“နာကျင်နေတဲ့ ဧရာဝတီ”

 

ညွန့်ထွေး
ဇန်န၀ါရီ ၂၆၊ ၂၀၁၃


ပင်လယ်ဝနားက မြစ်ပြင်ကျယ် ဧရာဝတီ (ဓာတ်ပုံများ – မိုးမခ)

ဧရာဝတီ… ဧရာဝတီ… ဧရာဝတီ… ဒီမြစ်ကြီးနဲ့ ကိုယ်နဲ့ ဘယ်ဘဝကရေစက်လည်းမသိ။ မြန်မာနိုင်ငံ မြောက်ပိုင်း မလိခ မြစ်ဖျားကစလို့ မေခ မလိခ မြစ်ဆုံနားမှသည် မြန်မာနိုင်ငံ အနောက်တောင်ဖက်စွန်း  ငပုတောမြို့နယ် အဆုံး ပင်လယ်ဝနား ရောက်သည်ထိ ဒီမြစ်ကြီး စီးဆင်းရာတလျှောက် မြို့ရွာ အတော်များများဆီ မကြာခဏ ရောက်နေရတဲ့ အဖြစ်က တခါတရံ ကိုယ့်ကိုယ်ကို တအံ့တသြ ဖြစ်နေမိတတ်သည်အထိ။

ခုတခေါက်  ပထမဆုံးရောက်ခဲ့တဲ့ ရွာငယ်ငယ်လေးက မြောင်းမြမြို့နယ်ထဲမှာ ရှိတယ်။ ပထမ မြောင်းမြမြစ်ထဲမှသည် မြစ်ငယ်လေးအတွင်း တခါ ချောင်းငယ်လေးထဲသို့ နောက်ဆုံးမှ  လှေတစင်းစာ သွားသာရုံ လယ်ကွင်းကြားက ရေမြောင်းကလေး။ သတိထားမိတာက ပလတ်စတစ်အိတ်တွေ ပုံးခွံတွေ ပေါလောမြောနေတဲ့ နေရာတွေ အတော်များလာနေတာပါ။
မြစ်ကြီးထဲမှာ မသိသာလှ၊ မြစ်ငယ်ထဲမှာလည်း သိပ်သတိမထားမိ၊ ဒါပေမဲ့ ချောင်းထဲရောက်တော့ တော်တော်များနေပြီ၊ ဟိုနားတစု ဒီနားတစုနဲ့။ ရေထဲမှာလည်း မပျော်ဝင်နိုင်၊ မြေမှာ မြှုပ်လို့လည်း ဆွေးမသွားတဲ့ လူသားတို့တီထွင်ထားတဲ့ပလတ်စတစ်ပစ္စည်းများ။ ရင်ထဲရောက်လာတဲ့ အသိက ဒါတွေကို ပင်လယ်ကြီးက ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ လက်ခံယူရရှာတော့မယ်။ ဒီလို မြို့ရွာပေါင်း အထောင်အသောင်း ကမ္ဘာပေါ်မှာ ရှိနေလေတော့။ အင်း … အတွေးစ ဒီမှာပဲရပ်မှတော်ရော့မယ် ထင်ရဲ့။

အဲ …  နောက်ထပ် ရွာသုံးရွာကတော့ ပင်လယ်ဖက်မှာ ရှိတယ်။ ခရီးဆက်မိလို့ ငပုတောမြို့မှသည် ပင်လယ်ဝဖက်အထွက်  စက်လှေပေါက်စနလေးပေါ်က မိုးသားကင်းစင်ကြည်လင်တဲ့ ရာသီဥတုအောက်မှာ လှိုင်းကြက်ခွပ်လေးများ တလွန့်လွန့်နဲ့  ကျယ်ပြောလှတဲ့ မြစ်ပြင်ကျယ်ကြီးကို ငေးနေမိချိန်မှာ သတိရသွားမိတာက …

မလိခ မြစ်ဖျား ဧရာဝတီဖြစ်လာမယ့် မြစ်ဆုံဆီကို စီးဆင်းလာတဲ့ စမ်းချောင်းလေး၊ ရေတိမ်တိမ်မှာ ခြေလျင်ခရီး သွားခဲ့ရတာတွေ။ ရေကြောင်းတလျောက်ပဲပေါ့လေ … ကားသွားလို့ရတဲ့ မြေလမ်းတွေက သုံးလို့ တယ်မရချင်၊  တောင်ပြိုတာတွေ များလွန်းလို့။ အဲဒီ စမ်းချောင်းငယ်လေးမှသည် ရေစီးမကြမ်းတဲ့ မလိခမြစ်၊ အဲ … မေခကတော့ ကြမ်းတယ် တဲ့။ ကိုယ်တော့ မရောက်ဖူးလိုက်ခဲ့။ သူတို့နှစ်ဦးဆုံမိတဲ့ မြစ်ဆုံကျတော့ အရင်က အခေါက်ခေါက် ရောက်ဖူးလှချည့်။ နောက်ဆုံး ရောက်ခဲ့စဉ်ကတော့ သေနတ်သံတွေ ဆူဆူညံနေပါပြီ။ ရွှေကျင်သူတွေကြောင့် သဘာဝ ပတ်ဝန်းကျင်လည်း ရစရာမရှိအောင် ပျက်စီးခဲ့ပြီ။ မြစ်ဆုံဆည်ကြီးကလည်း ခဏနားမယ်သာ ဆိုတယ်၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့ ဘာတွေရယ်မှန်းမှမသိ သယ်ပိုးရင်း ဆည်ဘက်ဆီကို သွားမြဲတိုင်း သွားနေဆဲ၊ မှတ်မှတ်ရရ ၂ဝ၁၁ နိုဝင်ဘာလ။

အတွေးတွေ ပြန်သိမ်းမိတော့ လှိုင်းဘုန်းရွာကို ရောက်ပြီ။ တခေါက်ထက်တခေါက် တိုးတက် သိသာလာတာက လူတွေ ပိုဆင်းရဲသွားတာရယ်၊ ကြွပ်ကြွပ်အိတ်တွေ ပလတ်စတစ်အိတ်တွေ ပုံးတွေ  ရွာလမ်းတလျှောက် အိမ်အောက်အဆုံး အပုံလိုက် အစုလိုက်ရယ်။ သက်ပြင်းကို နာနာချမိရင်း အလုပ်ကို ကြိုးစား အာရုံစိုက်ရပါတော့တယ်။ ဒီလိုနဲ့ တရွာပြီး တရွာ ခရီးဆက်ရင်းက မြင်ရသမျှ ရင်တမမ နဲ့ ငါနဲ့မဆိုင်ဘူးလို့ ကြိုးစား အားတင်းပေမဲ့ ပါးစပ်ကတော့ မနေနိုင်၊ ပြောဖြစ်သမျှ စကားတွေထဲမှာ အန္တရာယ်ကြီးလှတဲ့ ပလတ်စတစ်အကြောင်း တောင်ပစ်မြောက်ပစ် အလွယ် မပစ်သင့်တဲ့ အကြောင်းတော့ဖြင့် တတ်သမျှ မှတ်သမျှ ထည့်ပြောမိပြန်ပါရော။

ပြန်လာပြီလားလို့မမေးနဲ့နော်၊ ဟင့်အင်း … ပါ။ ကိုယ့်ခရီးစဉ်ထဲမှာ ရတနာပုံရွှေမန္တလေးက ပါနေသေးတယ်လေ။ ဒီလိုနဲ့ဘဲ ဧရာဝတီတိုင်းကထွက် လေယာဉ်ပေါ်တက် မန်းလေးဖက်ကို ခရီးဆက်ရပြန်ပါတယ်။ မကြာခင်ကလေးကမှ အဲပုဂံက ဒိုင်ဗင်ထိုးထားပေမဲ့ မြေကြောရှုံ့လို့လွယ်တာက လေပျံပဲ ရှိတယ်မို့လား။ ရှုံ့မဲ့ နေလို့ဖြစ်သေးဘူး။ လေပျံပေါ်ကနေ ပြူးနေအောင် ကြည့်ရသေးတယ်။ မတော် လျှပ်စစ်တာဝါတိုင်နဲ့ ပန်ကာနဲ့ ငြိနေမစိုးလို့။ ကြည့်မိတော့ ဘာဖြစ်လဲ မြင်ရတာပေါ့။ လေပျံမဆင်းခင် နည်းနည်း နိမ့်အဆင်းမှာ ဧရာဝတီ မြစ်ကြီးက သောင်ခုံတွေ များများ၊ ရေနည်းနည်းနဲ့ စန့်စန့်ကြီးရယ်။ ဇန်န၀ါရီမှာ မြင်ရတဲ့ သောင်ခုံက ဒီလောက် ကျယ်ပြန့်ရင် နွေများရောက်ရင်ဖြင့် အင်း … အတွေးစကို ရပ်ထားရပြန်ပါပြီ။

မန်းလေးကတော့ ထုံးစံနဲ့အညီ ဆိုင်ကယ်တွေ တစီစီနဲ့၊ အလွန်ရှုပ်ထွေးမြဲ။ လမ်းကြီးလမ်းငယ် အသွယ်သွယ်မှာ ထင်သာမြင်သာတဲ့ လမ်းဆိုင်းဘုတ်က မရှိလေတော့ ဟိုလမ်းဝင် ဒီလမ်းထွက်၊ ဘာမှန်းကမှ မသိလိုက်ဘဲနဲ့ တည်းခိုရာဆီကို အမှိုက်တွေ လူတွေ ကားတွေ ဆိုင်ကယ်တွေ တသောသောကြားကပဲ ရောက်သွားလေရဲ့။ စိတ်ထဲကပဲ ပြောမိတယ် … မန်းလေးစည်ပင်သာယာရေး ကော်မတီ လူကြီးများက နှစ်သက်ကြတယ်နဲ့တူပါရဲ့၊ ရှုပ်ပွညစ်ပေနေတဲ့ အမှိုက်ပုံထဲ ဖြဲနေကြရတာကိုလေ။


လမ်းဆုံကနေ လှမ်းကြည့်ရင် ကြိုဆိုပါ၏ တတားဦးမြို့ ဆိုတဲ့ ဆိုင်းဘုတ်ကို မမြင်ရပါဘူး။ ပိုက်ဆံကောက်တဲ့ဆိုင်းဘုတ်ကတော့ ထင်ထင်ရှားရှားပါ

တံတားဦးမြို့နယ်ထဲလည်း ရောက်ဖြစ်ခဲ့တယ်။ ကားဆရာက  ရန်ကုန်သားပေမို့ တံတားဦးမြို့အဝင်ကို ရှာလို့မတွေ့ရှာ။ နေပါဦး … ဒီနားတ၀ိုက်ပဲ ရှိတာပါ၊ ရှာကြပါဦးဟ ဆိုလည်း မတွေ့။ တခုဘဲ မြို့အဝင် ဘီးခွန်ဆောင်ရန် ဆိုတဲ့ ဆိုင်းဘုတ်နီနီ ပြဲပြဲကြီးတော့ အထင်းသား။ သွားမေးကြည့်စမ်း ဆိုတော့ ဟုတ်သတဲ့။ လက်ညှိုးညွှန်ရာကြည့်လိုက်တော့ မမြင်ရ၊ အတော်အားစိုက်မှ သစ်ပင်နဲ့ကွယ်နေတဲ့ တံတားဦး ဆိုတဲ့ ဆိုင်းဘုတ်က ညှိုးညှိုးငယ်ငယ်။ သြော် … တံတားဦးက အရေးမကြီး၊ ဘီးခွန်က ပိုအရေးကြီးနေတဲ့ လူသားလောဘကို ကွက်ခနဲ … မြင်သာအောင် ပြသကိုး လို့ ရင်ထဲ မကောင်းခြင်းကြီးနဲ့ ခရီးဆက်မိပါရော။

ဒီစာကို ရေးနေမိတော့ ပုဂံရောက်နေပါပြီ။ လာရာလမ်းတလျှောက်မတော့ ကြွပ်ကြွပ်အိတ် ကင်းစင်နယ်မြေ ဆိုင်းဘုတ်လေးက ကိုယ့်ကို ကြွပ်ကြွပ်အိတ်တွေကြားကနေ လှောင်ပြုံးလေးနဲ့ ကြည့်နေလေရဲ့။


တန့်ကြည့်တောင်

ကြုံပြန်ပြီ ဧရာဝတီရယ် … လေပျံပေါ်မှာ မြင်ခဲ့ပြီးမို့ မကြည့်ရက်ပေမဲ့ တည်းတဲ့နေရာက မြစ်ကမ်းပါးဆီမှာမို့ မကြည့်ရက်သော်လည်း မြင်နေရမြဲပါလား။ နံနက်စောစာ စားရင်း မြစ်ဘက်ကိုငေးမိပြန်တော့ တဖက်ကမ်းက တန့်ကြည့်တောင် (နာမည်အမှန်မဟုတ်လျှင်ခွင့်လွှတ်စေချင်) ကို မြူပါးပါးကြားမှာ ခပ်ဝါးဝါး လှမ်းမြင်နေရတယ်။ အဲ  … ထုံးစံအတိုင်း သောင်ပြင်ဖွေးဖွေးကြီးတွေက အနာဖေးတက်နေသလို  … မကျန်းမာတဲ့ မြစ်ကြီးရဲ့ နာကျင်နေမှုကို အတူတူ ခံစားမိတော့တယ်။ မနေနိုင် မေးကြည့်မိပြန်တော့   … ဟုတ်ပါရဲ့  … သောင်ထွန်းတာ အရင်နှစ်ထက်ပိုများလာတယ် တဲ့။ မြစ်ကြောင်းကလည်း ကျဉ်းသထက်ကျဉ်းလာတာ ကြည့်မယ့်လူ ပြင်မယ့်လူ တာဝန်ယူမယ့်လူ ခုထိတော့ ဘယ်သူဘယ်ဝါမှ မရှိသေးပါကြောင်း တဲ့။ တနှစ်ထက်တစ်နှစ် မိုးက နည်းသထက်နည်း၊ လူတွေက နှိပ်စက်၊ နောင် ဆယ်နှစ်အကြာမှာ  ဧရာဝတီ ပီပီပြင်ပြင်မှ ရှိပါတော့မလား။

သြော်  … အိုလာလေပြီလား ဧရာဝတီရယ်။ လောကဓံထက် ဆိုးဝါးတဲ့ လူ့လောဘကြောင့် ပျက်စီးခြင်း ငါးပါး နဲ့ ကြုံနေရရှာပြီလား  …။ ကိုယ်တို့အားလုံး သတိထား သနားကြဖို့ အချိန်တောင် အတော်လွန်နေပေါ့ပဲလေ။


ဧရာဝတီရေဆန်

အောင်ဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts