၅၀ ရာနှုန်းသာ ၀မ်းသာရသော ချင်းအမျိုးသားနေ့ကိစ္စ – Arm long Shwi

၅၀ ရာနှုန်းသာ ၀မ်းသာရသော ချင်းအမျိုးသားနေ့ကိစ္စ

အမ်းမ်လောင်ရွှီ၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၃

သမ္မတဦးသိန်းစိန်၏ ပထမဆုံး မိန့်ခွန်းကို ကြားလိုက်ရသောအခါ ကျနော် ၀မ်းသာအံ့သြရ၏၊ ၀မ်းသာအံသြရခြင်းမှာ အကြောင်း ၂ ချက်ကြောင့်ဖြစ်သည်။ ပထမတချက်မှာ နိုင်ငံတော်အကြီးအကဲတဦးအနေဖြင့် ပြည်သူတို့အား လေးစားသမှုထား၍ မူရင်းအသံဖြင့် ထုတ်လွှင့်သွားခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ နိုင်ငံတော်ပကတိအခြေအနေကို ရဲရဲဝံ့ဝံ့ ဖော်ပြ၀န်ခံသွားခြင်းကြောင့် ဖြစ်သည်။ ဆင်းရဲတာကို ချမ်းသာနေပြီဟု ခပ်တည်တည် ပြောသွားခြင်းမျိုး မဟုတ်၍ တမူထူးခြားနေသည်။

ကျနော်က ချင်းတိုင်းရင်းသားဖြစ်၍ ချင်းအမျိုးသားနေ့နှင့် ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရအပေါ် မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သည်။ ချင်းအမျိုးသားနေ့ဟု သုံးနှုန်းခွင့်မပေး၊ ကျင်းပခွင့် မပေးခဲ့သည်မှာ ကာလအတန်ပင်ကြာခဲ့ပြီ။ မြန်မာနိုင်ငံတွင် အမျိုးသားနေ့ဟူ၍ တနေ့ပဲ ရှိရမည်ဟု ခံယူနေသူများကြောင့် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နေ့ဟူ၍ ပြောင်းလဲခိုင်းကြ၏။ သို့သော် ချင်းပြည်သူများက လက်မခံကြပါ။ မွန်အမျိုးသားနေ့ဟူ၍ လက်ခံကျင်းပနေခဲ့သည်မှာ အားကျစရာ။

ကျဉ်းမြောင်းသော လူမျိုးရေးအစွဲကြောင့် ချင်းအမျိုးသားနေ့ကို ကျင်းပလိုကြခြင်း မဟုတ်ကြောင်း ကျနော်သိပါသည်။ ချင်းများကလည်း ဘာသန္တရအားဖြင့် ချင်းစကားတခုတည်းကိုသာ သုံးစွဲကြသော်လည်း ဒေသန္တရအားဖြင့် ဒေသိယစကားများစွာ ပြောဆိုကြသောကြောင့် လိုင်စကားပြောသူနှင့် ချိုစကားပြောသူတို့ တိုက်ရိုက် ချက်ချင်းပြောဆိုဆက်သွယ်ဖို့ ခက်ခဲပါသည်။ ဇိုမီး၊ မီဇိုး၊ အရှို၊ ခူမီး၊ လိုင်ဇို စသည်ဖြင့်လည်း ရှိကြပါသေးသည်။ အနေကြာလျင်မူ ပြောဆိုနားလည်ကြပါသည်။

ဥပမာအားဖြင့် ထားဝယ်ဒေသိယစကားနှင့် ယောဒေသိယစကားတို့ ချက်ခြင်း ပြောဆိုဆက်သွယ်၍ မရခြင်းမျိုးဖြစ်၏။ အမှန်တော့ ထားဝယ်နှင့် ယောမှာ ဗမာဘာသာစကားအုပ်စုဝင်များ ဖြစ်ပါသည်။

ချင်းမျိုးနွယ်စုများ အခြေချနေထိုင်ပုံမှာလည်း အံ့မခန်းဟု ဆိုရလောက်အောင် အနှံ့အပြား ဖြစ်နေသည်။ မြန်မာပြည်တွင် ချင်းလူဦးရေ ၁ သန်းကျော် ရှိသည်ဟု သိရပြီး၊ ချင်းပြည်နယ်တွင် ၅ သိန်း၊ ပြည်နယ်ပြင်ပတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်တို့တွင် သောင်းဂဏန်း၊ သိန်းဂဏန်းအထိ ရှိသည်။ ရန်ကုန်တိုင်းတွင် ချင်းများနေထိုင်လာသည်မှာ မြို့ပြဖွံဖြိုးမှုကြောင့် ဆိုရန် ရှိသော်လည်း ကျန်ဒေသများတွင်မူ ရှေးယခင်ကတည်းက နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

ဒေသိယစကားကလည်း အမျိုးမျိုး ကွဲပြားကြ၊ နေထိုင်ရာဒေသများကလည်း အနှံအပြားဆိုတော့ ချင်းမျိုးနွယ်တွေ ကြာလာရင် ဝေးကွာစိမ်းကားပြီး ချင်းလူဦးရေ နည်းပါးလာနိုင်သည်။ နည်းပါးရာမှ ပျောက်ကွယ်သွားနိုင်သည်။ ဒါကို သတိပြုနိုင်ကြဖို့၊ မျိုးနွယ်အချင်းချင်း စည်းလုံးညီညွတ်နေရမည်။ ထိုသို့ ညီညွတ်နိုင်ဖို့ တနှစ်တခါ ချင်းအမျိုးသားနေ့ကို ကျင်းပလိုကြခြင်းဖြစ်သည်ဟု ကျနော် ရိုးရိုးလေး သဘောပေါက်ပါသည်။

ယနေ့သန်း ၆၀ ရှိသော မြန်မာနိုင်ငံတော်တွင် ချင်းလူဦးရေက တနိုင်ငံလုံး အနှံ့ပေါင်းပါမှ ၁ သန်း ပတ်ဝန်းကျင်သာ ရှိသည်။ နိုင်ငံလူဦးရေ၏ ၀.၀၁ % သာ ရှိပါသည်။ ဘူးသီးတောင်၊ မောင်းတော၊ ၂မြို့နယ်တွင်ပင် လူဦးရေ ၂ သိန်းကျော် သည်ဟုပါ ကြားရရာ ချင်းလူဦးရေ၏ နည်းပါးမှုကို ခန့်မှန်းနိုင်ပါသည်။

ဦးသိန်းစိန်အစိုးရ မတိုင်မီက ချင်းအမျိုးသားနေ့ ကျင်းပခွင့်ရဖို့ အပြုသဘော အေးအေးချမ်းချမ်း ပြောဆိုတင်ပြမှုများ၊ ရေးသားတင်ပြမှုများ ရှိခဲ့ပါသည်။ သို့သော် အဆင်မပြေပါ။ ဦးသိန်းစိန်အစိုးရ တက်လာသောအခါ ကျနော်တို့ ချင်းပြည်သူများ အားတက်ဝမ်းမြောက်၍ ချင်းအမျိုးသားနေ့ ကျင်းပဖို့ အကျိုးသင့် အကြောင်းသင့် ပြောဆိုတင်ပြမှုများ ရေးသားတင်ပြမှုများ ရှိခဲ့ပါသည်။ သို့သော် ဘာမျှ မထူပါ။

ဒီဇင်ဘာလ ၉ ရက်၊ ၂၀၁၂ တွင် ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီတို့သည် သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ချင်းအမျိုးသားနေ့ဆိုင်ရာ သဘောတူညီချက် ၃ ချက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက် ၃ ချက်၊ စစ်ဖက်ဆိုင်ရာ သဘောတူညီချက် ၅ ချက်၊ ဖွံဖြိုးရေးဆိုင်ရာ သဘောတူညီချက် ၉ ချက်၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စများအတွက် သဘောတူညီချက် ၇ ချက်တို့ ဖြစ်သည်။ စုစုပေါင်း ၂၇ ချက် ဖြစ်သည်။

ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်များတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ပြန်လည်သတ်မှတ်ရန်နှင့် ချင်းပြည်နယ်တွင် ယင်းနေ့ရက်အား ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်တို့ကို ပြည်နယ်အစိုးရမှ ဆက်လက်ဆောင်ရွက်ရန် သဘောတူပါသည်ဟူသော အချက်လည်း ပါဝင်လာသည်။

ကျနော် ၀မ်းသာပါသည်။ ချင်းအမျိုးသားနေ့ ကျင်းပခွင့်ရတာကို ချင်းတဦးအနေဖြင့် အဘယ်မှာ ၀မ်းမသာဘဲ နေပါမည်နည်း။ သို့သော် ၅၀% ၀မ်းသာ၍ ၅၀% ၀မ်းနည်းရခြင်း ဖြစ်မိသည်။ ဘာကြောင့်ဝမ်းနည်းသလဲဆိုတာကို ရှင်းပြပါရစေ။

ချင်းအမျိုးသားနေ့ဆိုတာ ချင်းပြည်သူတရပ်လုံးနှင့် သက်ဆိုင်သောကိစ္စဖြစ်သည်။ ချင်းအမျိုးသားနေ့ ကျင်းပခွင့်ရဖို့ ချင်းလူမျိုးများအနက် စာရေးဆရာများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ ကျောင်းသားများ – လူပေါင်းစုံက အကျိုးသင့်အကြောင်းသင့် အေးအေးချမ်းချမ်း ပြောဆိုရေးသား တင်ပြခဲ့ကြပါပြီ။ သို့သော် ကျင်းပခွင့် သုံးနှုံးခွင့် မရခဲ့ချေ။

CNF ခေါ် ချင်းအမျိုးသားတပ်ဦးသည် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ အမျိုးသားရေး၊ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များ၊ စွန့်လွှတ်စွန့်စားမှုများ ရှိကြောင်း ကြားသိရသည်။ သူတို့ကိုလည်း လေးစားပါသည်။ သို့သော် CNF က တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ ချင်းလူမျိုးတို့၏ မူလအခွင့်အရေးဖြစ်သော ချင်းအမျိုးသားနေ့ကျင်းပခွင့်ကို နိုင်ငံတော်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှု၍ အကျိုးသင့်အကြောင်းသင့် တင်ပြစဉ်က ခွင့်ပြုပေးသင့်ပါသည်။ အမှန်တော့ တင်ပြမှု မရှိစေကာမူ ခွင့်ပြုပေးရမည့် ကိစ္စ ဖြစ်ပါသည်။

CNF က တောင်းဆိုပေးသဖြင့် ကျေးဇူးတင်မိသော်လည်း CNF လို လက်နက်ကိုင်အဖွဲ့အစည်းက တောင်းဆိုမှ သဘောတူတယ်ဆိုတာ အစဉ်အလာကောင်းတရပ် မဟုတ်ဟု မြင်ပါသည်။ CNF အဖွဲ့ အထွေထွေအတွင်းရေးမှုးချုပ် Pu Zing Cung ကလည်း ငြိမ်းငြိမ်းချမ်းချမ်း တင်ပြတောင်းဆိုသော်လည်း မရခဲ့၍ လက်နက်ကိုင်ခဲ့ရကြောင်း ပြောသွားသည်ဟု သိရပါသည်။

နောင်တချိန်တွင် အေးအေးချမ်းချမ်း အကျိုးသင့် အကြောင်းသင့် တင်ပြပါက လက်မခံတတ်၍ လက်နက်ကိုင်ပြီး ပြောမှဖြစ်မယ်ဟု ပုံသေစွဲမှတ် ယူဆနိုင်သော အစဉ်အလာဆိုးများဖြစ်သွားဖြစ်ကို စိုးရပါ၏။ ကြက်ဥအရောင် တိမ်တောင်သဖွယ် (မင်းရေးကျယ်) ဟု ဆိုစမှတ်ပြုကြပါသည်။ CNF နှင့် အစိုးရအဆင်ပြေနေတုန်း ချင်းအမျိုးသားနေ့ကို ခွင့်ပြုပြီး၊ သူတို့အဆင်မပြေသောအခါ ချင်းအမျိုးသားနေ့ကို ပြန်ပိတ်ပင်ဦးမှာပဲလား ဟုလည်း စိုးရိမ်စရာ ဖြစ်သည်။

အမှန်တော့ သူတို့ အဆင်ပြေသည်ဖြစ်စေ၊ အဆင်မပြေသည်ဖြစ်စေ ချင်းအမျိုးသားနေ့ကို ချင်းလူမျိုးများအတွက် ခွင့်ပြုပေးသင့်သည်သာ ဖြစ်ပါသည်။ CNF ပြောမှ လိုက်လျောပေးမယ် ဆိုတာမျိုးဆိုလျင် ချင်းတမျိုးသားလုံးကို CNF က ကိုယ်စားပြုသည်ဟု လက်ခံသလိုလည်း ဖြစ်နေသည်။

CNF က ချင်းတမျိုးသားလုံးကို ကိုယ်စားပြုမပြု ဆိုတာလည်း ပြောဖို့ စောပါသေးသည်။ သူတို့ စေတနာကို အသိအမှတ်ပြုသော်လည်း ဆောင်ရွက်ချက်များ အကောင်အထည်ပေါ်မှုများကို ဆက်လက်လေ့လာလိုပါသေးသည်။

ချင်းအမျိုးသားနေ့ကိစ္စသာမက အခြားသောကိစ္စများကိုလည်း ဆွေးနွေးလိုပါသေးသည်။ ၀ိုင်းဝန်း သုံးသပ်ပေးကြပါကုန်။

အမ်း(မ်)လောင်ရွှီ (ဇန်န၀ါရီ ၁၀၊ ၂၀၁၃)

(Photo Credit – http://www.flickr.com/photos/digitaldemocracy/3691402732/ )