2013 Transit

(လမ်းခုလတ် ၂၀၁၃) – ပြည်သူ့ခေတ် အယ်ဒီတာများနဲ့ စကားလက်ဆုံ

 (လမ်းခုလတ် ၂၀၁၃) – ပြည်သူ့ခေတ် အယ်ဒီတာများနဲ့ စကားလက်ဆုံ

မိုးမခ၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၃
နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ၃၄လမ်းက ပြည်သူ့ခေတ်ဂျာနယ်တိုက်ရုံးခန်းမှာ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာများ၊ ၀ိုင်းတော်သားများ ဖြစ်ကြတဲ့ စာပေလောကဦးမျိုးညွန့်၊ ဆရာဦးဖေမြင့်၊ ဆရာဦးမော်လင်းနဲ့ ဦးဝင်းချိုတို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဂျာနယ်သက်တမ်း ၃ နှစ် ရှိပြီဖြစ်တဲ့ ပြည်သူ့ခေတ်ဟာ မြန်မာ့အရေး၊ နိုင်ငံတကာအရေးနဲ့ မြန်မာပြည်ရဲ့ အပြောင်းအလဲကာလနဲ့ ပတ်သက်ပြီး စာဖတ်သူများကို အတွေးအမြင်စုံ ပေးနိုင်တဲ့ ထင်ရှားတဲ့ နိုင်ငံရေးစာစောင်တခုလို့ ဆိုနိုင်ပါတယ်။ 

၂၀၁၀ မေလမှာ မြန်မာပြည်ရဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ အင်န်အယ်ဒီက စစ်အစိုးရကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ကြောင်း ကြေညာပြီး နောက်တလအကြာမှာ မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းကို တင်ဆက်နိုင်ဖို့  ပြည်သူ့ခေတ်ဂျာနယ်ကို ထုတ်ဝေမယ့်အကြောင်း ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဆရာ မောင်ဝံသနဲ့ မိတ်ဆွေစာနယ်ဇင်းဆရာများက ထုတ်ပြန်ခဲ့ပါတယ်။ ထိုအချိန်က နိုင်ငံရဲ့ အပြောင်းအလဲမှတ်တိုင်တခုဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဖြတ်သန်းမှုမှာ ပြည်သူ့ခေတ်ရဲ့ နိုင်ငံရေးအသိပညာပေးမှုတွေကလည်း အခမ်းကဏ္ဍတခုဖြစ်တည်ခဲ့တယ်ဆိုတာကိုလည်း ၀န်ခံရမှာဖြစ်ပါတယ်။

ယခု ၂၀၁၃ ခုနှစ်တွင်းမှာ ဆိုရင်ဖြင့် ပြည်သူ့ခေတ်ဂျာနယ်ထူထောင်ခဲ့သူ သတင်းစာဆရာမောင်ဝံသ ဆုံးပါးကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူ့ခေတ်ဂျာနယ်သည်လည်း သူယုံကြည်ရာကို လျောက်လှမ်းရင်း ၃ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တွေ့ဆုံကြချိန်မှာ မေးမြန်းမိတာကတော့ ပြည်သူ့ခေတ်ဂျာနယ်အနေနဲ့ကော၊ သတင်းစာဆရာ အယ်ဒီတာတဦးအနေနဲ့ကော မိမိဖြတ်သန်းနေတဲ့ ၂၀၁၃ လမ်းခုလတ်မှာ ဘယ်လိုမျိုး ပြန်လည်သုံးသပ်မိတယ်၊ ဘာတွေကို ဆက်လက်ရင်ဆိုင်ရဖို့ရှိတယ် ဆိုတာပဲ ဖြစ်ပါတယ်။
 
ပြည်သူ့ခေတ်ရဲ့ စာရေးဆရာ၊ အယ်ဒီတာ (ဦး) ဖေမြင့်က ဖြေကြားရာမှာ …
Transition လို့ ဆိုရင်တော့ အပြောင်းအလဲကာလကို ဖြတ်သန်းတဲ့ နေရာမှာ ၂၀၁၃ ကို ကျနော်အနေနဲ့ ကြည့်ရင် milestone တွေ အထင်ကရမှတ်တိုင်တွေ မရှိဘူး။ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်။ ဒါက တခုပေါ့။ ၂၀၁၃ မှာတော့ ၂၀၁၄၊ ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘာဖြစ်မလဲဆိုပြီး သွားနေတဲ့ ကာလဖြစ်တယ်။ ဒီနှစ်ထဲမှာ အစိုးရက တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်မယ်၊ ပြီးရင် အမျိုးသားညီလာခံလိုမျိုး ဖြစ်အောင်လုပ်မယ်လို့ ပြောထားတာတွေ ရှိတယ်။ အခုထက်ထိတော့ ဖြစ်လာဖို့ အလားအလာမရှိဘူး။ ၂၀၁၃ကတော့ အပြောင်းအလဲတွေ ဆက်ဖြစ်လာဖို့ကို ရွေ့နေတယ်လို့ပဲ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၃ မှာ စိုးရိမ်စရာတွေတော့ ဖြစ်ခဲ့တာတွေ ရှိတယ်။ ဥပမာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ခဲ့သော်လည်း ဒါကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြတ်ကျော်လာနိုင်ခဲ့တယ်။
တိုင်းပြည်အရေးကိစ္စကို စိတ်ဝင်စားတဲ့သူတွေ၊ လှုပ်ရှားသူတွေအတွက် ၂၀၁၃ မှာ ထူးထူးခြားခြား တစုံတခု လုပ်ဆောင်နိုင်ခဲ့တာတွေ မရှိသေးပေမယ့် လာမယ့်နှစ်တွေအတွက် အပြောင်းအလဲတွေ ဆက်ဖြစ်လာဖို့ ရှေ့တိုးမလား၊ ဖရိုဖရဲဖြစ်သွားမလား စိုးရိမ်ကြောင့်ကြမှုတွေတော့ ရှိခဲ့ကြတာပေါ့။ အဲဒီအတွက် ကျနော်တို့အနေနဲ့ ဘာလုပ်နိုင်သလဲဆိုတော့ … အခုအချိန်ဟာ စိတ်ချရတဲ့ အခြေအနေမဟုတ်သေးဘူး၊ ပြည့်ပြည့်၀၀ ယုံကြည်မှုမရနိုင်သေးဘူး။ ဘာတွေ ဘယ်လိုတော့ လုပ်သင့်သေးတယ်၊ လုပ်ဖို့လိုတယ် ဆိုတာမျိုးတွေ ရေးကြ သားကြဖို့ လိုတယ်၊ လုပ်နေကြဖို့ လိုတယ်။
ဒီအပြောင်းအလဲရဲ့ အခြေအနေနဲ့က ၂၀၁၅ (ရွေးကောက်ပွဲကာလ) ရောက်လာတဲ့အထိ နေ နေလို့ရတယ်။ ၂၀၁၅ ကို ရောက်လာရင်တော့ စကားပြောရမယ့်အချိန်ကို ရောက်လာပြီ။ အဲဒါမရောက်ခင် ကြိုပြောရမှာပေါ့ဗျာ။ အဲဒါအတွက် ပြင်ရ ဆင်ရတဲ့ကာလမှာ စကားတွေက ကြိုပြောကြရတော့မယ်။ ကြိုပြောနိုင်မှသာ နောက်ပြောင်းလဲမယ့်အဆင့်ကို ပြင်ဆင်ထားပြီးသား ဖြစ်မှာပေါ့။ စကားတကယ်ပြောလို့ရှိရင် အငြင်းပွားနိုင်တာတွေရှိတယ်။ အဲသည်အတွက် အခုကတည်းက စိုးရိမ်တာတွေ ရှိတာပေါ့။
သက်ဆိုင်တဲ့ လုပ်ရမယ့်သူတွေ၊ တာဝန်ရှိတဲ့သူတွေအနေနဲ့ ကျနော်တို့ ကိုယ်တိုင်အနေနဲ့လည်း ပြန်ကြည့်မယ်ဆိုရင် နည်းနည်းတော့ တိုးတက်မှု ရှိပါတယ်။ တ၀က်တပျက်ပဲ ဆိုပါတော့။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ကျနော်ရေးခဲ့တဲ့စာမှာ ပြောခဲ့သလိုပါပဲ။ ကြားဖြတ်ဖွဲ့စည်းပုံပေါ့ဗျာ။ အများလိုလားတဲ့ ဖွဲ့စည်းပုံတခု ရဖို့ သိပ်တော့ မထင်ဘူး။ လုံးဝမရရင်လည်း မဖြစ်ဘူး။ ကြားအဆင့်တခုကို ညှိပြီးတော့ ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ အဲသည်ကြားအဆင့်ကနေ ဆက်ပြီးတော့ သွားရမယ်လို့ ဆိုတဲ့ သတ်မှတ်ချက်တော့ ပါရလိမ့်မယ်။ 
၂၀၁၀ တုန်းက ရွေးကောက်ပွဲကို ဖြတ်ကြတုန်းက ပြည်သူ့ခေတ်ဂျာနယ်ကို စတင်ထုတ်ဝေစဉ်တုန်းကလည်း ပြန်ကြည့်မယ်ဆိုရင် risky ဖြစ်တယ်ပေါ့ဗျာ။ မမှန်းဆနိုင်တဲ့ဟာတွေ ရှိခဲ့တာပဲ။ အခုကော မှန်းဆလို့ရသလားလို့ မေးရင် အခုလည်းပဲ မှန်းဆလို့မရတဲ့ဟာတွေ ရှိနေတယ်။ မထင်တဲ့ဟာတွေ ဖြစ်လာနိုင်သေးတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျနော်တို့တတွေက လုပ်လာခဲ့ပြီ၊ ဖြတ်လာခဲ့ပြီ။ လုပ်ထားတဲ့အလုပ်လည်း ရှိသွားပြီ။ သည်တော့ အခုချိန်မှာ ကျနော်တို့က စဉ်းစားဖို့ မရှိတော့ဘူး။ မလုပ်ခင်မှာ ကျနော်တို့ စဉ်းစားတယ်၊ ဆုံးဖြတ်ပြီးတဲ့နောက် စတင်ပြီး လုပ်ခဲ့တယ်။ လုပ်နေတယ်။ တွေ့လာမယ့် ဘယ်အရာကိုမဆို ရင်ဆိုင်ပြီး ဆက်သွားရမှာပဲ လို့ ပြောချင်ပါတယ်။

ပြည်သူခေတ်ရဲ့ စာရေးဆရာ၊ အယ်ဒီတာ (ဦး) မော်လင်းက ဖြေကြားရာမှာ …
ကျနော်တို့ကိုယ်တိုင်က ဒီလှုပ်ရှားကြီးထဲမှာ၊ ဒီမြန်မာပြည်တွင်းထဲမှာ ကိုယ်တိုင် သွားနေရတဲ့လူ၊ ရုန်းကန်နေရတဲ့သူတွေ ဆိုတော့ လျောက်ခဲ့တဲ့လမ်းကို ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာ သိပ်လည်း ခရီးမရောက်ဘူးလို့ စိတ်ထဲမှာ ဖြစ်မိတယ်။ ဘေးနားက လူတွေကလည်း ကိုယ့်လိုပဲအပြိုင် အားသွန်ခွန်စိုက် သွားနေကြတာပဲ။ တကယ်တန်းကျတော့ နောက်နည်းနည်းပြန်လှည့်ကြည့်လိုက်တော့ ခုနတုန်းကလည်း ဒီနားပဲ၊ ရှေ့လည်း သိပ်မရောက်ပါလားလို့ ဖြစ်နေတယ်။ ဒါကတော့ လမ်းခုလတ်ဆိုတဲ့ အခြေအနေပေါ့နော်။
တကယ်အရေးကြီးတဲ့ ကိစ္စတွေမှာ သေချာတဲ့ ခိုင်ခိုင်မာမာရှိတဲ့ ပြောင်းလဲမှုမျိုးကို မရောက်သေးဘူး၊ မရသေးဘူး။ ဥပမာ – စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဥပဒေအရ အကာအကွယ်ပေးတာ။ ပီပီသသမရှိဘူး။ စိစစ်ရေးဆိုတာ မရှိတော့ဘူး၊ ကျနော်တို့မှာ။ ဒါက စာအုပ်ကို ကြို တင်စရာ မလိုတော့ဘူးလို့ ဆိုတာ။ ဒါပေမယ့် ပြီးသွားရင် စာအုပ်ကို သွား တင်ရတယ်။
စာအုပ်ထုတ်တယ်၊ မဂ္ဂဇင်းထုတ်တယ်ပေါ့။ ခုနင်က ခင်ဗျားတို့ ဆွေးနွေးနေကြသလို ။ ထုတ်ချင်ရင် မှတ်ပုံတော့ တင်ရတယ်။ ဒါဆိုရင် မှတ်ပုံတင်ခွင့်ကို ရုပ်သိမ်းလို့ရတယ်။ မှတ်ပုံတင်အရာရှိက ၊ ပြန်ကြားရေးဝန်ကြီးကနေ ရုပ်သိမ်းလို့ ရတယ်ပေါ့။ ကျနော်တို့ နားလည်တာက လွတ်လပ်စွာ ထုတ်ဝေနိုင်တယ်။ တခုခု မှားယွင်းတယ်ဆိုရင် ကျနော်တို့ကို ဥပဒေအရ အရေးယူနိုင်တယ်၊ ဒါကို တရားရုံးက အဆုံးအဖြတ်ပေးရမှာပေါ့။ မှတ်ပုံတင်အရာရှိက ပယ်နိုင်တယ်၊ သိမ်းနိုင်တယ်လို့ အခုဟာက ရှိနေတယ်။ လက်တွေ့မှာတော့ အဲသလိုမျိုး ဖြစ်မလာသေးပေမယ့် လက်ရှိမှာ အဲသလိုမျိုး လုပ်ပိုင်ခွင့်တွေ ရှိနေတာက ဥပဒေတွေမှာ ပေါ်လစီတွေမှာ ကျန်နေတယ်။ ပြောင်းလဲနေတယ် ပြောင်းလဲနေတယ် ဆိုပေမယ့် ပေါ်လစီတွေမှာက အရင်အတိုင်း ကျန်နေတယ်။ ကျန်တဲ့ ကိစ္စတွေမှာလည်း အဲလိုပဲ။
ကောင်းမွန်တဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတို့တွေ ဦးသိန်းစိန်တက်လာကတည်းက ပြောနေတယ်။ ပြောနေပေမယ့် လတ်တလောတုန်းက မီတာခတက်မယ်ဆိုတဲ့ ကိစ္စလိုမျိုးမှာ လူထုကို ဘယ်ကမ္ဘာ၊ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ မရှိတဲ့ ထုံးစံနဲ့ ဒီလက စပြီး၊ နောက်ရက်တွေက စပြီး တက်မယ်ဆိုပြီး လုပ်တာမျိုးတွေ ရှိနေတယ်။ တက်တာကလည်း ၂ ဆလောက် တက်မယ် ဆိုတာမျိုး လုပ်တာလေ။ သူများတွေဆီမှာ ၁% တက်မယ်ဆိုရင်တောင် အကြီးအကျယ် ပြောဆိုနေရတဲ့ဟာ။ အခုဟာက ကျနော်တို့ဆီမှာ တက်သင့်လား၊ မတက်သင့်လား ပြောတဲ့အဆင့်မျိုးမဟုတ်သေးဘူး။ အသိပေးတာတောင်မှ လိုအပ်တဲ့ အချိန်ပေးပြီး အကျိုးအကြောင်းနဲ့ ရှင်းလင်းတာမျိုးတောင် မရှိဘူး။ သည်တော့ လုပ်ထုံးလုပ်နည်းတွေမှာ လုပ်ပုံကိုင်ပုံတွေက အရင်တိုင်းလိုပဲ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့တတွေမှာက ဒါမျိုးတွေ သိပ်များတဲ့အခါကျတော့ သိပ်လည်း မရွေ့ပါလားလို့ ခံစားနေရတယ်။
ဒါပေမယ့် အပေါင်းလက္ခဏာ ပြတဲ့ဟာတွေလည်း ရှိပါတယ်။ အရင်ကထက်စာရင်တော့ ပွင့်ပွင့်လင်းလင်း ပြောလို့ ဆိုလို့ ရေးလို့ ရတယ်ပေါ့။ ဒါက တိုးတက်တယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်တို့ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေဆိုတာကတော့ မျှော်လင့်ချက်ကို အကောင်းဘက်ကို ထားကြရတာပေါ့။ အရင်က မျှော်လင့်လို့မရတာတွေ မျှော်လင့်ခွင့် ရှိလာတယ်။ မျှော်လင့်ခွင့်ရှိလာတဲ့အတွက် ကျနော်တို့က အားထုတ်ရတာပေါ့။ ကြိုးစားရတယ်။ အခုလောက် အခြေအနေ ရောက်လာတာကိုက ကျနော်တို့ပြည်သူလူထုကိုယ်တိုင်က အင်တိုက်အားတိုက် အားထုတ်ခဲ့ကြလို့ အကောင်းကို မျှော်လင့်ခဲ့ကြလို့ ရောက်လာတာလို့ ပြောချင်တယ်။ ဘယ်သူကမှ လက်ဆောင်လာပေးတာမဟုတ်ဘူး၊ သနားသဖြင့် စွန့်ကြဲလိုက်တာလည်း မဟုတ်ဘူး။ ကျနော်တို့တွေအားလုံးက ၈၈ ကတည်းက ကြိုးစားပြီး အားထုတ်ခဲ့ကြလို့ ဒီလောက်အခြေအနေရလာတာလို့ မြင်ပါတယ်။ ဒီနေ့ လွတ်လပ်ခွင့်နည်းနည်း ရတယ်ဆိုရင်လည်း ဒါဟာ အားလုံးရဲ့ အားထုတ်မှုရဲ့ အသီးအပွင့်ပါပဲ။ ဒါကိုအတွက် ရှေ့ကို ဆက်ပြီး တွန်းတိုက်ပြီး လုပ်သွားရမယ်လို့ စိတ်ထဲမှာ ရှိပါတယ်။ အဲလောက်ပဲ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျား။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts