မိုးမခကို ပေးတဲ့စာ

သမ္မတဦးသိန်းစိန်၏သမီးနှင့် မိတ်ဆွေဖြစ်လိုခြင်း (အမှတ်၂) (Letter to MoeMaKa)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သမ္မတဦးသိန်းစိန်၏သမီးနှင့် မိတ်ဆွေဖြစ်လိုခြင်း (အမှတ်၂)

ခြမစားလိုသူ ၀န်ထမ်းဟောင်းတစ်ဦး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃

 

ငြိမ်းချမ်းပါစေ မနောမြေစာအုပ်

စာရေးဆရာ “ဆိုး” ရေးသားထုတ်ဝေသော ငြိမ်းချမ်းပါစေ မနောမြေ (၄၀)မျက်နှာ စာအုပ်ငယ်မျက်နှာဖုံးဖြစ်သည်။ ခရစ်ယာန်သင်းအုပ်ဆရာအမြင်ဖြင့် အခြားနည်းမရပါက၊ စေ့စပ်ဆွေးနွေးရန် Negotiation ရေးသားထားပြီး၊ ၀ိုင်းဝန်းဆုတောင်းပေးရန်ဖြင့် အဆုံးသပ်ထားပါသည်။

ကချင်ပြည်နယ်တွင် စစ်မက်ဖြစ်ပွားခြင်းကို အကျဉ်းချုပ်ရေးရလျှင် တာပိန်လျှပ်စစ်ဓါတ်အားစက်ရုံဆောက်လုပ်၊ တရုပ်မှ လျှပ်စစ်ဝယ်ယူသော လုပ်ငန်းမှ KIA နယ်မြေသို့ မြန်မာစစ်တပ်၊ အင်အားသုံးဝင်ရောက်ပြီး အကျိုးအမြတ်ခွဲဝေယူမှုပြသနာအသေးမွှားလေးမှ၊ ကချင်ပြည်နယ်တခုလုံးသို့ မြန်မာစစ်တပ်ကြီး အင်အားဖြင့် ဆက်လက်ဝင်ရောက်ခြင်း ကို မကျေနပ်သဖြင့် ကချင် KIA မှ ပျောက်ကျားစစ်ကြေငြာခြင်းဖြစ်သည်။

ကျွန်ုပ်ကချင်ပြည်ရောက်စဉ် ဇန္န၀ါရီ-၂၀၁၃ အချိန်က ကချင် KIA ဘူးဂါးအဖွဲ့က လျှပ်စစ်ဓါတ်အားပေးနေသော ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား လျှပ်စစ်တာဝါတိုင် ပျက်စီးသဖြင့် သူ့ကြောင့်၊ ငါ့ကြောင့် အငြင်းပွားက တစ်လခန့် လျှပ်စစ်မီးမှောင်သွားခြင်းမှာ ဖေဖေါ်ဝါရီလတွင် ပြန်ပြင်ပြီးစီးသည်။ လျှပ်စစ်မီးပျက် ဒုက္ခမှာ အသေးမွှားဖြစ်ပြီး၊ နှစ်ဖက်ဒေါသစစ်ပွဲမှ သေကြေသော စစ်သားများစွာ၊ စစ်ပြေးဒုက္ခသယ် လူပေါင်း၁သိန်းကျော် ရေခဲတမျှအေးလှသော ကချင်ပြည်နယ်တွင် ၂နှစ်ကြာ ဒုက္ခ၊ ၁၇နှစ်ကြာ တည်ဆောက်ခဲ့သော မြို့ရွာများ မီးလောင်၊ပြာကျ၊ ပျက်စီးရခြင်းများကို ရန်ကုန်ရှိ မြန်မာလူငယ်များ ကချင် KIA မြို့တော် လိုင်စာထိတိုင်အောင် လမ်းလျှောက်ချီတက် လူထုဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။  ဖေဖေါ်ဝါရီလတွင် ပြည်သူ့လွှတ်တော်မှ ထိုးစစ်ရပ်ရန် အမိန့်ထုတ်ပြီး၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုပြန်လည်စတင်ခဲ့ခြင်းအား ၀မ်းသာအားရ ကြိုဆိုရပါတယ်။ အင်အားကြီးသော မြန်မာစစ်တပ်မှ အစ်ကိုကြီးအဖြစ် လျှော့ပေးမှုသည် မှန်ကန်သောဖြေရှင်းချက်ပင်ဖြစ်ပါသည်။

တိုင်းရင်းသား လက်နက်ကိုင်များအရေး ထာဝရငြိမ်းချမ်းရေးအတွက် လုပ်စရာများစွာရှိပါ၏။ နံပါတ်(၁)မှာ ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်ပြီး၊ နံပါတ်(၂)မှာ ဗဟိုနှင့် ပြည်နယ်တိုင်းအစိုးရများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်

 

ကချင်-တရုပ်နယ်စပ်မြို့များ

Border Trade လုပ်ငန်းများဖြင့် လွန်ခဲ့သော ၁၇နှစ် ငြိမ်းချမ်းရေးကာလ တည်ဆောက်ခဲ့သော တရုပ်-ကချင်ပြည် နယ်စပ်မြို့များ၊ ရွာကြီးများစွာမှာ ယခုပြည်တွင်းစစ်တနှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်မှ အင်အားသုံး၊ မီးရှို့၊ ပြာကျ၊ ပျက်စီးသွားပြီး လူများစစ်ပြေးဒုက္ခသည်ဖြစ်သွားကြသည်။ စည်ပင်သာယာခဲ့သော မြို့ရွာများမှာ ကျီးနှင့်ဖုတ်ဖုတ်ဖြစ်ရရှာသည်။ မြစ်ကြီးနား ဗန်းမော်လမ်းတစ်လျှောက် မြို့ရွာကြီးများမှာ နန်းဆမ်ယန်၊ အမ်တော်ယန်၊ ဂါးရာယန်၊ ဒဘစာယန်၊ ၀နားလွန် ..စသည်တို့ဖြစ်သည်။ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများပါ ပါဝင်ပျက်စီးသွားသည်။

ဆရာဆိုး စာအုပ်တွင် ” ရာခိုင်နှုန်း(၉၀)သော ကချင်လူမျိုးတွေက ခရစ်ယာန်ဖြစ်ကြပါတယ်။ ကမ္ဘာပေါ်မှာ လူမျိုးများစွာရှိပါတယ်။ သို့သော် ကချင်လူမျိုးများက ခရစ်ယာန်ဖြစ်ခြင်း ရာခိုင်နှုံးအများဆုံး၊ နံပါတ်တစ်ဖြစ်ပါတယ်။ အင်မတန်မှကို ထူးခြားပါတယ်။ ဘယ်လူမျိုးမှ ကချင်လူမျိုးလောက် ခရစ်ယာန်ယုံကြည်မှုမျိုးမရှိပါဘူး။ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ရမယ့် ပညာတ်တော်ကို လိုက်နာနိုင်တဲ့သူတွေပါ။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာ တရားတော်ထွန်းကားပါတယ်။ အန်မတန်မှ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးတဲ့ ဘာသာတရားဖြစ်ပါတယ်။ သီလကို ကောင်းစွာကျင့်ကြံအားထုတ်လျှက် မြတ်နိုးစောင့်ထိန်းဖွယ်ရာ ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ကမ္ဘာပေါ်မှာ တင့်တယ်လျှက်ရှိပါတယ်။ ဒါကြောင့် ညီအစ်ကို စင်စစ်၊ ဧကန်ဖြစ်တဲ့ သူတွေ ဒိုင်ယာလော့ Dialogue မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ ပြည်ပ၀င်ရောက်စွတ်ဖက်မှုကို အမျိုးသားရေးအနေနဲ့ လုပ်ဆောင်ရပါမယ်” ..ဟု ရေးသားထားပါသည်။

 

ကချင်ပြည်က ရေခဲတောင် ခါကာဘိုရာဇီ

 

KBC ဌာနချုပ်၊ မြစ်ကြီးနားမှာ ကချင်ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှုများ၊ ကချင်ပြည်ရောက်မြန်မာခေါင်းဆောင်များ၊ ကချင်စာပေတီထွင်ပေးခဲ့သော အမေရိကန်သာသနာပြု အိုလာဟာဆင်ရဲ့ အသုံးဆောင်များ၊ အနောက်နိုင်ငံသာသနာပြုများ၊ ကချင်ပြည် ခရစ်ယန်ဘာသာယူဆောင်ပေးခဲ့သူ ကရင်သာသနာပြုများ၊ ပထမ၊ဒုတိယ ကမ္ဘာစစ် ဗြိတိသျှတပ်မတော်မှ ကချင်စစ်ဗိုလ်များ၊ မဟာဗန္ဓုလနဲ့ကချင်လူမျိုးနွယ်မှုသရုပ်ဖေါ်ပုံများစွာကို တွေ့ရပါသည်။

အရှေ့တောင်အာရှနိုင်ငံများမှာ ၁၂ရာသီ ရေခဲဖုံးတဲ့ ဟိမ၀န္တာတောင်တန်း ကချင်ပြည်နယ်မှာရှိပါတယ်။ ခါကာဘိုရာဇီတောင် Mt Hkakabo-Razi 5881 meter မြင့်ပါတယ်။ မြန်မာ (ကချင်မျိုးနွယ်တစ်ဦး) နဲ့ဂျပန်တောင်တက်သမား ၂ဦးပဲ အတူ တောင်ထိပ်ထိ တက်နိုင်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ အထူးသဖြင့် လူဦးရေ သန်းပေါင်း၄၀၀ကျော်ရှိတဲ့ အရှေ့တောင်အာရှ ၁၀နိုင်ငံက တိုးရစ်များကိုပဲ ဆွဲဆောင်နိုင်ရင် အလွန်ကျော်ကြားမဲ့ ခရီးသွားနေရာတစ်ခုပါ။ သဘာဝတောတောင်များစွာနဲ့ သစ်ခွ၊ပန်းမာလာ၊ ကျေးငှက်၊ တိရိစ္ဆာန်များစွာ ရှိနေဆဲပါ။

သယံဇာတပစ္စည်းများ

ကချင်ပြည်ဟာ အကြီးအကျယ် သယံဇာတများ ထွက်ခြင်းမရှိပေမဲ့၊ ကမ္ဘာကျော် ကျောက်စိမ်းမြေ၊ ကမ္ဘာကျော် ကျွန်းသစ်များ ထုတ်လုပ်ရာဒေသဖြစ်ပါတယ်။ လောလောဆယ်တော့ ကြွယ်ဝလှတဲ့ ရေအားလျှပ်စစ်ကို မြစ်ကြီးများပိတ်ဆို့ တာတမံလုပ်ပြီး၊ လျှပ်စစ်ထုတ်ရောင်းစားတဲ့လုပ်ငန်းကို လုပ်ဆောင်လျှက်ရှိပါတယ်။ အလွန်ဆိုးဝါတဲ့ နိုင်ငံသွေးကြော မြစ်ဆုံ၊ ဧရာဝတီဖြစ်လက်တက် မေခ၊ မေလိခ မှာ ဒေါ်လာ ၈ဘီလျှံ ရေအားလျှပ်စစ်စက်ရုံဆောက်ပြီး၊ တရုပ်ပြည်ကို ရောင်းစားမဲ့ မြစ်ဆုံးရေအားစီမံကိန်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ဖျက်သိမ်းနိုင်ခြင်းဟာ ကချင်ပြည်နယ် သဘာဝကို အောင်မြင်စွာ ကာကွယ်နိုင်ခြင်းဖြစ်သည်။

ရေတိုစီမံကိန်းများကြောင့် ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း ..စတဲ့အဖိုးတန် သယံဇာတများကို တစ်နှစ်တခါ မြန်မာအစိုးရက လုပ်ခွင့်ပါမစ်များ ချပေးလျှက်ရှိသည်။ တရုပ်ဗဟိုပြု ကုမ္ပဏီကြီးများဟာ မြန်မာအစိုးရ ပါမစ်ရတယ်ဆလျှင် ထိုပါမစ်ရှိလျှင် တရုပ်နိုင်ငံမှ ဘဏ်ကြီးများက ၃၅ရာနှုန်းအတိုးနဲ့ ငွေချေးပေးပါတယ်။ တရုပ်နိုင်ငံသားများသာလျှင် တရုပ်ဘဏ်များက ငွေချေးပေးပါသည်။ ထိုအခါ ကြီးမားလှသော အတိုးနှုန်းကြောင့် မြန်မာ့သယံဇာတများကို တရုပ်ကုမ္ပဏီ (သို့မဟုတ်) တရုပ်ထိန်းချုပ်သောမြန်မာကုမ္ပဏီများက အမြန်ဆုံးနည်းဖြင့် ထုတ်ယူ၊ရောင်းချရသည်။

 

လီဒိုလမ်းမကြီ အိန္နိယ-မြန်မာ-တရုပ်ကုန်သွယ်မှု

ဒုတိယကမ္ဘာစစ် ၁၉၄၁ တွင် ဂျပန်များ မြန်မာပြည်ကို သိမ်းပိုက်ပြီး၊ အိန္နိယပြည်ဘက် ဆက်လိုက်တိုက်ခိုက်ရာ၊ အင်္ဂလိပ်များက အထက်မြန်မာပြည်ကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အိန္ဒိယပြည်ရှိ အင်္ဂလိပ်စစ်တပ်အတွက် ရိက္ခာပို့ရန် လီဒိုလမ်းမကြီးကို ဖေါက်လုပ်ခဲ့သည်။ သမိုင်းဝင်  ၁၀၇၉မိုင် ရှည်သော တရုပ်-မြန်မာ-အိန္နိယ လီဒိုလမ်းမ http://en.wikipedia.org/wiki/Ledo_Road  ကို တရုပ်၊မြန်မာ၊အိန္နိယအလုပ်သမားများနှင့် အမေရိကန်စစ်သား တစ်သောင်းငါးထောင်ဖြင့် ဆောက်လုပ်ခဲ့သည်။ ငှက်ဖျား၊ဒေသကြမ်းတမ်းမှုကြောင့် အမေရိကန်စစ်သား ၁၁၀၀ နှင့် ထိုထက်မကသော ဒေသခံများစွာ အသက်ဆုံးရှုံးခဲ့ကြသည်။

ထိုလမ်းမကြီးသည် ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် စစ်အစိုးရလက်ထက် အသုံးမပြုကြတော့ပါ။ ယခုအခါ ကမ္ဘာစီးပွားရေး ဧရာမနိုင်ငံကြီးနှစ်ခုဖြစ်သော တရုပ်နှင့်အိန္နိယ  ၂နိုင်ငံ ကုန်ကူးသန်းနိုင်ရန် လီဒိုလမ်းမကြီးကို ပြန်လည်အသုံးပြုဖို့ အကြောင်းဖန်လာပါသည်။ ထိုလမ်းမကြီးကိုသာ နိုင်ငံတကာအကူညီဖြင့် ကောင်းမွန်အောင် ပြန်လည်ဖေါက်လုပ်ပြီးပါက မြန်မာနိုင်ငံသည် ဖြတ်သန်းသွားခ အကောက်ခွန် ဒေါ်လာဘီလျှံများစွာ ရရှိမည်ဖြစ်သည်။

ယခုခေတ် တိုးတက်သော နိုင်ငံအစိုးရများသည် ကိုယ်တိုင် စီးပွားရေးလုပ်ငန်းများ လုပ်စရာမလို၊  ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကိုသာ အကောက် ကေက်စားရန်ဖြစ်သည်။ နိုင်ငံအတွက် အလွန်အရေးကြီးသော စစ်ပစ္စည်း၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊များကိုသာ ကြီးကြပ်ပေးကြသည်။ ထိုရလာသော အကောက်ငွေများဖြင့် ပညာရေး၊ကျန်းမာရေး စသည့် ဖွံ့ဖြိုးလုပ်ငန်းများအတွက် အကုန်ခံကြသည်။ မြန်မာပြည်အစိုးရလည်း ထိုသို့ Zero Factory အဖြစ် စီမံကိန်းရှိပါသည်။

 

လက်ရှိတရုပ်-မြန်မာနယ်စပ်ကုန်သွယ်မှု

သမ္မတကြီးသမီးနှင့်မိတ်ဆွေဖြစ်ပါက လက်ရှိတရုပ်မြန်မာ ကုန်သွယ်မှုအခြေအနေကို တစေ့တစောင်း ပြောပြချင်ပါသည်။ သမ္မတကြီးလည်း စစ်ပွဲနယ်မြေ၊ နယ်စပ်များသို့ လုံခြုံရေးကြောင့် မသွားသင့်သော အနက်ရောင်နယ်မြေများ ဖြစ်သည်။ အထူးသဖြင့် မြန်မာပြည်သို့ ၀င်လာသောကုန်စည်များသည် မူဆယ်-လာရှိုးလမ်းမကြီးမှ ကုန်ကားကြီးငယ်များဖြင့် သယ်ယူကြသည်။ နယ်စပ်တွင် အခွန်ကောက်သည် ဆိုသော်လည်း ..၀န်ထမ်းများ၊ ခြစားမှုကြောင့်၎င်း၊ နည်းပညာအားနည်းမှုကြောင့်၎င်း၊ ကုန်သည်များသည် နိုင်ငံတော်အစိုးရသို့ သတ်မှတ်ခွန်ပေးရန် စနစ်တကျမလုပ်ဆောင်နိုင်သေးပါ။
ထိုအခါ အလွန်များပြားလှသော တရုပ်ပြည်ထုတ်ကုန်များနှင့် အလွန်ဆုံး ဖရဲသီး၊ သံပုရာသီး သီးနှံများကအစ မြန်မာပြည်တွင်းသို့ ဒလဟော အတားဆီးမရှိ ၀င်လာပါတော့သည်။ အမျိုးသားစိတ်ဆိုသည်မှာ ဆင်းရဲသား မြန်များများအဖို့ ပျောက်ဆုံးနေသော ကာလဖြစ်သောကြောင့် တရုပ်ပစ္စည်းများကို မိုဘိုင်းဖုန်း၊ စာရေးကရိယာ၊ ဆိုင်ကယ်၊ ထော်လာချီ၊ တီဗွီ၊ ဗွီဒီယို၊ ထိုင်ခုံ၊ ဖန်ခွက်၊ စက္ကူ.. အဆုံး ဓါတ်ဆီ၊ဒီဇယ်ဆီ၊ ဂျပန်တပတ်ရစ်မော်တော်ကား (လင်္ကျာမောင်းကား)များအထိ အခွန်မဲ့ ၀င်လာခြင်းမှာ အလွန်ကြောက်မက်ဖွယ်ဖြစ်သည်။
 အကျိုးရလဒ်မှာ ၂၀၁၃ နိုင်ငံတော် စီမံကိန်းရာထားချက် အမျိုးသားထုတ်ကုန်၏ ၇၂ရာနှုန်း ရှိသော မြန်မာစက်မှုလက်မှုလုပ်ငန်းများ ပြိုလဲကျဆင်းသွားဖြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရက နိုင်ငံ FDI နိုင်ငံခြားရင်းနှီးမြှတ်နှံမှု ဖြင့် ကာကွယ်ပေးနိုင်မည်ဆိုလျှင်လည်း တစ်နှစ်ထက် ပိုပြီး ထောက်ပံ့ပေးနိုင်မည်မဟုတ်ပါ။ အခွန်လွတ် ၀င်လာသော တရုပ်ထုတ်ကုန်အားလုံး၊ တရုပ်အလုပ်သမားများအပါအ၀င် အခွန်ကောက်သည့် စနစ်တခု ဦးသိန်းစိန် သမီးကိုယ်တိုင် ဦးဆောင်လုပ်ရန် တောင်းဆိုလိုပါသည်။
အမျိုးသားရေးကိစ္စဖြစ်ပါသည်။  တရုပ်ပြည်သို့ မြန်မာ့သယံဇာတများ အခွန်မတန်မဆနှုန်းဖြင့် ထွက်နေခြင်းကို အစိုးရမှ စနစ်တကျ လုပ်ဆောင်နေသည်။ သို့သော် KIA ကချင်လက်နက်ကိုင် နယ်မြေများကို ဖြတ်သန်းပြီး ကျောက်စိမ်း၊ ကျွန်းသစ် စသည့်တို့ ထွက်နေဆဲဖြစ်ပြီ၊ နယ်စပ်မှာလည်း ခြစားသော ၀န်ထမ်းများကြောင့် အလွန်နည်းသော အခွန်ငွေသာ နိုင်ငံတော်အစိုးရက ရရှိနေပါသည်။ အဆုံးတွင် မည်သူ အမြက်ထွက်သွားပါသလဲ.. တရုပ်ကုန်သယ်များနှင့် မြန်မာသူဌေးကြီးများ၊ မြန်မာ့ဝန်ထမ်းများသာ ဖြစ်ပါသေည်။
အသေးစားရွှေတူးလုပ်ငန်း

ကချင်ပြည်နယ်မှ ထွက်သော ရွှေများသည် စီးပွားဖြစ်ထုတ်ရန် မကိုက်သော်လည်း၊ တရုပ်ပြည်သားများနဲ့ ဒေသခံစီးပွားရေးသမားများ အတွက်မူ တွက်ခြေကိုက်တဲ့ လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ငန်းအတွက် ကန်ထရိုက်များ မြန်မာအစိုးရထံမှ ရအောင်ယူပြီး သတ်မှတ်နယ်မြေများတွင် ရွှေတူးဖေါ်လုပ်ငန်းများ၊ အကြီးအကျယ်လုပ်ကိုင်သည်။ အထူးသဖြင့် ဧရာဝတီနှင့် မြစ်လက်တက်များတွင် စုန်ဆန်၊ တူးဖေါ်သော ရွှေတူးလုပ်ငန်းများကြောင့် မြစ်ကြီးနားမြို့တွင် အလွန်ကြည်လင်လှပသော ဧရာဝတီဖြစ်ရေသည် ရန်ကုန်မြစ်ရေအတိုင်း ၁၂ရာသီ နောက်ကျိနေပြီဖြစ်သည်။ ပြဒါးဓါတုပစ္စည်းများကြောင့် ညစ်ညမ်းမှု၊ မြစ်ကြောင်းပျက်စီးမှုများစွာဖြင့် သဘာဝအလှများ ဆုံးရှုံးရပါသည်။  ရွှေထုတ်လုပ်ခွင့် ပါမစ်မှာ တစ်နှစ်ခန့်သာ ပေးသောကြောင့်၊ တစ်နှစ်အတွင်း ရတာအကုန်လုံးယူ ထုတ်လုပ်ရမည် ဖြစ်သောကြောင့် စက်ယန္တယားကြီးများကို သုံးပြီး၊ မြေလှန်၊တူးဖေါ် အမြန်ဆုံးနည်းဖြင့် ရွှေထုတ်လုပ်ရတော့သည်။

ယန္နယားကြီးများကို ၀ယ်ယူ၊ ငှားရမ်းအသုံးချမှု
မြန်မာနိုင်ငံသားတစ်ဦးသည် ရွှေတူးဖေါ်ကန်ထရိုက် လုပ်ကိုင်စားသောက်နေရာ၊ ၂၀၁၃ အတွက် လုပ်ကွက်သစ်တစ်ခုကို ရရှိသဖြင့် စက်ယန္နယားကြီး ၂ခု အရေးပေါ်လိုအပ်လာသည်။ ပါမစ်ကျသည်နှင့် အမြန်ဆုံးတူးဖေါ်၊ ထုတ်လုပ်နိုင်မှ လုပ်ကွက်အတွင်း မြေနေရာအားလုံးကို တူးဖေါ်စားသောက်နိုင်မည် ဖြစ်သဖြင့် တူးဖေါ်စက် ယန္နယားကြီး ၂ခုကို တရုပ်ပြည်သို့ ယခုနှစ် ဇန္န၀ါရီလအတွင်း ကိုယ်တိုင် သွားရောက် ၀ယ်ယူရပါသည်။ တရုပ်ပြည်တွင် ၀ယ်ယူရသည်မှာ လွယ်ကူ၊ မြန်ဆန်ပါသည်။ Export အဖြစ် မြန်မာပြည်သို့ သယ်သွားမည် (မောင်းယူသွားမည်) ဖြစ်သောကြောင့် အခက်အခဲမရှိပဲ တရုပ်မြန်မာ (ကချင်ပြည်၊ လိုင်ဇာမြို့အနီး) ဂိတ်တခုဆီသို့ မောင်းနှင်ယူဆောင်လာခဲ့သည်။

နယ်စပ်ဂိတ်သို့ ရောက်သောအခါ မြန်မာပြည် ဌာနဆိုင်ရာ လ.၀.က အရာရှိ၊ အကောက်ခွန်အရာရှိများ ရုံးထိုင်သည့် အဆောက်အဦ တစ်ထပ်တိုက်ကလေးကို တွေ့ရသည်။ ၀င်ရောက်မေးမြန်းသောအခါ တာဝန်ရှိ ၀န်ထမ်းမရောက်သေးဟု သိရသည်။ ဖုန်းဆက်ခေါ်မေးသောအခါ မကြာမီ တာဝန်ခံဝန်ထမ်း ကားတစ်စီး မောင်းပြီး ရောက်လာသည်။ ဘယ်ဌာနက မသိသော ထိုဝန်ထမ်းကို လုပ်ငန်းရှင်က မေးမြန်းရသည်။

လုပ်ငန်းရှင်။   ကျွန်တော် ဘူဒိုဇာတစ်ခု၊ မြေတူးစက်တစ်ခု တရုပ်ပြည်က တင်သွင်းဖို့ပါ။ ဘယ်လို လုပ်ရမလဲဆိုတာ သိချင်ပါတယ်…။ ဘယ်လောက်ကုန်မလဲ ပြောပါဗျာ..။ (လုပ်နည်းများမှာ ကာလ၊ဒေသ၊အချိန်ခါအရ ပြောင်းလဲတတ်သောကြောင့် ယခုနှစ်၊ ပြုပြင်ပြောင်းလဲရေးတွင် မည်သို့လုပ်ဆောင်ရမည်ကို လုပ်ငန်းရှင် တကယ်မသိပါ)။

ဝန်ထမ်း။  ခင်ဗျားက အပေါ်လမ်းကသွားမလား၊ အောက်လမ်းက သွားမလား ?  ဘယ်လမ်းကသွားသွား သိန်း၃၀၀ ကျမှာပဲ …

လုပ်ငန်းရှင်က တတ်နိုင်သမျှ မှန်ကန်စွာလုပ်ချင်သော စိတ်ရှိသည်။ အခြေအနေကိုလည်း မသိသဖြင့် စိတ်ရင်းအတိုင်းဖြေလိုက်သည်။

လုပ်ငန်းရှင်။   အပေါ်လမ်းကသွားမှာပေါ့ဗျာ  (အပေါ်လမ်းဆိုသည်မှာ တရားဝင်အခွန်ဆောင်သော နည်းလမ်းဖြစ်သည်။ ကုန်တာချင်အတူတူဆိုပါက တရားဝင် နိုင်ငံတော်ကို အခွန်ဆောင်လိုပါသည်။ )

ဝန်ထမ်း။  အေးဗျာ ..ခင်ဗျား..ဒီလိုဆုံးဖြတ်ရင်တော့ ကျွန်တော်တို့က အစိုရရဲ့ ၀န်ဆောင်မှုလုပ်ပေးတာကြောင့်၊ သက်ဆိုင်ရာကို မေးကြည့်ရဦးမယ်…ဟုပြောဆိုကာ ဟန်းဖုန်းဖြင့် ဖုန်းဆက်မေးမြန်းပေးပါသည်။ ထို့နောက် ၀န်ထမ်းက  အပေါ်လမ်းကလုပ်ပေးမဲ့ တာဝန်ခံ အခြားတစ်ဦးရှိတယ်ဗျ။ သူက ခွင့်ယူထားတယ်။ လူစားလည်းမရှိတော့ နောက်၂ရက်ကြာမှ အဲဒီတာဝန်ခံလာနိုင်မယ်ဗျာ… ခင်ဗျားတော့ စောင့်ရဦးမယ်.. ဟု အားနာသည့်အသံဖြင့် ပြောပြလေသည်။

စိတ်ပျက်သွားသော်လည်း ဆုံးဖြတ်ချက်ပြက်သားသော လုပ်ငန်းရှင်က

လုပ်ငန်းရှင်။  ကျွန်တော်လည်း အချိန်မရှိဘူးဗျ…ဒါဆို  အောက်လမ်းကလုပ်ရင် ဒီနေ့လုပ်ပေးနိုင်မလား..

ဝန်ထမ်း။  တနေ့ထဲနဲ့ ပြီးပါတယ်ဗျာ။ လာ…လိုက်ခဲ့ပါ ..ခေါ်သဖြင့် စက်ယန္နယား၂ခုကို ၀န်ထမ်း၏ ကားနောက်သို့ လိုက်မောင်းရင်း မိနစ်၂၀ခန့်အကြာ တောအုပ်တစ်ခုအတွင်း ၀င်လာသောအခါ အလွန်များပြားလှသော လူများနှင့် အဆောက်အဦများစွာကို ပျားပန်းခတ် လှုပ်ရှားနေသည့် တောတွင်း မြို့ပြငယ်လေးတစ်ခုဆီ သို့ရောက်သွားပါသည်။ ငွေ သိန်း၃၀၀ ကျသင့်ငွေကို စ.သုံးလုံး၊ အကောက်ခွန်၊ ရဲစခန်း၊ စစ်စခန်း၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စသည်တို့ကို ကျသင့်သလောက် ပေးသွားရသည်။ ၀န်ဆောင်မှုလုပ်ပေးသော ၀န်ထမ်းမှ ၂နာရီခန့် လုပ်ဆောင်ပေးပြီး .. မြစ်ကြီးနားအနီး ရွှေတူးလုပ်ကွက်သစ်ဆီသို့ မောင်းယူသွားနိုင်ပြီ ဟုသိရသည်။ မိမိ စက်ယန္နယားကြီး ၂ခုကို ဖြေးဖြေး မောင်းယူသွားစဉ် လမ်းခရီး အနှောက်အယှက် လုံးဝမရှိပါ။ တစ်ခုခုဖြစ်လျှင် ဖြေရှင်းပေးရန်အတွက် တောလမ်းစီး ပရာတို.ဂျစ်ကားကြီးနှစ်စီးကလည်း ရှေ့မှာတစ်စီး၊ နောက်မှာ တစ်စီး အတူလိုက်လံမောင်းနှင်လာသည်။ ရပ်နားရာနေရာတစ်ခုတွင် ထို ပရာတို ဂျစ်ကားကြီး၂စီး မရှိတော့ပါ။  မည်သို့ပင်ဖြစ်စေ .. လုပ်ငန်းရှင်အဖို့ အဆင်ပြေနေပါတော့သည်။

လုပ်ငန်းရှင်က ပြောပြပါသည်။ အေးဗျာ.. ကျွန်တော်လည်း မြစ်ကြီးနားမှာနေတော့ တိုက်ကြီး၊ ပရာတိုကားကြီးတွေ၊ တပည့်တွေနဲ့ ဟန်ကျနေတယ်လို့ ခင်ဗျားတို့က ထင်မယ်။ လုပ်ငန်းခွင်ရှိတဲ့ ကျောက်စိမ်း၊ ကျွန်းသစ်၊ ရွှေတွင်း ဒေသတစ်ဝိုက်က ကချင်ပြည်သူလူထုကို ကြည့်ပါ။ အလွန်သနားစရာကောင်းတယ်။ အခုတော့ ဝေစုမတဲ့လို့ စစ်ဖြစ်နေတယ်။ ကျွန်တော်က ကချင်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ဆိုတော့ ပြည်မမှာ လုံးဝလုပ်စားလို့မရဘူး။ ကိုယ့်ပြည်နယ်မှာပဲ လုပ်တတ်တယ်။ ဒါတောင် အားလုံးကို ကြောက်နေရတယ်။ ကျွန်တော့ လုပ်ငန်းအတွက် စစ်တပ်ကိုပေးရ၊ ရဲတပ်ဖွဲ့ကိုပေးရ၊ စသုံးလုံးကိုပေးရ၊ ဌာနဆိုင်ရာများအပြင် .KIA ကိုလည်းပေးရ၊ ဇခွန်တိန်ယိမ်းကိုလည်း ပေးရ၊ ၅ခုလောက် အမာခံ အဖွဲ့စည်းတွေကို ပေးရတယ်။ တစ်ခါတရံ ဂျာကင်ဝတ်ထားပြီး ဂျာကင်အောက်မှာ မောင်းပြန်သေနပ်ပြောင်းကို ထုတ်ပြထားတဲ့ ဘာမှန်းမသိတဲ့လူတွေရောက်လာရင်လည်း ပေးလိုက်လို့ မှာထားရတယ်။

လုပ်ငန်းရှင်ရဲ့အပြောများ (ဟုတ်မဟုတ်သေချာမသိပါ)
အိမ်ခြံ ဈေးအရမ်းကြီးနေတာလား… မြေကွက်သစ်၊ စက်မှုဇုံသစ် ဖေါ်ပေးရင် ဈေးကျသွားမယ်ထင်သလား.. အဲ..တရုပ်ကုမ္ပဏီနဲ့မြန်မာကုမ္ပဏီများက ငွေရှိတော့ ကချင်ပြည်နယ်တခုလုံး မြေခြံ အကုန်လုံး လိုက်ဝယ်ထားပြီးပြီ။ အဲ.. ဌာနဆိုင်ရာ ၀န်ထမ်းအရာရှိများလား.. သူတို့လည်း အာဏာရှိတော့ ငွေရှိတဲ့လူတွေ ပေးထားတဲ့ မြေခြံတွေ ပိုင်ထားတယ်။ သိန်း သောင်းဂဏန်းလောက်တော့ ဌာနဆိုင်ရာ အရာရှိဝန်ထမ်းများက အပျော့ပေါ့။ ကုမ္ပဏီ သူဌေးတွေတော့ အဖမ်းမခံရရင် ဆယ်သက် စားမကုန်အောင် မြေခြံတွေ၊ ပိုင်ထားတယ်လေ့ …

အေးဗျာ ..ခေတ်ပျက်ကြီးမှာ လုပ်စားရတာ မလွယ်ဘူး….ဟူး…. ။ နိုင်ငံခြားသွားပြီး ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးဇေကမ္ဘာတို့လို ကုမ္ပဏီသွားထောင်ပြီး၊ လုပ်မစားတတ်တော့လည်း ပြည်တွင်းမှာပဲ .. လုပ်စားနေရဦးမှာပဲဗျာ….

…. ဟု လုပ်ငန်းရှင်က ပြောသွားပါသည်။

 

ဖေဖေါ်ဝါရီ ၈ရက် သတင်း၊ Independent Journal

 

ခြစားဝန်ထမ်းများ အရေးယူပြီး၊ သူတို့ ခြစားပြီး ရရှိသော ပိုင်ဆိုင်မှုများကို သိမ်းယူနေသည် ..ဟု ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ်အပျက်ကို မှီငြမ်း ရေးသားထားသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ တစ်ဦးချင်း ချစားသော ၀န်ထမ်းများမှ အုပ်စုလိုက် မျှစားသော စနစ်သို့ ပြောင်းသွားခြင်းသည် မဆိုးလှပါ။ ၀န်ထမ်းလစာငွေသည် ကျပ်တစ်သိန်းမျှဖြစ်ပြီး စီးပွားရေးကောင်းကော ကချင်ပြည် မိသားစုတစ်ခု ဟင်းသီးဟင်းရွက်ရောင်းစားသူ ဈေးသူမတစ်ဦးပင် ၀င်ငွေ တစ်နေ ကျပ်တစ်ထောင်ခန့်ရသော (တစ်လ ၃သိန်းဝင်ငွေရမှ စားလောက်ရုံ)  မြစ်ကြီးနားမြို့ဖြစ်သည်။

 
မြစ်ကြီးနားမြို့မှ အပြန်တွင်

 

 

မြန်မာသူဌေး ဦးလွင်မိုး ဦးစီးသော Asia Wings လေကြောင်း ပြင်သစ်လေယာဉ်အသစ် ATL-80 လူ၆၂ဦးဆန့် လေယဉ်ဖြင့် ကျပ်တစ်သိန်းလေးသောင်း လေယဉ်လက်မှတ် မြစ်ကြီးနား-ရန်ကုန် (မြို့လေးမြို့ တက်ချီ၊ ဆင်းချီ စီးနင်းကာ ပြန်လာခဲ့ပါသည်။
 လေကြောင်းလိုင်းများစွာ မြန်မာမြို့ကြီးများကို ပြေးနေပြီဖြစ်သည်။ ယခင် ဘီအေစီ BAC လေကြောင်းလိုင်းသည် ၁၉၇၀ ခုနှစ်လောက်ကပင် အရှေ့တောင်အာရှအကြီးဆုံးဖြစ်ခဲ့ပြီး ယခု အမ်အေအိုင် MAI အဖြစ် ကြေငြာစာကို Asia Wings လေယာဉ်ပေါ်မှာ မဂ္ဂဇင်းတွင် ဖတ်မိလိုက်သည်။ မြန်မာပြည်ဒုတိယအကြီးဆုံး လေကြောင်း Air Bagan ကြော်ငြာလည် ဖတ်မိပါသည်။ MAI သည် ဂျပန်၊ကိုးရီးယား၊ နယူးဒေလီများကို နောက်နှစ်တွင် ပြေးဆွဲရန် စီစဉ်နေသည်ဟု သိရသည်။
 လေ့လာလိုသဖြင့် လေယာဉ်မစီးပဲ ရထားစီး ရန်ကုန်ပြန်မည်ကို မြစ်ကြီးနားမိတ်ဆွေများက အပြင်းထန်ကန့်ကွက်သည်။ သံလမ်းတွေက မပြင်တာ နှစ်ပေါင်း ၄၀ကျော်ပြီ၊ ရထားတွေကလည်း အိုဟောင်းနွမ်းနေတော့ ရထားကြီး တဂျုန်းဂျုန်း တခါတလေ တပေလောက် လူကိုမြောက်မြောက်သွားတဲ့ ရထားကြီး မစီးပါနဲ့ဗျာ… ဟု တားဖြစ်သဖြင့် လေကြောင်းခရီးဖြင့် ရန်ကုန်သို့ ၄ကြိမ်း Transit လုပ်ခဲ့ရပါသည်။

မြစ်ကြီးနား ပြည်နယ် ဌာနမှုးဝန်ထမ်းများ ကိုယ်ပိုင်စီးပွားရေးများဖြင့် အဆင်ပြေပါစေ။ သို့မှသာ ခြစားဝန်ထမ်းဘ၀မှ နှုတ်ထွက်နိုင်မည်ဖြစ်သတည်း….။

ခြမစားလိုသူ ၀န်ထမ်းဟောင်းတစ်ဦး
၁၈-ဖေ-၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သမ္မတဦးသိန်းစိန်၏သမီးနှင့် မိတ်ဆွေဖြစ်လိုခြင်း (အမှတ်၂) (Letter to MoeMaKa)

Comments are closed.