ခေတ်ပြိုင်အတွေ့အကြုံ

ရောက်တတ်ရာရာ အတိုအစများ

မောင်ရင်ငတေ
ဇန်န၀ါရီ ၁၇၊ ၂၀၁၃
● မီနီဘိုင်အိုနိဒါန်း

သေသေချာချာအကြောင်းမသိတဲ့သူတွေအများ စုက  မောင်ရင်ငတေကိုအပေါက်ဆိုးတယ်ရိုင်း တယ်စကားပြောကြမ်းတယ် ပြောကြတာဘဲ၊ မောင်ရင်ငတေ ဘာသာတော့ အဲလိုမျိုးတော့ဘယ်တော့မှမထင်ပါဘူး၊ ဒါပေမဲ့ ဒီလောကကြီးရဲ့ နေရာဒေသမျိုးစုံမှာ လူပုံစံမျိုးစုံနဲ့ တွေကြုံလာရတာတွေ များလာတော့ အရာရာကို ထေ့ပြီးငေါ့ပြီးသရော်ပြီး ဟာသလုပ်ပြောရတာကို ပိုပြီးသဘောကျလာမိတယ်ထင်တာဘဲ၊ တချို့ကလဲမောင်ရင်ငတေ့ကို လက်ရှိဘဝ လောကကြီးကိုကျေနပ်နေပြီး သဘောကျပြီး ပျော်ရွှင်နေတယ် ထင်ကြတယ်၊ အမှန်တော့ လောကကြီးက ဘာမှမဟုတ်ပါဘူး၊ သူ့ဘာသာသူ နေ့ပြီးတော့ည ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘာဝတရားအတိုင်း လည်ပတ်နေတာပါ၊ တကယ်တမ်းတော့ မောင်ရင်ငတေဘဝမှာ ကိုယ်လုပ်ချင်ရာတွေကိုလျှောက်လုပ်ပြီး ဖြစ်လာလာဖြစ်မလာလာလာ ရင်ဆိုင်ခဲ့ရတာတွေကအရေ ထူပြီးလာတော့ လောကကြီးကိုကျေနပ်အောင် နေတတ်လာတယ်ဘဲထင်ပါတယ်၊ လူတွေကသာ ဒါတွေကိုအရမ်းခံစားနေကြတာပါ၊ တကယ်ဆို ငိုစရာဆိုရင်လည်းအရမ်းမငိုနဲ့၊ ရယ်စရာဆိုရင်လည်းအရမ်းမရယ်နဲ့၊ ပျော်စရာဆိုရင်လည်း အရမ်းမပျော်နဲ့  အဲလိုမျိုးတွေ အရာရာအားလုံးကို ထိမ်းချုပ်နိုင်ခဲ့ပြီဆိုရင် လောကကြီးက သာယာလှပလာမှာပါ။

မောင်ရင်ငတေဘဝအစက မရှိမရှား အလယ်အလတ်တန်းစာမိသားစု၊ မောင်ရင်ငတေအဖေက ဒိစတြိတ်ကောင်စီက ဒိစတြိတ်အင်ဂျင်နီယာ နောက်ပိုင်းမှာ မြူနီစပယ်ဆိုတာနဲ့ပေါင်းပြီးတော့ စည်ပင်သာယာဆိုပြီးဖြစ်လာခဲ့တော့ စည်ပင်သာယာလက်ထောက်အင်ဂျင်နီယာ နောက်တော့ ရေရရှိရေးစီမံကိန်းတွေ ပေါ်လာပြီးတော့ကာ ရေပေးရေးအင်ဂျင်နီယာ၊ မောင်ရင်ငတေ မမွေးခင်ကနေစပြီးတော့ ၁၉၈၈ ထိ အဲဒီဌာနတခုတည်းမှာ အလုပ်လုပ်ခဲ့ပြီး၊ ၈၉ ကနေ ၂၀၀၇ အထိ ထိုင်းမှာအလုပ်လုပ်တယ်၊ ဗမာပြည်မှာ လုပ်သက် ၃၀ နီးပါး ထိုင်းမှာ ၁၈ နှစ်နီးပါး၊ နှစ်ခုပေါင်း ပင်စင်ခံစားခွင့် တစ်ပြားတစ်ချပ်မှ ခုထိမရရှိပါ၊ ၂၀၀၈ ကနေ ၂၀၁၀ ထိယူအက်စ်မှာနေတယ်၊ သူ့သားအငယ်ဆုံး မောင်ရင်ငတေညီနဲ့သွားနေတာ၊ မနှစ်ကကျန်းမာရေးမကောင်းလို့ ဗမာပြည်ကိုပြန်ပြီး အခုရန်ကုန်ချောင်းဝကျောင်းနားက ရတနာမွန်မှာ မောင်ရင်ငတေအမေနဲ့အတူနေတယ်၊ အမေရိကားကနေပြီးတော့  ကျန်းမာရေးမကောင်းလို့ ဗမာပြည်ပြန် ဆေးကုပြီးအသက်ဆက်တာ သူတစ်ယောက်ဘဲရှိသေးတယ်ထင်တယ်၊ အမရဲ့မိသားစုက အဖေ့အမွေရတဲ့အိမ် ဗဟန်းရွှေတိဂုံဘုရားနားက တိုက်ခန်းမှာ နေတယ်၊ ညီမကသူ့ယောက်ျားနဲ့ တောင်ဥက္ကလာလား မြောက်ဒဂုံမှာလား မသိဘူးနေတယ်၊ ညီအလတ်က မန္တလေးမှာကျောင်းတက်ရင်း ရွှေမန်းသူနဲ့တွေ့ဆုံခဲ့ပြီးညားလို့ အခုထိသူ့မိန်းမနေတဲ့ မန္တလေးမြို့မှာဆက်နေထိုင်ပြီး သားတယောက်အဖေဖြစ်နေပြီ၊ ဗဟန်းကအမမှာ သားတစ်ယောက်ရှိ ပထမနှစ် ရေကြောင်းအင်ဂျင်နီယာလား သေချာတော့မသိဖူး ရွာတစ်ရွာမှာဖွင့်ထားတဲ့ တက္ကသိုလ်မှာ ကျောင်းသွား တက်နေတယ်၊ ညီမမှာခလေးမရှိ၊ နယူးယောက်မြို့ကညီအငယ်ဆုံး လူပျိုကြီး ၇၄ ဖွား ၃၈ နှစ်ဆိုတော့ မောင်ရင်ငတေနဲ့ ဆယ်နှစ်ကွာ၊ အဖေရဲ့အမေ မောင်ရင်ငတေအဖွားက ကရင်လူမျိုးစစ်စစ် မအူပင်နယ် ရေလဲကလေးဆိုလား ငယ်ငယ်ကတခေါက်နှစ်ခေါက်တော့ရောက်ဖူးပေမဲ့ ခုတော့မမှတ်မိတော့ဘူး နောက်တော့ရေကြည်ရာမျက်နုရာရှာရင်း မြိုတက်လာပြီး ကျောင်းကန်ဇရပ်ပေါတဲ့ ရွှေတိဂုံဘုရားခြေရင်းရောက်လာအခြေချရင်း ဗဟန်းဇာတိဖြစ်ရော၊ အဖိုးကနတ်မောက်ဇာတိ အသက် ၁၃ နှစ်သားနဲ့ရန်ကုန်ရောက်ပြီး အတန်းကျောင်းကောင်းကောင်းမနေဖူးခဲ့ရပေမဲ့ အင်္ဂလိပ်စာကို လေ့လာလိုက်စားခဲ့တာကြောင့် အသက်ကြီးမှအမေရိကန်သံရုံးမှာ စကားပြန်လုပ်တာ သူ့ရတဲ့ပင်စင်လစာဒေါ်လာတွေက သူ့မြေးမောင်ရင်ငတေတို့ညီအကိုတွေရဲ့ သုံးဖို့ဖြုန်းဖို့မုန့်ဖိုးများ ဖြစ်ခဲ့တာဘဲ။

ဒါကြောင့်အဖေက ကရင်နှစ်ပိုင်းတပိုင်းလူမျိုး၊ အမေ့အမေကမြင်ကွန်းဇာတိ အမေဘက်ကအဖိုးကမိချောင်းရဲသား အဖိုးနဲ့အဖွားညားပြီး အဲဒီကာလက အညာမြေဒေသမှာ တိုးတက်ဖွင့်ဖြိုးဆုံးလို့ဆိုရမယ့် ရေနံချောင်းမှာ ပြောင်းရွှေ့အခြေစိုက်ခဲ့တာပါ၊ အဖိုးကစာပေဝါသနာပါလို့ စာအုပ်ဆိုင်ဖွင့်စားခဲ့တယ်၊ နိုင်ငံရေး နဲနဲပါးပါးလုပ်တယ်၊ အာဏာရမယ့် နိုင်ငံရေးမျိုးမဟုတ်ဘူး အတိုက်အခံနိုင်ငံရေးလုပ်တာ၊ မောင်ရင်ငတေကအဲဒီနေရာမှာတော့ အဖိုးနဲ့သွားတူလို့ထင်တယ် အတိုက်အခံဘဲကြိုက်လို့ အခံကြီးဘဲခံနေရတာလေ(တမျိုးမတွေးနဲ့နော်)၊ ဒါကြောင့်လည်းဘိုးဘွားတွေက တွင်းရိုးတွင်းစားမဟုတ်တဲ့ တွင်းပိုင်ကြီးမျိုးရိုး၊ အထင်တော့မကြီးလိုက်နဲ့ ရေတွင်းကိုပြောတာနော့၊ ရေကမနံဘူးရေမွှေး၊ အဲဒါကြောင့်ပြင်သစ်အစိုးရက မောင်ရင်ငတေကို ရေမွှေးတွင်းပိုင်ကြီးမျိုးရိုးမှန်း မြင်ကွန်းမင်းသားကြီးရဲ့မျိုးရိုးမှန်းသိသွားပြီး ဒီမှာနေထိုင်ဖို့ကိုဖိတ်ခေါ်လိုက်တာဘဲ၊ ဘယ်တော့ပြန်လို့ရမှန်းမသိနိုင်တဲ့ နေထိုင်ခွင့်ကိုပေးလိုက်တာဘဲ၊သူများတွေလို ပြန်ပြီးတော့လည်း ဘာမှလုပ်ကိုင်မစားတတ်ဖူးလေ၊ လုပ်ကိုင်စားတတ်မှတော့ ဒီကိုဘယ်လာတော့မလဲဗျာ ဟိုမှာလုပ်ကိုင်စားဖို့ ဂွင်တွေကိုရခဲ့သိရဲ့သားနဲ့မှ ဘာမှမလုပ်တတ်မကိုင်တတ်တော့ ကြာရင်ငတ်တော့မှာရယ် နံရံလေးဘက်ထဲ မနေချင်တာရယ်ကြောင့်ပါ၊  ၁၉၆၄ ခုမွေး စကားကြီးစကားကျယ် အလွန်ပြောဆိုတတ်သော မျက်နှာဖုံးစွပ်ပြီး မွေးလာခဲ့သော နဂါးနှစ်ဖွား အဓိပတိဖွား သောကြာသား၊ မတ်လ ၂၇ ရက်နေ့ တန်ခူးလပြည့်နေ့ တော်လှန်ရေးနေ့မွေးပြီး တော်လှန်ရေးနေ့ညစာစားပွဲ ဖိတ်ကြားခြင်းမခံရသော တော်လှန်ရေးလုပ်ရမှာကို အလွန်ကြောက်သော သေနတ်ကိုင်ရမှာကို အလွန်မုန်းသောကြောက်သော တော်လှန်ရေးသမား ဖြစ်ပါကြောင်း …..။

● ဧရာဝတီကမ်းနဘေးမှသည်
မဆလခေတ်ဦးပိုင်းကာလတွေမှာ အစိုးရဝန်ထမ်းဘဝကို နှစ်နှစ်ချိုက်ချိုက်မက်မောစွာခံယူခဲ့သော တတ်မြောက်ထားသောပညာဖြင့် တိုင်းပြည် ကိုအလုပ် လုပ်ရင်း ကျေးဇူးပြန်ဆပ်ရန်ခံယူချက်ရှိသော မောင်ရင်ငတေ့အဖေတို့ခေတ် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်လမ်းစဉ်စံနစ်ကြီး၏ အောက်ဝယ် ကံဇာတာ ညိုးငယ်စွာဖြင့် လူလားမြောက်ခဲ့ရရှာသော မောင်ရင်ငတေတို့သည် သူငယ်တန်းလေး ကျောင်းသားဘဝမှစကာ ဝါစိမ်းနီပြာအလံလေးများကို ကလေးပီပီ နှစ်ချိုက်စွာကိုင်စွဲရင်းဘာမသိညာမသိ ဆိုရှယ်လစ်အလံတော်သစ်ကြီး၏အရှေ့တွင် သစ္စာအဓိဌာန်ငါးချက်ကို နောက်ကဝါးချရင်းလိုက်ဆိုခဲ့ဖူးတာတွေကို  ပြန်စဉ်းစားတော့ နောင်တစ်ချိန်ကြ ဒို့အရေးဒို့အ ရေးအော်ဖို့ ငယ်ငယ်ထဲကထရိန်နင်အပြည့် ရှိခဲ့တာလို့တွေးမိပါတယ်၊ ဤသည်မှာမောင်ရင်ငတေရဲ့ ချက်မြုပ်ရာဇာတိ ဧရာဝတီကမ်းန ဘေးက အလွမ်းမင်းသားလေးမင်းအောင်ရဲ့ (ဦးဘရဲဘုရားလမ်းဟုထင်ပါသည် ရေတွင်းညီနောင်နှင့် သိပ်မဝေးလှ တာကိုတော့ မှတ်မိပါတယ်) မျက်စောင်းထိုးအိမ်မှာပါ၊ ဟုတ်ပါတယ်ခင်ဗျာ ယခုအခါ ဧရာကမ်းနဘေးနဲ့အလှမ်းအနည်းငယ်ဝေးသွားရှာတဲ့ ဟင်္သာတ ရွှေမြို့ တော်ကြီးပါ၊ အဲဒီလိုနဲ့ အကြောက်တရားကိုရင်မှာပိုက်ပြီး အ.လ.က ၅ မှာ ၇ တန်းထိနေခဲ့ပါတယ်၊ ကျောင်းအုပ်ကြီးက နောင်တွင်မြို့ နယ်ဥက္ကဌကြီး ဖြစ်ခဲ့တာဆိုတော့ ကြောက်ရတာပေါ့ဗျာ၊ ကြိမ်လုံးကလည်းကြီးတာကိုဗျ၊ မိုးတွင်းအခါဆိုရင် မြစ်ရေတွေကြီးတာတွေကျိုးတော့ ပြည်သူ့ဝန်ထမ်းကောင်းတွေ အတွက် အလုပ်အကိုင်ပေါတာပေါ့၊ မောင်ရင်ငတေအဖေလည်းပါတာပေါ့၊ သူတို့တွေ နေမအားညမနားဘဲ မြစ်ရေကြီးတာကို လုပ်အားအပြည့်အဝပေးပြီး ကာကွယ်ခဲ့ကြတာပေါ့၊  ဒါကြောင့်ထင်တယ် မောင်ရင်ငတေလည်းဓါတ်ကူးပြီး ခုထိဖရီးဆား ဗစ်ပေးရတာကို ဝါသနာထုံခဲ့တာ၊ အများအကျိုးဆောင် ကိုယ့်ကျိုးပြောင်တော့ မဖြစ်ခဲ့ရပါဘူးလေ၊ သိပ်ကောင်းတဲ့စိတ်ထားပါ၊ အဲဒီတုန်း ကတော့ခလေးဘဝဆိုတော့ လှေစီးရတာဘဲပျော်ပြီး ဘေးမသန်းဘဲ အေးချမ်းတဲ့ဘဝ ထင်ခဲ့တာပေါ့၊ ရာသီဥတုသာယာတဲ့ နေရက်တွေ ဆိုရင် မောင်ရင်ငတေအဖေတို့လို မြို့နယ်အရာရှိကြီးတွေကတော့ တိုက်ဂါးဝုဒ်တို့ မပေါ် ပေါက်ခင်ကတဲက ဂေါက်တံလေးတွေ တယမ်းယမ်း နဲ့ ဂေါက်ကွင်းကောင်းကောင်းမရှိလဲ ဝန်ထမ်းအိမ်ယာတွေနားက မြက်ခင်းပြင်ကျယ်ကြီးတွေမှာ ဂေါက်ရိုက်ကြတာပေါ့၊ အဲဒီအချိန်တုန်းက အဲလိုမြေကွက်လပ်လွတ်တွေ အများကြီးရှိခဲ့တာကိုတော့ သေချာမှတ်မိပါ့ဗျာ၊ မောင်ရင်ငတေတို့လည်း ဘယ်နေပါ့မလဲ အတုမြင် အတတ်သင်ပေါ့၊ ဂေါက်သီးတော့မရိုက်ပါဘူး၊ ကျောက်ဒိုးတွေနဲ့ ကျင်းစိမ်တမ်းကစားတာပေါ့၊ အတူတူဘဲလေ ကျင်းစိမ်ရတာချင်း၊ ခင်ဗျားတို့လည်းကစားဖူးမှာပါ၊ အဲလိုကာလက ကျောက်ဒိုးမပစ်တတ်ရင် ဂျင်မပေါက်တတ်ရင် သရေကွင်းမပစ်တတ်ရင် ခေတ်မမှီဘူးဗျ၊ ဒါပေါ့ဗျာ မြန်မာ့ အားကစားကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ စကားတောင်မပေါ်သေးပါဘူးလေ၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက အာရှဘောလုံးမှာမြန်မာ က နှစ်ကြိမ်ဆက်ချန်ပီယံကိုး၊ တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲဆို အိမ်မှာရှိတဲ့ အကြီးစားစက်မှုလုပ်ငန်း က.စ.လ မှထုတ်လုပ်သည်ဆိုတဲ့ နေရှင်နယ် မာတီမီဒီယာသစ်သားလေဒီယိုကြီးနဲ့ မြန်မာ့အသံကလွှင့်သမျှကို (မမြင်ရတော့ သူတို့ပြောသမျှကိုသာ ယုံရတာပေါ့ဗျာ) စိတ်ကူးမြင်ယောင်နားထောင်ပြီး တို့ဗမာနိုင်ပြီသီချင်းကို အလွတ်ရခဲ့တာပေါ့၊ ကျက်စရာမလိုပါဘူးဗျာ၊ ခဏခဏ ကြားရတာကိုး၊ ခဏခဏ ကြားရဆို ခဏခဏနိုင်တာကိုဗျ၊ ခုတော့ အသက်ကြီးလာလို့လားမသိဘူး မေ့တေ့တေ့ ဖြစ်သွားပြီ၊

၁၉၇၂ အနောက်ဂျာမဏီမြူးနစ် အိုလံပစ် ဘောလုံးခြေစစ်ပွဲထင်တယ် အာရှဇုံနှစ်ခြေစစ်ပွဲ အောင်ဆန်းကွင်းမှာကန်တာ အစ္စရေးတို့ထိုင်းတို့ကိုအနိုင်ကန်ပြီး အိုလံပစ်သွား ကန် ရတာ  ဗဟာဒူးတို့ လှဌေးတို့ ဂိုးတင်အောင်တို့ အေးမောင်ကြီးတို့ နာမည်ကြီးခဲ့တာပေါ့ဗျာ ခုများတော့ အိမ်မက်လိုလိုပါဘဲ၊ အခု ခင်ဗျားတို့ပြောပြောနေတဲ့ ဆီးဂိမ်းဆိုတဲ့ ကျွန်းဆွယ်ပွဲတို့ မာဒေးကားတို့တော့ထည့်ပြောမနေပါနဲ့တော့ဗျာ၊ နောက်တခု မှတ်မိသေးတာကတော့ စောစောအိပ်လို့စောစောထလို့ သီချင်းဆိုပြီးလမ်းလျှောက်ကြတာဗျာ၊ မှတ်မိလား မောင်ရင်ငတေကတော့ ကောက်ညင်းပေါင်း စားရတာကိုတော့ သိပ်ကောင်းကောင်း မှတ်မိနေသေးတယ်၊ နောက်တော့ဘာလို့လဲမသိဘူး မလျှောက်ရတော့ဘူး၊ တော်တော်ကြီးကို ကြာတော့မှ ၈၈ ခုနှစ်ကျမှ ပြန်လျှောက်ရတယ်၊ ဒါပေမဲ့ ၈၈ ကျတော့ ဒီလူကြီးတွေ ဦးဆောင်တာမဟုတ်တော့ဘူး၊ သူတို့ကနောက်လိုက်ဖြစ်သွားပြီ၊ အော် ချော်တောငေါ့သွားရပြန်ပြီ၊ မဲရုံမဲရုံကိုလာတို့ လက်ယာကပ်မောင်းတို့ သီချင်းတွေတော်တော်များပါတယ်၊ ခုခေတ်လို ဝမ်းစီးရီးမှာ အကျိုးပြုတစ်ပုဒ် ပါရတာမဟုတ်ဘူး၊ သြော်… သီချင်းခွေတွေရှိသေးလား၊ ဟာ ခင်ဗျားကလည်း ဘာတွေလာမေးနေတာလည်း  အခွေဝယ်စရာ မလိုဘူးလေဗျာ လေဒီယို ခေတ်ဗျ၊ နိုင်ငံတော်ကအကုန်အကျခံပြီး ပြည်သူတွေအတွက် လွှင့်ပေးနေတာ ခိုးကူးခွေလည်းမလိုဘူးလေ ဒါတွေကို ထားလိုက်ပါတော့ဗျာ၊  မီနီဘိုင်အို ပေရှည်နေလို့ ဆင်ဆာထိသွားအုံးမယ်၊ လေရှည်ခြင်းပေရှည်ခြင်းကို သည်းခံကြပါခင်ဗျာ၊ အဲဒီတုံးက မောင်ရင်ငတေတို့က ငါးတန်းနှစ်ရောက်မှ အင်္ဂလိပ်စာစသင်ခဲ့ရတာဘဲ ဘာတတ်ခဲ့လဲမမေးနဲ့လေ၊  ဘလက်ကိုင်းစူးစမ်းဆိုတဲ့ အင်္ဂလိပ်ကဗျာလားသီချင်းလား မသိဘူး ဆိုခဲ့ရဘူးတယ်ဆိုတာကိုတော့ မှတ်မိသလိုပါဘဲ ၊ အော် … ဘာမေးတာ …. ကွန်ပြူတာသင်ရလား …. ခင်ဗျားဗျာ မနောက်ပါနဲ့ ကျုပ်က အတည်ပြောနေတာပါ။

● ဧရာဝတီမှသည် ငဝန်ဆီသို့
အပိုင်းတွေများလို့ စိတ်ပျက်တော်မမူကြပါနဲ့၊ သည်းခံပြီး ဆက်လက်အားပေးကြပါအုံး၊ မူရင်းပရော်ဖက်ရှင်နယ်စာရေးဆရာ မဟုတ်ရ ကြောင်းပါ၊ ခုမှမနေနိုင် မထိုင်နိုင် လက်ကမြင်းခွင့်ရတဲ့ ကိုယ်ရေးကိုယ်ဖတ် ဆင်ဆာမဲ့သောအင်တာနက်ဖွဘုတ် ပေါ်လာလို့သာရေးခွင့်ရတဲ့ ကျောင်းသားသစ်တယောက်မို့ပါဗျာ၊ မြက်ခင်းပြင်ကျယ်ကြီးတွေမှာ နွားတွေကမြက်စား လူကြီးတွေဂေါက်ကစား လူငယ်တွေဘောကန် ကျောက်ဒိုးပစ် ဂျင်ပေါက် သရေကွင်းပစ် အဲလိုမျိုး အကြောင်းတွေ ပြန်စဉ်းစားရင်းတွေးမိရလို့ပါ၊ ခုတော့  အဲဒီမြက်ခင်းတွေလည်း အိမ်ယာစီမံကိန်းတွေနဲ့ ဘဝပြောင်းသွားရပါပြီ၊ ခင်ဗျားတို့ကျုပ်တို့ရဲ့ အဖေတို့တတွေလည်း ဂေါက်မကစားတော့ပါ၊ မြို့နယ်အရာရှိကြီးတွေလည်း တချို့တွေက အချိန်ပိုဒုတိယအလုပ်တွေနဲ့ မအားကြရပါဘူး၊ ဂေါက်မရိုက်ရတော့ ပေမဲ့လည်း ဂေါက်တောက်တောက်တော့ဖြစ်နေကြပါပြီ၊  ဂေါက်တာခြင်းတော့ အတူတူပါဘဲ၊ တချို့တွေလည်း သီချင်းဆက်ဆိုနေကြဆဲပါ၊ မနက်စောစော စောစောအိပ်တို့ စောစောထတို့ အဲဒီသီချင်းတွေ မဟုတ်တော့ပါဘူး၊ ညနေခင်းအချိန်တွေမှာ မိုက်ကိုင်ပြီး ကိုယ်တိုင်ဟဲနေကြပါပြီ၊ လူငယ်သွေးသစ်တွေ လည်း ရွန်းနီတို့ မက်စီတို့ ဒိုလေးတို့နဲ့ ချန်ပီယံလိဒ်ပွဲတွေကို အိမ်ခန်းထဲ နက်ကဖေးဆိုင်တွေထဲကနေ တိုက်ရိုက်ကစားနေကြပါပြီ၊ မြက်ခင်းဟောင်းထဲက နွားတွေလည်း ဂလုပ်ဘယ်လိုက်ဇေးရှင်းခေတ်နဲ့အညီ နိုင်ငံရပ်ခြားကို ထွက်ကုန်ကြပါပြီ၊  မြက်ခင်းရှိစရာ လိုသေးလို့လား၊ ဟုတ်တယ်မလား လူတွေအကုန် အထဲရောက်ကုန်ပြီလေ၊ ကဲ မီနီဘိုင်အို ပြန်ဆက်ပါမည်၊ အဲဒီလိုနဲ့ အဖေအလုပ်ပြောင်းရာ ပုသိမ်မှာနှစ်နှစ်နေခဲ့ရတယ်၊ ဘာမှတော့ ထူးထူးခြားခြားတွေ မရှိခဲ့ တဲ့နှစ်တွေပါ၊ အ.ထ.က ၃ မှာကျောင်းဆက်တက်တယ်၊ မောင်ရင်ငတေလောင်းလျှာအတွက်တော့ အနည်းငယ်ပြောင်းလဲခဲ့တယ်၊ မြို့သစ်ကျောင်းသစ်မှာ အပေါင်းသင်းသစ်တွေနဲ့ စတွေ့ခဲ့တယ်၊ အရင်မြို့မှာတုန်းကမြို့သေး၊ အဖေ့ရာထူးကလည်းမြို့သေးလို့ ရာထူးကြီးတာပေါ့၊ အကောင်သားပေါက်စလေးကို လူတိုင်းသိ၊ အဲဒီလိုအဖေရဲ့ကြိုးနီစံနစ်အောက်မှာ ဆံပင်ညှပ်တာတောင်ပုံစံကေနဲ့ ပြားပြားဝပ်နေခဲ့ရတာက မြို့အသစ်ရောက်မှ လွတ်လပ်ရေးအမှန်အကန် ရတော့တာပါ၊ မြို့အသစ်မှာ အဖေကရာထူးတက်တယ်သာပြောတာ ဒီမြို့ရောက်တော့ သူ့ကို ဘယ်သူမှ သိပ်မသိတော့ဘူးခင်ဗျ၊ နိုင်ငံရေးရေချိန်ကလည်း တင်းပြည့်တွေရဲ့ခေတ်ကိုး၊ အဖေကတော့တင်းလျော့သွားပြီး ကင်းကွာဖြစ်နေပြီ၊ မောင်ရင်ငတေကတော့ အသက်ကလေးကလည်း ကြီးကောင်ဝင်နေပြီ၊ ဂီတပိုးကလည်းထစ ဘာတခု မှတော့ ဇမရှိပါဘူး၊ ဘောင်းဘီဖင်ကျပ်ဝတ် ဒေါင်ဒေါင်ဒင်ဒင် လုပ်ချင်တာဘဲသိတယ်၊ လမ်းသရဲခေတ်လေ၊ ကျောင်းတက်ရတဲ့ အတန်းကလည်း ဆွေတော်တွေမျိုးတော်တွေ လူတော်တွေနဲ့ လူကြီးသားဆိုသူတွေက တန်းခွဲအေတို့ဘီတို့မှာ နေရာယူထားပြီးသားဆိုတော့ မောင်ရင်ငတေ အတွက်နေရာက တန်းခွဲစီမှာခွဲတမ်းရတာပေါ့၊ ရှယ်ပေါ့၊ ဘာလို့လဲဆိုတော့ အေတွေဘီတွေမှာက ပြိုင်ဆိုင်မှုတွေကများတယ်၊ စာကောဘာကောလေ၊ အဲဒီမှာ မောင်ရင်ငတေရဲ့လွတ်လပ်ရေးကစရတာပေါ့၊ ညနေ ၃ နာရီခွဲ ကျောင်းဆင်းရင်ဘောလုံးကန် တနာရီလောက် ကျောင်းဘောလုံးကွင်းက ခြုံတောမြက်တော ရွှံတောဗွက်တောထဲမှာ ကြုံးရုန်းနဗန်းလုံးကန်ပြီးရင်ရပြီ၊ မက်စီတို့လို သိပ်ကြိုးစားစရာမလိုပါဘူး၊ အဲဒီထဲက အမှန်အကန် ဧရာတိုင်းလက်ရွေးစင် အောင်ဆန်းလက်ရွေးစင်  ဂိုးလီဘာသူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးပါတယ်၊    “ ဟာ !!!  ဘာပြောကောင်းမလဲ… ခင်ဗျားကလည်းဗျာ ရှိတာပေါ့ လူကြီးသားဘဲ နေဝင်းလက်ရွေးစင်ပေါ့ ကန်တော့သူကန်တယ် သေချာမကြားဖူးပါဘူး  လေဒီယိုကနေ ကြားခဲ့ရတာဆိုတော့ သူဟုတ်မဟုတ် သေချာဘယ်သိပါ့မလဲ မကန်ရတဲ့အရန်ပေါ့ ဒါပေမဲ့ဗျာ ဂျာဆီရလဲ နည်းတဲ့ခေတ်မှမဟုတ်တာ၊ ဘာ !!! အောင်ဆန်းကွင်းဘဲကြားဖူးတယ် ခင်ဗျားဗျာ ညံ့ပါ့ ကျုပ်ကိုဘဲ မေး မေး နေရတာ၊ အဲဒါကြောင့် အခု ခင်ဗျားအင်တာဗျူးဆရာ ဖြစ်လာတာဘဲ၊ သူတို့ကအရန်လေ ကန်စရာကိုး မလိုဘူး ထိုင်ခုံမှာဘဲ ထိုင်ထိုင်နေရတာ ဒါကြောင့် ကျုပ်တို့က နေဝင်းလက်ရွေးစင်လို့ တင်စားထားတာ၊ အောင်ဆန်းပြီးရင် နေဝင်းဘဲမဟုတ်လား မနာလိုမဖြစ်ပါနဲ့ဗျာ၊ မကန်ရဘဲ ထိုင်ခုံမှာဘဲ ထိုင်နေခဲ့ရတာကြာတော့ မထနိုင်တော့တာပေါ့  အကျင့်ပေါ့ဗျာ ခင်ဗျားဝင်ဝင် ဗျူးနေတာနဲ့ ပြောနေတဲ့ကျုပ်ရဲ့ဘိုင်အိုလမ်းကြောင်းက လွဲလွဲသွားတယ်၊ မသိတိုင်းလည်း ဝင်ပြီးသိပ်မမေးနဲ့အုံး ကျုပ်ပြောချင်တာက ဘောလုံးကန်ပြီးရင် ကျောင်းခြံစည်းရိုးနားက အုတ်ခုံမှထိုင်ပြီး ဆယ်တန်းရပီတာဘဲကြီး ဂစ်ခေါက်တာကို နားထောင်ခဲ့ရတာကိုလေ  ဟော .. . ဝင်မေးပြန်ပြီ၊ လျှာကိုရှည်တယ်၊ ခင်ဗျားအလုပ်နဲ့တော့ကိုက်ပါ့လေ ခြံစည်းရိုးနားမှာဟုတ်လား  အဲဒီတုန်းကပလက်ဖောင်းကအကျယ်ကြီး လမ်းချဲ့လို့ကျဉ်းသွားတာ မဟုတ်ပါဘူး  ခြံစည်းရိုးမှာ ဆိုင်ခန်းတွေ ဆောက်လိုက်လို့ပါ မြို့တော်စည်ပင်သာယာရေးပေါ့ဗျာ၊ အင်း … ကျုပ် အဖေ တော့ မပါဘူးထင်တာဘဲ  ဘာလို့လဲဆိုတော့ ဟာဗျာ နောက်မှပြောမယ်ဗျာ၊ သေချာစုံစမ်းလိုက်အုံးမယ်  ဆိုင်ခန်းတွေဆောက်လိုက်တော့ တစ်ခုတော့ ကောင်းတယ်ဗျ  ဘောသမားလေးတွေ အေးအေးဆေးဆေး ဘောလုံးကန်လို့ရတာပေါ့၊ သူတို့ကန်နေတာကို ဓါတ်ပုံတွေရိုက်ပြီး ဖွလို့မရတော့ဘူးပေါ့ဗျာ၊ ဟာဗျာ  အခုဖွတာ ကျုပ်မဟုတ်ပါဘူးဗျာ ကျုပ်က မြန်မာပြည်မှာ နေနေတာမှမဟုတ်တာ ကျုပ်ကသူများရိုက်ထားတဲ့ပုံတွေကို ကော်ပီကူးရုံကူးတာပါ ………… “အဲဒါနဲ့ အိမ်ကို ဘောလုံးကန်မယ် ပြောပြောပြီး ကျောင်းခြံစည်း ရိုးဘေး ရေမြောင်းဘောင်ပေါ်နဲ့အုတ်ခုံပေါ်က ဂစ်တာဒေါင်ဒင်ဖရီးရှိုးတွေကိုအားပေးခဲ့တာပါ  အဲဒီတုန်းကဘာသီချင်းတွေ မှန်းတောင် ကောင်းကောင်းမမှတ်မိတော့ပါဘူး၊  ဖွဘုတ်ပေါ်ကမှတ်တမ်းများအရဆိုရင်တော့ အပေါ်ထပ်နဲ့အောက်ထပ်ခေတ်ဘဲ ဖြစ်မယ်ထင်တယ်၊ကြုံတုန်းပြောရ ရင်တော့ ခုခေတ်သီချင်းတစ်ပုဒ်တောင်းရတာလွယ်ပါ့နော် …… အွန်လိုင်းပေါ်မှာ ဘာသီချင်လေးလို့ ခေါင်းစဉ်အသေအချာမသိတာတောင်မှ ရသမျှ စာသား သုံးလေးလုံးလောက်ရေးပြလိုက်ရင် အဆိုတော်အမည် နေရပ်လိပ်စာ နေ့စွဲရက်စွဲ အတိအကျနဲ့ ဗားရှင်းအမျိုးမျိုးနဲ့ တက်လာလိုက်တာ မြန်ပါ့ မဟုတ်လား တောင်းပန်ယူရတယ်နော့၊ မြန်မာ့အသံတို့ အမျိုးသားစာကြည့်တိုက်တို့နဲ့များတော့ ကွာပါ့ဗျာ၊ လိုချင်တာ ချက်ချင်းရဖို့နေနေသာသာ ဝင်ခွင့်ရဖို့တောင် မလွယ်ဖူးမဟုတ်လား၊ အမျိုးသားစာကြည့်တိုက်ဆိုရင် အခုနေရပ်လိပ်စာအတိအကျတောင် မရှိတော့ဘူးလို့ကြားတာဘဲဗျ ဟုတ်ရဲ့လား၊ ခုတော့ အမျိုးသမီးစာကြည့်တိုက် ဖွင့်မလားမသိဘူး၊ ပုခက်လွှဲတဲ့ခေတ်ကို ရောက်နေပြီလေ၊ အဲနေပါအုံး ….. ပုသိမ်မှာ ကျုပ်မှတ်မိနေတာ တစ်ခုရှိသေးတယ်ဗျ ဆိုင်းဘုတ်အကြီးကြီးနဲ့ဗျာ ငဝန်ကမ်းနဖူးမှာလေ အဝါရောင်နဲ့ ဆောက်လုပ်ရေးကော်ပိုရေးရှင်းတံဆိပ်နာမည်နဲ့လေ၊ အဲတုန်းကတော့ ပ.လ.ကဆိုလား ပြည်သူ့လုပ်ငန်းကော်ပိုရေးရှင်းလို့ခေါ်တယ်ထင်တယ် သေချာတော့မမှတ်မိတော့ဘူး၊ ပုသိမ်-မုံရွာ-ရေဦးလမ်းမကြီး ဤနေရာမှစ၍ ဤနေရာမှာဆုံးသည် ဆိုလားဗျာ ဟဲဟဲ … နောက်တာပါဗျာ … ဒီခေတ်လိုဆိုရင်တော့ ဗခအင်ဆန်းကြီးပွားရေးကုမ္ပဏီတို့ ခရိုနီကြီးများဆောက်လုပ်ရေးလုပ်ငန်းတို့နဲ့ဆိုရင် ဈေးကွက်စီပွားရေးကြီးပွားရေးအရ သုံးလပြတ်စီမံကိန်းဖြင့် နိုင်ငံခြားစံချိန်မီ ဖောက်လုပ်ထားသည်ဆိုတဲ့ ခြောက်လမ်းသွားကွန်ကရစ်လမ်းမကြီးတွေ ဖြောင့်လို့ ဖြူးလို့ဖြစ်နေမှာဗျ၊ ပြန်ပြီးမြင်ယောင်ကြည့်မိတာပါဗျာ၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts