ကဗျာ ကမာပုလဲ

လူ နှင့် ငှက်

ကမာပုလဲ
ဖေဖော်ဝါရီ ၆၊ ၂၀၁၃
လူက လမ်းလျှောက်တယ်
ငှက်က …လူက ကဗျာရေးတယ်
ငှက်က ကဗျာမရေးဘူး …

လူက အဆောက်အအုံကို ဖြိုဖျက်တယ်
ငှက်က အသိုက်ဆောက်နေတယ် …

လူက သီချင်းကို ထည်လဲဆိုတယ်
ငှက်က တပုဒ်တည်းသီချင်းကို ဆိုတယ် …

လူက လမ်းလျှောက်ရင်း လမ်းပျောက်တတ်တယ်
ငှက်က ပျံသန်းရင်း အတောင်ကျိုးတတ်တယ် …

လူက အကြိမ်ကြိမ် သစ္စာဖေါက်တတ်တယ်
ငှက်က မြင့်မြင့်ပျံပြီး ဝေးဝေးမြင်တတ်တယ် …။

လူက ပန်းပွင့်ကလေးတွေကို ခြွေတတ်တယ်
ငှက်က သစ်ပင်ကလေးတွေကို သားဖေါက်ပေးတတ်တယ် …

လူက ငြီးငွေ့ လွယ်တတ်တယ်
ငှက်က သူ့တောင်ပံတစုံအပေါ် အချစ်မြဲတယ် …

လူက ပုံပြောကောင်းတယ်
ငှက်က ပုံပြင်ထဲက မှော်ဝင် ဇာတ်ကောင်ဖြစ်တယ် …

လူက မုန်းတတ်တယ်
ငှက်က အတေးအမှတ် ကြီးတယ် …

လူနဲ့ ငှက်မှာ
တူတာတွေလည်း ရှိတယ်
မတူတာတွေလည်း ရှိတယ် …

လူက ပင်လယ်ကိုလွမ်းတဲ့အခါ
ငှက်က သူကိုယ်တိုင် မြစ်တစင်းလို ပင်လယ်ဆီ စီးခဲ့တယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts