နိုင်ငံတကာရေးရာ

ခရစ်ယာန်ဘာသာကက်သလစ်တို့၏ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် ရာထူးမှနှုတ်ထွက်

မိုးမခသတင်းကောက်နုတ်ချက်၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃

ဖေဖော်ဝါရီ ၁၁၊ နံနက်ခင်းက အီတလီပြည်၊ ဗာတီကန် ခရစ်ယာန်မြို့တော်က သာသနာပိုင်ချုပ် ပုပ်ရဟန်မင်းကြီး ဘက်နဒစ် (၁၆)က ၎င်းရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ မိမိ၏ ကျန်းမာရေး၊ စွမ်းရည်နှင့် လုပ်ကိုင်နိုင်မှုတို့အပေါ်မှုတည်ပြီး သာသနာပိုင်အဖြစ် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် မိမိသဘောဖြင့် နှုတ်ထွက်ကြောင်း ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ခရစ်ယာန်သာသနာပိုင်ချုပ်များ သက်တမ်းမှာ နှစ်ပေါင်း ၆၀၀ အတွင်း အခုလိုတကြိမ် သာသနာပိုင်ချုပ်ကိုယ်တိုင်က မိမိသဘောဖြင့် အနားယူခြင်း ဖြစ်ပါတယ်။

ဂျာမန်လူမျိုး ဘုန်းတော်ကြီးဖြစ်တဲ့ သက်တော် ၈၅ နှစ် ရှိပြီဖြစ်ပြီး ၂၀၀၅ ခုနှစ်ကမှ သာသနာပိုင် ပုပ်ရဟန်းမင်းကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင် သန်း ၁ ထောင်တို့ရဲ့ ဘာသာရေးခေါင်းဆောင်အဖြစ် ရပ်တည်ပြီး ဦးဆောင်မှုပေးတဲ့ သာသနာပိုင်ချုပ်တဦး ယခုလိုအနားယူမယ် ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အားလုံးက အံ့သြမင်သက်ကုန်ကြတယ်လို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ဟာ ရှေးရိုးစွဲဘာသာဝင်တို့ဘက်က ရပ်တည်ခဲ့သလို ခရစ်ယာန်ဘုန်းတော်ကြီးအချို့ရဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးများကိုလည်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါတယ်။ ကိုယ်တိုင်က ငယ်စဉ်မှာ နာဇီဟစ်တလာရဲ့ လူငယ်အဖွဲ့မှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှ အဖွဲ့ကနေ ထွက်ပြေးစွန့်ခွာခဲ့သူ ဖြစ်ပါတယ်။ သာသနာပိုင်ချုပ်တဦးဖြစ်လာပြီးနောက် အခြားဘာသာများနဲ့ ပတ်သက်ပြီး ရင်းနှီးမှု အပြန်အလှန် ဆက်ဆံမှုများကိုလည်း ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ ဂျူးတွေကို လူမျိုးတုန်းသတ်ဖြတ်မှု မရှိခဲ့ဘူးလို့ ငြင်းပယ်ခဲ့သူ ဘုန်းတော်ကြီးတပါးကို သာသနာက ကျင်ထားတာကို သူသာသနာပိုင်ချုပ်ဖြစ်လာချိန်မှာ ပြန်ပြီး ခွင့်လွှတ်ခဲ့တဲ့အတွက် ဝေဖန်မှုများ ခံခဲ့ရပါတယ်။ လိင်တူဆက်ဆံခြင်းနဲ့ ကိုယ်ဝန်တားဆီးခြင်းများကိုတော့ ပုပ်ရဟန်းမင်းကြီးက လက်ခံခြင်း မရှိပါဘူး။

၂၁ ရာစုနှစ်သစ်အတွင်း သာမန်ရိုးကျ ဘာသာရေးသက်ဝင်မှုများ ကမ္ဘာအနှံ့ လျော့နည်းလာချိန်မှာ အခြားဘာသာဝင်များနည်းတူ ကက်သလစ်ခရစ်ယာန် သာသနာပြုရေး ပြန့်ပွားရေး စိန်ခေါ်မှုများ ရင်ဆိုင်နေရပါတယ်။ ရှေးရိုးစွဲ ထုံးတမ်းအစဉ်အလာများကို တင်းတင်းကြပ်ကြပ် ဆက်လက်ကိုင်စွဲမလား၊ ခေတ်နဲအညီ စည်းကမ်းနည်းလမ်းများကို ပြုပြင်ပြောင်းလဲမလားဆိုတာကို အသစ်တက်လာမယ့် သာသနာပိုင်ချုပ်က ဆက်လက် ဖြေရှင်းရမှာဖြစ်ပါတယ်။

လက်ရှိမှာ ဖေဖော်ဝါရီ ၂၈ အထိ ပုပ်ဘက်နဒစ် ၁၆ က တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ မတ်လ ၃၀ နောက်ဆုံးထားပြီး ပုပ်ရဟန်းမင်းကြီးအသစ်ကို ဗာတီကန်က ဘုန်းတော်ကြီးခေါင်းဆောင်များက ရွေးချယ်မှာဖြစ်ပါတယ်။ ဥရောပသားတွေချည်း ပုပ်ရဟန်းမင်းကြီး ဖြစ်ခဲ့ရာက သည်တခါမှာတော့ တောင်အမေရိကန်နိုင်ငံများ သို့မဟုတ် အာဖရိကတိုက်နိုင်ငံများက သာသနာပိုင်တွေထဲကများ သာသနာပိုင်ချုပ်အဖြစ် ရွေးချယ်ကြမည်လားဆိုတာကို စိတ်ဝင်စားနေကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts