အတွေးအမြင်

Mind Cancer စိတ်-ကင်ဆာရောဂါနှင့် မြန်မာနိုင်ငံ (Moe Thauk Pann)

 Mind Cancer စိတ်-ကင်ဆာရောဂါနှင့် မြန်မာနိုင်ငံ

မိုးသောက်ပန်း (Aurora)၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၃

ကင်ဆာ- လို့ ဆိုလိုက်တာနဲ့ ကြားရသူတိုင်း အနည်းနှင့် အများ ထိတ်လန့်ကြောက်ရွံ့ သွားတတ်ကြပါတယ်။ အမှန်တကယ် လည်းပဲ ကြောက်စရာကောင်းလှပါတယ်။

ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်ထဲရှိနေတဲ့ (cells)ခေါ်အခြေခံ ဓာတ်ခန်းကလေးများ မူလသဘာဝမှ ဖောက်ပြန် ပြောင်းလွဲပြီး ပုံမှန်မဟုတ်ဘဲ ပြန့်ပွားသွားတာပါ။ ပွားတဲ့အခါမှာလည်း ခန္ဓာကိုယ်အပြင်ကို ပွားတာမဟုတ်ဘဲ အတွင်းဘက်ကို ပြန့်ပွားသွားတဲ့အတွက် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပြန်တိုက်ခိုက်တာလို့ ဆေးပညာရှင်တွေရဲ့ ဟောပြောပွဲမှာ မှတ်သားခဲ့ရ ပါတယ်။

ကင်ဆာဆဲလ်ရဲ့ပြန့်ပွားနှုန်းကလည်း အင်မတန်လျှင်မြန်ပါတယ်။ (၃)ရက်ကို (၈)ဆနှုန်းနဲ့ပွားနိုင်ပါတယ်။ လူ့ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေက မွေးကတည်းက နေရာအနှံ့အပြားမှာ ပါရှိနေပါတယ်။ ကင်ဆာ မဖြစ်နိုင်တဲ့ နေရာ ၃-ခုပဲရှိပါတယ်။ ဆံပင်၊ သွားနဲ့ ခြေသည်း လက်သည်းတွေပဲဖြစ်ပါတယ်။

ကိုယ်တိုင်မြင်ဖူးတဲ့သူတွေဆိုရင် ကြောက်စရာကောင်းပုံကို လက်တွေ့သိနိုင်ကြပါတယ်။ ကျမအဖေရဲ့ ဦးလေးဆိုရင် သွားဖုံး ကင်ဆာဖြစ်ပြီး ဓာတ်ကင်၊ ဆေးသွင်းနဲ့ နောက်ဆုံး ပါးစောင်မေးရိုးတစ်ခြမ်းလုံး ဖြုတ်ပြစ်ခဲ့ရပါတယ်။ ဒါလည်းမရပါဘူး မစားနိုင် မသောက်နိုင်နဲ့ ဆုံးပါးသွားခဲ့ရပါတယ်။ ကင်ဆာကြောင့် အသက်ဆုံးရှုံးရရင်လည်း တခြားရောဂါတွေနဲ့မတူပါဘူး။ မချိမဆန့် အော်ဟစ်ညည်းတွားပြီး ဆုံးရတဲ့အတွက် ဗုဒ္ဓဘာသာအမြင်အရ သေခါနီးအချိန်မှာ သတိပဋ္ဌာန်တရားနှင့် မသေနိုင် တော့ ဘဝကူးလည်း မကောင်းနိုင်ပါဘူး။

ဒါနဲ့ပတ်သက်ပြီး ကျမတို့ ဆက်တွေးမိပါတယ်။ စိတ်-ဆိုတာ အရာရာကို ဦးဆောင်ပါတယ် ကျမတို့ ဗုဒ္ဓဘာသာမှာ “စိတ်သာရှင်စောဘုရားဟော” လို့ဆိုခဲ့ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆံပင်၊ သွားနှင့် ခြေသည်း၊ လက်သည်းက လွဲရင် ကင်ဆာဖြစ်နိုင်တယ်ဆိုတော့ စိတ်မှာကင်ဆာဖြစ်နိုင်တာပေါ့။ လူတိုင်းရဲ့စိတ်ထဲမှာလည်း သိုလ်-၂-သိုလ်နဲ့ပဲ အချိန်ကုန်နေ ပါတယ်။ လူမျိုး၊ ဘာသာ၊ အသားရောင်၊ အဆင့်အတန်းမရွေး၊ ကုသိုလ်စိတ်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်အကုသိုလ်စိတ်ပဲ ဖြစ်နေ ကြရတာပါပဲ။ ပုထုဇဉ်သဘာဝ အကုသိုလ် နဲ့ ကျင်လည်နေကျဆိုတော့ အကုသိုလ်စိတ်ဖြစ်ဖို့ သိပ်လွယ်ပါတယ်။ ကုသိုလ်စိတ် ဖြစ်ဖို့ကျတော့ လေ့ကျင့်ပြုစုပျိုးထောင်မှ ရပါတယ်။

စိတ်ဆိုတာလဲ အင်မတန်ဆန်းကြယ်ပါတယ်။ လက်တစ်ဖျစ်တီးမှာ စိတ်ဟာကဋေပေါင်းတစ်သိန်းဖြစ်ပျက် ချုပ်ဆုံး သွားနိုင်ပါတယ်။ ကုသိုလ်စိတ်နဲ့နေနိုင်ဖို့က မလွယ်တဲ့အခါ အကုသိုလ်စိတ်ပဲ ဖြစ်လွယ်သွားကြတာပါပဲ။ အကုသိုလ်စိတ်ဟာ ကျမတို့စိတ်နဲ့ ရင်းနှီးကျင်လည်နေကျဆိုတော့ ဖြစ်လွယ်ပွားလွယ်နဲ့ ပွားသွားလိုက်တာ ကင်ဆာရောဂါလိုပါပဲ။ ကိုယ်ရဲ့ အကုသိုလ်စိတ်ကပဲ ကိုယ်ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်တိုက်ခိုက်တာ ခံရတော့တာပါပဲ။ အသိ-သတိတရားနဲ့ မထိန်းချုပ်လို့ကတော့ ကင်ဆာဆဲလ်လိုပဲ လျှင်မြန်တဲ့ အဟုန်နဲ့ စိတ်ရောရုပ်ရော အလဲထိုးအနိုင်ယူသွားမှာပါ။

နောက်ထက်တစ်ဆက်တည်း တွေးမိတာကတော့ ကျမတို့လူမျိုးနဲ့တိုင်းပြည် အတွက်ပါ။ လူဖြစ်လာခိုက် လူဖြစ်ကျိုး နပ်ဖို့ ကိုယ့်ဘာသာ ကိုယ့်လူမျိုး အကျိုးကို စွမ်းနိုင်သလောက်လုပ်ချင်ကြပါတယ်။ ကိုယ်ကျင်လည်ရာ ဝန်းကျင်အလိုက် စုပေါင်း ပြီး အသင်းအဖွဲ့တွေလည်း ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေကြပါတယ်။

အဲဒီမှာပဲ-ကျမ-ဆရာတစ်ယောက်ပြောခဲ့သလိုပဲ

“လူတွေဟာ-လာဘ၊ သပက္ကာရ၊သိလောကဆိုတဲ့ ဒီသုံးခုနဲ့ပဲ ခုက္ခရောက်နေကြတာ” တဲ့။ လာဘ၊လက်လာဘလိုချင်တယ်။ သက္ကာရ၊ချီးကျူးခံ၊ ဂုဏ်ပြု ခံချင်တယ်။   သိလောက၊ ကိုယ့်ကိုတလောကလုံးက အသိအမှတ်ပြုတာခံချင်တယ်။ သူများက ရရင် မရစေချင်ဘူး။

ဆရာတော်သီတဂူကြယ်တစ်ပွင့်ရဲ့ “တာမွေကြီးပွားရေးရပ်ကွက်မှာဆိုတော့- မကြီးပွားခြင်း အကြောင်းတရားကို လိုချင်လား” ဆိုပြီး ဟောခဲ့တဲ့တရားပွဲမှာလည်း နာခဲ့မှတ်သားခဲ့ရဖူးပါတယ်။ ကြီးပွားတိုးတက်ချင်ရင် ကိုယ့်ရဲ့သဏ္ဍာန်မှာ ဣဿာနဲ့ မစ္ဆရိယကိုသာ ပယ်သတ် တဲ့။ တို့တိုင်းပြည် မကြီးပွားရတဲ့အကြောင်းက ဒီဣဿာနဲ့မစ္ဆရိယကြောင့်ပဲ တဲ့၊ တကယ်ဆိုရင် လောကီ လောကုတ္တရာနှစ်ဖြာလုံး ကောင်းကျိုးချမ်းသာ ရနိုင်တဲ့နည်းလမ်းတွေ၊ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော် တိုင် လက်တွေ့ကျင့်ကြံ ပြခဲ့ရုံမက ထွန်းကားပြန့်ပွားဆုံးနိုင်ငံဟာလည်း ကျမတို့မြန်မာနိုင်ငံပါပဲ။ ဒီလိုကောင်းမြတ်တဲ့အကျင့်တွေ နည်းလမ်းတွေရှိရက်နဲ့ ဘာကြောင့်မကြီးပွားမတိုးတက်တာလည်းဆိုတဲ့အဖြေကို ထောက်ပြဆုံးမ ပေးနေတဲ့ ဆရာတော်တွေ အများအပြားရှိပါတယ်။

            ကျမရဲ့ညီမလေး စင်္ကာပူသွားတဲ့အခါ မြန်မာလူမျိုးအချင်းချင်း (ရွှေမြန်မာ၊ ရွှေမြန်မာ) ဆိုပြီးခေါ်ကြတယ် တဲ့။ ရွှေဆိုတာ တန်ဖိုးရှိပြီး လူတိုင်းကြိုက်နှစ်သက်ကြတယ်၊ ဂုဏ်ရှိတယ်။ မြန်မာနိုင်ငံကိုလည်း Golden Land လို့တောင် တင်စားခေါ် ဝေါ်ကြတယ်ပေါ့။ အလုပ်ရှင်တော်တော်များကလည်း ကျမတို့ရွှေမြန်မာတွေကို အလုပ်ခန့်ဖို့ လိုလားကြပါတယ်။ ဘာကြောင့် လည်းဆိုတော့ လုပ်အားခပေးရတာ တန်လို့။ နည်းနည်းပဲ ပေးရလို့၊ ခိုင်းရင်လည်း ရိုးသားကြိုးစားကြတယ်။ ဖြတ်ထိုးဉာဏ် လည်းရှိလို့၊ တခြားနိုင်ငံသားတွေဆိုရင် လုပ်အားခပေးရတာ ဈေးကကြီး၊ လူရည်လည်ပြီး ချေးကများ၊ အလုပ်က ရွေးနဲ့ဆိုတော့ မခန့်ကြဘူး တဲ့။ သူများမလုပ်ချင်တဲ့အလုပ်လည်း လုပ်တာပဲ၊ ချေးလည်းမများရဲဘူး၊ ရရာအလုပ်လည်းလုပ်ရတဲ့ ရွှေမြန်မာ တွေပဲကိုက်တယ်။ ဒါပေမယ့် များများမခန့်ရဲကြတော့ဘူး တဲ့။ ကျမတို့ရွှေမြန်မာတွေ ကုမ္ပဏီတစ်ခုတည်းမှာ၊ တစ်နေရာ တည်းမှာများ စုမိရင် တော်ရင်တော်သလို ချီးမြင့်မြောက်စား၊ ရာထူးတိုးလုပ်တာနဲ့၊ တိုင်စာ၊ ပစ်စာ၊ ပစ်ခံရတဲ့ပြဿနာ တွေ့မယ်။ အရင်းအမြစ်ရှာဖြေရှင်းလိုက်ရင် ပစ်တဲ့တရားခံက ရွှေမြန်မာအချင်းချင်းပဲတဲ့လေ။

            ကိုင်း…..ကောင်းကြသေးရဲ့လား။ ကိုယ့်လူမျိုးအချင်းချင်း ပြန်ဆွဲချ၊ ပြန်တိုက်ခိုက်တာ၊ ကင်ဆာရောဂါနဲ့ ဘာထူးသေးလဲ၊ ပွားသွားတာလည်းကြောက်ခမန်းလိလိပါပဲ။ တစ်ဦးချင်းတစ်ယောက်ချင်း သတ္တိမရှိတော့ အင်အားစုရတယ်။ လောကမှာ ကောင်းတဲ့သူနဲ့မကောင်းတဲ့သူ မကောင်းတဲ့သူက ခပ်များများဆိုတော့ စုဆောင်းပွားများရတာမခက်ပါဘူး။ အများနဲ့တစ်ယောက် ပုံစံမျိုး ဖြစ်အောင်ဖန်တီးစည်းရုံးကြပြီး ဝိုင်းဝန်းတိုက်ခိုက်ဖယ်ထုတ်လိုက်ကြတာ ကင်ဆာရောဂါထက်တောင် ကြောက်စရာ ကောင်းလှပါတယ်။

            ကိုယ့်နာမည်ကောင်းရဖို့၊ ချီးကျူးမြောက်စားခံရဖို့၊ အသိအမှတ်ပြုခံရဖို့အတွက် မှားမှန်းသိနေတာတောင် ကိုယ့်အမှားကို ပြင်ဖို့ မစဉ်းစားနိုင်ကြပါဘူး။ ကိုယ့်အပြစ်ကို ဖုံးဖိဖို့ သူများရဲ့အားနည်းချက်၊ ပျော့ကွက်ကို အပြင်းအထန်ရှာဖွေရတယ်။ ဆွဲထုတ်ပြီး (Cover)ကာဗာယူရတယ်။ နည်းမျိုးစုံပေါ့လေ။ နောက်ဆုံးအနှစ်ချုပ်လိုက်ရင် ဘယ်သူသိသိ မသိသိ ကိုယ့်ဘာသာ ကိုယ်တော့ အသိဆုံးပါပဲ။ မကောင်းမှုဟာလည်း စိတ်ကွယ်ရာမရှိပါဘူး။ အဆုံးမှာ အမှန်တရားဟာ ဗူးပေါ်သလို ပေါ်လာစမြဲပါပဲ။

   ကျမရဲ့အတွေ့အကြုံနဲ့ သိသလောက်ပြောရရင် ငယ်ငယ်ကတည်းက မလိမ်တတ်ဘူး၊ အမှားလုပ်မိရင်လည်း သိတာနဲ့ ချက်ချင်းဝန်ချတောင်းပန်တတ်တဲ့အကျင့်ရှိခဲ့ပါတယ်။ ဒါဟာလည်း ကျေးဇူးရှင်ဖခင်ရဲ့ သွန်သင်ဆုံးမမှု ရခဲ့တာကြောင့်ပါပဲ။ ပြောရရင် အဲဒီလို အမှားဝန်ခံတတ်တဲ့အကျင့် တစ်ခါကျင့်ပြီးတိုင်း တစ်ခါသိသိတာတာ စိတ်ရောကိုယ်ပါ လွတ်လပ်ပေါ့ပါးမှု တစ်မျိုး ရခဲ့တာချည်းပါပဲ။ တော်တော်ကို နေလို့ကောင်းတဲ့အရသာပါ၊ ဒါလုပ်ဖူးတဲ့သူတိုင်းသိကြမှာပါ။ ကျမတို့လည်း ပုထုဇဉ်လူသား တစ်ဦးအနေနဲ့ ဘဝမှာ မသိလို့ပဲဖြစ်ဖြစ် သိသိချည်းနဲ့ပဲဖြစ်ဖြစ်၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ အကြောင်း အမျိုးမျိုးနဲ့ အမှားတွေ ကျူးလွန်ခဲ့ဖူးပါတယ်။

            ဗုဒ္ဓရဲ့ဝိပဿနာတရားထူးတရားမြတ်နဲ့ တွေ့ကြုံကြိုးစားခွင့် ရခဲ့တဲ့အခါမှာ ကိုယ့်ရဲ့အသိတရားတွေ တိုးတိုးလာသလို ကိုယ့်အမှားတွေလည်း တိုးတိုးမြင်လာခဲ့ပါတယ်။ ကိုယ့်လိုသိမြင်ခွင့်တွေလည်း ကိုယ်နဲ့ထိစပ်သမျှ ရစေချင်ပါတယ်။

            ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာရော၊ တိုင်းပြည်အနှံ့အပြား၊ တိုင်းတစ်ပါးအထိပါ ကျမတို့ရွှေမြန်မာတွေရဲ့ မစည်းလုံး မညီညွှတ်မှု ၊ အကျင့်ဆိုးကြီးကြောင့် နာမည်ပျက်နေတာတွေကြည့်ရင် အလွန်ရှက်စရာကောင်းပါတယ်။ ကျမတို့ လူကြီးတွေရဲ့ လုပ်ရပ်တွေနဲ့ တိုင်းပြည်ရဲ့မျိုးဆက်သစ်တွေဆီ ဘယ်လိုအမွေတွေထားခဲ့ကြမှာလဲ၊ ကျမတို့အမှားတွေကို ပြောပြ သင်ခန်းစာ ယူပြီး၊ နောင်လာနောက်သားတွေဆီကို ကောင်းတဲ့အကျင့် ကောင်းတဲ့စိတ်ထားတွေ လက်ဆင့်ကမ်းပေးခဲ့ကြရမှာ မဟုတ်လား။

            အဲဒီအတွက် တစ်ခုတည်းသော နည်းလမ်းကလည်း တရားဘာဝနာပဲရှိပါတယ်။ မိရိုးဖလာမဟုတ်ပဲ၊ တကယ့်ဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရကို ရရှိအောင် ကြိုးစားအားထုတ်နိုင်မှ ရမှာပါ။ ဆရာတော် ဦးသောမ ဟောခဲ့သလိုပဲ၊ ယခုလက်ရှိ ၂၁ ရာစုမှာ မြန်မာနိုင်ငံကို နိုင်ငံပေါင်းစုံကလူတွေ စိတ်ဝင်တစားနဲ့ အလုံးအရင်းဝင်လာတော့မှာပါ။ ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ငြိမ်းချမ်းရေးကို အလိုရှိနေကြပါပြီ။ မေတ္တာတရားတွေလည်း လိုအပ်နေကြပါပြီ၊ တိုင်းပြည်ကလည်း လမ်းဖွင့်ထားပြီးပါပြီ။

            ကမ္ဘာမှာအငြိမ်းချမ်းဆုံးတရား၊ မေတ္တာတရားတွေနဲ့ ပြည့်ဝနေတဲ့ထေရဝါဒ အထွန်းကားဆုံးနိုင်မှာ လူလာဖြစ်ရတဲ့ ကျမတို့ နိုင်ငံသူ/သားတွေ အိမ်ရှင်အနေနဲ့ သိထားလုပ်ထားသင့်ကြပါပြီ။ ရှေ့ကအမှားတွေပြင်ပြီး ကမ္ဘာ့အလယ်မှာ ရွှေမြန်မာ ရယ်လို့ တကယ်တန်ဖိုးရှိတဲ့ လူ့ဘဝတွေရရှိပိုင်ဆိုင်ပြီးသားအဖြစ် ဝင့်ကြွားနိုင်အောင် ဖြစ်သင့်နေပါပြီ၊ ကိုယ့်နေိုင်ငံ၊ ဘာသာ အကြောင်း နိုင်ငံခြားသားတွေ စိတ်ဝင်တစားမေးလာရင်တောင် ဘာမှမဖြေနိုင်ပဲ မဖြစ်ရအောင် ပြင်ဆင်ကြိုးစားကြဖို့ အချိန်တန်ပါပြီလို့ တင်ပြရင်း လူသားတိုင်း တန်ဖိုးရှိတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts