သတင်းပဒေသာ

ပြည်သူမကြိုက်တဲ့အမိန့်တွေ ဖျက်ပြီ

မိုးမခ
ဇန်န၀ါရီ ၂၉၊ ၂၀၁၃
  သမတဦးသိန်းစိန်မှ ပြည်သူအများပေါ် ချုပ်ချယ်ကန့်သတ်ထားသည့် အမိန့်အမှတ် ၂/ ၈၈ အား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

အဆိုပါအမိန့်သည် ယခင်အစိုးရဟောင်းဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ၁၉၈၈၊ စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ကာလအချိန်မှာတော့ ခေတ်ကာလနှင့် ကိုက်ညီမှုမရှိတော့သည့်အတွက် သမတမှ ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ယခုကဲ့သို့ ဒီမိုကရေစီခေတ်မှာ ကန့်သတ်ရန်လိုနေတဲ့ ဥပဒေတွေကို  ဖျက်သိမ်းလိုက်မှုအပေါ်မှာ  ကန့်သတ်ကြိုဆိုတဲ့အကြောင်း၊ ထို့အပြင် ကျန်ရှိနေသေးတဲ့ ဒီလို ဥပဒေတွေကို ဆက်လက်ရုပ်သိမ်း ဖျက်သိမ်းဖို့ လိုကြောင်း ပြောဆိုခဲ့ပါတယ်။

အမိန့် ၂/၈၈ (ခ) တွင် ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်လို
သော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ လူ (၅) ယောက်နှင့် အထက်ပို၍ လမ်းများပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းမည်သူမျှ မပြုရဟုပါရှိသည်။

(ဂ) တွင် မည်သည့်နေရာတွင်မျှ သပိတ်စခန်းဖွင့်ခြင်း၊ ဆူပူလှုံ့ဆော်လိုသော ရည်ရွယ် ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူစုလူဝေး
ပြုလုပ်ခြင်း၊ စုရုံးခြင်း မည်သူမျှ မပြုလုပ်ရ ဟုပါရှိကြောင်းသိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts