲခန့်ရှိတဲ့ မာရီအန်တွမ်းနက် အမည်ရတဲ့ ဝက်သစ်ချအပင်ကြီးဟာ ၁၉၉၉ ခုနှစ် ကတည်းက လေပြင်းတိုက်ခိုက်ခံခဲ့ရပြီး နာမကျန်းဖြစ်ခဲ့ရာက အသက် ၃၂၄ နှစ် အရွယ် ၂၀၀၅ ခုနှစ် အရောက်မှာတော့ ပြိုလဲလာတော့မယ့် အန္တရာယ်ကြောင့် ဖြိုလှဲပစ်ခံခဲ့ ရပါတော့တယ်၊

Le vieux chêne d’Allouville-Bellefosse အသက်ထောင်ကျော် ဝက်သစ်ချပင်အိုကြီး

အဲဒီ မာရီအန်တွမ်းနက် ဝက်သစ်ချပင်ကြီးထက် ပိုမိုသက်တမ်းရှည်သော နှစ်ပေါင်း ၈၀၀ ကျော် (တချို့သော ခန့်မှန်းကြသူများက နှစ်ပေါင်း ၁၂၀၀ ခန့်) ရှိသော ဥရောပတိုက်ရဲ့အသက်အကြီးဆုံးသစ်ပင်ကြီးတပင် ဖြစ်တယ်လို့ သတ်မှတ်ထားတဲ့ ဝက်သစ်ချပင်ကြီးကိုတော့ နော်မန်ဒီကမ်းခြေ အနီးမှာ ယနေ့ကာလထိတိုင် အသက်ရှင်ရက် တွေ့ရှိနိုင်ပါသေးတယ်၊ ပါရီမြို့မြောက်ဘက် ၁၇၀ ကီလိုမီတာခန့် အဝေးမှာတည်ရှိပြီး လူဦးရေတထောင်ကျော်ခန့်သာ နေထိုင်သော Allouville-Bellefosse လို့အမည်ရတဲ့ ဒီရွာကလေးမှာပေါက်နေတဲ့ ဒီအသက်ထောင်ကျော်ရှိ ဝက်သစ်ချ အပင် အိုကြီးကို ကြည့်ရှု့ဖို့ ရောက်ရှိလာကြတဲ့ ခရီးသွားဧည့်သည်များက တနှစ်ကို  ပျမ်းမျှ ၅ သောင်း ကျော်ခန့် ရှိနေပါသတဲ့ဗျာ၊ ဒီအပင်အိုကြီးကို ၁၉၃၂ ခုနှစ် ကစပြီး သမိုင်းဝင်အဆောက်အဦများ စာရင်းထဲမှာ ထည့်ထားပြီး ထိမ်းသိမ်းစောင့်ရှောက်ခဲ့တာပါ၊ သမိုင်းအမွေဆိုတာ ဒါမျိုးတွေကို ခေါ်တယ်လို့ ထင်ပါတယ်ဗျာ၊

Technical cork

ဝိုင်ပုလင်းပိတ်တဲ့ဖော့ဆို့က ထုတ်လုပ်ရတာ သာမန်ရိုးကျမို့ လွယ်ကူပေမဲ့ ရှန်ပိန်ပုလင်းပိတ်ဖို့ ဖော့ဆို့ကတော့ ပုံမှန်ထက် လုပ်ရတာပိုခက်ခဲလို့ Technical cork လို့တင်စားပြီး ခေါ်ကြပါတယ်၊ ရှန်ပိန်ဖော့ဆို့ဟာ ရှန်ပိန်အရည်အမြုပ်ရဲ့တွန်းကန်အားနဲ့ ဖောင်းကနဲအသံမြည်ပြီး ကန်ထွက်သွား တာမျိုးပါ၊ ပုလင်းပွင့်သွားပြီး ဖော့ဆို့ကန်ထွက်သွားပြီးနောက် ဖော့ဆို့ရဲ့အရင်းပိုင်း ပွင့်ကားပြီး သွားပါတယ်၊ အဲဒီဖော့ဆို့နဲ့ ရှန်ပိန်ပုလင်းကို နောက်တခါပြန်ပြီး ပိတ်ဆို့လို့ မရတော့ပါဘူး၊ ရှန်ပိန် ပုလင်း ဖောက်တာသောက်တာကိုတော့ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတို့ ဘောလုံးပြိုင်ပွဲတို့ရဲ့ ဆုပေးပွဲ အခမ်းအနားတွေနဲ့အတူ မြင်တွေ့ရတာများပါတယ်၊ ဒီလိုဆုပေးပွဲ တွေမှာလည်း ရှန်ပိန်ကို သိပ်ကြိုက်ကြလို့ ဇိမ်ခံပြီး သောက်ကြတာမျိုးမဟုတ်ဘဲ အောင်ပွဲခံတဲ့ အနေနဲ့သာ သောက်ကြတဲ့ ပုံစံပါ၊  တကယ့်တကယ်တမ်းကတော့ ရှန်ပိန်ရဲ့အရသာကို နှစ်သက်သူ နည်းလွန်းလှပါတယ်၊ သူ့ရဲ့ သဘာဝအရသာကို၌ကလည်း မူးအောင်များများသောက်လို့ ကောင်းတာမျိုးမဟုတ်သလို ဧည့်ခံပွဲ အောင်ပွဲခံ အထိမ်းအမှတ်လိုသာ သဘောထား သောက်ကြတာပါ၊

 မီးဖိုချောင်တိုင်းမှာအတွေ့ရများတဲ့ ဝိုင်ဖောက်တံ Le tire-bouchon à levier

ဝိုင်ပုလင်းဖောက်တံ ပုံစံဒီဇိုင်းအမျိုးမျိုးရှိပေမဲ့ ဒီအပေါ်က ပုံစံမျိုးကတော့ သုံးလို့ဖောက်လို့ အလွယ်ကူဆုံးဖြစ်လို့ လူအများစုသုံးကြပါတယ်၊ အိမ်တိုင်းလိုလိုရဲ့ မီဖိုချောင်တိုင်းမှာ မရှိမဖြစ် ဒီလို ပုံစံမျိုးကို ဝယ်ထားကြတာ အတွေ့ရများပါတယ်၊ တခြားပုံစံအမျိုးအစားတွေကတော့ ဖောက်ရပြုရ ခက်ခဲတာမျိုး ခွန်အားစိုက်ထုတ်ဆွဲရတာမျိုးတွေနဲ့ တန်ဖိုးကြီးအောင် အမှတ်တရပစ္စည်းဖြစ်အောင် ဖန်တီးပြုလုပ်ထားတာမျိုးတွေပါ၊ နေရာဒေသတိုင်းပြည်အမျိုးမျိုး လူအမျိုးမျိုးက စိတ်ကူးအမျိုးမျိုးနဲ့ ပြုလုပ်ထားကြတဲ့ ဖော့ဆို့ဖောက်တံ အမျိုးမျိုးပါဘဲ၊ ဒီဖောက်တံအမျိုးမျိုးကို ပြသထားတဲ့ ပုဂ္ဂလိက ပြတိုက်တခုကတော့ ပြင်သစ်ပြည်တောင်ပိုင်းဒေသ Ménerbes မှာတည်ရှိပါတယ်၊ အဲဒီပြတိုက်မှာ ဖော့ဆို့ဖောက်တံ ပေါ်ပေါက်လာခဲ့တဲ့ ၁ရ ရာစုအစောပိုင်းကာလကနေ စုဆောင်းထားခဲ့တဲ့ ဖောက်တံမျိုးစုံ ဖော့ဆို့မျိုးစုံ ထောင်နဲ့ချီပြီး ပြသထားပါတယ်၊

 Les barriques de chênes

ဝီစကီဝိုင်ရှန်ပိန်ကော့ညှက် ဘယ်လိုအမျိုးအစားဘဲဖြစ်ဖြစ် နှစ်ရှည်ကြာခံအောင် အရည်အသွေး ကောင်းအောင် ထားချင်ရင်တော့ ဝက်သစ်ချသားတွေနဲ့ ပြုလုပ်ထားတဲ့ သစ်သားစည်ပိုင်းကြီးတွေ ထဲမှာထည့်ပြီး မြေအောက်လှိုဏ်ဂူတွေထဲမှာ အနည်းဆုံးတော့ သုံးလေးငါးနှစ်လောက်ဆိုသလို သိုလှောင်ထားမှသာ ကြာရှည်ခံတဲ့ ရှန်ပိန် ဆိုတာမျိုး နှစ်ချို့ဝိုင် ဆိုတာမျိုး Blended malt whisky ဝီစကီဆိုတာမျိုးတွေ ဖြစ်လာတာပါ၊ နှစ်ကြာကြာသိုလှောင်ထားနိုင်လေ အရည်အသွေးကောင်း လာလေ အဖိုးထိုက်တန်လာလေဖြစ်လာပါတယ်၊ ဒီလိုဖြစ်လာဖို့က ဝက်သစ်ချသားနဲ့ပြုလုပ်ထားတဲ့ သစ်သားစည်ကြီးတွေနဲ့ ပုလင်းပိတ်ရာမှာ အသုံးပြုတဲ့ ဖော့ဆို့တွေကလည်း မရှိမဖြစ်နဲ့ အဓိက အရေးပါတဲ့ နေရာမှာရှိတာပါ၊ ဒီလို Oak barrel ဝက်သစ်ချသစ်သားစည်ကြီးတလုံးမှာ အရည် ၂၂၈ လီတာ (၆၀ ယူအက်စ်ဂါလံ) ခန့်ဆန့်ပါတယ်၊ နေရာဒေသအလိုက် စည်အရွယ်အစား ကွဲပြားခြားနားကြပေမဲ့ အများအားဖြင့်တော့ Barriques style နှစ်မျိုး Bordeaux ဘောဒိုးနဲ့ Bourgogne (Burgundy) ဘူးဂွန်းန်ကိုသာ အသုံးများကြပါတယ်၊ အဲလို ဒီစည်ကြီးတွေနဲ့ မြေအောက်လှိုဏ်ဂူ တွေထဲမှာ နှစ်ပေါင်းများစွာ သိုလှောင်ထားကြပါတယ်၊ အနည်းဆုံးတော့ သုံးလေးငါးနှစ်ကြာ မြေအောက်ထဲမှာထားပြီးမှ ပုလင်းထဲ တဖန်ထည့်သွပ်ကြရတာပါ၊ ယနေ့ ကမ္ဘာ့ဈေးအကြီးဆုံးလို့ ပြောကြတဲ့ ၁၉၂၆ လောက်ကစတင်ပြီး နှစ်ခြောက်ဆယ်လောက် ဒီ ဝက်သစ်ချသားစည်ကြီးတွေထဲထည့် မြေအောက်မြုပ်ထားခဲ့ပြီး ၁၉၈၆ ရောက်မှ ပုလင်းသွပ် ခဲ့တာပါဆိုတဲ့ ဒီ Macallan အမျိုးအစား ဝီစကီပုလင်း တပုလင်းရဲ့ တန်ဖိုးငွေဟာ စတာလင်ပေါင် ငါးသောင်းလေးထောင် ပေါက်နေပါတယ်တဲ့၊

ရောင်းတန်းဈေးကွက်မှ မာကာလန် ဝီစကီအမျိုးမျိုး

ဒီကနေ့ဝီစကီအရောင်းဆိုင်တွေ ဆူပါမာကက်တွေမှတွေ့မြင်နေရတဲ့ မာကာလန်ဝီစကီတပုလင်းရဲ့ တန်ဖိုးတွေကလည်း မနည်းမနောပါဘဲ၊ တော်ရုံနဲ့ အနားမကပ်နိုင်ပါဘူး၊ စကော်တလန်ပြည်က ထုတ်လုပ်တဲ့ ဝီစကီအမျိုးအစားပေါင်း သောင်းခြောက်ထောင်ထဲက အများစုထက် ပိုပြီး ဈေးကြီးနေသော အမျိုးအစား တခုပါဘဲ၊ အဲဒီလို သောက်စရာ ဇိမ်ခံ မူးယစ်စာရင်းဝင်တွေထက် ပိုပြီးဈေးကြီး နေတာကတော့ ဆိုင်တွေပေါ်မှာ တင်မရောင်းတဲ့ အမှာစာရှိမှ ပြုလုပ်ပေးတဲ့ Sveid တံဆိပ် ဘယ်လ်ဂျီယံမိတ် ဝိုင်ဖောက်တံဆိုတာပါ၊

ကမ္ဘာ့ဈေးအကြီးဆုံးသော ဝိုင်ဖောက်တံ

Sveid Corkscrew ဟာကမ္ဘာ့မှာ ဈေးအကြီးဆုံးသော ဝိုင်ဖောက်တံပါတဲ့၊ ဘယ်လ်ဂျီယံနိုင်ငံသား Frank Sveid ဆိုသူ သွားစိုက်ဆရာ စာရေးဆရာ ဒီဇိုင်းဆရာက တီထွင်ထုတ်လုပ်ထားတဲ့ ခေါက်လို့သိမ်းလို့ရတဲ့ ဝိုင်ဖောက်တံပါတဲ့၊ တိုင်တေနီယမ်နဲ့ ၁၈ ကာရက်ရွှေ စပ်ပြီးပြုလုပ်ထားတဲ့ ဝိုင်ဖောက်တံပါ၊ အမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော်တန်ဖိုး ပေါက်ပါတယ်တဲ့၊ အော်ဒါမှာယူလို ပါက ဆက်သွယ်ပေးချင်ပါတယ်ခင်ဗျာ၊ ဝိုင်ဖော့ဆို့ဖောက်တံ တချောင်းဟာ ၂၀၁၂ မော်လ်ဒယ် မာစီဒီးကားနှစ်စီးစာ တန်ဖိုးလောက်ဈေးကြီးနေတာပါ၊ ဘယ်လိုနည်းနဲ့ ချမ်းသာပြီးလာတဲ့ ဘယ်လို လူတန်းစားမျိုးတွေ ဝယ်သုံးနိုင်သလဲလို့တော့ မသိရိုးအမှန်ပါ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်က အမေရိကန်ပြည်ရဲ့တတိယမြောက် သမတကြီး Thomas Jefferson သောမတ်ဂျက်ဖာဆင် (၁၇၄၃ – ၁၈၂၆) သမတမဖြစ်ခင် ပြင်သစ်ပြည်မှာ သံအမတ်ဘဝနဲ့ ရောက်ရှိနေထိုင်စဉ် သူဝါသနာပါတဲ့ ဝိုင်လုပ်ငန်းတွေကိုလေ့လာရင်း ဝါသနာအရဝိုင်ပုလင်းတွေကို ကော်လက်ရှင်အဖြစ် စုဆောင်းပါသတဲ့၊ အဲဒီအမေရိကန်သမတဟောင်းကြီးရဲ့ မသောက်ရက်ဘဲ စုဆောင်းထားတဲ့ ဝိုင်ပုလင်းတွေအထဲက တချို့ဟာ အခုတော့ သောက်လို့မရတော့တဲ့ နှစ်ချို့ဝိုင်အဖြစ် အလွန်တရာ ဈေးကြီးနေပြီ ဖြစ်ပါတယ်၊ အဲဒီသောက်မရတဲ့ အမှတ်တရကော်လက်ရှင် ဝိုင်ပုလင်းဖြစ်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဝိုင်ပုလင်းလို့ဆိုတဲ့ စတာလင်ပေါင် တသိန်းခွဲကျော် တန်ဖိုးရှိသော  ၁၇၈၇ ခုနှစ်ထုတ် Chateau Lafite ရှတိုးလာဖိ(တ်)ဝိုင်ပုလင်းကို Sveid တိုင်တေနီယမ်ဝိုင်ဖောက်တံနဲ့ ဖောက်ပြီး မောင်ရင်ငတေ မိတ်ဆွေတွေကို တိုက်လိုက်ချင်မိကြောင်းပါ၊

သောမတ်ဂျက်ဖာဆင်နဲ့ သူ့ရဲ့ ဈေးအကြီးဆုံးသော ဝိုင်ပုလင်း

မောင်ရင်ငတေကတော့ ဖော့ဆို့ ဝိုင်ဖောက်တံနဲ့ နှစ်ချို့အရည်တွေအကြောင်းကိုသာ စိတ်ဝင်စားပြီး ရေးမိတာပါ၊ ကိုယ်တိုင်ကတော့ တကယ်တမ်းကြ နှစ်ချို့ဝိုင်အနားကို မကပ်နိုင်ကြောင်းပါခင်ဗျာ၊ မောင်ရင်ငတေတို့ နေ့စဉ်သောက်နေကြ ဝိုင်အမျိုးအစားကလည်း နှစ်မချို့နိုင်ပါဘူး။ ခုထုတ်လုပ် ခုသောက်ရတဲ့ ဝိုင်အမျိုးအစားပါ၊ ပြင်သစ်လူမျိုးကြီးတွေလို ထမင်းစားခါနီး ဝိုင်လေးတခွက်တလေ စကားများကောင်းရုံလေးနဲ့လည်း အာသာမပြေတတ်တာကတကြောင်း နေ့စဉ်လိုသွားမဝယ်ချင် တာကလည်းတကြောင်း ပေါချောင်ကောင်းတံဆိပ် အမျိုးအစားကိုလည်း ရွေးချယ်ရတာကလည်း တကြောင်း ငါးလီတာဆန့်တဲ့စက္ကူပုန်းနဲ့ထည့်ထားတဲ့ ဝိုင်အမျိုးအစားကိုဘဲ နှစ်ချိုက်စွာအသုံးပြုဖြစ် အသုံးပြုနေဆဲ ဖြစ်ပါတယ်ခင်ဗျာ၊ ဒီလိုဝိုင်မျိုးတွေမှာလည်း သက်ဆိုင်ရာ အရည်အသွေး ထိမ်းချုပ် ကွပ်ကဲစစ်ဆေးမှုတွေ အပြည့်အဝရှိတဲ့အပြင် မူရင်းသဘာဝဝိုင်အရသာနဲ့ အနီးစပ်ဆုံးရှိပြီး ဈေးနှုန်း ကိုလည်း အများသူငှာတိုင်း သုံးစွဲနိုင်အောင် ထိမ်းချုပ်ထားတာပါ၊ ဒါ့အပြင် အယ်ကိုဟောလ်ပါဝင်မှု ရာခိုင်နှုန်းကလည်း ၁၁ ဒီဂရီ သို့မဟုတ် ၁၁ ဒဿမ ၅ ဒီဂရီ ရှိပါတယ်၊ စပျစ်သီးရဲ့ သဘာဝ အချဉ်ဓါတ်အတိုင်းမို့ ဝိုင်အရသာဟာလည်း အနည်းငယ်တော့ အချဉ်ဓါတ်များပါတယ်၊ ဖန်တန်တန် အရသာမျိုးမှ ဝိုင်ကောင်းတယ်လို့ သတ်မှတ်ထားသလို ဖြစ်နေပေမဲ့ ဒီလိုခပ်ချဉ်ချဉ် အရသာကိုမှ ဝိုင်စစ်တယ်လို့ လက်ခံထားကြတဲ့ ပြင်သစ်လူမျိုးစစ်စစ်လို့ ပြောလို့ရနိုင်မယ့် တောခြုံအုံကြားမှာ နေထိုင်ကြီးပြင်းလာကြတဲ့ ပြင်သစ်အဖိုးကြီးအိုတွေရဲ့စကားကိုလည်း မောင်ရင်ငတေကိုယ်တိုင် တွေ့ဆုံ နာကြားဖူးပါကြောင်းခင်ဗျာ၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts