သာဂိ သရော်စာ

ပြန်တော်ပျံတဦး၏ အာလူးမှတ်တမ်း (TheGeek)

ပြန်တော်ပျံတဦး၏ အာလူးမှတ်တမ်း

ပျော်တော်ဆက်သာဂိ၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၃ (Illustration – Cartoon Saw Ngo)

ဒီတလလည်း ရယ်စရာ၊ မောစရာရေးပါဆိုလို့ ရေးရပြန်ပြီ။ ကာတွန်းဆရာမောင်ဝဏ္ဏရဲ့ ဟိုးတခေတ်က ကြော်ငြာထဲကလို “၀တဲ့သူက ပိန်ချင်တယ်။ ပိန်တဲ့သူက ၀ချင်တယ်။ လူ့အလိုနတ်မလိုက်နိုင် …” ဆိုသလိုပေါ့။ ပြည်တွင်းက၊ ကမာရွတ်လိုင်းပေါက်သား သာဂိတို့က ပြည်ပကို သွားချင်တယ်။ “ပြည်ပရောက်”တွေက ပြည်တွင်းကို နေပြည်တော်ဘုရားဖူး ချင်ကြပြန်တယ်။

“ ပြည်တော်ပြန်တွေ ပြည်တော်ပြန်တွေ …” ဆိုပြီး ရန်ကုန်မဟာလေဆိပ်မှာ အုံးအုံးကြွက်ကြွက်နဲ့ ကြည့်ချင်ပွဲ လုပ်ပြပြီးတော့ နိုင်ငံခြားသွားဖို့ လေယျာဉ်ပျံလက်မှတ်ဖိုး၊ ပတ်စပို့ဖိုး စုရမလိုဖြစ်နေပြီ။ မိုးမခကလူတွေကတော့ ပြည်ပရောက်တွေဆိုပြီး အတော် ချာတူးလံတွေလို့ ဆိုရမယ်။ သူတို့ကလည်း လေယျာဉ်ပျံလက်မှတ်ဖိုးတွေ၊ ပတ်စ်ပို့တွေ တတ်နိုင်ဘူး …တဲ့ဗျ။ စပ်ဖြဲဖြဲနဲ့ဝန်ခံတယ်။ လှည်းတန်းထိပ်နဲ့ အင်ယားကန်စပ်လိုမျိုး ခြေကျင်လျောက်ပြန်လို့ ရတာမှ မဟုတ်ဘဲတဲ့။ သို့သော်လည်း တလောကတော့ ပြည်တော်ပျံတဦးနဲ့ သာဂိတို့ ဆုံခွင့်ရလိုက်ပါတယ်။ သူကတော့ လေယျာဉ်ပျံကြီး စီးလာတော့ ပြည်တော်ပျံပေါ့ဗျာ။ မော်တော်ကားစီးပြီး ပြန်ရတယ်ဆိုရင်ဖြင့် ပြည်တော်ကားတွေလို့ ခေါ်ရလေမလား။

သူက ပြည်ပမှာ အတော်ကြာပြီဆိုတော့ မြန်မာပြည်ကြီး ပြောင်းလဲတိုးတက်တာကို အတော် ရင်သတ်ရှုမောဖြစ်တယ်။ နှောင်းနောင်တလို့ ဆိုမလား၊ အတော်လည်း သူ့ကိုယ်သူ ၀မ်းနည်းပက်လက်လည်း ဖြစ်ရှာတယ်။ ပြည်တွင်းမှာလည်း လက်သီးလက်မောင်းတန်း၊ ပြည်ပရောက်တော့လည်း လက်သီးလက်မောင်းက တန်းလန်း တန်းလန်းဆိုတော့ ခေတ်ကြီးပြောင်းသွားတဲ့ဆီမှာ သူကိုယ်တိုင်က အတော်နောက်ကျ ကျန်ရစ်တာကလား။

“သာဂိရာ … လူကြီးသူမတွေမှာခဲ့သလို ပညာတတ်ကြီး၊ ပညာရှိကြီး၊ လုပ်ငန်းရှင်ကြီး၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ဘာကြီး ညာကြီး ဖြစ်အောင်မလုပ်ခဲ့မိတာ နာသကွာ … တဲ့။ အခုတော့ ငါ့မှာ နေရာတကာ ဆန့်ကျင်ရ၊ ကန့်ကွက်ရတာတွေချည်း အကျင့်ပါနေတော့ ခေတ်နဲ့ စနစ်နဲ့ညီအောင် ခေါင်းလည်း မညိမ့်တတ်၊ သွားဖြဲပြီးလည်း မပြုံးတတ် အတော် ဒေါင့်မကျိုးဖြစ်နေပြီ တဲ့။ စုထားတဲ့ ဒေါ်လာကျပ်တန်လေးတွေကလည်း မင်းတို့မြန်မာငွေလွှဲတွေက လက်မခံတော့ အမေရိကန်ဒေါ်လာတောင်မှ မြန်မာပြည်မှာ အဆင့်အတန်းခွဲခံနေရတဲ့ အဖြစ် …” ဆိုပြီး ငြီးရှာပါတယ်။

သူက ငြီးလွန်းအားကြီးလွန်းတာမို့ ပြည်တော်ပျံကို အံ့အားတသင့်ကြည့်မိပါတော့တယ်။ သူတို့က နေရာတကာကို ဒေါ်လာငွေလွှဲဈေးနဲ့ တွက်ချက်ပြီး ချင့်ချိန်စားသောက်နေရရှာတာပါကလား။

“ဆိုင်ကြီးပေါ်မှာ မုန့်ဟင်းခါးသွားစားတာ ငွေ ၁ သောင်း၊ ဒါဆို ၁၃ ဒေါ်လာတောင် ကျတယ်။ ဟိုမှာဆိုရင် ၄ ဒေါ်လာလောက်နဲ့ အမေရိကန်ဘာဂါ စားလို့ရတယ်။ …”

 ဒါမျိုးတွေ သိပ်ပြောတာခင်ဗျ။ ဟိုမှာ သူတို့တတွေ အတော်ကို ချောင်ချောင်လည်လည် စားသောက်နေထိုင်နေကြတဲ့တလစာဆိုတာက သည်မှာ သာဂိတို့မြန်မာတွေအတွက် တနေ့စာ သုံးဖြုံးသလောက် ရှိတာဆိုတော့ သူ့ခင်မျာအတော် အားငယ်တာပေါ့လေ။ သူ လွန်ခဲ့တဲ့ ဆယ်စုနှစ်တနှစ်၊ ပြည်ပကိုထွက်ခါလာစ မြန်မာငွေနဲ့ အကုန်တွက်ပြီး ခြိုးချန်ခဲ့ရတဲ့အကြောင်း စားမြုံပြန်ပြပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဟိုမှာ ကွေးသယိုလေးသောက်ဖို့  မြန်မာငွေနဲ့ဆို အများကြီးပဲဆိုပြီး မြိုမကျခဲ့တဲ့အကြောင်း ၀မ်းပမ်းတနည်း ပြောရှာသေးသဗျ။ ခုတော့ ငဖယ်က ပြောင်းပြန်ဖြစ်ပြီး သည်မှာ စားမယ့် မုန့်ဟင်းခါးတ၀ိုင်းစာ ငွေ ၁ သောင်းဆိုတာ ဟိုမှာ ၁၃ ဒေါ်လာကြီးများတောင်ဆိုပြီး နှမြောတသဖြစ်နေပါလေရောလား။

နောက်ပြီးတော့ သူ့ကို ပြည်တွင်းက ရဲဘော်တွေက အထင်တွေ လွှတ်ကြီးကြတာကို အတော် အခံရခက်ကြောင်းလည်း ဖော်ထုတ်ဝန်ခံရှာပါတယ်။ ပြည်ပမှာ မြန်မာပြည်ရဲ့တိုင်းပြည်အရေးကို စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့တာတွေကြောင့် ပြည်တော်ပျံမှာ ဆုတွေ၊ တံဆိပ်တွေ၊ လာဘ်လာဘတွေ၊ ချီးမြှင့်မှုတွေ၊ ဘာတွေ ညာတွေ အများကြီး နှစ်စဉ် လစဉ် ရနေမှာပဲဆိုပြီး ထင်နေကြတာတဲ့ဗျ။ သူတို့တွေက ရေဒီယိုသတင်းတွေမှာကလည်း ပြည်တွင်းက သူရဲကောင်းတွေကို ဆုတွေ လာဘ်တွေ ချီးမြှင့်နေကြတာက အလျံပယ်မဟုတ်လား။ ဆိုတော့ ပြည်ပက မြန်မာ့အရေးတက်ကြွသူတွေထဲက အဲသည်ပြည်တော်ပျံ မောင်သောင်းဖေခင်ဗျာမှာလည်း ဆုတွေ တံဆိပ်တွေ အလျံပယ်ဖြစ်မှာဆိုပြီး ပြည်တွင်းက ရဲဘော်တွေက မုန့်ဖိုးတွေလာတောင်း၊ ဆုတံဆိပ်တွေ ထုတ်ပြခိုင်းပြီး ဓာတ်ပုံရိုက်ကြမယ် တကဲကဲ လုပ်ကြလွန်းလို့ သူ့မှာ တောင်းပန်ရ ဖြေရှင်းရနဲ့ မျက်နှာငယ်ရကြောင်း ပြောရှာပါသေးရဲ့။

“ငါတို့ဆီမှာက သူများအရေး၊ ဟိုအရေး၊ ဒီအရေးက လူတိုင်းလုပ်နေကြတာကွာ။ ခွေးတွေ ကြောင်တွေ အရေးဆိုလည်း ဒီကလူတွေက ပါကြတာပဲ။ ဟိုကုလားမလေးကို ပစ်လို့ဆိုလည်း ပါတာပဲ။ တိဗက်က ဘုန်းကြီးတွေ မီးရှို့ပြီဆိုလည်း လူတွေက ၀င်ပါပြန်တာပဲ။ မြန်မာပြည်အရေးလည်း ငါတို့ဆီမှာက အကြောက်အလန့်မရှိ ကိုယ်ထူကိုယ်ထ ကိုယ့်ထမင်းကိုယ်စား ၀င်ပြီးဝိုင်းပြီး လုပ်နေကြတာဆိုတော့ ဘာမှ မဆန်းဘူးကွ။ အဲသည်လို သူများကိစ္စ၀င် လုပ်နေတာအတွက် ထူးပြီး ချီးမြှင့်နေတာလည်း ရှိပါဘူးကွာ။ ဒီကနေ ချီးမြှင့်တယ်ဆိုတာက မြန်မာပြည်တွင်းက စွန့်လွှတ်စွန့်စားတဲ့သူတွေကို ဂုဏ်ပြုကြတာလေ။ ပြည်ပကလူတွေမှာ ဘာခံစားခွင့်တွေ ထူးပြီး ရမှာလဲ၊ ဂုဏ်ပြုခံရမှာလဲ။ အဲဒါကို ငါတို့တတွေလည်း ဆုတွေ၊ လာဘ်တွေ ရမှာပဲဆိုပြီး တဖက်သတ်အထင်ကြီး၊ မုန့်တွေ ကျွေးခိုင်း၊ မကျွေးနိုင်တဲ့အကြောင်း ရှင်းပြတော့လည်း ငါတို့တွေက ကပ်စေးနဲတယ်၊ လှည့်ုဖြားတယ် ဘာညာနဲ့ စွတ်စွဲကြသဗျ” လို့ ပြည်တော်ပျံက ပြောရှာပါတယ်။

သာဂိကလည်း ဒီကောင်ကြီး ပြည်ပမှာ မြန်မာပြည်ကြီးဗန်းပြ၊ ဆန်တောင်းလို့ အတော်ဟုတ်နေတယ် ထင်တာ သူပြောတော့မှပဲ အတော်ညံ့တဲ့အကောင်တကောင် ဖြစ်နေမှန်း သိရပါတော့တယ်။ သူထက် တော်တဲ့သူတွေကတော့ မြန်မာပြည်မှာ အတော်အစောကတည်းက ဆန်ဆိုင်ကြီးတွေ လာဖွင့်ရုံတင်မကဘူး အဲသည်ဆန်ကို ပြန်ချက်ပြုတ်ပြီးတော့ ဒေါ်လာနဲ့ ရောင်းတဲ့ ထမင်းဆိုင်တွေတောင် ဖွင့်နေတာကိုတော့ ထုတ်ပြောမပြတော့ပါဘူးလေ။ သနားလို့။

ပြည်တော်ပျံဆိုတိုင်းလည်း ပြည်တွင်းကသာဂိတို့လောက် လူရည်မလည်တာကိုလည်း တွေ့ရပါသေးတယ်။ အိုဘားမားတို့၊ ဟယ်လာရီကလင်တန်တို့၊ ဘဘဦးသိန်းစိန်တို့၊ အန်ကယ်ကြီး ရွှေမန်းတို့၊ အမေစုတို့နဲ့ သာဂိတို့ တမိသားစုလုံးက ဓာတ်ပုံတွေ တွဲရိုက်ထား၊ လက်မှတ်တွေ အော်တိုတွေ အော်ရှည်တွေ ထိုးထား သိမ်းထားတာမျိုး သူတို့မှာ မရှိရှာတာလည်း သနားစရာပါကလား။ တဆိတ်ရှိ ဘဘသိန်းစိန်ဆီ စာတင်ပြီး တိုင်လိုက်မယ်တို့၊ အမေစုကို လှမ်းပြီး တိုင်ပြောလိုက်မယ်တို့ ဆိုတာမျိုး သူ့မှာ ပြောအားမရှိရှာပါဘူး။

“ငါတို့ကတော့ ကိုယ့်ရပ်ကွက်ထဲက ပြသနာ ရပ်ကွက်နဲ့ ရှင်းတာပါပဲကွာ။ ရဲတိုင်စရာရှိ ရဲတိုင်ပေါ့။ မကျေနပ်ရင် သူနေရာနဲ့သူ အဖွဲ့အစည်းတွေ၊ ဘာတွေနဲ့ ဆွေးနွေးပေါ့။ တဆိတ်ရှိ အိုဘားမားဆီ စာရေးလိုက်မှာနော်တို့ ဘာတို့လည်း မလုပ်ဖြစ်ပါဘူး။ အဆင့်ဆင့် ဖြေရှင်းစရာတွေ ရှိတယ်။ အခု မင်းတို့ဆီမှာက ရွာထဲဈေးခေါင်းနဲ့ ဈေးသည် ရန်ဖြစ်တာလည်း နိုင်ငံတော်သမ္မတကြီး ကယ်ပါ။ ပြည်တွင်းစစ်ဖြစ်နေတော့လည်း နိုင်ငံတော်သမ္မတကြီး ကယ်ပါ ဆိုတာတွေချည်း ဖြစ်နေတော့ ဘယ်လိုလုပ်ပြီးတော့ ခွဲဖြာဖြန့်ကျက်တဲ့ စနစ်ကို ကျင့်သုံးနိုင်မှာလဲ။ မင်းတို့တွေကိုယ်တိုင်က ဗဟိုဦးစီးတာကိုပဲ အကျင့်ပါပြီး စွဲလန်းနေသလို ဖြစ်မနေဘူးလား” ဆိုပြီး သာဂိတို့ ဥာဏ်မမီတဲ့ ပဟေဠိတွေ ထုတ်ပြန်ပါသေးတယ်။

ရေများရာ မိုးရွာ၊ မီးများရာ လျပ်စစ်မီးပြည့်၊ လူကြီးနဲ့ နီးရာ အင်တာနက်မြန် ဆိုတဲ့ ခေတ်မီ ဖွံဖြိုးတိုးတက်တဲ့ မြန်မာနည်းမြန်မာ့ဟန်ဒီမိုကရေစီ ခေတ်ပြောင်းနိုင်ငံတော်ကြီးရဲ့ အလံတော်အောက်မှာ ပြည်တော်ပျံဂျီးခင်ဗျာလည်း ကြာရှည်လေးမြင့် မနေနိုင်ရှာလို့ တလောကပဲ ပြန်သွားရှာပါတယ်။ မပြန်ခင်မှာ လမ်းဘေးက ပေါချောင်ကောင်း ထမင်းဆိုင်လေးမှာ သူတို့ဒေါ်လာဈေးနဲ့ တွက်ကြည့်ရင် အလွန်တန်တဲ့ အမေရိကန်လမ်းဘေးစာရဲ့ဈေးနှုန်းအဆင့်မီ စားသောက်ဖွယ်ရာများကို ကျွေးမွေးပြီး နှုတ်ဆက်လိုက်ပါသေးတယ်။

“ငါက ဒီပဲယင်းသားဆိုတော့ ဒီပဲယင်းပြန်ပြီး သူ့အတိုင်းအတာနဲ့ ဒီမိုကရေစီလေး ဘာလေး ထူထောင်ချင်တာ လုပ်ချင်တာပေါ့ကွာ။ ဟိုက ရပ်မိရပ်ဖတွေ ရဲတွေ ပုလိပ်တွေနဲ့ ပြန်လည် ပေါင်းထုတ်ပြီး ကိုယ့်ရွာလေး ကိုယ်ပြန်နေမှာပေါ့။ ပြီးမှ မြို့ပေါ်တက်ပြီး ဟောသင့်၊ ပြောသင့်လည်း ဟောပြော၊ တောင်းသင့်ဆိုသင့်လည်း တောင်းဆိုဖို့ပဲ စဉ်းစားတာပါ။ အခုဟာက ကိုယ့်ရွာကို မပြန်ခင် မြို့ပေါ်မှာတင် စာရိတ်တွေ အတော်ထောင်းတာနဲ့ ငါလည်း နောက်တခေါက်မှ ရွာအရောက် တန်းပြန်ဖို့ ကြိုးစားရမှာပဲ သူငယ်ချင်းရာ။ မြို့ပေါ်မှာတော့ ၁၃ ဒေါ်လာတန် မုန့်ဟင်းခါးစားလိုက်၊ မစားရ ၀ခန်း လေပန်းလိုက်နဲ့ ငါ့ရွာကလေးဆီ မရောက်ခင် မြားကုန်၊ အဲလေ လေကုန်၊ အာလူးတွေ ကုန်ခဲ့ပြီ ” လို့ သူက နှုတ်ခွန်းဆက်စကားပြောသွားရှာပါရဲ့။

ကွယ်လွန်သူ ဒီမိုကရေစီသူရဲကောင်း၊ စာရေးဆရာ၊ တပ်မတော်သားဟောင်း၊ မောင်သော်က ကတော့ “ပင်စင်နာတဦး၏ အာလူးမှတ်တမ်း” လို့ ရေးဖူးတယ်။ သူ့ခေါင်းစဉ်ကို အားကျပြီး ပြည်တော်ပျံတဦးရဲ့ အာလူးမှတ်တမ်းလို့ ခေါင်းစဉ်ပေးမယ် စိတ်ကူးတယ်။ သူပြောတာတွေကတော့ နောင်တခါ သူ့အပျံမှာ အကောင်အထည်ဖြစ်ကောင်းပါရဲ့လို့ စဉ်းစားမိတယ်။ သာဂိအတွက် အမေရိကန်ပြည် အလည်အပတ်ခေါ်တဲ့ စပွန်ဆာဗီဇာလေး ပို့ပေးလိုက်ဖို့ကတော့ အာလူးမဖြစ်လောက်ဘူး ထင်မိပါရဲ့။         ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts