ဇန်န၀ါရီ ၂၉၊ ၂၀၁၃
ဒီလိုနဲ့ မတ်လရောက်လာပြန်ပြီ..။ မနှစ်က မတ်လမှာ စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော်ကျဆုံးခဲ့တဲ့ အရေးတော်ပုံနေ့မို့ ဖုန်းမော်နေ့ကို တခမ်းတနားကျင်းပဖို့ ကျောင်းသားလူငယ်တွေ စိုင်းပြင်ကြပါတယ်။ ပေါင်းတည်မှာ ကျောင်းသားတွေက လူ့ဘောင်သစ်ပါတီ အနေနဲ့ ဦးဆောင်ပြီး သီချင်းဆိုပွဲ လုပ်ပါတယ်။ သူတို့ပုံသဏ္ဍာန်လေးကလည်း နှစ်ခြိုက်စရာပါ။ ခရစ်စမတ်ပွဲတော်မှာ ခရစ်ယာန်လူငယ်တွေ လုပ်သလို ဂီတအဖွဲ့တခုနဲ့ ကိုယ်နဲ့နီးစပ်တဲ့အိမ်၊ ကိုယ့်ကိုဖိတ်ခေါ်တဲ့အိမ်တွေရှေ့မှာ သီချင်းလိုက်ဆိုကြတယ်။ ညနေပိုင်း လေးနာရီလောက် က စတယ်။ ကာဖျူးကလည်း ည (၁၀) နာရီအထိမို့ ည (၁၀) နာရီမတိုင်မီ သူတို့ဝိုင်းသိမ်းကြပါတယ်။ ကျောင်းသားလေးတွေမို့ အိမ်တွေ လူထုတွေကလည်း အလှူငွေထည့်ကြလို့ လူ့ဘောင်သစ်ပါတီ ရံပုံငွေလည်းရတယ်။ မြို့ လူထုကလည်း အားပေးတယ်။ စစချင်းတော့ လူစုစုရှိရာမှာ” ကျနော်တို့ သီချင်းဆိုပြီး ဖျော်ဖြေပါမယ်။ ခွင့်ပြုပါ” လို့ ခွင့်တောင်းတယ်။ ပြီးတော့ ဂစ်တာသုံးလက်နဲ့ ဒီမိုကရေစီသီချင်း တွေဆိုပါတယ်။ အရေးအခင်းကာလအတွင်းမှာ ထွက်ပေါ်လာတဲ့တေးသံရှင် မာမာအေး၊ မေဆွိနဲ့ တင်တင်မြ တို့တောင် ပါဝင်သီဆိုထားတဲ့ သီချင်းတွေပါ။ ဒီသီချင်းတွေထဲက အောင်ဆန်းစိတ်ဓါတ်ဆိုတဲ့သီချင်းက တေးသွားကလည်းမြူးတယ်။ ဆိုတဲ့ ကျောင်းသားလေးတွေကလည်း ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်လို့ ပရိသတ်သိပ်ကြိုက်ပါတယ်။
● အောင်ဆန်းစိတ်ဓါတ်
++ မောင်ဘမော်.. နန်းရင်းဝန်ကို ဒီရာထူး ပြုတ်ကျအောင်လေ..ကြိုးစားကြပါ..အဆွေတော် ++ တို့ရဲဘော်အပေါင်းတွေရယ်… ဗိုလ် အောင်ကျော်စိတ်ဓါတ်ကိုလေ..ချီးကျူးမမေ့နဲ့နော်++ကျောင်းသားသမဂ္ဂဟေ့ … တို့ဘာသာ….တို့သွေး…တို့ချွေးနဲ့ ..ရင်းနှီးခဲ့ပြီနော်.. ++++++ဘယ်သူမှပေးတာမဟုတ်ပါဘူးနော်.. အုတ်မြစ်ချမယ့်…ကာလရည်မျှော်++++++ဒီမိုကရေစီရမှနော်.. ဒီမိုကရေစီ ရမှနော် +++ လူငယ်အားလုံးရဲ့ ရင်တွင်းဆန္ဒမျှော်++++++သွေးအသက်နဲ့ပေးလှူခဲ့တဲ့ +++ ကျောင်းသားဇာနည်မော်++အဲဒီအခါကျမှ ++++ +အမျှဝေပါလို့ +++ကုသိုလ်ပြုကြရအောင် နော်+++++ဗိုလ်စောမောင်..စစ်တပ်ကိုလေ..ဒီရာထူးပြုတ်ကျအောင်သာ..ကြိုးစားကြပါ အဆွေတော်+++++တို့တပ်မတော်သားတွေရယ်+++ဗိုလ်အောင်ဆန်းစိတ်ဓါတ်ကိုလေ++ချီးကျူးမမေ့နဲ့နော်+++
၁၉၃၈ ခု ကျောင်းသားသပိတ်မှာ ကျဆုံးခဲ့တဲ့ ဗိုလ်အောင်ကျော်သီချင်းကို စာသားနဲနဲ ပြင်ထားတဲ့သီချင်းပါ။ ဒီ့ပြင် လူကြိုက်များတဲ့သီချင်းက တော့ ကမ္ဘာမကြေဘူးသီချင်းနဲ့ ၁၉၅၀ ခုနှစ်နဲ့ ၁၉၆၀ ခုနှစ်ကြား တက္ကသိုလ်မှာခေတ်စားခဲ့တဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦးသီချင်း တွေ ပါပါတယ်။
● အရေးတော်ပုံ အောင်ပါမည်
++++ရဲဘော် အပေါင်းတို့ရေ…ဟေ့…ခွပ်ဒေါင်းရဲဘော် အပေါင်းတို့ရေ….ရာဇ၀င်ကဏ္ဍသစ် တည်ဆောက်ကြမယ်လေ+++ဒီမိုကရေစီ နိုင်ငံရေး စနစ်++++အုတ်မြစ်ချရစ်စေ+++ +++ဇစ်မြစ်ပင်စည်ရှည်+++အဲဒါ ကျောင်းသားကျောင်းသူတရပ်ရဲ့ +++ရာဇ၀င်တာဝန် တရပ်ပေ +++ (ဟေ့..ရဲဘော်..ရဲဘော်..ရဲဘော်အတွက်..တပ်ဦး..တပ်ဦးလာပြီ..)၂
+++အမျိုးသားနိုင်ငံရေးတွေ …ပြုပြင်ဖို့..စုဆင်လို့..တို့..တိုက်ပွဲဝင်မည်+++ဒီမိုကရေစီရရှိရေး+++ +++အသက်စတေးပါမည်+++ ယုတ်မာတဲ့စနစ်ကို +++အမြစ်ပါလှန်မည်+++အောင်ပြီ++အောင်ပြီ++ အောင်ပြီ++ မုချ++တို့သာအောင်ပြီ++)
++သွေးတွေ..ချွေးတွေ..စတေးခဲ့သည်++စတေးခဲ့ပြီ++ဇူလိုင် (၇) ဖြစ်ရပ်ကို ++သတိချပ်လိုသည်++++တွေးလေ++တွေးလေ++ဆွေးရသည်++မအေးလှပြီ+++သမဂ္ဂတံတိုင်း++သွေးပြိုင်းပြိုင်းနီ+++++အာဏာရူး အရိုင်းတို့ဒဏ်++တို့ခံရသည်++ညီညွတ်စွာ သိုင်း ၀ိုင်းလို့ ++တို့တော်လှန်မည်+++++အဲဒါသာ မဟာ+++ရလာဒ်ကြီးအတည်+++တပ်ဦးတဲ့++တပ်ဦးတဲ့အမည်++ (ဟေ့…ရဲဘော်..ရဲဘော်……………….မုချ..တို့သာအောင်မည်)
++အဓိဌာန်ဆိုသည်++ကျောင်းသားကျောင်းသူတို့သည်+++ဘယ်တော့မှ အနိုင်မခံ..အလံဖြူမလွှင့်လိုသည်++တပ်ဦးကြီး အောင်လံ အောက်မှာ++စုဝေး..လို့.အတည်+++ညီရင်းအကိုလို++မောင်ရင်းနှမတွေ စုံစုံညီ+++အပြုံးချင်းလှယ်++လက်ချင်းဆက်ကာ+++ ညီညွတ်ဖို့ သစ္စာပြုမည်++ (အရေးတော်ပုံ..အောင်ပါမည်..အရေးတော်ပုံအောင်ပါမည်) ပန်းတိုင်းပွင့်ရမည်+++ကျောင်းတိုင်းဖွင့်ရမည် ++++တပ်ဦးကြီး အောင်လံလွှင့်ကာချီ +++ ဟေ့…တို့အရေးတော်ပုံ+++အရေးတော်ပုံ အောင်ပါမည်+++ (ဟေ့..ရဲဘော်..ရဲဘော်. ……………………မုချ တို့သာအောင်မည်)
လူ့ဘောင်သစ်ကျောင်းသားကလေးတွေ ဖုန်းမော်နေ့အထိမ်းအမှတ်သီချင်းဆိုကြတာကို မြို့လူထုကလည်း လက်ခံအားပေးကြတယ်။ ကျောင်းသား ကျောင်းသူတွေကလည်း တနေ့ထက် တနေ့ ပိုမြိုင်လာကြတယ်။ ပိုလူများလာတယ်။ ကျောင်းသူကလေးတွေပါ ပါလာ တယ်။ ဟိုအိမ်ကဖိတ် သည်အိမ်ကဖိတ်နဲ့ တရက်ထက် တရက် ဆက်တိုက်အရှိန်ရလာတယ်။ သူတို့ရဲ့  ဒီလှုပ်ရှားမှုမှာ ကျနော့် ပယောဂ ဘာမျှမပါပါ။ သူတို့ စိတ်ကူး..သူတို့အစီအစဉ်နဲ့ပါ..။ တချို့ကျောင်းသားတပ်ဦး သီချင်းလိုမျိုးတွေကတော့ ကျနော့်အိမ်ကထွက်သွားတာ ပါ။ ဒါလည်း ကျနော်ဆိုနေသံကို သမီးတွေကကြားတယ်။ ကက်ဆက်နဲ့အသံသွင်းတယ်။ ပြီးတော့ ဂီတ၀ိုင်းနဲ့ ပြန်ညှိပြီး စည်းဝါးမှန်အောင် လုပ်ကြတယ်။ ဒီလောက်ပါဘဲ။
သူတို့အစီအစဉ်ကိုသိတော့မှ ကျနော် သူတို့ကိုသတိပေးရတယ်။ လမ်းလျှောက်မဆိုနဲ့။ အိမ်ရှင်ခွင့်ပြုချက်နဲ့ အိမ်ဝင်းထဲမှာ ဒါမှမဟုတ် အိမ် မျက်နှာစာ ပလက်ဖောင်းပေါ်မှာပဲဆို။ လက်ဘက်ရည်ဆိုင် အအေးဆိုင်တွေမှာ ဆိုရင်လည်း ထိုင်စရာခုံရှိရင် ထိုင်။ မရှိရင် မတ်တပ်ရပ်ပြီး ဆို။ လမ်းလျှောက်မဆိုနဲ့။ စတာမျိုးလောက်ပဲပြောပါတယ်။ ကျနော် သူတို့နောက်ကို လိုက်မကြည့်ပါ။ အိမ်ကသမီးတွေ တူတူမတွေပါချင် ပါမှာပေါ့။ ကျနော်က အိမ်ကပဲ သတင်းနားထောင်ရပါတယ်။ စည်းကမ်းတကျရှိသလား။ မရှိဘူးလား၊ အားလုံးစည်းကမ်းတကျပါပဲ။
မတ်လ (၁၃) ရက်ဟာ ဖုန်းမော်ကျဆုံးတဲ့နေ့ပါ။ အဲဒီနေ့မနက်ပိုင်းမှာ ဖုန်းမော်နေ့အခမ်းအနားကို ပေါင်းတည်လူ့ဘောင်သစ်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဗဟိုညွှန်ကြားချက်အတိုင်းလုပ်ပါတယ်။ အေးအေးချမ်းချမ်းပါပဲ။ လူ့ဘောင်သစ်ကျောင်းသားလေးတွေ ရဲ့  ဂီတအဖွဲ့ကတော့ပရိသတ်လက်ခံလို့ အရှိန်ကောင်းနေပါတယ်။ (၁၃) ရက်နေ့ညလည်း ဖိတ်ထားတဲ့အိမ်တွေရှိလို့ သွားရောက် ဖျော်ဖြေ ကြပါတယ်။ ဖုန်းမော်နေ့ပြီးသွားတဲ့ (၁၄) ရက် နေ့ညမှာလည်း သူတို့ဆက်ထွက်ကြပြန်တယ်။ ကျနော် ညစာထမင်းစားပြီး ရေဒီယိုသတင်း နားထောင်နေချိန် ည (၈) နာရီခွဲလောက်မှာ မြို့ထဲကသေနတ်သံ သုံးလေးချက်ကြားလိုက်ရတယ်။ ပြီးတော့ အတွဲလိုက်ဆွဲပစ်နေတဲ့ သေ နတ် သံတွေဟာ နေရာအနှံ့အပြားကနေ ကြားလာရပါတယ်။ တမြို့လုံး လှန့်ပြီးလိုက်ပစ်နေတဲ့ပုံစံပါပဲ။ ဒီလိုတုန်းမှာ ကျောင်းသားမိဘ တချို့အိမ်ရောက်လာပါတယ်။ “ဆရာကြီးရေ..ဘယ်လိုလုပ်ကြမတုန်း …လုပ်ပါဦး” လို့ပြောကြတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာ သေ သေချာချာ မသိရသေးပါဘူး။ ဒီအချိန်မှာပဲ မြို့ နယ် NLD ကော်မတီဝင်ဖြစ်တဲ့ ဘုရားကြီးလမ်းက ဦးတင်ဦးနဲ့ အရှေ့ လမ်းက ဦးစိုင်းနေညွှန့်တို့ ရောက်လာပါတယ်။
“ဆရာကြီး ကျောင်းသားတွေကိုဖမ်းသွားကြပြီ။ ဆရာကြီး လိုက်ခဲ့ပါဦး” လို့ဆိုကြပါတယ်။ ဒါနဲ့ ဘိုင်စကယ်ဆွဲပြီး ဘုရားကြီးလမ်းဖက်ကို ထွက်ခဲ့ကြပါတယ်။ ဘုရားကြီးလမ်းဘက်မှာ ဘာမှမတွေ့ ရပဲ။ မြို့ တောင်ဘက်ပိုင်းဆီက သေနတ်သံတွေ ဆက်ကြားရပါတယ်။ ဒါကြောင့် မ၀တရုံးကိုပဲ တန်းသွားကြပါတယ်။ ရုံးရှေ့ဝင်းတံခါးပေါက်မှာ စစ်သားတယောက်က ဆီးတားတယ်။ “ငါ ဥက္ကဌကိုတွေ့ ချင်လို့” ဆိုတော့ “ဥက္ကဌ ရန်ကုန်သွားတယ်” တဲ့။ ဒါဖြင့် အတွင်းရေးမှူးနဲ့တွေ့မယ်ဆိုတော့ “ရုံးမှာ ဘယ်သူမှမရှိဘူး။ မြို့ထဲ ထွက်နေတယ်” လို့ပြောတယ်။ ဒီတော့ ဒီလိုသေနတ်သံတွေ တဒိုင်းဒိုင်းပစ်နေတာဟာ သာမန်စစ်သားကလေးတွေမဟုတ်ပဲ။ ဥက္ကဌဗိုလ်မှူးမရှိခိုက် အတွင်းရေးမှူး ဗိုလ် ကြီး ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲပြီး လိုက်လံပစ်ခတ်နေတာဆိုတာ အကဲခတ်လိုက်မိပါတယ်။
“အေး…မရှိလဲ ပြန်လာအောင်စောင့်မှာပေါ့ကွာ” လို့ပြောပြီး ကျနော်က အေးအေးဆေးဆေး ပုံစံပေါက်အောင် ဆေးလိပ်ထုတ်ပြီး မီးညှိပါ တယ်။”ဒီရုံး ရှေ့ မှာ ဘယ်သူမှ နေခွင့် မရှိဘူး..” လို့ စစ်သားက ဟောက်ပါတယ်။သူပြောတာကို မကြားချင်ယောင် ဆောင်ပြီး နောက်ကပါလာတဲ့ သူတွေနဲ့ကျနော့်ထင်မြင်ချက်ကို ခပ်ကျယ်ကျယ်ကလေး ပြောလိုက်ပါတယ်။
“ လတ်စသတ်တော့ အတွင်းရေးမှူးကိုယ်တိုင် တိုက်ရိုက်ကြီးကြပ် ကွပ်ကဲ ပြီး လိုက်ပစ်နေတာကိုး”
ဒီလို အချိန်မှာပဲ အရှေ့ လမ်းဘက်ကနေ မီးထိုးပြီး အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ကားနှစ်စီးကို တွေ့ လိုက်ရပါတယ်။ကားတစီးက ကားမီးရောင်နဲ့ကျနော်တို့ကို မြင်တော့ ရပ်လိုက်ပါတယ်။ကားပေါ်က မြို့ နယ် ရဲတပ်ဖွဲ့မှူး ဦးလှစိုးနဲ့ စခန်းမှူး ဦးထွန်းထွန်း တို့ဆင်းလာပြီး ကားကတော့ ရဲစခန်းဘက်ကို ဆက်မောင်းသွားပါတယ်။နောက်တစီးကတော့ ရပ်လိုက်ပြီး အတွင်းရေးမှူး ဗိုလ်ကြီး မျိုးမြင့်တင် ဆင်း လာ ပါတယ်။စခန်းမှူး ဦးထွန်းထွန်းက ရှေ့ ဆုံးကနေပြီး“ ဆရာကြီး ..ကျနော်တို့ သီးမခံနိုင်တော့ဘူး..။ သိပ်လွန်လာပြီ “လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့မှူး ဦးလှစိုးကလည်း “ တနေ့ ရပ်နိုး ..တနေ့ရပ်နိုး နဲ့ စောင့် ကြည့်နေတာ သီးမခံနိုင်တော့ဘူး “ လို့ပြောပါတယ်.။
ကျနော်က “ သီချင်းဆိုတာ မြို့ ပျက်သွားမှာ မို့ လား..။အခု လို မင်းတို့ သေနတ်တဒိုင်းဒိုင်း နဲ့လုပ်တော့ မှ မြို့ များ သူပုန်ဝင်စီးပလား အောက့် မေ့  ရတယ်။ဒီကိစ္စမှာ ဒီလောက် အကြမ်းဖက်ဖို့ မလိုပါဘူး။
အေးအေး ဆေးဆေး ခေါ်ပြောရင် ရတာပဲ..။ မင်း တို့ဟာ ..လွန်ကို လွန်တယ်” လို့ ဦး ထွန်းထွန်းကို ခပ်မာန်မာန်လေး ပြောလိုက်ပါတယ်။ဦး ထွန်းထွန်းက တပည့်ဟောင်းလည်း တပည့်ဟောင်း မိုလို့ပါ..။
ဒီတော့မှ စခန်းမှူး ဦးထွန်းထွန်းလဲ ငြိမ်သွားပါတယ်။ဗိုလ်ကြီး မျိုးမြင့် တင်က ဘာမျှ ၀င်မပြောပါ..။ကျနော်က ဦးလှစိုးကို “ကျောင်း သားတွေ ဖမ်းထားတာ ဘာသဘောလဲ ..။ခင်ဗျားတို့ ဥပဒေအရ အရေးယူချင်ရင် ဥပဒေနဲ့အညီလုပ်ပါ..။အခု ခင်ဗျားတို့ဟာက ဘာမပြော ညာမပြော ပစ်ခတ်ပြီး ကျောင်းသားတွေကို ဖမ်းထားတာ တရားလက်လွတ် နိုင်လွန်းတယ်..” လို့ဆိုတော့ စခန်းမှူး ထွန်းထွန်းက “ ကျောင်းသားတွေကို မဖမ်းပါဘူး..။သေနတ်ပစ်တာကလည်း ခြောက်ရုံ လှန့် ရုံပစ်တာပါ..”လို့ ပြောပါတယ်ကျနော့ အနားမှာ ရပ်နေတဲ့ ဦးအောင်တင်က သူ့ သားကို ဖမ်းသွားပါတယ်..လို့အခိုင်အမာပြောပါတယ်။စခန်းမှူးက “မဖမ်းပါဘူး..။ကလေးတွေ ကြောက်လို့ တနေရာရာမှာ ပုန်းနေတာ ဖြစ်ပါလိမ့် မယ်..” လို့ပြောပြန်ပါတယ်။
အဲဒီလို မ၀တရုံးရှေ့ မှာ ကားတစီးက ရပ်ထားပြီး ကျနော်တို့အပြန်ပြန်အလှန်လှန် ပြောနေကြတုံးမှာ အနီးအနားမှာ မြို့ လူထုက ၀ိုင်းလာပါတယ်။ဒီအချိန်မှာ စစ်သားတယောက်က ကျနော့်ဆီလာပြီး..“ခါးထောက်ပြီး စကားမပြောပါနဲ့” လို့ပြောတော့ ဗိုလ်ကြီးမျိုးမြင့် တင် က ဒီစစ်သားကို လှမ်းဟောက်လိုက်ပါတယ်။ဒီအချိန်မှာ ဦးအောင်တင်သမီးကလေးက ဒီစစ်သားကို မှတ်မိသွားပြီး..လက်ညှိုးငေါက်ငေါက်ထိုးကာ“ကျမ မောင်လေးကို ကားပေါ်ဆွဲတင်သွားတာ…ဒီစစ်သားကြီးဘဲ..။သူဘဲ” လို့ သေသေချာချာ ပြောလိုက်ပါတယ်။အဲဒီတော့ ခုန စစ်သားက ရှေ့ ကို ထွက်လာပြီး ..“ ဟုတ်တယ်။ကျနော် ဖမ်းတယ်။ကျနော်က စစ်သားပဲ..။ဘာလို့လိမ်ပြောရမှာလဲ..။အစကတည်းက မိတဲ့သူ ..ဖမ်းလို့ အမိန့် ပေးထားတာပဲ “ လို့ ဆိုလိုက်ပါတယ်။
ဒီတော့မှ ဗိုလ်ကြီး မျိုးမြင့် တင်က လူတွေ အများကြီး ရှေ့ မှာ အရှက်ကွဲသလို ဖြစ်နေတာမို့ “ ကဲ..ကဲ..ဆရာကြီး ရုံးခန်းထဲကို ကြွပါ..။သွား..သွား ဖမ်းထားတဲ့ ကျောင်းသားတွေ ခေါ်ခဲ့ပါ..” လို့ပြောလိုက်ပါတယ်။ရုံးခန်းထဲ ရောက်တော့ ကျနော့် နောက်မှာ ကျောင်းသားမိဘ တဦး နှစ်ဦးကိုလည်းလိုက်လာတာ တွေ့ ရပါတယ်။ရုံးခန်းထဲက ဆက်တီကုလားထိုင်မှာ ထိုင်မိတော့မှ မြို့ နယ်ရဲတပ်ဖွဲ့မှူးဦးလှစိုးက ကျနော့်အနားကို လာထိုင်ပြီး ကျောင်းသားတွေကို ဖမ်းထားတာ သူမသိပါဘူးလို့ပြောပါတယ်။
ခုတမျိုး ခုတမျိုးတွေ ဖြစ်ကုန်ပါပြီ..။စခန်းမှူး ဦးထွန်းထွန်းကိုတော့  မြင်ကို မမြင်ရတော့ပါ.။ခဏအကြာမှာကားရပ်သံကြားပြီး ကျောင်းသားငါးယောက်ကို ခေါ်သွင်းလာပါတယ်။တယောက်က ဂီတာကြီးကို ကိုင်ထားလို့ ပါ..။သူတို့က အခန်းထဲ ရောက်တော့ ကြမ်းခင်းပေါ်မှာ ငုတ်တုတ်ထိုင် လိုက်ကြပါတယ်။ကျနော်က“ ဟေ့…အောက်မှာ မထိုင်နဲ့လေ..။ကိုအောင်သန်း..ဟိုဘက်က ကုလားထိုင်တွေ ဆွဲပေးလိုက်လို့ ” ရုံးက စာရေးကြီးကို လှမ်းပြောလိုက်ပါတယ်။သူတို့ ကုလားထိုင်ပေါ် ထိုင်ပြီးတော့မှ “ မင်းတို့ ငါးယောက်ထဲလား။ဒီပြင် လူရှိသေးလား။ မင်းတို့ကို ဘာလုပ်သေးလဲ “ ..လို့ မေးတော့ သူတို့က ဒီ့ပြင်လူ မကျန်ပါဘူး..။
ဘာမျှမလုပ်ပါဘူး.လို့ဂီတာကြီးကို ကိုင်ထားတဲ့ စည်သူက ပြောပါတယ်။ကျန်တဲ့ ကျောင်းသားတွေကို နံမယ်တွေ မေးပြီး စာရေးကြီးဆီက စာရွက်တောင်းပြီး ရေးမှတ်လိုက်ပါတယ်.။စည်သူ၊ကျော်မျိုးဦး၊ကျော်ကျော်စိုး၊ညွန့် လှိုင် နဲ့မျိုးသန့် တို့ဖြစ်တယ်။ကဲ..သူတို့ကို ကျနော် တာဝန်ယူတယ်။နောက်မှ ခင်ဗျားတို့ ဥပဒေအရ လုပ်ချင်တာ လုပ်..။အခု ကျနော် ခေါ်သွားတော့  မယ် ..လို့ ပြောတော့  မ၀တ ဥက္ကဌ ဗိုလ်မှူးထိန်ဝင်းရဲ့ လက်စွဲ ဆရာကြီးမြင့် အောင် ဆိုသူက ကျနော်တို့ အိမ်တိုင်ယာရောက် လိုက်ပို့ ပါမယ်..လို့ပြောပါတယ်။ကျောင်းသား မိဘ ဦးအောင်တင်ကို ကလေးတွေ နဲ့အတူ လိုက်သွားဖို့ ပြောလိုက်ပါတယ်။ကလေးအားလုံး ကို အိမ်အရောက်ပို့ လို့ ပြောပြီး ကျနော်လည်း ဘိုင်စကယ်စီးပြီး အိမ်ကို ပြန်ခဲ့ပါတယ်။နောက်တနေ့မှ သိရတာက ကျောင်းသားတွေကို ဟိုင်းလပ်ကားတစီးပေါ် တင်ပြီး ခေါ်သွားတာ။
ကျနော်တို့ ရုံးရှေ့ မှာ ရပ်နေတုံး..မြို့ နယ်ရဲတပ်ဖွဲ့မှူး ဦးလှစိုးနဲ့ဦးထွန်းထွန်း တို့ ဆင်းလာတဲ့ ကားပေါ်မှာသူတို့ ပါလာတယ်။သူတို့ကို ခေါင်းငုံ့ နေဆိုပြီး အပေါ်က သေနတ်တွေ နဲ့ ဖိထားသတဲ့ …။ပြီးတော့ ရဲစခန်းကို ခေါ်သွားပြီး ရဲစခန်းထဲရောက်တော့ သူတို့က ခုံတန်းရှည် တခုကို တွေ့ လို့ ၀င်ထိုင်တော့ “ ဟေ့ကောင်တွေ..တရားခံ ဆိုတာ အောက်မှာပဲ ရတယ်ကွ..ဆင်းထိုင် “ လို့ ပြောလို့ သူတို့ ငါးယောက် အောက်မှာ ငုတ်တုတ်ထိုင်နေတုံး “ ဆိုဦးလေကွာ..အဘရေ့ တို့ အဘိုးရေ့  တို့“ လို့တောင် ကြိမ်းမောင်းနေသေးသတဲ့ ..။ဒါက သူတို့သီဆိုခဲ့တဲ့ သီချင်းတွေထဲက ကမ္ဘာ မကြေဘူး သီချင်းထဲက သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို တိုင်တယ်ပြီး ဆိုတာကို သရောစော်ကားပြောတာပါ..။ည ဆိုတော့ ဘယ်သူကြိမ်းမောင်းနေတယ် ဆိုတာကိုတော့ သူတို့ မမှတ်မိကြဘူး..။နောက်မှ ကားနဲ့လာခေါ်ပြီး..မ.၀.တ ရုံးထဲ ရောက်တော့ ဆရာကြီး အသံကြားကတည်းက စိတ်အေးသွားတယ်.။ အထဲရောက်တော့ ကျနော်တို့လဲ ရဲစခန်းတုံးကလို အောက်မှာ ငုတ်တုတ်ထိုင်မယ် လုပ်နေတုံး ဆရာကြီးက ကုလားထိုင်နဲ့ထိုင်ဖို့ ပြောပြီး ခုံတွေ ယူခိုင်းလိုက်ပြီး ကုလားထိုင်တွေပေါ် ထိုင်လိုက်ရတော့ မှပဲ အားရှိသွားလိုက်တာ..။
ဆရာကြီးမျက်နှာကို ကြည့်ရတာ အဲဒီအချိန်မှာ ကျက်သရေ အရှိဆုံးပဲ” လို့ ရီရီမောမော ပြန်ပြောနိုင်ကြပါတယ်။ ရက်မကြာခင်ပဲ သူတို့ ငါးဦးကို ပုဒ်မ(၁၈၈) နဲ့ တရားစွဲပါတယ်။သူတို့ကလည်း လူ့ဘောင်သစ်ရုံးခန်းမှာ ဆိုင်းဘုတ်တခုပေါ်မှာ စာကပ်ပါတယ်။ကပ်ထားတဲ့စာက …
လူ့ပြေမှာ ကြောက်တတ်တဲ့အမျိုးပေမို့ 
ဥပဒေတွေ နောက်ထပ် မတိုးလိုက်ပါနဲ့
သူ့ အမေ………………………………….။ ပါတဲ့။လူမြင်သူမြင် ထင်ထင်ရှားရှားကြီးကို ကပ်ထားတာမို့လမ်းသွားလမ်းလာတွေက ဖတ်ပြီး ပြုံးစိပြုံးစိ ပေါ့ ..။ဒီလို သီချင်းဆိုတာနဲ့ ဖမ်းပြီး တရားစွဲခံရတာကို သူတို့က ဒီလို စာကပ်ပြီး တုံ့ ပြန်လိုက်တော့ တဘက်က အရေးယူတဲ့သူတွေလဲအောင့်သက်သက် ပေါ့ ..။ပြီးတော့ လူ့ဘောင်သစ်ရုံးခန်းက မှတ်တိုင်လမ်းမကြီးပေါ်မှာ ပေါက်တော ခမရ(၁၀)စစ်တပ်ကို သွားတဲ့ လမ်းကြော ဆိုတော့ စစ်တပ်က စစ်ဗိုလ်ကြီးတွေ ဖြတ်သွားဖြတ်လာတိုင်း မြင်နေရတာမို့သူတို့ ကသိ ကအောင့် ဖြစ်နေကြပုံ ရပါတယ်…။ဒါကတော့ပေါင်းတည်မြို့ ရဲ့  ဖုန်းမော်နေ့ အမှတ်တရဖြစ်စဉ် တခုပါ..။