ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

မိုးယံသို့ဆီ ပျံ့ခဲ့ပြီ

ဇေယျသုခ အရှင်နန္ဒဝံသ
ဇန်န၀ါရီ ၁၃၊ ၂၀၁၃
တမူးရလို့ တပဲလှူ.. ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလားတဲ့။ ငယ်စဉ်ကတည်းက ကြားဖူးခဲ့သော စကားလေးတစ်ခွန်းပါ။ ဘာကိုဖေါ်ညွှန်းပါလိမ့် မလဲလို့ ရင်ထဲတွေးခဲ့ဘူးပေါင်းလဲ အကြိမ်းအားဖြင့် မနဲတော့ချေ။  အခုတော့မူ  မြန်မာဟူသည် အလှူနဲ့ကင်း၍ မတင်းတိမ်နိုင်သော လူမျိုး ဆိုတာ သိလာရပေပြီ။

စာရေးသူအခြေချ သီတင်းသုံးရာ ကျောင်းလေးသည်ကား ပမာဏအားဖြင့် ကြီးကျယ်သည်ဟု ဆိုဖွယ်ရာမရှိသေးပါချေ။ သဘာဝဘေးဒဏ် အမြဲခံရတတ်သည့်ရပ်ဝန်းကျင်တွင်တည်ရှိသောကြောင့်လည်း ကျောင်းဝန်းကျင်သည် သယာဖွယ်တို့နှင့် တင့်တယ်လှသည်ဟု မဆိုသာ ပေ။   နွေလဲ နွေမို့ အပူတို့က ကြီးစိုးမင်းမူကြစမြဲ။ ဆောင်းလဲ ဆောင်းအလျှောက် နှင်းပေါက်တို့က  ကျရောက်စမြဲ။

● အပူကိုမကြောက် နှင်းထုကိုဖောက်၍
မြို့ကြီး ပြကြီး ကျောင်းကြီးတွေလို မစိုပြေ မသာယာ မခန့်ငြားပေမဲ့ စည်ကားမှုကတော့ ပိုသည်ဟုပင် ဆိုလိုက်ချင်ပါဘိ။ နွေလဲ နွေအ လျှောက်ပင်၊ အပူကို မကြောက်ပဲ နေမင်းရဲ့ ပူပြင်းမှုထက် ရင်တွင်းကပူပြင်းမှုကို ဖျောက်လိုသူတွေက ကျောင်းကိုအရောက်လာသည် ချည်းဖြစ်ပါ၏။ ဆောင်းရောက်တော့လဲ ကြည့်ပါအုံး.. ရေခဲဖွေးဖွေး နှင်းအေးအေးတို့ကို့ အန်တုလို့သံသရာအေးဖို့ အပြေးလာကြသေး ချည်းသာ။

● သဒ္ဓါကြည်ရွင် အလှဆင်
ဒီလို လာနေကြသည့် သူတွေကို မေးကြည့်သည့်အခါ မတူကွဲပြား အဖြေများစွာရှိနေမှာဖြစ်ပေမဲ့ အဓိကတော့ သာသနာတော်ရဲ့အနှစ်သာရ ဒါန၊ သီလ၊ ဘာဝနာလို့ဆိုတဲ့ ကုသိုလ်ကောင်းမှု တခုခုကို ပြုဖို့လာကြသူတွေပဲ ဖြစ်ပါတယ်။ ဒီကတဆင့်တက်လို့ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး ကိုယ်ကျင့်တရားတွေ မြင့်မားလာစေဖို့ ရည်ရွယ်လို့လာရောက်သူတွေလဲ မနဲလှပါဘူး။

ဘယ်အခါလာလာ၊ ဘယ်ရာသီမှာ ဖြစ်ဖြစ်ပေါ့ ။ကျောင်းရောက်လာကြတဲ့ သူတို့ရဲ့ မျက်နှာလေးတွေကြည့်လိုက်ရင် ပြုံးလို့ရွှင်လို့။ အပူ ကြောင့် စိတ်စေတနာ မဆိတ်သုဉ်း အပြုံးမပျက်သလို အအေးကြောင့် ဖင့်နှေးစိတ်ကွက် အလာမပျက်ခဲ့ကြချေ။ အော် …သူတိုရဲ့စိတ်စေ တနာအလှနဲ့ ကျောင်းတော်လေးကို တန်ဆာဆင်လိုက်လေသောအခါ ကျောင်းတော်လေးဟာ ကုသိုလ်နဲ့ယှဉ်တဲ့ပွဲသဘင်၊ ဓမ္မနဲ့ယှဉ်တဲ့ အ လှဆင်မှုတွေနဲ့ ခုတော့ဖြင့် နေချင့်စဖွယ်တင့်တယ်လို့နေပါတော့တယ်။

● ကျောင်းလေးသာငယ် အကျိုးများတယ်
စေတီ ဘုရားလေး ငယ်သာငယ် ..တကယ်ကယ်မဲ့ဘုရား .. ဆိုသကဲ့သို့ပင် ကျောင်းလေးကလဲ ငယ်သာငယ်ပေမဲ့ မှီတင်းနေသူ များဗိုလ် လူကို တကယ် အကျိုးများအောင် ကြိုးစားဆောင်လျှက်ရှိတာကိုလဲ တွေ့မြင်နိုင်ကြပါတယ်။

တစ်နှစ်အတွင်း ကျင်းပဆင်ယင်လှူဒါန်းနိုင်ခဲ့သော အမျိုး ဘာသာ သာသနာ အကျိုးပြုပွဲတော်တွေ၊ သင်္ကြန်ပွဲ၊ ကထိန်ပွဲ၊ တရားပွဲ၊ စုပေါင်း ရှင်ပြုရဟန်းခံ သီလရှင်ဝတ်ပွဲတွေ စသည် စသည်ဖြင့်  ဆရာ ဒကာ ညီညာစွာ ကျင်းပခဲ့ကြတဲ့ ပွဲတော်တွေက သက်သေပြလို့နေလေရဲ့။

အပါတ်စဉ် တနင်္ဂနွေနေ့ကို ဥပုသ်နေ့ပြုလုပ်ပြီး ဥပုသ်သီတင်း သီလစောင့်သုံးခြင်းအမှု ပြုစေခဲ့နိုင်တာကြောင့် သီလနဲ့ ပြည့်စုံသူတွေဖြစ် အောင် ကြိုးစားအကျိုးဆောင်နေပါတယ်။ အခါအားလျှော်စွာ နိုင်ငံကျော်ဆရာတော်များပင့်ဖိတ်ကြားပြီး တရားပွဲတွေ ကျင်းပခဲ့တာကြောင့် ရော၊  ဖွင့်လှစ်ခဲ့ဖြစ်တဲ့ တရားစခန်းတွေကြောင့်ရော.. ဝိပဿနာ အားထုတ်ဖူးသူ အားထုတ်နေသူ များစွာတို့ကို တွေ့မြင်ရတော့လဲ ဘာဝ နာကုသိုလ်တွေပါ ပွားများစေနိုင်ခဲ့တဲ့ ကျောင်းတော်လေးလို့ဆိုရင် မှားမယ်မထင်ပါ။

● ယဉ်ကျေးလိမ်မာ တိုးပွားလာ
အနောက်တိုင်းယဉ်ကျေးမှုသာ အတုယူဖွယ် အားကျဖွယ်ဖြစ် ခံယူနေကြတဲ့ မြန်မာနွယ်ဖွား မျိုးဆက်သစ်ကလေးများရဲ့ရင်ထဲကို မြန်မာ့ ယဉ် ကျေးမှုစာရိတ္တ အသိပညာတွေနဲ့ အစားထိုးဖလှယ်ပေးနိုင်တာကလဲ ကျောင်းတော်ရဲ့ အကျိုးဆောင်မှုတမျိုးလို့ဆိုရမယ် ဖြစ်ပါတယ်။

မူကြိုအဆင့်မှ ကောလိပ်အဆင့်ထိ ကျောင်းသူကျောင်းသားပေါင်း ရာဂဏန်းဝန်းကျင်ကို လေးကြိမ်တိုင်တိုင် ယဉ်ကျေးလိမ်မာ သင်တန်းဖွင့် လှစ်ပို့ချ အကျိုးဆောင်နိုင်ခဲ့ပါပီ .. ဒီသင်တန်းတွေရဲ့ အကျိုးအမြတ်ကတော့ ကလေးတော်တော်များဟာ ဘုန်းကြီးကျောင်းနဲ့ ဘုန်းကြီး ဆိုတာ ကြောက်စရာ လန့်စရာလို့မမြင်ကြတော့ပဲ ပျော်ရွှင်စွာ ဝင်ထွက်သွားလာရဲ၊ စာသင်ယူရဲ့ မေးမြန်းရဲခဲ့ကြပါပြီ။

ဒီသင်တန်းတွေရဲ့ ဆင့်ပွား အကျိုးဆက်များအနေနဲ့တော့ လိမ်မာယဉ်ကျေးပြီး အနန္တောအနန္တငါးပါးရဲ့ ဂုဏ်နဲ့ ကျေးဇူးတရားကို သိနား လည်လာသော မျိုးဆက်သစ်ရတနာလေးများ အဖြစ် မိဘတွေက မျှော်လင့်ချက်လေးတွေ ထားနိုင်လာခြင်းပဲ ဖြစ်ပါတော့တယ်။

● ကျောင်းတော်ဂေါပက အကျိုးဆောင်ကြ
အထက်တွင် ရေးသားဖေါ်ပြခဲ့သည့်အတိုင်း အမျိုး ဘာသာ သာသနာအမှု အားပြုနိုင်အောင် ဦးစီးအကျိုးဆောင်ပေးကြတာကတော့ ကျောင်းတော်ရဲ့ ဂေါပကအဖွဲ့ ဖြစ်ပါတော့တယ်။ နေ့စဉ်နေ့စဉ် လုပ်ငန်းခွင်အသီးသီးမှာ မအားမလပ်သည့်ကြားက ကျောင်းအကျိုး အ များအကျိုးကို သယ်ပိုးပေးနေကြတာ ဖြစ်ပါတယ်။

ဂေါပကအဖွဲ့ဟာ ကျောင်းတော်အတွက် တစ်လတာ ကုန်ကျစရိတ်က ဒေါ်လာ ၂၀၀၀ ဝန်းကျင်ကိုလဲ လစဉ် အလျဉ်မီအောင် စုပေါင်း စု ဆောင်း ကောက်ခံ လှူဒါန်းရပြန်ပါတယ်။ ဝါဆို၊ ကထိန်၊ကျောင်းဆောက် ဘုရားတည်၊ မြေဝယ် စသော အလှူကဏ္ဍမှာလဲ သူတို့ပါဝင် သ လို အလှူငွေ လှည့်ကောက်ခံပေးရာတွင်လဲ သူတို့ကျန်မနေခဲ့ပါဘူး ။

ကျောင်းတော် ပြုပြင်ထိန်းသိမ်းမှု၊ သန့်ရှင်းရေး၊ သံဃာတို့ရဲ့ စား၊ ဝတ်၊ နေရေး ကျန်းမာရေး စသည်တို့ကို  အောက်ခြေမှအစ ဂေါပက အ ဖွဲ့က တာဝန်ယူအကျိုးဆောင်ပေးကြပါတယ်။ ငွေအား လုပ်အား သဒ္ဓါအား စွမ်းပကား အစုံစုံဖြင့် ကျောင်းတော်ကြီး ဂုဏ်ဖြင့်တင့်အောင် အ ကျိုးဆောင်နေကြသည့် သူများဖြစ်ပါတော့တယ်။

● နဲများမဟူ  ပါဝင်လှူ
တကယ်တော့ ဂေါပက အဖွဲ့ဝင်များနဲ့အတူ ကျောင်းအကျိုးဆောင်နေကြသည့် ပုဂ္ဂိုလ်အများစုသည်၎င်း၊ အလှူရှင်များသည်၎င်း၊ ရာထူး၊ အာဏာ၊ တိုက်တာ၊ စည်းစိမ် ဂုဏ်ရှိန်ကြီးမားသူတွေ မဟုတ်ကြပါဘူး။ မိမိတို့ရဲ့ ကာယအား ဉာဏအားတို့ဖြင့် ကြိုးစားရှာဖွေ ရရှိလာတဲ့ ချွေးနဲစာလေးတွေထဲမှဖဲ့ပြီး လှူဒါန်းကြရတာပါ ..

အမေရိကန် ရောက်ရှိအခြေချလာကြသည်မှာ မကြာသေးသူများ ဖြစ်သည့်အလျောက် မိမိတို့၏ ကိုယ်စီကိုယ်စီသော မိသားစုတွေရဲ့ စား၊ ဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအတွက်လဲ ရုန်းကန်နေရသေးသူများ ဖြစ်ကြပါတယ်။ သာရေး၊ နာရေး လူမှုရေးပွဲများကိုလဲ မရှောင် လွှဲကြသလို နောက်ပိုင်းကျန်နေ မိသားစုတွေ၊မိခင် အဖွဲ့စည်းတွေကိုလဲ ပံ့ပိုးနေရသူများသာ ဖြစ်ကြပါတယ်။

ဒီလိုအခြေနေကြားကနေ အနဲအများမခွဲခြားပဲ ကျောင်းတော်အား လှူဒါန်းနေကြတာမို့သူတို့သဒ္ဓါ စေတနာများသည် လူသာဓုခေါ် နတ်သာ ဓုခေါ်ဖွယ်တွေ ဖြစ်ပါတော့တယ် ။

● သူတို့စေတနာ အံ့ဖွယ်ရာ
ဒီမျှ တစ်နှစ်တာကာလအတွင်း မိမိမှီခိုရာ ကျောင်းတော်အတွက် အရပ်အတွက် မိသားစုအတွက် အဖွဲ့အစည်းအတွက် စသည်ဖြင့် အ ဘက်ဘက်က ရုန်းကန်နေရပေမဲ့ မြန်မာပြည်တွင်းအဖြစ်အပျက်တွေကိုလဲ မမေ့ထားနိုင်ခဲ့ကြပါဘူး။ ရခိုင်ပြည်နယ်အတွင်းက သွေးချင်းများ အတွက် အလှူတော်ငွေ ဒေါ်လာသုံးထောင်ကျော် လေးထောင်ခန့် ကူညီလှူဒါန်းနိုင်ခဲ့သလို လက်ပန်းတောင်းတောင် အရေးမှာလဲ လက် မနှေးခဲ့ကြပါဘူး။

ရွှေညဝါဆရာတော်မှတစ်ဆင့် အလျဉ်းသင့်သလို လိုအပ်ရာနေရာမှာ ကူညီလှူဒါန်းပေးပါဘုရားဆိုသော သဒ္ဓါစကားနဲ့အတူ ဒေါ်လာ (၁၅၀၀) ကို ပို့လှူပေးနိုင်ခဲ့ပါတယ် ။  ဒီလို လှူဒါန်းနိုင်အောင် အကျိုးဆောင် ကောက်ခံလှူဒါန်းပေးသူတို့ရဲ့ စေတနာကတော့ တကယ်ပဲ ချီးကျူးစရာလို့  ဆိုလိုက်ချင်ပါတယ်။

● မိုးယံသို့ဆီ ပျံခဲ့ပြီ
ရခိုင်ပြည်နယ် နှင့် လက်ပန်းတောင် တောင်အတွက် လှူဒါန်းခဲ့သော ဒီငွေ အမောက် ပမာဏသည် လိုအပ်မှုအနေအထားအရ ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်ခဲ့ချေအုံးတော့ အလှူရှင်တို့ရဲ့ စိတ်စေတနာသဒ္ဓါအပြုံးနဲ့ နှလုံးသားထက်က ခံစားချက်နှင့်အတူ ဖြစ်ပေါ်လာတဲ့ ဗြဟ္မ စိုလ်တရား အရှိန်ကတော့ မိုးယံထက်ဆီ ပျံခဲ့ပီလို့ ထင်ပါတယ်။

အချုပ်အားဖြင့်ဆိုရပါမူ.. အမာရီလို ရှိ ဇေယျသုခ ဓမ္မရိပ်သာကျောင်းတော်နှင့် စေတနာရှင် ကုသိုလ်ရှင်တိုရဲ့ အမျိုး ဘာသာ သာသနာ အတွက် တဘက်တလမ်းက လှူဒါန်းခဲ့သမျှကို ကြားသိရသူ များဗိုလ်လူတို့ရဲ့ သာဓုခေါ်သံသည် မိုးယံသို့တိုင် ပျံ့နှံ့နိုင်ပါစေသော်ဟု ဆန္ဒပြုရင်း ရင်းတွင်းက အတွေးအပျော်ကို ဒီမျှဖြင့် နှစ်သိမ့်ကျေနပ်တော်မူကြပါစို့ …။

ဇေယျသုခ အရှင်နန္ဒဝံသ
(Amarillo, Tx ,U.S.A)
………….
သရုပ်ဖော်ပန်းချီ – မျိုးဝင်းအောင် 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts