လူများ၊ ရုပ်ပုံလွှာများ သန်းဝင်းလှိုင်

ဗိုလ်ချုပ်ဘဝကို ထင်ဟပ်နေသော တေးသီချင်းများ

သန်းဝင်းလှိုင်
ဇန်န၀ါရီ ၁၁၊ ၂၀၁၃
လူ့လောကတွင် လူသေသော်လည်း နာမည်မသေသော ပုဂ္ဂိုလ်တို့၏အရေအတွက်ကား လွန်စွာနည်းပါးလှပေသည်။ ထိုနည်းပါးသော ပုဂ္ဂိုလ်တို့တွင် ဗိုလ်ချုပ်အောင်ဆန်းကား ယနေ့တိုင် ပြည်သူတို့လေးစားကြည်ညိုခြင်းခံရသော ထင်ရှားသည့်အမျိုးသားခေါင်းဆောင်ကြီးဖြစ်သည်။

ဗိုလ်ချုပ်သည် မိမိ၏ကိုယ်ရေးကိုယ်တာအကျိုးစီးပွားကို လုံးဝ အရေးမထားရုံသာမက နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက်ကာလ၊ ဒေသ၊ ပယောဂမရွေးပေးဆပ်စွန့်လှူခဲ့သော အာဇာနည်ပုဂ္ဂိုလ်ဖြစ်သည်။ ဗိုလ်ချုပ်သည် သူ၏ တိုတောင်းလှသော သူ့ဘဝကို လေ့လာကြည့်မည် ဆိုလျှင် ကျောင်းသားဘဝ ကတည်းကပင်လျှင် ကိုယ်ကျိုးစွန့်အနစ်နာခံကာ အများအရေး၊ နိုင်ငံ့အရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်လေသည်။

ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားနေစဉ် တက္ကသိုလ်သမဂ္ဂထုတ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်ကျောင်း သားကိုယ်စားလှယ်၊ တက္ကသိုလ်ကောင်စီဝင်အဖြစ်လည်းကောင်းတာဝန်ယူ ဆောင်ရွက်ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်၏နိုင်ငံရေးကြိုးပမ်းဆောင်ရွက်မှုကား တချိန်ထက်တချိန်၊ တဆင့်ထက်တဆင့် ပို၍ပို၍နယ်ပယ်ကျယ်ဝန်းလာသလို၊ လေးလေးနက်မှုလည်းမြင့်မားလာခဲ့လေသည်။ ၁၉၃၈ ခုနှစ်မှာပင် တက္ကသိုလ်မှထွက်၍ နိုင်ငံရေးလောလသို့ခြေစုံပစ်ဝင်ရောက်ကာ သခင် အောင်ခန်းအဖြစ်နှင့် တို့ဗမာအစည်းအရုံးအထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ကာ အမျိုးသားစည်းရုံးရေး၊ အမျိုးသား လွတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြန်လေသည်။

ထိုစဉ်ကအခြေအနေအရလက်နက်ကိုင်တိုက်ပွဲအားဖြင့်သာ လွတ်လပ်ရေးရရှိနိုင်မည်ဟု ယုံကြည် ယူဆ၍နိုင်ငံရပ်ခြားသို့စွန့်စားကာပြည်ပအဆက်အသွယ်ရှာဖွေခဲ့လေသည်။ထိုအကြောင်းနှင့်ပတ်သက်၍….

̒…..အလုပ်အစီအစဉ်ဟူ၍အတိကျဘာမျှရှိသည်မဟုတ်ချေ။ ကျွန်ုပ်၏မြော်မြင်တတ်သမျှ ဥာဏ်ဖြင့်သာကြုံရမည့် အရေးဟူသရွေ့ကိုစီမံ အုပ်စီးရန် ကျွန်ုပ်၏ရဲဘော်များက အာဏာအကုန်လွှဲလိုက်ခြင်းဖြစ်လေသည်။ အကယ်သို့ပင်ဖြစ်စေ ငါသည် အကယ်၍သေသွားသည့်တိုင် အောင် မြတ်သောသေခြင်း၊ နိုင်ငံတော်အတွက်သေခြင်းသာဖြစ်သည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရတော့၏။̕ ̕ ဟူ၍ ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားခဲ့သော̒ ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ̕ ဆောင်းပါးတွင် ဖေါ်ပြထားလေသည်။ ထိုသို့သော ကမ်းမမြင် လမ်းမမြင် လုပ်ငန်းကြီးကို ဗိုလ်ချုပ်က ထမြောက် အောင်မြင်အောင် ဆောင်ရွက်ပြခဲ့သော သာဓကသည် တကယ့်ယုံကြည်ချက်ခံယူချက်အပြည့်အဝနှင့်သာ အားထုတ်လျှင် လောက၌ မည်သည့်လုပ်ငန်းမဆို မုချအောင်မြင်မည်သာဖြစ်ကြောင်း အထင်အရှား ပြသခဲ့သည်။

သခင်အောင်ဆန်းဦးဆောင်သော ရဲဘောသုံးကျိပ်ဝင်တို့သည် ခက်ခဲပင်ပန်းစွာ စစ်ပညာများ ဆည်းပူးခြင်း၊ ၁၉၄၁ ဒီဇင်ဘာလ ၂၇တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခြင်း၊ ၁၉၄၂ ခုနှစ် နှစ်ဦးပိုင်းတွင် ဂျပန်တပ်များနှင့် အတူ မြန်မာနိုင်ငံသို့ ချီတက်တိုက်ခိုက်ခြင်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗိုလ်ချုပ်သည် စစ်သေနာပတိနှင့် စစ်ဝန်ကြီး တာဝန်ကို ယူ၍ ၁၉၄၅ မတ်လ ၂၇တွင် တခဲနက် လူထုကြီး၏ အုံကြွမှုနှင့်အတူ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့သည်။ စစ်ကြီးပြီးနောက်ပိုင်း၌ အမျိုးသားခေါင်းဆောင်တဦးအနေဖြင့် တိုင်ရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံလွတ်လပ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ဒီမိုကရေစီရေးလုပ် ငန်းတို့ကို နေ့မအား ညမအား လုပ်ဆောင်ခဲ့သည်မှာ မသမာသူတို့၏ လုပ်ကြံမှုခံရသည့် ၁၉၄၇ ဇူလိုင်လ ၁၉ ရက်အထိ ဖြစ်သည်။

ယင်းသို့ နိုင်ငံနှင့်လူမျိုးအတွက်ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်၏ခေါင်းဆောင်မှု အရည်အသွေး၊ ကြီးမားသော ဆောင်ရွက်ချက်နှင့် ကျေးဇူးတရားများကို မျိုးဆက်သစ်လူငယ်များ သိရှိစေရန် စာဆိုတို့က ဗိုလ်ချုပ်အောင်ဆန်းဘွဲ့ ကဗျာများ၊ ဆောင်းပါးများ၊ အတ္ထုပ္ပတ္တိများဖြင့် မှတ်တမ်းတင်ခဲ့သလို ဂီတ ပညာရှင်များက တေးဂီတများဖြင့် ရေးဖွဲ့သီကုံးစပ်ဆိုခဲ့ကြသည်။

အဆိုတေးသီချင်းများအနက် ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘောသုံးကျိပ်ဝင်တို့အကြောင်းကို သဟာယဆရာတင် ရေးစပ်ပေးခဲ့သော တေးတစ်ပုဒ်မှာ ̒ ဗမာ့သူရဲကောင်း ̕သီချင်းဖြစ်သည်။ အဆို သီချင်းကို နောင်လျှင် ပညာရေးဝန်ကြီးဌာန၊ သင်ရိုးညွှန်းတမ်း အဖွဲ့မှ ကျောင်းသုံးစာအုပ်တွင် ပုံနှိပ်ထည့်သွင်းခဲ့သဖြင့် နောင်လူငယ်နှင့် ဗိုလ်ချုပ်အောင်ဆန်း ရဲဘောသုံးကျိပ် အကြောင်းကို သိရှိခဲ့ကြသည်။ ဇာတိသွေး ဇာတိမာန် တက်ကြွစေခဲ့သည်။ ဗမာ့သူရဲကောင်းသီချင်းကို အာရုလူငယ် အမှုဆောင် ကိုဘခင် (နောင်တွင် ရုပ်ရှင်မင်းသား တက္ကသိုလ်မျိုးချစ်) က ဘီဒီအေ တပ်မတော် ယူနီဖောင်ကို ဝတ်၍ သီဆိုခဲ့သည်။ စန္ဒားမြဇော်တူရိယာအဖွဲ့က တီးခတ်ပေးခဲ့သည်။

● ဗမာ့သူရဲကောင်း
(သဟာယဆရာတင်)

(ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်…… တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်…. သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့အာဇာနည်တွေရယ်)၂

ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကရယ်…… ဗိုလ်အောင်ဆန်းလို သူရဲကောင်း မွေးရမယ်…. ငါတို့ဗမာပြည်ဝယ်မိဘအပေါင်းကကွယ်……အာဇာနည်အစစ်တွေကိုရှိဘို့ မွေးရမယ်…. အော်….ဘုရင့်နောင်နဲ့ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်ဘုရား တို့လိုကွယ်… ဗမာတိုင်း၊ ဗမာမျိုးအားကိုးလောက်ပေတဲ့….. မကြောက်တမ်းမရွံ့တမ်း… ဗမာတွေအောင်ပန်းဆွတ်ရှာလေတယ်…

(သံပြိုင်)။  ။ (ရာဇဝင်အတ္ထုပ္ပတ္တိလဲရှိရမယ်.. မော်ကွန်လဲထိုးလောက်တယ်…. မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်)၂

တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ မျိုးဇာနည်နွယ်… လွတ်လပ်ဖို့ဒို့များကို ကျွန်တွင်းမှကယ်… ဒို့ဗမာတွေ စိုးမိုးဖို့မျှော်ကြရှာလို့ ပေါ်လာတယ်….။

ဗမာနိုင်ငံထူထောင်ရေးနဲ့မျိုးရိုးမတိမ်အောင်ကြံဆောင်လေတယ်…နေမျိုးသာကီဗမာ ပြည်လက်ရုံး ဗမာနိုင်ငံအလုံးထင်ပေါ်စေမယ်… စိတ်အားသန်သန်မာန်ကို မလျှော့တယ်..ငါ့တို့လူမျိုးတန်ခိုးရှိဘို့ သူရဲကောင်းတွေစုံညီတယ်… တကယ်ပင် သတိုးမဟာဗန္ဒူလနှယ်…. စွမ်းသတ္တိရာဇဝင်ပြောင်တယ်…. သားကောင်းများလို့ခေါ်ရလောက်ပေတယ်….ဥဒါန်းတွင်စေဖွယ် ဗမာသူရဲကောင်းအပေါင်းတွေရယ်….

ထို့နောက် မရှေ့မနှောင်းပင် တော်လှန်ရေးရှေ့ပြေးအနေဖြင့် ပြည်သူတို့ကို စည်းရုံးသိမ်းသွင်းရန် တပ်လှန်နှိုးဆော်သော တေးသီချင်း တစ်ပုဒ် ပေါ်လာခဲ့လေသည်။ အဆိုပါသီချင်းမှာ ̒ ̒ အဖနိုင်ငံဂုဏ်ကို ကယ်တင်ခဲ့တဲ့အောင်ဆန်းနော် ̕ ̕ သီချင်းပင်ဖြစ်သည်။

● အဖနိုင်ငံဂုဏ်

(ချီတက်ကြစို့ ဒို့ဗမာတပ်မတော် စစ်ဆိုရင် ရဲစိတ်ဝင်ကာ၊ ဗမာတိုင်းပျော်…. ကမ္ဘာတွင် ရာဇဝင်တင်လောက်သနော်….ပွဲတိုင်း ကျော်လွတ်လပ်ရေး ခေါ် ဒို့တပ်မတော်တံခွန်စိုက်သနော်)၂ ။

အဖနိုင်ငံဂုဏ်ကို ကယ်တင်ခဲ့တဲ့အောင်ဆန်းနော်၊ တေဇနော်၊ ဗိုလ်ချုပ်နော် ဒို့စစ်သည်သွေးတစက်ရာပြည်ထောင် အသက်နဲ့လဲလို့ ဘက်မတန်ပါနော်… ဘုန်းတန်ခိုးအာနုဘော်…လွမ်းမိးလိုကမ္ဘာလုံးကျော်…. ပြိုင်ဘက်ကင်းတဲ့ကောလီအတွင်းဝယ်…. တဦးတည်းမင်း မဟော်…. ရှည်ပါစေ၊ ရှည်ပါစေ၊ ရှည်ပါစေ အသက်ရာကျော်……

နယ်ချဲ့တဲ့ဂုဏ်သွေးစုတ်အမျိုးယုတ်တွေကို… တန်ခိုးငုတ်အောင် အမျိုးပြုတ်အောင် ကျူပင်ခုတ်ကျူငုတ် မကျန်သော်…..)

(အဖနိုင်ငံဂုဏကို ကယ်တင်ခဲ့တဲ့….ရှည်ပါစေသက်ရာကျော်)

ထို့ပြင် ဂျပန်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းပေးခဲ့သော ပြည်သူ့ရဲဘောအဖွဲ့ ပေါ်ပေါက် လာသည်။ အဆိုပါအဖွဲ့၏ရည်ရွယ်ချက်မှာ မွန်မြတ်လှသောကြောင့် ထိုပြည်သူရဲဘောအဖွဲ့ကို အကြောင်းပြု၍ သဟာယဆရာတင်ကပင် ̒ ̒ ဗိုလ်ချုပ်ရဲဘော် ̕ ̕ ခေါင်းစဉ်ဖြင့် ရေးဖွဲ့သီကုံးထားသည်။

● ဗိုလ်ချုပ်ရဲဘော်
(သဟာယဆရာတင်)

ရာဇဝင်ထင်ရှားအောင်ကွယ်၊ ဗမာနိုင်ငံခေတ်သစ်ထူမယ်၊ အားစွမ်းပြကာ အမှန်တကယ် ဆောင်ရွက်ပါတယ် (ဒို့အမျိုးသားနဲ့၊ ဒို့ တိုင်းဒို့နယ်၊ ဒို့ပဲပြုပြင်မယ်)၂ သေပေစေ နောက်မတွန့်တယ် ဗမာပြည်ဝယ်….. ဒို့လူငယ်…ဒို့ရဲဘော်တပ်ဖွဲ့ခေါင်းဆောင်မယ်။

(သံပြိုင်) ဒို့ဗိုလ်ချုပ်ဖွဲ့စည်းတယ်။ ဒို့လိုက်မယ်၊ ဒို့တိုက်မယ်၊ ဒို့တိုက်မယ်၊ ဒို့ရဲဘော်၊ ဒို့ရဲမေ…ဒို့အစွမ်းပြတော့မယ်။

စစ်အတတ်လဲသင်စေတယ်။ ဇွဲစိတ်မာန်ရှိရမယ်…. တိုင်းပြည်အတွက်ကို ဒို့ကာကွယ်၊ ဝန်ထမ်းရမယ်…. စိတ်အားတွေကြွယ် (ညီစေနော်၊ ညီပါတယ်၊ ပြည်သူရဲဘော် ဂုဏ်ရောင်ပြောင်တယ်)၂ အင်အားပြကာ… နယ်ချဲ့သမားကို ပြုတ်အောင် ဒို့နှိမ်မယ်။

(သံပြိုင်) ဒို့ဗိုလ်ချုပ်ဖွဲ့စည်းတယ်….. ဆက်ဆို

(၎င်းသီချင်းမှာလည်း အာရှလူငယ်တေးအသွားမျိုးဖြစ်သည်။)

ထို့နောက် မြန်မာ့လွတ်လပ်ရေး ရရှိမည့်ဆဲဆဲ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလအတွင်း သက္ကရာဇ် ၁၃၀၉ ခုနှစ် ဝါခေါင်လဆန်း ၂ရက် (၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်) စနေနေ့၌ ဂဠုန်ဦးစော၏ စေခိုင်းချက်အရ မသမာသူလူသတ်သမားတို့၏ လက်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရကာ ကျဆုံးခဲ့ရသည်။ သို့ဖြစ်၍ တတိုင်းပြည်လုံး ယူကြုံးမရဖြစ်နေစဉ်အတွင်း သဟာယဆရာတင်ကပင် လုပ်ကြံခြင်းခံရသော အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်ဆောင်ကြီးများကို ကိုယ်တိုင် ခံစားခဲ့ရသည့်အတိုင်း ဂီတအနုပညာဖြင့် အောက်ပါအတိုင်းမြည်တမ်းဖွဲ့ဆိုခဲ့လေသည်။ သီချင်းခေါင်းစဉ် မှာ ̒ ̒ဗမာ့သူရဲကောင်း ̕ ̕ ဖြစ်ပြီး ပထမဆုံးသီဆိုသူမှာ စိန်ပါတီ ဖြစ်သည်။

● ဗမာ့သူရဲကောင်း
တေးရေး- သဟာယဆရာတင်
တေးဆို- စိန်ပါတီ

(သူရဲကောင်းအပေါင်းရဲ့ ဂုဏ်ရည်ဆောင်တယ်။ ကိုယ်တိုင်းနယ်ကိုယ်လူမျိုးအတွက်ကွယ်။ လွတ်လပ်ရေးကိုရအောင်၊ မဟုတ်မခံပေါင်၊ ဂျပန်နဲ့အင်္ဂလိပ်ပါတော်လှန်လာခဲ့တယ်-၂-) ဘုန်းတန်ခိုးကြီးပါပေရဲ့- ဗိုလ်ချုပ်အောင်ဆန်းရယ်။ သတ္တိသွေးကို လူတိုင်းပဲ မွေးဘို့ရည်ရွယ်။ ခေါင်းဆောင်ရှေ့ပြေးမှန်လှတယ်။ ယခုတော့ဖြင့် ပျက်ပြုန်းခါရယ်။ အသက်ဆုံးရှာတယ်။ ဝန်ကြီးများနဲ့ကွယ်၊ ဒို့လူထုတိုင်းအားလဲငယ်၊ အသေချင်းကို လဲချင်တယ်။ နေမင်းအရောင်- လမင်းအရောင်- ကွယ်ကာသာအမှောင်။အကျိုးမဲ့အောင်လို့၊ အမှုဆောင်တွေအပေါင်းနဲ့- အတွင်းဝန်ရုံးမယ်၊ ဆွေးနွေးနေတုန်းကွယ်။ သူရဲဘော အလွန်နဲတယ်။ အဟိတ်တိရစ္ဆာန်တွေရယ်၊ သတ်ရက်တယ်။ သေနတ်နဲ့ကွယ်။ ရက်စက်တဲ့လက်ချက်ကြောင့်၊ အသက်ဆုံးကြရှာတယ်။

(သံပြိုင်) (ထောင့်သုံးရာကျော်- ကိုးခုနှစ်အတွင်းမယ်။ ကြမ္မာကံယိုယွင်းတယ်။ မိုဃ်းရာသီချိန်ဝယ်… ခါလဝါခေါင်နှစ်ရက်စွန်းတဲ့၊ စနေနေ့ မွန်မလွဲခင်- ခွဲလို့ဖြင့် ရှောင်ကြဉ်ဖယ်။ ဗိုလ်ချုပ်နဲ့ ဝန်အပေါင်းအနွယ်-၂) ယုတ်လှတဲ့အကြံရယ်၊ ရှုတ်ချရပြန်မယ်၊ အစေခံသူလျှိုမိုက်တဲ့ လူသတ်သမားတို့ရယ်။ ဘဝဆက်ဆက်မကြေတယ်။ အို…. လူထုစိတ်မယ်အမြဲတန်းပဲ လက်စားများ ချေခြင်ပါတယ်။ သေတာဟာ မဆန်းကြယ်။

(ဗမာနဲ့ကမ္ဘာတခွင်- ဒို့ရာဇဝင်လဲတွင်ပေါ့ကွယ်။ စီးပွားပညာတိုးတက်ရန်ရယ်။ ထူထောင်းရေးကြံရွယ်။ လွတ်လပ်ဘို့အရေးဆိုတုန်းကွယ်။ စပ်ကူးမတ်ကူးမယ်။ ရန်သူလက်ပါးစေတွေက ဦးတယ်။ ၂)

ဖ-ဆ-ပ-လ အဖွဲ့တိုက်ဖျက်ပေမဲ့။ ဘယ်အခါမကွဲပျက်တယ်။ တဗိုလ်ဆင်းရင်ကွယ်။ ဒို့တဗိုလ်တက်မယ်။ တိုင်းပြည်အတွက်အရိုးကြေလို့ အရေခန်းကွယ်။ ညီညာစွာ အဓိဠာန်တွေလဲပြုကြတယ်။ ဒို့ရဲ့ဗိုလ်ချုပ်က ရည်ရွယ်ခဲ့တဲ့ မျှော်မှန်းချက်ကိုကွယ်။ ဆက်လက်ပါတကယ်။ အသက်နဲ့လဲလို့ ထမ်းရွက်မယ်။

ဒီပြေ- ဒီမြေ ဒို့ပိုင်ဆိုင်တယ်။ လွတ်လပ်ရေးဖြင့်- ဒို့ယူနိုင်မယ်။

(သံပြိုင်) ထောင့်သုံးရာကျော်… ဆက်ဆို

(ဂျူဗလီဝယ်- လွမ်းမပြေတဲ့ပန်းခွေနဲ့ အလေးပြုတယ်-၂) အော်… ဗိုလ်အောင်ဆန်းရယ်နဲ့၊ ဦးရာဇတ်ကွယ်၊ ဟော်ပိုင်တွေအနွယ်- စောစံထွန်းရယ်။ သခင်မြနှင့် ဦးဘဝင်းတို့တသွယ်။ အို…. ဦးဘချိုနဲ့ကွယ်။ မန်းဘခိုင်ဦးအုံးမောင်ရယ်။ သက်တော်စောင့်ကိုမောင်ထွေး။ ဆွေးတဲ့လူထုမှာ အမျှပေးပြန်ပါတယ်။ ဒို့ဗမာအစိုးရတွေရယ်။ မှန်တာလုပ်မဲ့ ဗိုလ်ချုပ်အဆက်အသွယ်။ မြို့ရောတောနယ်။ သဘော တူမြှောက်ခါထောက်ခံတယ်။ သခင်နုအဖွဲ့ကိုကွယ်။

မည်သို့ဆိုစေ.. ဤသီချင်းတို့ကား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝနှင့် ဆောင်ရွက်ချက်များကို ထင်ဟပ်နေ သည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။

(ဤဆောင်းပါးဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀၁၃ ဖေဖော်ဝါရီလ ၁၃ရက်နေ့ကျရောက်သော (၉၈) နှစ်မြောက်မွေးနေ့အား ဂုဏ်ပြုရေးသားလိုက်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts