ဖိုးထက် အတွေးအမြင်

ပီဒီအက်ဖ် စာအုပ်များနှင့် လေကန်ခြင်း

ဖိုးထက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃

 စာဖတ်ခြင်းသည် ကောင်းသည်ဆိုသည့် အဆိုကို ခေတ်ပညာတတ်လူငယ်များ၊ လူကြီးများ လက်ခံကြ၏။ ကိုယ်ပိုင် အချိန်နည်းသော သူများ၊ စာဖတ်ဖို့ ပျင်းသော သူများပင်လျှင် စာဖတ်တာ ကောင်းတယ်ဟု သဘောညီကြမည် ထင်ပါသည်။ စာဖတ်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများကို ဗာရဏသီချဲ့ကား မနေလိုတော့။ သို့သော် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်းအတွက် စာအုပ်၊ စာပေသည် အနည်းငယ် စိမ်းနေသေးသည်ဟု သတ်မှတ်လျှင်ရမည်ထင်ပါ၏။ Best Seller ဟု သတ်မှတ်ရမည့် နိုင်ငံကျော် စာပေအနုပညာရှင်ကြီးများဖြစ်သည့် (ဆရာ၊ ဆရာမ များဖြစ်သည့်) နေ၀င်းမြင့်၊ ခင်ခင်ထူး၊ ဂျူး၊ ဖေမြင့် စသည့် လူသိများသော စာရေးဆရာကြီးများ၏ စာအုပ်များပင်လျှင် ပထမအကြိမ်ရိုက်နှိပ်လျှင် အုပ်ရေ သုံးထောင်ဆိုတာ အလွန်ဆုံးတွေ့ရသည်။ ဒါတောင်မှ အကုန် ကုန်အောင်မှ ရောင်းရပါ့မလားဟု သံသယ၀င်မိသည်။

စာအုပ်ဈေးတွေက ကြီးသည်။ တစ်လမှ လစာတစ်သိန်းခန့်သာ ၀င်ငွေရှိသော ဘွဲ့ရပညာတတ်တစ်ယောက် အတွက် စာအုပ်တစ်အုပ်ကို လေး၊ ငါး၊ ခြောက်ထောင်ပေးဝယ်ဖို့ စဉ်းစားတာ သဘာဝကျမည်ထင်ပါသည်။ လူသည် မကောင်းမှုတွင် မွေ့လျော်သည်ဟု ဘုရားရှင် ဟောခဲ့သလို ဘီယာတစ်ဝိုင်းကို တစ်သောင်း၊ နှစ်သောင်းသာ အကုန်ခံလျှင် ခံမည်။ စာအုပ်ဝယ်ဖို့ တွန့်ဆုတ်နေတတ်ကြတာ ဘုရားဟော အတိုင်းဟု ဆိုရုံသာရှိသည်။ အရေအတွက် မများလှသော စာပေမြတ်နိုးသူများသာ စာအုပ်များကို အပိုင်ဝယ်သိမ်းကြ၊ ဖတ်ကြ လုပ်ကြသည်။ မြန်မာနိုင်ငံ လူဦးရေး သန်းခြောက်ဆယ်ရှိသည်ဟု သတ်မှတ်ကြသည်။ နယ်ဘက်၊ တောဘက်က လူများကို မစဉ်းစားဘဲ ရန်ကုန်လူဦးရေ ငါးသန်းခန့်အတွက်ကိုဘဲ အုပ်ရေနှစ်သောင်းလောက် ရောင်းထွက်သည်ဟု တစ်ခါမျှ မကြားဘူး။ တောရော၊ မြို့ပါ အလွန်နှစ်သက်ကြသည့်၊  အလွန်အောင်မြင်သည်ဟု ပြောကြသည့် ဗေဒင်၊ စုန်း၊ ကဝေ တွေပါသည့် မဂ္ဂဇင်းသည်မှဘဲ တစ်လလျှင် အုပ်ရေ ခြောက်ထောင်ခန့် ရောင်းထွက်တာကို အလွန်ရောင်းရသည်ဟု သတ်မှတ်ကြရသည်။

 စာအုပ်တွေ ၀ယ်မဖတ်နိုင်ကြသဖြင့် ငှားဖတ်ဖို့ အဆင့်မှီ စာကြည့်တိုက်တွေ ရှိသလားဆိုတော့ ခြောက်တီး ခြောက်ချက် ရပ်ကွက်စာကြည့်တိုက်လေးများသာ ရှိကြသည်။ တစ်ခါက အက်ဆေးဆရာကြီး တစ်ယောက်ရေးသော အက်ဆေးလေးတစ်ပုဒ် ဖတ်လိုက်ရသည်။ ကဗျာဆရာကြီး တစ်ယောက်ရဲ့ လွန်ခဲ့သော ကဗျာများကို လေ့လာဖို့၊ စုဆောင်းဖို့ အမျိုးသားစာကြည့်တိုက်ကို နေ့တိုင်းသွားကာ ရှာဖွေဖတ်ရှုသောအခါ ၀န်ထမ်းများက ဘာကြောင့် ဒီလောက် နေ့တိုင်းလာနေသလဲ။ စာတမ်းပြုစုဖို့ဆိုလျှင် သက်ဆိုင်ရာ ပါမောက္ခထောက်ခံစာပါသလားဟု မေးကြသည်ဟု ဆိုသည်။ စာကြည့်တိုက်မှာ လူတစ်ယောက် စာလာဖတ်ခြင်းသည် ထောက်ခံစာများလိုအပ်ပါသလော။ နိုင်ငံ၏ ပညာဘဏ်တိုက်ကြီး၊ စာပေသမိုင်းကြီးဟု သတ်မှတ်ရမည့် အမျိုးသားစာကြည့်တိုက်တွင် စာအုပ်များကို ဆာလာအိတ်များဖြင့် စုထည့်ပြီး ထပ်ထားသည် ဆို၏။ အမျိုးသားစာကြည့်တိုက်ကြီးတွင် မီးရေး၊ ထင်းရေး ကာကွယ်ဖို့ မီးသတ်စနစ်မရှိ။ စာအုပ်များဆွေးမသွားစေဖို့ အပူချိန်၊ အလင်းရောင်တွေ ထိန်းညှိပေးသော စနစ်များ တပ်ဆင်ဖို့ ဘက်ဂျက်မရှိ။

 ထိုကဲ့သို့ ပါးရှားသော ခေတ်ကြီးထဲမှာ အင်တာနက်ကျေးဇူး၊ အားထုတ်ပေးကြသော လူများ ကျေးဇူးကြောင့် စာအုပ်အဟောင်းများကို PDF ဖြင့် ဖတ်လာရတာ အလွန်ကောင်းသည်ဟုသာ ဆိုရပါမည်။ သို့သော် တစ်ဖက်က ပြန်ကြည့်လျှင်လဲ စာရေးဆရာများကို အလွန်အားနာဖို့ ကောင်းနေပြန်သည်။ မြန်မာပြည်မှ စာရေးဆရာကြီးများသည် ခေါင်းမှ မီးခိုးထွက်အောင်စာဖတ်၊ ကလောင်သွား မီးပွားထွက်အောင် ရေးနိုင်ပါမှ လူတန်းစေ့ရုံသာရှိသည်။ အနောက်နောက်နိုင်ငံများ၊ တိုးတက်ပြီးသော နိုင်ငံများတွင် စာရေး ဆရာ တစ်ယောက်၏ စာတစ်အုပ် ပေါက်မြောက်သွားပါက မီလျှံနာအဖြစ် နေ့ချင်း ညချင်း ပြောင်းသွားကြသည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှာ အလွန်အောင်မြင်သော၊ စာအုပ်၊ စာတမ်းတွေ အများကြီး ရေးသားခဲ့သော ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး မြသန်းတင့်တို့ သည်ပင်လျှင် မရှိမရှားဘ၀တွင်သာ ရှိခဲ့သည်။

 မြန်မာပြည်မှ စာရေးဆရာများ စာရေးခြင်းသည် မီလျှံနာ ဖြစ်ဖို့ မဟုတ်တာတော့ သေချာပါသည်။ ဆရာ၊ ဆရာများကလဲ ချမ်းသာဖို့အတွက် စာရေးခြင်း မဟုတ်တာ သေချာလွန်းလှသည်။ သို့သော်လည်း သူတို့၏ professional ကို လေးစားသောအားဖြင့် ၊ ချီးကျူး ဂုဏ်ပြုသောအားဖြင့် အလကားရသော PDF များဖြင့် တင်းတိမ်မနေသင့်ဘူးဟု ထင်မိသည်။

 အခုတစ်လော FB မှာ မြန်မာစာအုပ် မျိုးစုံကို file upload ဆိုဒ်များနှင့် ပူးတွဲပြီး တင်ပေးနေတာ တွေ့ရသည်။ စာအုပ်တွေက အမျိုးစုံလှသည်။ ဆေးကျမ်းကအစ Android Application ရေးနည်းအဆုံး။ အပြင်မှာ ရှာဝယ်ဖို့ အတော်ခက်သွားပြီဖြစ်သည့် စာအုပ် အဟောင်းများကိုလဲ တွေ့ရသည်။ ထို့ပြင် ဆရာနတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်းဆိုသည့် စာပေမာရသွန်စာအုပ်ကြီးကို မပျင်းမရိ ဒုက္ခခံပြီး PDF ပြောင်းကာ တင်ပေးတာ တွေ့ရတော့ လက်ဖျားခါရသည်။ ကျေးဇူးတင်ရသည်။ ကုန်ကုန်ပြောရလျှင် မနေ့တစ်နေ့ကမှ ထွက်ရှိသော စာအုပ်များကို PDF ပြောင်းပြီး တင်ပေးနေတာကို တွေ့လာရသည်။

 ဆိုင်ပေါ်မှာပင် မကုန်သေးသော စာအုပ် လတ်လတ်ဆတ်ဆတ်များဖတ်ရခွင့်သည် နိုင်ငံရပ်ခြား ရောက်ရှိနေသူများအတွက် အလွန်ကောင်းသော်လည်း စာတစ်မျက်နှာရေးဖို့ အဘယ်မျှ ခက်ခဲသည်ကို သိကြသူများက စုပ် တသတ်သတ်ဖြင့် ရှိကြကုန်၏။ ဒီလိုဆိုရင် စာရေးဆရာတွေလဲ ငတ်သေဖို့သာ ရှိတော့တယ်ဟု ဆိုသူက ဆိုကြ၏။ သက်သက်မဲ့ သတ်နေတာဟု စာရေးဆရာများဖက်က အနာကြီး နာကြသော သူများလဲ ရှိကြ၏။

 စာအုပ်များကို Amazon မှ ရောင်းသလို အီးဘုတ်များပြောင်းပြီး အွန်လိုင်းမှ ရောင်းဖို့ ဆိုတာကလဲ မြန်မာနိုင်ငံအတွက် ယခုအချိန်မှာ “လာနောက်မနေနဲ့ဟု” ပြန်ပြောရုံသာ ရှိသည်။ သန်းခြောက်ဆယ်လုံး  စာဖတ်ဖို့ မလိုဘူး ထင်ပါသည်။ အပုံခြောက်ဆယ်ပုံ တစ်ပုံ တစ်သန်းခန့် စာဖတ်လျှင်ဘဲ အလွန်အောင်မြင်ပြီ၊ လမ်းမှန်ပေါ်ရောက်ပြီဟု သတ်မှတ်ရမည်ထင်သည်။ ဆရာမဂျူးစာအုပ် တစ်သန်းတဲ့၊ ဆရာဖေမြင့် စာအုပ် ရှစ်သိန်းလောက်တဲ့ စတဲ့ အသံများ ကြားရဖို့ ဘယ်လိုမှ မဖြစ်နိုင်သေး။ အုပ်ရေ တစ်သောင်းခန့် အလွန်ဆုံး ရောင်းရအောင်ဘဲ မနည်းကြီး ကြိတ်နေကြသော အချိန်မှာ အလကားရသော PDF များက တမှောင့်ဟု သတ်မှတ်ချင်သော်လည်း စာဖတ်များလာမည့် လူဦးရေအတွက် ဖြေသိမ့်လို့ရမည်ထင်သည်။ ကျေနပ်လို့ ရမည်ထင်သည်။

 တစ်ချိန်တည်းမှာဘဲ ဖြေသိမ့်၊ ကျေနပ်နေရုံမျှဖြင့် ဆရာ၊ ဆရာမများ၏ ပညာ၊ ကြိုးစားအားထုတ်မှုများကိုတော့ မျက်စိမှိတ်ကာ မမြင်ချင်ယောင်မဆောင်သင့်ဘူးဟု ထင်မိသည်။ မှော်ဘီဆရာသိန်း၊ ပီမိုးနင်း စသည့် ကွယ်လွန်ပြီးသွားသည့် ဆရာကြီးများ၏ စာပေများကို အလကား မတ်တင်းရသော PDF များနှင့် အားပေးတာ သဘာဝကျပါ၏။ သက်ရှိထင်ရှားရှိနေသော ဆရာ၊ ဆရာများ၏ စာအုပ်များကို အလကားရသော PDF များဖြင့် မြည်းစမ်းပြီး စာတစ်အုပ်လုံး ပြီးအောင် ဖတ်သည်ကိုလဲ ဆရာ၊ ဆရာများက ကျေနပ်မှာ အမှန်ဖြစ်ပါသည်။ သို့သော်လည်း စာရေးဆရာများ၏ ဘ၀လမ်းချောမွေ့အောင် ကူညီသောအားဖြင့် ၊ လေးစားသောအားဖြင့် မိမိစိတ်နှင့် နှစ်သက်သဘောကျသည့် စာအုပ်များကို ကွန်ပြူတာထဲမှာ PDF ဖြင့် သိမ်းထားသလို အပြင်မှာလဲ ၀ယ်ပြီး လက်မှတ်ထိုးက သိမ်းထားသင့်သည်ဟု ထင်မြင်မိသည်။ ဥပမာအားဖြင့် စာရေးဆရာ A ကို နှစ်သက်သည်ဆိုပါစို့။ A ရေးသော စာအုပ်တွေထဲမှာ အကုန်လုံးကြိုက်ချင်မှ ကြိုက်မည်။ နှစ်သက်ချင်မှ နှစ်သက်မည်။ သို့သော် A၏ စာအုပ်တစ်အုပ်ကို ဖတ်ပြီး ကြိုက်ပြီဆိုလျှင် အပြင်မှာလဲ ၀ယ်ပြီး အားပေးသင့်သည်။ PDF ဖြင့် စာတစ်အုပ်ပြီးအောင်ဖတ်နိုင်သော သူများသည် လက်လုပ်လက်စား၊ တစ်ရက်လုပ်မှ တစ်ရက်စားရသော လူများ မဟုတ်တာတော့ သေချာသည်။ ခေတ်ပညာတတ်များ၊ စာပေမြတ်နိုးသူများသာ ဖြစ်ကြသည်။

 ထိုသူများကိုယ်တိုင်က PDF များဖြင့်သာ ကျေနပ်နှစ်သက်နေကြလျှင် စာရေးဆရာများ၏ အနာဂတ် ဘ၀ကို လက်လွတ်စပါယ် လုပ်သည်ဟု ဆိုချင်ပါသည်။ ထို့အပြင် စာအုပ်တစ်အုပ်ကို ကိုင်ပြီး ဖတ်ရသည့် ဖီလ်လင်နှင့် ကွန်ပြူတာ စကရင်ကြီး၊ Tablet screen ကြီးကို ကြည့်ကာ ဖတ်ရသည့် ဖီလ်လင် အတော်ကြီး ကွာခြားကြောင်းကို မိတ်ဆွေတို့ သတိပြုမိသည် မျှော်လင့်မြင်မိပါကြောင်း….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ပီဒီအက်ဖ် စာအုပ်များနှင့် လေကန်ခြင်း
  1. မှန်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း pdf ဖတ်ခြင်းထက် စာအုပ်ကိုကိုင်ဖတ်ရတဲ့ အရသာကို ယခုထက်တိုင် လက်မလွှတ်နိုင်သေးပါ။ ဒါကြောင့် ခု ဆောင်းပါးရှင်ပြောသလိုပဲ ကြိုက်တဲ့စာ၊ ရင်ကိုရိုက်ခတ်တဲ့စာအုပ်များကို ၀ယ်ယူသိမ်းဆည်းထားပါသည်။ အချို့ကိုတော့ မ၀ယ်နိုင်ပါ။ ဒါပေသိ ခုချိန်ထိ ကျွန်တော်မှာ အီးဘုတ် ဆိုတဲ့ pdf စာအုပ်တွေကို တစ်အုပ်ဆုံးအောင်မဖတ်ဖူးသေးပါခင်ဗျာ။

  2. ဟုတ်တယ်။ ကျနော်ကတော့ ရန်ကုန်လူကြုံရှိရင် အချို့စာအုပ်တွေ မှာဝယ်တယ်။ ဈေးလည်းကြီးတယ်ဗျာ။ ဒါပေမယ့် တန်ပါတယ်။ ဆိုလိုတာက အွန်လိုင်း ကွန်ပြူတာဗားရှင်းနဲ့ စာအုပ်ဗားရှင်း စာအုပ်ကိုင်ဖတ်ရတာနဲ့က ဘယ်လိုမှ မဆိုင်ဘူးလေ။ ကျနော်က စာစုံဖတ်သူပါ။ ဥပမာ- ဂုဏ်ဝင်း- အရိုင်းခေါ်သံ၊ သော်တာဆွေ- ဘော့ပရစ်တီး၊ အိုဂျေရုဆလင်၊ တွင်းကြီးဝမ်းမောင်- ငတောငလုံး စသဖြင့်ပေါ့။ ဆိုတော့ကာ ဘီယာဖိုးတော့ တော်တော် ဘုသွားတယ်။

  3. ကွန်ပျူတာပေါ်မှာ စာဖတ်နိုင်တဲ့သူ အချို့ ပိုက်ဆံ တကယ်မပေါဘူးရှင်။ ကျွန်မလည်း စာအုပ် ဖတ်ရတာကို ပိုနှစ်သက်ပါတယ်။ ကျွန်မ မ၀ယ်နိုင်သေးတဲ့ စာအုပ်တွေက အများကြီးရယ်။
    ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်တဲ့သူ များလာတယ်ဆိုရင် ကျေနပ်စရာကောင်းပါတယ်။

Comments are closed.