တူမောင်ညို သူတို့အာဘော်

“ဘားမား” “ ၂၀၀၈ အခြေခံဥပဒေ” နှင့် တစ်ခါက “တာဝန်အရ ဖီဆန်ကြ” (Tu Maung Nyo)

“ဘားမား” “ ၂၀၀၈ အခြေခံဥပဒေ” နှင့် တစ်ခါက “တာဝန်အရ ဖီဆန်ကြ”

တူမောင်ညို၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၃

                        ဘားမား (Burma) ကိစ္စသည် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် အကဲဆတ်သော ပြဿနာဖြစ်ပုံရသည်။ ဆိုရှယ်မီဒီယာ (Face book) တွင်ပြောနေကြသော စကားလုံးနှင့်ပြေရရလျှင် “ဘားမား” ဟူသော အသုံးအနှုန်းသည် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရ အတွက် “စန်းစန်းတင့်” (sensitive)ဖြစ်သည်။

            ကချင်ပြည်နယ်၊ လိုင်ဇာ-လဂျားယန်တိုက်ပွဲများနှင့်ပတ်သက်ပြီး ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ကြေညာချက်ထုတ် ပြန်ရာတွင် “ဘားမား” ဟူသောစကားလုံးအပါအဝင်  (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရအတွက် “စန်းစန်းတင့်” ဖြစ်ရသော ဝေါဟာရများပါ ရှိ လာသည်။ သို့အတွက် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်၍ ကန့်ကွက်ခဲ့သည်။

            ကြေညာချက်ထုတ်ပြီး တစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးဝင်စွက်သည်မှာ  ဝါရှန်တန်အဖို့ ထမင်းစားရေ သောက်ကိစ္စကလေးတွေမျှ သာဖြစ်သည်။ လေယာဉ်တင်သင်္ဘော၊ စစ်တပ်၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ မောင်းသူမဲ့ လေယာဉ်ပျံများဖြင့် အချုပ်အခြာအာဏာ နှင့် ပိုင်နက်နယ်မြေကို ထိပါးကျူးကျော်နေသည့် ဖြစ်ရပ်များမှာ အတိတ်နှင့်ပစ္စုပ္ပန်၌ လက်ညှိုးထိုးမလွဲရှိနေသည်။

 ကမ္ဘာ့၏ မည်သည့် ချောင်ကြိုချောင်ကြားတွင်မဆို အမေရိကန်အကျိုးစီးပွားရှိနေပြီး၊ ပါဝါအပျော့၊ ပါဝါအမာများဖြင့် စွက်ဖက် နေသည် ချည်းဖြစ်သည်။ “ကုလသမဂ္ဂပဋိဉာဉ်စာတမ်း” ဆိုသည်မှာ အမေရိကန်အတွက်  အလေးထားစရာမဟုတ်ချေ။

            (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရအနေဖြင့်လည်း “ဝါရှင်တန်သမ္မတအိမ်တော်” က ကြေညာချက်ထုတ်ပြောလျှင် ကျိတ်မှိတ်ခံ မည့်ပုံရှိသော်လည်း ယခုလို “ရန်ကုန်အခြေစိုက်သံရုံး” က ကြေညာချက်ထုတ်ပြန်သည့် ကိစ္စမှာတော့ အနားကပ်ပြီး နားရွက်တံတွေးဆွတ် တာခံလိုက်ရသဖြင့် အတော်လေး မချိမခံသာဖြစ်သွားပုံရပါသည်။ သို့အတွက်“ပြင်းထန်စွာကန့်ကွက်ကြောင်း” ကြေညာချက်ထုတ်ခဲ့သည်။

            နောက်ထပ်တစ်ခါ “ဘားမား” စကားလုံးကို သုံးစွဲပြောဆိုသူက ပြည်တွင်းမှာလာအခြေစိုက်သည့် ပြည်ပနိုင်ငံသံရုံးမဟုတ်၊ ပြည်တွင်းက ပုဂ္ဂိုလ်က နိုင်ငံခြားခရီးစဉ်တစ်ခု (ဟူနိုလူလူ- တောင်ကိုးရီးယား) တွင်ပြောခြင်းဖြစ်သည်။ နိုင်ငံခြားတွင် နိုင်ငံခြားဘာသာ စကားဖြင့် သုံးစွဲဆက်ဆံပြောဆိုရသဖြင့် “ဘားမား” ဟု သုံးသည်လားမပြောတတ်ချေ။

            ထိုသို့ “ဘားမား”ဟုသုံးစွဲပြောဆိုသူမှာ အခြားသူမဟုတ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ဒီချုပ်ပါတီဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ပင်ဖြစ်သည်။

            “ဘားမား”ဟု သုံးစွဲရခြင်းနှင့်ပတ်သက်၍ (နဝတ-နအဖ) စစ်အစိုးရက လူထုသဘောထားမခံယူဘဲ။ ၄င်းတို့ သဘောနှင့် စိတ်ကြိုက်ပြောင်းလည်းခဲ့သဖြင့် လက်မခံနိုင်ကြောင်း၊ ထို့အပြင် မိမိအနေဖြင့် “ဘားမား”လို့သုံးရသည်ကို သဘောတွေ့သဖြင့် “ဘားမား” ဟုသာသုံးကြောင်း၊ သုံးစွဲပိုင်ခွင့်လည်းရှိကြောင်း သဘောမျိုးပြောတာ ဖတ်ဖူးနားထောင်ဖူးပါသည်။

            (Burma)“ဘားမား”ကို  (Myanmar) “မြန်မာ” ဟုပြောင်းစဉ်က (နဝတ-နအဖ) စစ်အစိုးရက ၄င်းတို့ စိတ်ကြိုက်ပြောင်းခဲ့ခြင်း ဖြစ်သည်။ ပြည်သူလူထုကို ထည့်ပင်မစဉ်းစားခဲ့ချေ။ ယင်းသို့ လူထုသဘောထားကို တောင်းခံခြင်းမရှိဘဲ။ တိုင်းပြည်၏ နာမည်ကို ၄င်းတို့ စိတ်ကြိုက်ပြောင်းလဲခြင်းသည်၊ မတရားသောကိစ္စ၊ မဖြစ်ထိုက်၊ မဖြစ်သင့်သောကိစ္စ၊ လက်ခံနိုင်ဖွယ်မရှိသောကိစ္စ ဖြစ်သည်။ သို့အတွက် ယင်းသို့သော သဘောထား၊ အပြုအမူနှင့်လုပ်ရပ်ကို ဖီဆန်ကြရမည်၊ ဆန့်ကျင်ကြရမည်၊ တိုက်ဖျက်ကြရမည်သာဖြစ်သည်။

            ဤနေရာတွင် အောက်ပါမေးခွန်းပေါ်လာပါသည်။

            (Burma)“ဘားမား” ကို  (Myanmar)“မြန်မာ”ဟုပြောင်းသည်ကို လက်မခံနိုင်ဟုဆိုသူက  “၂၀၀၈ အခြေခံဥပဒေ” အဘယ့် ကြောင့် လက်ခံနိုင်သနည်း။

            “၂၀၀၈ အခြေခံဥပဒေ”ကို (နဝတ-နအဖ)စစ်အစိုးရသည် စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မအတည်ပြုခဲ့သည့် မတရားသော ဥပဒေတစ်ရပ်ဖြစ်သည်။ တစ်ခါက ဒီချုပ်ပါတီသည် “၂၀၀၈ အခြေခံဥပဒေ” ကို“တရားမဝင်/လက်မခံ” ဟုကြေညာချက်ထုတ်ခဲ့ဖူးသည်။

 “၂၀၀၈ အခြေခံဥပဒေ”ကို လက်ခံပြီး၊ (Burma)“ဘားမား” ကို  (Myanmar) “မြန်မာ” ဟု ပြောင်းသည်ကို လက်မခံနိုင်ဟုဆို နေခြင်းမှာ ရှေ့နောက်မညီဖြစ်နေပါသည်။ ကလေးဆန်သလိုဖြစ်နေပါသည်။ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် ထောက်ကွက် တစ်ခု ဖြစ်နေပါသည်။

            “ဘားမား” ဟူသော ဝေါဟာရကို လက်မခံနိုင်ဘဲ၊ Parent Law ၊ Supreme Law ဖြစ်သည့် “အခြေခံဥပဒေ” ကျတော့ “လေးစားလိုက်နာ/ထိန်းသိမ်းကာကွယ်ပါမည်” ဟု လက်ခံနေသည်မှာ တကယ့်အံ့ဖွယ်သုတဖြစ်နေပါသည်။

            ယခင်က ယင်းသို့ “ဘားမား” သုံးစွဲခဲ့သည့်အပေါ်  ရွေးကောက်ပွဲကော်မရှင်က စာပို့အကြောင်းကြား သတိပေးခဲ့ဖူးသည်။ ယခု လည်း“ ဝမ်နင်” ထပ်ပေးလိမ့်ဦးမည်ထင်သည်။

 ယခုလောလောဆယ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကလွှတ်တော် ၂ နှစ်ပြည့် အခမ်းအနားတွင်  “တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရှိအောင်လုပ်တဲ့အခါမှာ တရားဥပဒေစိုးမိုးဖို့ဆိုတာ လွှတ်တော်ကနေအတည်ပြုပြဋ္ဌာန်းလိုက်တဲ့၊ လွှတ်တော်မရှိခင် တုန်းက ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေများကို လူတိုင်းလိုက်နာရမယ်။ လူတိုင်း လိုက်နာဖို့ လိုတယ်” လို့ ပညာပေးသွားခဲ့သည်။

မည်သူနှင့် မည်သည့်အကြောင်းအရာကို ရည်ညွန်းသလဲဆိုတာ လူတိုင်းသိသည်။

“တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ” ကို “တည်ဆဲဥပဒေများကို လူတိုင်းလိုက်နာရမည်” ဟူသော ကြိုးဖြင့် ချည်နှောင်လိုက်ခြင်းပင်မဟုတ်ပါလော။ တရားဥပဒေစိုးမိုးရေးစကားပြောလွန်းသူကို တရားဥပဒေစိုးမိုးရေးစကားဖြင့် ပုဒ်မချပေး လိုက်ခြင်းဖြစ်သည်။

“အမိန့်၊ ဥပဒေ”ဆိုသည်မှာ ပြည်သူလူထုကို အကာအကွယ်ပေးဖို့သာလျှင်ဖြစ်ရမည်။ ပြည်သူလူထုကို ခြိမ်းခြောက်အနိုင်ကျင့် ရန်မဟုတ်။

 “တည်ဆဲအမိန်၊ဥပဒေ” တစ်ရပ်ရပ်သည် ပြည်သူလူထု၏ နေ့စဉ်နေထိုင်မှုဘဝနှင့်ယုံကြည်မှုကို ဟန့်တားနှောင့်ယှက်နေလျှင်၊ ခြိမ်းခြောက်ဖိနှိပ်နေလျှင် ထို “တည်ဆဲအမိန့်၊ဥပဒေသည် မတရားသောအမိန့်ဥပဒေသာဖြစ်သည်ဟု သတ်မှတ်ရမည်။ သို့ပါ၍ “တည်ဆဲ အမိန့်၊ ဥပဒေ” မှန်သမျှကို တရားသောအမိန့်ဥပဒေလော၊ မတရားသည့်အမိန့်ဥပဒေလော ပထမဦးစွာဆန်းစစ်ကြရမည်။ မတရားသော တည်ဆဲအမိန့်ဥပဒေဖြစ်နေလျှင် တာဝန်အရ ဖီဆန်ရမည်၊ ချိုးဖောက်ရမည်၊ ဆန့်ကျင်ရမည်၊ တိုက်ဖျက်ရမည်သာဖြစ်သည်။

တစ်ခါက ကျနော်တို့၏ ဒီမိုကရေစီခေါင်းဆောင်သည် “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ရန် လမ်းညွန် မှာကြားခဲ့ဖူးသည်။ တစ်ခါကဖြစ်ပါသည်။

“၂၀၀၈ အခြေခံဥပဒေ” သည် မတရားသောဥပဒေ တစ်ခုဖြစ်ပါသည်။

ထို့အပြင်အခြားသော “တည်ဆဲအမိန့်၊ ဥပဒေများ”တွင် မတရားသောအမိန့်များ၊ အာဏာများ၊ ဥပဒေများ၊ များစွာပါရှိနေပါ သည်။

 သို့ပါ၍ မည်သူတို့သည်၊ မည်သို့ပင်ဖြစ်နေစေကာမူ ကျနော်တို့ပြည်သူများအနေဖြင့် “မတရားတဲ့ အမိန့်၊ အာဏာ၊ ဥပဒေ ဟူ သမျှ” (တည်ဆဲ/တည်လတံ)ကို တာဝန်အရ ဖီဆန်ကြရဦးမည်။ ချိုးဖောက်ကြရမည်ဦးမည်။ ဆန့်ကျင်ကြရဦးမည်။ တိုက်ဖျက်ကြရဦးမည် သာဖြစ်ပါသည်။

ညွန်း

– နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် ၊ မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်

– ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ “လွှတ်တော်သက်တမ်း၂ ပြည့်အခမ်းအနား” တွင် ပြောကြားချက် ၊  ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၂ ၊ စာမျက်နှာ ၂၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts