တူမောင်ညို သူတို့အာဘော်

အကြွေးသစ်ယူပြီး ကြွေးဟောင်းဆပ်ရတာကို ဂုဏ်ယူနေတဲ့ သမ္မတ(ဗိုလ်) ဦးသိန်းစိန် (Tu Maung Nyo)

အကြွေးသစ်ယူပြီး ကြွေးဟောင်းဆပ်ရတာကို ဂုဏ်ယူနေတဲ့ သမ္မတ(ဗိုလ်) ဦးသိန်းစိန်

တူမောင်ညို၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၃

သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ဘဝက “ခေတ်အဆက်ဆက်တင်ခဲ့တဲ့ ကြွေးဟောင်း”ကို “ကြွေးသစ်ချေး” ပြီး လက်လွှဲဆပ်လိုက် နိုင်တာကို “သတင်းကောင်း” တစ်ခုအဖြစ် ကြံဖန်ဂုဏ်ယူရတဲ့ဘဝမျိုးပါလားဗျာ။

          တကယ်တော့ ကြွေးဟောင်းမဆပ်နိုင်တော့လို့၊ နောက်ထပ်လည်း ကြွေးသစ်ထပ်မယူနိုင်တဲ့ အတားအဆီးကို ကျော်လွှားနိုင်ဖို့ ကြွေးသစ်ထပ်ယူနိုင်အောင် မြီရှင်နိုင်ငံတွေက “ကြွေးလွတ်ငြိမ်းသက်သာခွင့်”ပေးတဲ့သဘောဖြစ်ပါတယ်။

 ကြွေးဟောင်းဆပ်မှ ကြွေးသစ်ထပ်ချေးနိုင်မှာမဟုတ်လား။

          အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံ တင်နေတဲ့ ကြွေးဟောင်း အမေရိကန်ဒေါ်လာ ၅၁၂ သန်းကို ဆပ်ဖို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်  (JICB) ဆီကနေ (Bridge loan) “ပေါင်းကူးချေးငွေ” အမေရိကန်ဒေါ်လာ ၅၁၂ သန်းယူပြီး အကြွေးဆပ် တာသာဖြစ်ပါတယ်။ “ဘယ်ဖက်”မှာတင်တဲ့ကြွေးကို “ညာဘက်” ကချေးယူတဲ့ ချေးငွေနဲ့ လက်ပြောင်းပြီးဆပ်တဲ့သဘောဖြစ်ပါတယ်။

“အဆင်းရဲဆုံး LDC နိုင်ငံများစာရင်းမှ ရုန်းထွက်နိုင်ရေးအတွက် ပထမခြေလှမ်းအဖြစ်ရရှိတဲ့ တိုးတက်မှု” တဲ့။ အဲဒီလို ကြွေး ဟောင်းပေးပြီး၊ ကြွေးသစ်ယူနိုင်တော့မယ့်ကိစ္စဟာ သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအတွက် “အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခု” စတင်နိုင် ခဲ့တာတဲ့ခင်ဗျ။

ဒါ့အပြင် မဆီမဆိုင် “အောင်ဆန်းအက်တလီစာချုပ်” ချုပ်တဲ့နေ့ (၂၇ ဇန်နဝါရီ)နဲ့ တိုက်ဆိုင်နေတာကိုပဲ၊ သူ့ခမျာ ရှာကြံပြီး “အရေးပါတဲ့နေ့အဖြစ်မှတ်တမ်းတင်ကျန်နေရစ်မှာဖြစ်တယ်” ဆိုပြီး ဟိတ်ဟန်ထုတ်နေရတယ်။ လွတ်လပ်ရေးနဲ့အတူ ဗြိတိသျှကိုလိုနီ အစိုးရရဲ့ကြွေးတွေကို (ဖဆပလ)အစိုးရ ဆက်ခံခဲရတာကိုများ ရည်ညွန်းပြောဆိုချင်တာများလားမသိဘူးခင်ဗျ။

          ဒါ့အပြင် “တရုတ်၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ထိုင်း၊ မလေးရှား” တို့လည်း အကြွေးယူရတာပဲဆိုပြီး ကိုယ်အမြှီးပြတ်တာကို အခြားသူများနဲ့လည်းကြေးတန်းညှိပြထားပါတယ်။ အဆိုပါနိုင်ငံများက နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီနဲ့ချေးငွေတွေယူခဲ့ပေမယ့် အဲဒီငွေ တွေ၊ အကူအညီတွေနဲ့သူတို့ တိုင်းပြည်ဖွံ့ဖြိုးအောင်၊ တိုးတက်အောင်လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံက အုပ်စိုးသူ အစိုးရအဆက်ဆက်က တော့ ကိုယ့်အိတ်ကပ်ထဲ ကိုယ်ထည့်ခဲ့ကြတာဖြစ်ပါတယ်။

          “ခေတ်အဆက်ဆက်က တင်ကျန်ခဲ့တဲ့အကြွေး” ဆိုပြီး သွားလေသူ အစိုးရအဆက်ဆက်ဖြစ်တဲ့ (ဖဆပလ) (မဆလ) (နဝတ-နအဖ) တို့ကိုနဲ့ တွဲလိုက်ပါသေးတယ်။ အမွေခံဆိုတာမှာ ကောင်းမွေဆိုးမွေးခံကြရမှာပေါ့။

          (ဖဆပလ)အစိုးရ ကလည်း “လူတစ်ကိုယ်တိုက်တစ်လုံး၊ ကားတစ်စီး၊ ဝင်ငွေ ၈၀၀” ရစေရမယ်ဆိုပြီး၊ “ပြည်တော်သာရမည်” လို့ ကြွေးကြော်ခဲ့ဖူးတာပါပဲ။ နောက်ဆုံးမှာ ခြတောထဲ ထင်းရှူးသေတ္တာချလိုက်သလို အဟောသိကံဖြစ်ခဲ့ရပါတယ်။ ပြည်တော်သာတဲ့ ဘဝမရောက်ဘဲ၊ “ပြည်တော်မသာ” တဲ့ဘဝကျရောက်ခဲ့ရပါတယ်။

ဗိုလ်နေဝင်း(မဆလ)ပါတီအစိုးရကလည်း“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ဆိုရှယ်လစ်လောကသစ်”ကို ချီတက်ခဲ့ရာမှာ တိုင်းပြည် ဆင်းရဲပြည်သူမွဲဖြစ်ခဲ့ရပြီး၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝရောက်ခဲ့ရတယ်။

(နဝတ-နအဖ) စစ်အစိုးရ အုပ်စိုးခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလမှာ “ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီး” ဆိုတာ ကလည်း ကြွားလုံးမျှသာဖြစ်ခဲ့ပါတယ်။ ထူးမခြားနား ဒုံရင်း၊ ဒုံရင်းပါပဲ။ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ပြည်သူတွေဟာဆင်းရဲမြဲဆင်းနေဆဲပဲဖြစ်ပါတယ်။

ဒါ့အပြင်  တိုင်းရင်းသားပြည်သူများဟာ (နဝတ-နအဖ)စစ်အစိုးရအုပ်စိုးခဲ့တဲ့ နှစ်ပေါင်း၂၀ကျော်ကာလ အတွင်းမှာ (ဖဆပလ)၊ (မဆလ)ခေတ်တွေမှာ မကြုံဖူးခဲ့တဲ့၊ အတွေ့အကြုံသစ်ဖြစ်တဲ့၊ တိုင်းပြည်ကနေထွက်ပြီး အိမ်နီး၊ အိမ်ဝေးနိုင်ငံတွေဆီကိုအလုပ်သမားတွေ  အဖြစ် အုံနဲ့ကျင်းနဲ ထွက်ခွာကြရတဲ့ဘဝကိုဆိုက်ရောက်ခဲ့ရပါတယ်။

(ဖဆပလ)၊ (မဆလ)၊ (နဝတ-နအဖ) ခေတ်တွေမှာ ပြည်သူတွေဟာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသလို ဆင်းရဲမြဲဆင်းရဲပြီး၊ မွဲတေနေခဲ့ပေမယ့် (ဖဆပလ) (မဆလ) (နဝတ-နအဖ) စစ်အစိုးရထိပ်သီးတွေ၊ သူတို့နဲ့ အမြီးစားဖက်ခေါင်းစားဖက်၊ လိုင်စင်သူဌေးတွေ၊ “တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်” ဆိုသူတွေ၊ခရိုနီတွေသာ ကျိကျိတက်ချမ်းသာခဲ့ကြပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေး အသက်သွေးကြောမှန်းသမျှ သူတို့ကိုယ်တိုင် သို့မဟုတ် သူတို့ သားသမီးတွေ၊ ခရိုနီတွေက အုပ်စီး ထားကြပါတယ်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန် အနေနဲ့ အဖြစ်မှန်တစ်ခုကို အခုလို ဖော်ထုတ်ဝန်ခံသွားတာလည်း သတိပြုမိလိုက်ပါတယ်။

“ပြည်သူအများစုဟာ စာဝတ်နေရေးအတွက် တစ်ဘဝလုံး ပင်ပန်းကြီးစွာ ရုန်းကန်ဆောင်ရွက်ရပါတယ်။ ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေးလုံခြုံစေမယ့် ကိုယ်ပိုင်အိမ်တစ်လုံးတောင်မှ မပိုင်ဆိုင်နိုင်ဘဲ ချို့တဲ့စွာနေထိုင်ရတဲ့အခြေအနေမျိုးတွေ ရှိနေပါတယ် တဲ့”  

သမ္မတ(ဗိုလ်) ဦးသိန်းစိန်ရဲ့ အခုလိုဖေါ်ထုတ်ဝန်ခံသွားတဲ့အချက်ဟာ (ဖဆပလ)ခေတ်၊  (မဆလ)ခေတ်၊  (နဝတ-နအဖ) စစ် အစိုးရခေတ်နဲ့ ယနေ့ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ ခေတ်အထိ ခေတ်အဆက်ဆက်မှာ ပြည်သူအများစုကြီးကြုံတွေ့ခဲ့ကြ ရတဲ့ လက်တွေ့ဘဝဖြစ်ပြီး၊ ခေတ်အဆက်ဆက် ဆင်းရဲတွင်းက ရုန်းမထွက်နိုင်ခဲ့ဘဲ၊ တစ်ခေတ်ထက်တစ်ခေတ် ဖွတ်သထက် ညစ်လာရတဲ့၊ လှော်ရင်းနစ်ခဲ့ရတဲ့ နာကျင်စရာကောင်းလှတဲ့ ဖြစ်ရပ်မှန်ပဲဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်မှန်နဲ့အပြိုင်တည်ရှိနေတဲ့ အခြားဖြစ်ရပ်မှန်များကတော့ ခေတ်အဆက်ဆက် ပြည်တွင်းစစ်ကြီး ဆက်လက်ဖြစ်ပွား တည်ရှိနေတာ၊ အုပ်စိုးသူအဆက်ဆက်ဟာ ပြည်တွင်းစစ်နဲ့စီးပွားဖြစ်ခဲ့၊ စီးပွားတက်ခဲ့ကြတာ၊ မှားယွင်းတဲ့ပေါ်လစီနဲ့စီမံခန့်ခွဲမှုတွေ ကို အတောမသတ်လုပ်ဆောင်ခဲ့ကြတာနဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို တရားဝင်လုပ်ငန်းတစ်ခုသဖွယ် လုပ်ဆောင်ခဲ့ကြတယ်ဆိုတဲ့ ဖြစ် ရပ်တွေပဲဖြစ်ပါတယ်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရလက်ထက်မှာလည်း စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်သစ်တွေရဲ့ မိသားစုတွေနဲ့ ခရိုနီတစ်စုသာ တိုင်းပြည်ရဲ့အသက်သွေးကြောလုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ်ပိုင်ဆိုင်ထားကြပြီး၊ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာနေတာဖြစ် ပါတယ်။  ပြည်သူလူထုအများစုကြီးကတော့ ကုန်းကောက်စရာမရှိ အောင်မွဲတေနေဆဲဖြစ်ပါတယ်။

တိုင်းပြည်လူဦးရေရဲ့လူများစုကြီးဖြစ်တဲ့၊ အဓိကလုပ်သားအင်အားစုဖြစ်တဲ့ တောင်သူလယ်သမားများအတွက် လယ်ယာ အမတော် ကြေး(စိုက်ပျိုးစရိတ်ချေးငွေ) လုံလောက် ပြည့်မီအောင်ထုတ်ချေးနိုင်ခြင်းမရှိသေးတဲ့  သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရ ဟာ ဆင်းရဲမွဲတေမှုကို ဘယ်လိုများလျှော့ချမှာလိမ့်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝကနေ ဘယ်လိုရုန်းထွက်မှာပါလိမ့်။

သမ္မတ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရလက်ထက်မှာလည်း ပြည်တွင်းစစ် ဆက်လက် တည်ရှိနေပါတယ်။ မှားယွင်းတဲ့ ပေါ်လစီနဲ့ စီမံခန့်ခွဲမှုတွေဆက်လက်တည်ရှိနေပါတယ်။ အကျင့်ပျက်လာဘ်စားမှုတွေလည်းတည်ရှိနေဆဲဖြစ်ပါတယ်။

 ဒီကိစ္စတွေကို ပြီးပြတ်ပြေလည်အောင်ဖြေရှင်းခြင်းမရှိလျှင်  ဆင်းရဲတွင်းကနေ လွတ်ကင်းဖို့ မဖြစ်နိုင်ပါ။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝကနေရုန်းထွက်နိုင်လိမ့်မည်မဟုတ်ပါ။

ညွန်း –  သမ္မတဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း ၊ မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်

– “ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံအပေါ်တင်ရှိနေသော အာရှဖွံ့ဖြိုးရေးဘဏ်၏ ကြွေးမြီများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်” မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈၊

(Photo – Thein Sein with victims from Cyclone Nargis, 2008)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “အကြွေးသစ်ယူပြီး ကြွေးဟောင်းဆပ်ရတာကို ဂုဏ်ယူနေတဲ့ သမ္မတ(ဗိုလ်) ဦးသိန်းစိန် (Tu Maung Nyo)
  1. Great writing:
    agree with author.;
    one of the best writings of yours.

    Chee Lite, Pyan Sat Lite ( or being waived ) , Htat Chee Lite, .. HOw many years on ?

    How many years on ? Pyaw dawt.. ‘ shwe Myanmar, Golden Land, Myanmar TATTEET, Myanmar Kwa ‘
    ‘ We will invade Japan , because that japan slapped our Myanmar girl ‘ ..
    all those stupid commenters and Sauk Ah Sint Ah Tan Ma Sheet Taw Thu Tway.

    all paper tigers and even they themselves do not have enough jobs and income to feed their OWN FACE.

    Sauk Kyway Chee Bae. they do not know how to do marketing? how to feed the whole country ? how to get Capital Reserve? How to improve industries ? How to improve culture, music, education ‘
    Music ? …………95 % are stolen and and ever some one said ‘ I wrote these songs. ‘ ..

    Taw Par P, Ma Pyae Chin Par Bu.. it has been for years and ages. U Thein Sein and D A S S K and others can do only ‘ foundation ‘ . that foundation is to be followed and maintained consistently in sustainable ways. don’t just listen to that bloody ‘ adviser ‘ s words ‘ wE will be rich in 10 years ‘ etc. . bloody misleading the country and people.

    Good writing T M Nyo. this one. I don’t want to dominate ur article with my comment. I will stop now.

  2. အကြွေးသစ်ယူပြီး ကြွေးဟောင်းဆပ်ရတာကို ဂုဏ်ယူနေတဲ့ သမ္မတကြီး ဦးသိန်းစိန်ကိုပြောချင် တာကတော့ အစိုးရ အဖွဲ့ အတွင်းမှာ သူ့ လူ ကိုယ်လူ ခွဲခြားမှုမရှိဘဲ အရေးယူမှုတွေကို လုပ်ဆောင်သင့်တယ်လို့ ထင်မြင်မိတယ်။ ကိုယ်တပည့်ဆိုရင် အရမ်း cover ပေးတာတွေရပ်သင့်ပြီ၊

Comments are closed.