ကဗျာ

ဖေဖေါ်ဝါရီဆုတောင်း (Shwe Let Yar Taw)

ဖေဖေါ်ဝါရီဆုတောင်း
ရွှေလက်ယာတော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃

မေးတန်းလန်းနဲ့ အမြဲငေးငေး နေရတဲ့
မြို့လေးကနေ သင်တို့ကို ငါတမ်းတလိုက်မိပါရဲ့……။
မိတ်ဆွေတို့……………………………………
စာအုပ်ထူထူကြီးတွေကို
တရှိုက်မက်မက်၊ ခုံခုံမင်မင်ရှိလှတဲ့
လူငယ်လေးတွေဟာ
တောအုပ်ထူထူကြီးတွေထဲကို
ဘာကြောင့်ရောက်သွားရတာလဲ…..

ငါမဖြေဘူး….
သင်လည်းမဖြေနဲ့…
သမိုင်းကဖြေလိမ့်မယ်…
အချိန်တော့လိုတာပေါ့။
မိတ်ဆွေတို့….
ဒေါင်းပျိုတွေ မြူးတဲ့တောမှာ
ဝဲကတော့တွေကို
ဘယ်သူတွေက ပစ်ချသွားကြပါသလဲ…
သမိုင်းကဖြေလိမ့်မယ်
အချိန်တစ်ခုတော့ ပေးကောင်း ပေးရမှာပေါ့။

မိတ်ဆွေတို့…………….
မိဘတွေအိပ်နေချိန်မှာ
ညီအစ်ကိုမောင်နှမတွေ အိပ်ပျော်နေချိန်မှာ…
မှောင်ရိပ်ကနေ တိတ်တဆိတ်နှုတ်ဆက်…
ခြေသံကိုဖွဖွနင်းပြီး ………………..
သူတို့တွေ ခရီးထွက်ခဲ့ကြဖူးတယ်။

ခြေလှမ်းတွေတိုင်းမှာ
ပန်းတွေမပွင့်နိုင်ဘူးဆိုတာ
သူတို့နားလည်ခဲ့ကြပါတယ်………………။

ကြောက်လို့ပြေးတာမဟုတ်..
ခြောက်လို့ပြေးတာမဟုတ်…
ခံယူချက်တစ်ခုနဲ့…
အမိမြေကိုပေးဆပ်ဖို့ အတွက်… လူငယ်ဆိုတဲ့လတ်ဆတ်တဲ့ဘ၀ကို
သူတို့ပုံအောပြီး ပေးပစ်လိုက်ကြတယ်။

သည်ကဗျာဟာ ဘုန်းတော်ဘွဲ့ကဗျာမဟုတ်ပါဘူး….
နောက်ပြီး..
သည်ကဗျာမှာ ထောက်စရာ ဒူးကိုတပ်မထားဘူး…
သူတို့ကိုတမ်းတမိလို့
ရိုးရိုးလေးပဲ ငါရေးလိုက်ပါတယ်။

မိတ်ဆွေတို့…..
မိုးရေစက်လက်နဲ့
နူးအိနေတဲ့…မြေနီစွေးတွေပေါ်မှာ
ကိုယ့်ခန္ဒာကိုဖြစ်သလိုထုပ်ပိုးရင်း…
ပိုးမွှားမျိုးစုံနဲ့လက်ထပ်……
အဖျားဒဏ်ကိုကြံကြံ့ခံရင်း…
အိပ်စက်ဖူးပါရဲ့လား…..။

သူတို့အိပ်စက်ခဲ့ကြဖူးတယ်။

မိတ်ဆွေတို့…..
ခြင်လေးတစ်ကောင်တောင် ဖောက်လို့ရတဲ့
လူ့အရေပြားပါးပါးလေးကို
သံချွန်တွေနဲ့ရိုက်ဖောက်…
ဒါးဦးချွန်တွေနဲ့ထိုးဆွ….
မလိုအပ်ပဲနဲ့ ငါးဖယ်တေသလို တေခဲ့ကြတာတွေရော
ပုံပြင်တစ်ပုဒ်လို့ သင်တို့ထင်နေကြပါသလား…
ဒါတွေဟာ တကယ်ဖြစ်ပျက်ခဲ့တယ်။

ဒေါင်းပျိုတွေမြူးတဲ့တောမှာ
ဝဲကတော့တွေ တစ်ခုပြီးတစ်ခု
မရိုးရအောင် အထပ်ထပ်နှိုးခဲ့တယ်…
အိပ်ပျော်နဲ့တဲ့ တိရိစ္ဆာန်စိတ်ကို..။

သည်ကဗျာဟာ ဇာတ်နာအောင်ရေးတဲ့ကဗျာမဟုတ်ပါဘူး…
သိတဲ့သူတွေသိကြပါလိမ့်မယ်…
သမိုင်းတစ်ကွေ့ တစ်ကွေ့မှာ
အရိုင်းဇာတ်တွေတစ်ထုပ်ပြီးတစ်ထုပ်
ခင်းကျင်းပြသတတ်တဲ့ ဇာတ်ဆရာဟာဘယ်သူလဲ….
သမိုင်းကဖြေလိမ့်မယ်…အဲသည်မေးခွန်းကို…
အချိန်တော့ပေးရပေမပေါ့။

မိတ်တွေတို့……………………
သံကြိုးတွေအထပ်ထပ်ခတ်
ခြေထိပ်တွေ နဲ့တုပ်နှောင်….
မျက်နှာကို အမှောင်နဲ့မိတ်ဆက်…
စည်းနှောင်ထားတဲ့ကြားက…..
သွေးညှီနံ့တွေအလိမ်းလိမ်း ထနေတဲ့ကြားက…
သီချင်းဆိုနိုင်သေးတယ်ဆိုရင်…
ပုံပြင်လို့ကော သင်တို့ထင်မြင်နေအုံးမလား…..
သူတို့တွေ သီချင်းဆိုနိုင်ခဲ့တယ်။
မိတ်ဆွေတို့ ….
ကျင်းနှုတ်ခမ်းမှာ ..မှောက်ခုံထား
မရဏဓါးနဲ့ နှစ်ပါးသွားခါနီးမှာ
ဟေ့….ကျောင်းသားကွ..ကျောင်းသား…
ဓမ္မစစ်ကျောင်းသား….လို့
စကြ၀ဠာတုန်အောင် နောက်ဆုံးအချိန်ထိ
လှုပ်သွားနိုင်တဲ့ ပေးဆပ်သူတွေရော
ရှိခဲ့မယ်ဆိုတာ သင်သံသယရှိတုန်းလား….
သံသယတွေကို အမှန်တရားနဲ့
ပုတ်ပြီးဖယ်ထုတ်ပစ်လိုက်စမ်းပါ…
သည်လို သူရဲကောင်းတွေ
သည်လိုပေးဆပ်သူတွေ
တကယ်ရှိခဲ့ဖူးပါတယ်။

သူတို့ဟာ မိုးပေါ်ကကျလာတဲ့
မိုးကျရွှေကိုယ်တွေတော့မဟုတ်ဘူး…
သင်တို့လို
ငါတို့လို…..
စာသင်ခန်းတွေကလာတဲ့သူတွေဖြစ်တယ်…
မိဘတွေရဲ့ရင်ခွင်ထဲကနေ
တိတ်တဆိတ် ထွက်ခွာလာတဲ့…
သားဆိုးဆိုးလေးတွေဖြစ်တယ်……။
မိတ်ဆွေတို့…………………..
ခေါင်းနဲ့ကိုယ်တခြားစီဖြစ်နေတာတောင်
ပြန်ရုန်းထနိုင်လောက်အောင် သတ္တိ…
ဘယ်သူပေးခဲ့သလဲ….
သူတို့ရဲ့ခံယူချက်တွေကို မီးပြင်းပြင်းနဲ့
မှတ်ကျောက်တင်ခံနိုင်ပါတယ်။

သူတို့တကယ် ပြန်ရုန်းကန်ထနိုင်ခဲ့တယ်…။
ချစ်လှစွာသော…မိခင်တို့…
ချစ်လှစွာသော..ဖခင်တို့….
အမေတို့ရဲ့သားတွေဟာ….မသေကြပါဘူး
အဖေတို့ရဲ့သားတွေဟာ..မသေကြပါဘူး။
ခေတ်အဆက်ဆက်ကို
ပြန်ပြန်လှုပ်ပြီး သူတို့က နိုးထနေကြစေအုံးမယ်။

သူတို့ဟာဘယ်တော့မှမသေကြပါဘူး….။

မခင်ချိုဦးရဲ့မိနဲ့ဘ….မောင်နှမတို့…
ခင်ဗျားတို့ရဲ့သမီးဟာလည်းမသေပါဘူး…
သူတို့အားလုံးဘယ်တော့မှမသေပါဘူး…
ဒေါင်းပျိုတွေမြူးတဲ့တောကို
ကျက်သရေဆောင်ဦးမယ့် ပေးဆပ်သူတွေ…
ဘယ်တော့မှ မသေဘူး..။

ဟေ့……………..
လူသတ်သမားတွေသာ
အထပ်ထပ်သေမယ်….
နေ့တိုင်းသေနေမယ်….
ငါတို့ရဲ့ သူရဲကောင်းတွေဘယ်တော့မှမသေဘူး…….။

သည်ကဗျာဟာ ဘုန်းတော်ဘွဲ့ကဗျာ မဟုတ်သလို….
ထောက်စရာဒူး တစ်ချောင်းမှ တပ်ထားတဲ့ကဗျာမဟုတ်ဘူး…။
မေးတန်းလန်းနဲ့ ငေးငေးနေရတဲ့ မြို့လေးကနေ
သင်တို့ကိုသတိရလို့ရိုးရိုးသားသားရေးလိုက်မိပါရဲ့…

ငါ့နောင်တော်တွေကပြောတယ်..
မဆဲပါနဲ့…တဲ့…
ငါမဆဲတော့ပါဘူး…
ဒါပေမယ့် နောင်တော်တို့ကိုပြောအုံးမယ်
ဆဲတာက လူသတ်တာလောက်တော့ အောက်တန်းမကျပါဘူး..
ဆဲတာက သမိုင်းကိုသတ်တာလောက်တော့ အောက်တန်းမကျပါဘူး…
ဆဲတာက နိုင်ငံရေးကို သတ်ပစ်တာလောက်တော့ အောက်တန်းမကျပါဘူး…..

ယုဇနပင်တွေကို ဖဲကြိုးဝါတွေစည်းပေးဖို့က နောင်တော်တို့တာဝန်ပါပဲ…
အိမ်ပြန်လမ်းကို သဲခင်းပေးဖို့ကလည်းနောင်တော်တို့တာဝန်ပါပဲ…..။
မေးတန်းလန်းနဲ့ အစ်ကိုတွေပြန်အလာကို ငေးငေးနေရတဲ့မြို့လေးဆီက
ချာတိတ်လေးတစ်ယောက်က….မျက်ရည်မကျအောင်ထိန်းရင်း…
ဟောသည်ဖေဖေါ်ဝါရီမှာ ဆုတောင်းပေးလိုက်ပါတယ်………………………….

မြန်မာပြည် ငြိမ်းချမ်းပါစေ…။
ကမ္ဘာမြေ လန်းဆန်းပါစေ….။
လူသတ်ဝါဒ ကျဆုံးပါစေ…..။

ငါတို့ချစ်တဲ့မြေ……………………….
ငါတို့ချစ်တဲ့ရေ…………………..
အဓွန့်ရှည်ရှည် တည်တံ့နိုင်ပါစေ…………………………..။

နှုတ်မှာတဖွဖွအတောင်းချင်ဆုံး ဆုက………………………………
လူသတ်ဝါဒ ကျဆုံးပါစေ…
လူသတ်ဝါဒကျဆုံးပါစေ…
လူသတ်ဝါဒ ကျဆုံးပါစေ…
လူသတ်ဝါဒကျဆုံးပါစေ…
လူသတ်ဝါဒ ကျဆုံးပါစေ……………။ ။
Shwelatyar Daw
ဒီကဗျာကို ရွှေလင်္ကျာတော်၏ FB မှကူးယူဖော်ပြပါသည်။

(ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ကျောင်းသားများ သွေးမြေကျုခြင်း နှစ်လည်အထိမ်းအမှတ် အောက်မေ့ခြင်း၊ အမှတ်တရပြုခြင်းအဖြစ် ကဗျာကို တင်ဆက်ခြင်းဖြစ်ပါတယ် – မိုးမခမီဒီယာ)
(လုပ်ကြံသတ်ဖြတ်ခြင်းခံရသူ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် ခဲခြစ်ပုံတူဖြစ်ပါတယ်။ လက်ရာက ဝေယံလို့ ရေးထားပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts