ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

အိမ်ပြန်လမ်းကို မျှော်နေကြသည့် မိသားစုများ (သို့မဟုတ်) မလေးရှား လူမှုခရီးစဉ်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၄၊ ၂၀၁၃

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူ၊ ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ဒေါ်ရွှေဇီးကွက်၊ ဒေါ်ဧရာ မောင်မောင်၊ ဦးဖြိုးကိုကို တို့အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကပုန်းနာရေးကူညီမှုအသင်း (၂) နှစ်ပြည့်အခမ်းအနားတွင် ဥက္ကဌ ဖြစ်သူ ဦးဆန်းဝင်းနှင့်အဖွဲ့ဝင်များ၏ ဖိတ်ကြားချက်အရ မလေးရှား နိုင်ငံရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ ဟောပြောပွဲများ ပြုလုပ်ရန်အတွက် ၁၉.၁.၂ဝ၁၃ ရက်နေ့တွင် ကွာလာလမ်ပူမြို့သို့ ရောက်ရှိခဲ့သည်။

 
 

၂ဝ.၁.၂ဝ၁၃ နေ့လည် (၁း၃ဝ) နာရီအချိန်တွင် ကပုန်းမြို့ရှိ DEWAN DATO TAN KIM HOR ခန်းမတွင် ကျင်းပပြုလုပ်သော ကပုန်းနာရေးကူညီမှုအသင်း (၂) နှစ်ပြည့် အခမ်းအနားသို့ ဦးကျော်သူနှင့် အဖွဲ့ ရောက်ရှိခဲ့ကြပြီး အခမ်းအနားတွင် ကပုန်းနာရေးကူညီမှုအသင်း သြဝါဒဆရာတော် ဒေါက်တာအရှင် ကိန္နကမှ သြဝါဒစကားမြွက်ကြားခြင်း၊ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်းနှင့် စာရေးဆရာ ဦးအောင်စိုးသူတို့မှ အမှာစကားများ ပြောကြားပြီးနောက် ဒေါ်ရွှေဇီးကွက်မှ လူမှုရေးသမားများ လိုက်နာ သင့်သော မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါး၊ ဗုဒ္ဓဓမ္မနှင့် ပရဟိတ တို့နှင့်ပတ်သတ်၍ အသိပေးပြောကြားခဲ့ကာ ဦးကျော်သူမှ နာရေးကူညီမှုအသင်းဖြစ်ပေါ်လာပုံ၊ အခက်အခဲများအား ပြော ကြားပြီး Slide Show ဖြင့်ပြသခဲ့ကြပါသည်။

တက်ရောက်လာကြသော လူမှုရေးအဖွဲ့စုစုပေါင်း (၃ဝ) ကျော်တို့မှ သိရှိလိုသော အကြောင်းအရာ များအား စာရွက်များဖြင့် မေးမြန်းမှုတို့အား ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက်တွင် မလေးရှားရှိ မြန်မာ မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေစုစုပေါင်း မလေးရှား ရင်းဂစ် (၂၅၇၉၇) အား လှူဒါန်းမှုများအား လက်ခံရယူခြင်း၊ တက်ရောက်လာသော အသင်းအဖွဲ့များနှင့် အမှတ်တရ ဓါတ်ပုံရိုက်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

၂၁.၁.၂ဝ၁၃ နံနက် (၉း၃ဝ) နာရီအချိန်တွင် SAMNAK SAB0DH BUDDIST ASSOCIATION ဘုန်းတော်ကြီးကျောင်းတွင် လူမှုရေးအသင်းအဖွဲ့ (၁၇) ဖွဲ့နှင့် တွေ့ဆုံပွဲအား ရင်းနှီးနွေးထွေးစွာ ကျင်းပခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် တက်ရောက်လာကြသော အသင်းအဖွဲ့များမှ မိတ်ဆက်စကား ပြောကြားကာ လူမှုရေး သမားများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ဆောင်ရန်ရှောင်ရန် အချက်အလက်များ မေးမြန်းမှုကို ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်ဧရာမောင်မောင်တို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းအခမ်းအနားတွင် ကပုန်းနာရေးကူညီမှုအသင်းမှ စောင့်ရှောက်ထားသော မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျကာ အတိတ်မေ့ ဝေဒနာ ခံစားနေရသည့် မဝုန်နိုက် အတွက် ဦးခေါင်းခွဲစိတ်ကုသရန် စရိတ်များအား အသင်းအဖွဲ့များမှ ဝိုင်းဝန်းလှူဒါန်းကြရာ ဦးကျော်သူ မိသားစုမှလည်း US$ 500 အားလည်း လှူဒါန်းမှုပြုခဲ့ပါသည်။

၂၁.၁.၂ဝ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် ပင်လယ်ကမ်းခြေမြို့ဖြစ်သော စကင်န်ချမ်းမြို့သို့ သွားရောက်ကာ မြန်မာမိသားစုများနှင့်တွေ့ဆုံ၍ မြန်မာမိသားစုများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သဒ္ဒါတရား ထက်သန်စွာလှူဒါန်းသော အလှူငွေ ရင်းဂစ် (၅ဝဝဝ) အားလက်ခံခြင်း၊ ပြည်ပရောက် မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏ ဘဝရပ်တည်မှုအတွက် သမ္မာအာဇီဝကျစွာ လုပ်ကိုင်ရင်း မှားယွင်း သည့် စိတ်အပန်းဖြေမှုများဖြစ်သော မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်းတို့အား မပြု လုပ်ကြရန် ဥက္ကဌ ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် ဦးဖြိုးကိုကိုတို့မှ စေတနာအားပေးစကားများ ပြောကြား ခဲ့ကြပါသည်။ ထို့နောက် တောင်ပေါ်မြို့ဖြစ်သော ဂျန်းတင်းမြို့သို့ သွားရောက် ညအိပ်ခဲ့ကြသည်။

၂၂.၁.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ယင်းတောင်ပေါ်မြို့ရှိ ကွမ်ယင်မယ်တော် ဘုရားကျောင်းကြီး သို့ သွားရောက်လေ့လာမှုများ ပြုခဲ့ပြီးနောက် မိုင် (၅ဝဝ) ကျော်ဝေးသော ပီနန်းမြို့သို့ ခရီးဆက်ခဲ့ကြ သည်။

၂၃.၁.၂ဝ၁၃ နံနက် (၉းဝဝ) နာရီတွင် ပီနန်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လေ့လာ ခဲ့ကြသည်။ ဦးကျော်သူနှင့်အဖွဲ့သည် ပီနန်းကျောင်းရှိ ကျောင်းထိုင်ပီနန်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ပညာဝံသအား သွားရောက်ဖူးမြော် ကန်တော့ခဲ့ကြသည်။ ထို့နောက် ပီနန်းမြို့ရှိ ပရဟိတအသင်းများ၊ မြန်မာမိသားစုများနှင့်တွေ့ဆုံကာ လှူဒါန်းထားသော ရင်းဂစ် (၁၃၇၂၃) အား လက်ခံရယူခဲ့ပြီး အဆိုပါ အခမ်းအနား ကုန်ကျစရိတ်ငွေအဖြစ် ရင်းဂစ် (၂ဝ၅ဝ) အား တိုက်အုပ်ဆရာတော် ဥူးဝိစိတ္တအား ပြန်လည် ပေးအပ်ခဲ့သည်။ ထိုမှဆင့် ပီနန်းမြို့ရှိ နာရေးကူညီမှုအသင်း (ပီနန်း)ရုံးခန်းသို့ သွားရောက်ကာ ဝှီးချဲများ နှင့် လူနာတင်ကုတင် တစ်လုံးအား အလှူလက်ခံ ရရှိခဲ့ကြသည်။

၂၄.၁.၂ဝ၁၃ ရက်နေ့တွင် ကပုန်းနာရေးကူညီမှုအသင်း၏ အစီအစဉ်ဖြင့် ဦးကျော်သူနှင့်အဖွဲ့သည် လန်ကာဝီကျွန်းသို့ ခရီးဆက်ခဲ့ကြပြန် သည်။ လန်ကာဝီကျွန်းရှိ ဒေသခံ ဦးကျော်ဝင်းနှင့် အဖွဲ့မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)နှင့် ကပုန်းနာရေးကူညီမှုအသင်းတို့အား ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ဒေသ စံတော်ချိန် ည (၁၁းဝဝ) နာရီအချိန်တွင် အလုပ်မှနား၍ ပြန်လာကြသော မြန်မာလူငယ်များတို့သည် ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့မှ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ၄င်းတို့၏ မေးမြန်းမှုများကို ရင်းနှီး ပွင့်လင်းစွာဖြင့် ပြန်လည်ဖြေကြားခဲ့ကြသည်။ ထို့နောက်  မြန်မာလူငယ်များသည် မိမိတို့၏ ချွေးနဲစာဖြင့် လုပ်ကိုင်ရရှိထားသော လုပ်အားခများဖြစ်သော မလေးရှားရင်းဂစ် (၂၃၈ဝ) အား စေတနာ ထက်သန်စွာ ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းမှုပြုခဲ့ကြပါသည်။ ဦးကျော်သူမှ ပြည်ပတွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာလူငယ်များအား စည်းကမ်းရှိကြရန်နှင့် ကိုယ့်လူမျိုး၏ ဂုဏ်သိက္ခာအား မြှင့်တင်ရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။ ဒေါ်ရွှေဇီးကွက်မှလည်း ဘဝတွင် အကျိုးရှိအောင် နေထိုင်နည်းများကိုလည်း ဘာသာတရား အခြေခံကာ ဆုံးမစကားများ ပြောကြားခဲ့ပါသည်။

 

၂၆.၁.၂ဝ၁၃ ရက်နေ့ ကွာလာလမ်ပူမြို့ ည (၈းဝဝ) နာရီအချိန်တွင် Save The Age သက်ကြီး ရွယ်အိုများစောင့်ရှောက်ရေးအဖွဲ့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) တွေ့ဆုံကျင်းပခဲ့သည်။ ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက်တို့မှ လူမှုရေးလုပ်ဆောင်ချက်များ၊ လူမှုရေးသမားများ၏ ခံယူချက်များအား ပြောကြား ခဲ့ပြီးနောက် Save The Age အဖွဲ့မှလည်း သက်ကြီးရွယ်အို အဖိုးအဖွားများအား ကူညီစောင့်ရှောက် ရခြင်း၏ ရည်ရွယ်ချက်များကို ပြန်လည်ပြောကြားခဲ့ကာ အမှတ်တရ တီရှပ်လက်ဆောင်များ ပေးအပ်ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူး၍ ည (၁ဝးဝဝ) နာရီအချိန်တွင် အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

၂၇.၁.၂ဝ၁၃ နံနက် (၉) နာရီအချိန်တွင် မလေးရှားနိုင်ငံရှိ အပြင်စည်းမဂ္ဂဇင်း၊ သတင်းကွန်ရက် ဂျာနယ်၊ ရွှေမြန်မာဂျာနယ်၊ ဂလက်ဆီဂျာနယ်၊ ခေါင်းလောင်းသံဂျာနယ်၊ သူရိယဂျာနယ်၊ မြန်မာ့မိတ်ဆွေ ဂျာနယ်၊ ဘောလုံးမင်းသားဂျာနယ်၊ မိုးကြိုးဂျာနယ် တို့မှ အယ်ဒီတာများ၊ သတင်းထောက်များနှင့် သတင်း စာရှင်းလင်းပွဲအား ကပုန်းနာရေးကူညီမှုအသင်းမှ ဦးစီး၍ ဂန္တဝင် စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ရာ သတင်းဂျာနယ်များမှ သိရှိလိုသော အကြောင်းအရာ မေးမြန်းချက်များအား ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် တို့မှ ရင်းနှီးပွင့်လင်းစွာ ဖြေကြားခဲ့ကာ နေ့လည် (၁၁းဝဝ) နာရီအချိန်တွင် အခမ်းအနားအား အဆုံးသတ် ခဲ့သည်။ ညနေ (၃းဝဝ) နာရီအချိန်တွင်  ကွယ်လွန်သူ ကိုစောမြင့် အသက် (၃၄) နှစ် (မြောက်ဦးမြို့) ၏ ရုပ်အလောင်းအား ကပုန်းနာရေးကူညီမှုအသင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့မှ ပူးပေါင်း၍စုပေါင်း သင်္ဂြိုလ်ပေးခဲ့ရာ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ်အားမောင်းနှင်၍ သံဃာတော်နှစ်ပါးနှင့်အတူ သရဏ ဂုံတင်ခြင်း၊ အမျှပေးဝေခြင်းတို့အားပြုလုပ်၍ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ပီဂျေသုဿန်တွင် ကျင်းပ ပြုလုပ်ပေးခဲ့ပါသည်။ ယင်းနောက် ကွာလာလမ်ပူမြို့ရှိ ဧက (၁ဝဝ) ခန့်ကျယ်ဝန်းသော ကလမ်မယ်ရူး သုဿန်သို့ သွားရောက်လေ့လာမှု များပြုလုပ်ခဲ့ကြသည်။ ထိုသို့လေ့လာရာတွင် အရိုးပြာထားရှိသော အုတ်နံရံများ၊ ရုပ်အလောင်းများ ထည့်ထားသော အုတ်ဂူများအပြင် သုဿန်တွင် ကုသိုလ် အကုသိုလ် အကျိုးဆက်တို့ကို ဖော်ကြူးထားသော ရေတံခွန်ကျောက်တောင် အဆောက်အဦးကြီးထဲမှ လှုပ်ရှားနေ သော ရုပ်ထုပြခန်းအား မြင်တွေ့ခဲ့ရသည်။ ညနေ (၆းဝဝ) နာရီအချိန်တွင် ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်း၏ နေအိမ်တိုက်ခန်းတွင် ကပုန်းအသင်းသူ/သားများနှင့် နှုတ်ဆက်စကားများမှာကြား ခြင်း အခမ်းအနားအား ကျင်းပခဲ့ရာ ဦးကျော်သူနှင့်အဖွဲ့တို့မှ လူမှုရေးသမားများ၊ လူမှုရေး အသင်းအဖွဲ့များ အတွက် အရေးကြီးသော ဆောင်ရန် ရှောင်ရန် ကိစ္စများအား အဓိကပြောကြားခဲ့သည်။

၂၈.၁.၂ဝ၁၃ ရက်နေ့ ဒေသစံတော်ချိန် (၂းဝဝ) နာရီတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွါခဲ့သည်။ အပြန်လေယာဉ် ခရီးပေါ်ဝယ် မလေးရှားနိုင်ငံရှိ လူမှုရေးအသင်း အဖွဲ့များ၏ မြန်မာပြည်သူ/သားများအတွက် ပေးဆပ်လုပ်ဆောင်ရမှုများ၊ တွေ့ကြုံဆက်ဆံနေရသော မလေးရှားနိုင်ငံ အစိုးရဝန်ထမ်းများ၊ သံရုံးနှင့် ဆက်သွယ်မှုပြုရာတွင် ကြန့်ကြာမှုများအား တွေးတောနေမိ သလို မလေးရှားနိုင်ငံရောက် မြန်မာပြည်သူ/သားများ၊ လူမှုရေးအဖွဲ့များ၏ ချွေးနဲစာတို့ဖြင့် သဒ္ဒါတရား ထက်သန်စွာ လှူဒါန်းခြင်းတို့အပေါ် မလေးရှားနိုင်ငံရှိ မျိုးဆက်သစ် ပရဟိတ လူငယ်အဖွဲ့၏ လက်ကမ်း စာစောင်မှ ရေးသားထားသော …

ယတြာနှင့်မလှူ သဒ္ဓါနှင့်လှူသည်။
တဏှာနှင့်မလှူ ပညာနှင့်လှူသည်။
စိတ်အကြံပေါက်ဖို့မလှူ။
နိဗ္ဗာန်ရောက်ဖို့လှူသည်။
ရှိလို့မလှူ သိလို့လှူသည်။
ရှိဖို့မလှူ သိဖို့လှူသည်။

ကိုယ့်ဖို့မလှူ သူ့ဖို့လှူသည်။ ဟူသော ကဗျာစာပိုဒ်အား ပြန်လည်မြင်ယောင်မိပြန်ကာ အကြောင်း အမျိုးမျိုးနှင့် အမိမြန်မာပြည်တွင်းမှ ထွက်ခွါခဲ့ရာ ပြည်ပနိုင်ငံအသီးသီးတို့တွင် ရောက်ရှိနေကြသော အလှူရှင် မြန်မာပြည်သူလူထုနှင့် အလှူရှင် လူမှုရေးအသင်းဖွဲ့များအပေါ် သာဓု၊ သာဓု၊ သာဓု ဟူ၍ အကြိမ်ကြိမ် ခေါ်ဆိုမိပြန်သည်။ အထူးအားဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော မျိုးချစ်မြန်မာ ပြည်သူလူထုတို့ ဖွဲ့စည်းတည်ထောင်ထားသော နာရေးကူညီမှုအသင်းများအနေဖြင့် အကူအညီပေးနေ ရသော နာရေးလမ်းကြောင်းများမှ မူးယစ်ဆေးဝါးသုံးစွဲ၍၄င်း၊ အရက်သေစာ သောက်သုံးခြင်းကြောင့်၎င်း၊ ဆိုင်ကယ်မှောက်ခြင်းကြောင့်၎င်း၊ ရထားကြိတ်ခံရခြင်းကြောင့်၎င်း၊ အချင်းချင်းခိုက်ရန်ဖြစ်၍၄င်း အချိန် မတန်ပဲနှင့် လူ့ဘဝထဲမှ ထွက်ခွါသွားသော လူငယ်လူရွယ်များ၏ ရုပ်အလောင်းများအား ကူညီဖေးမ သင်္ဂြိုလ်ပေးနေရခြင်းတို့သည် အမိမြန်မာနိုင်ငံအတွက် အင်မတန် အန္တရာယ်ကြီးမားကာ အနာဂတ် မျိုးဆက်လူငယ်လူရွယ်များ မကြွေသင့်ပဲ ကြွေလွင့်နေရခြင်းပဲဖြစ်သည်။ နာရေးကူညီမှုအသင်းများ အနေ ဖြင့် မည်သည့်နည်းလမ်း၊ မည်သည့်နေရာ၊ မည်သည့် အကြောင်းအချက်များဖြင့် သေဆုံးရစေကာမှု လူမျိုး ဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့အား ကူညီဖေးမ သင်္ဂြိုလ်ပေး နေရမြဲဖြစ်သည်။ ထို့ကြောင့် မသေသင့်ပဲ သေဆုံးနေရသော အရွယ်ကောင်း လူငယ်လူရွယ်များအဖို့ မကြွေလွင့် မသေဆုံးသင့်ကြရန်အတွက် ပြည်တွင်း/ပမှ မြန်မာမိသားစုများ၊ ပြည်သူလူထုအပေါင်းနှင့် စာပေပညာရှင်များ၊ ဂျာနယ်လစ်များ၊ တတ်သိ ပညာရှင်များ၊ ဆေးပညာရှင်တို့နှင့် အစိုးရပိုင်းမှ တာဝန်ရှိသူများ မြန်မာသံရုံးအဖွဲ့သားတို့ အတူလက်တွဲ၍ ပညာပေးခြင်းများ၊ သင်ခန်းစာပေးခြင်းများအား လုပ်ဆောင်သင့်ပါကြောင်း အသိတရား တစ်ခုရရှိခဲ့တော့ သည်။

မဖြစ်မှီက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန်နှင့် ပြည်ပနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွါ ခဲ့ကြသော အထူးအားဖြင့် လူငယ်လူရွယ်များအနေဖြင့် ကပုန်းနာရေးကူညီမှုအသင်း (၂) နှစ်ပြည့် အခမ်း အနာ တွင် ဥက္ကဌ ဦးဆန်းဝင်း ပြောကြားခဲ့သော ဘတ်စ်ကားများပေါ်တွင် ရေးသားထားလေ့ရှိသော “သင့်အား … သင့်မိဘ၊ သင့်မိသားစုများမှ အပြန်လမ်းခရီးကို စောင့်မျှော်လျှက်ရှိသည်” ဟူသော ပညာပေးစကားအား အထူးအလေးထားသင့်သည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ကာ မလေးရှား နိုင်ငံလူမှုရေး ခရီးစဉ်တစ်လျှောက် အဖက်ဖက်မှ အဆင်ပြေချောမောအောင် ကူညီပံ့ပိုးခဲ့ကြသော Datuk Dr.Richard Tan, Madan Jissica နှင့် ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်းနှင့် အသင်းသူ/ သားများနှင့် မလေးရှားနိုင်ငံ လူမှုရေးအသင်းအဖွဲ့များ မလေးရှားနိုင်ငံရောက် မြန်မာပြည်သူ/သားများ အားလုံးတို့ကို အထူးမှတ်တမ်းတင်ခဲ့ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts