သတင်းပဒေသာ

လေးမျက်နှာမြို့နယ် တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်ရန် စီစဉ်

လေးမျက်နှာမြို့နယ် တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်ရန် စီစဉ်

လေးမျက်နှာအထောက်တော်(မိုးမခ)၊ ဇန်န၀ါရီ ၉ ၊ ၂၀၁၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်ရှိ ကျေးရွာအုပ်စု အသီးသီးက တောင်သူ (၄၀)ကျော်သည်  ဒီဇင်ဘာလ(၂၉)ရက်နေ့က အိုင်သပြု မြသီတာဘုရားဝင်းအတွင်းမှာ တောင်သူတွေရဲ့ ရင်ထဲကခံစားနေရတဲ့ ဒုက္ခဝေဒနာတွေ၊ ဆင်းရဲတွင်းနက်နေတာတွေ အတွက် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ တက်ရောက်လာတဲ့ တောင်သူအသီးသီးရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တောင်သူများဟာ တောင်းဆိုချက်(၃)ချက်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ အစည်းအဝေးမှတ်တမ်း ပြုစုခဲ့ကြပါတယ်။

တောင်သူတွေရဲ့ တောင်းဆိုချက်တွေကတော့ အနိမ့်ဆုံးသီးနှံ စပါးဈေး တစ်တင်း (၄၆ပေါင်) ကို ၃၅၀၀/ကျပ် ရရှိရေး၊ လယ်ယာမြေသွင်းအားစုများဖြစ်သော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ဈေးနှုန်းများလျော့ချပေးရေး၊ လယ်ယာမြေနစ်နာမှု တင်ပြထားသူများအား အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရေး ဆိုဆဲ့ အချက်သုံးချက်ကို တောင်သူအင်အား(၅၀၀)ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒီဇင်ဘာလ (၃၀)ရက်နေ့မှာတော့ တောင်သူတွေဟာ လေးမျက်နှာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တရားဝင်ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့် တောင်းခံခဲ့ကြပါတယ်။ သို့ပါသော်လည်း ရဲမှူးမှ လိုအပ်ချက်များ ရှိနေသောကြောင့် တောင်သူတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ပြောကြားခဲ့ကြောင်း၊ တောင်သူများမှလည်း ပြန်လည်ပြင်ဆင်ပြီး ဒီဇင်ဘာ(၃၁)ရက်နေ့မှာ ထပ်မံ၍ ခွင့်ပြုမိန့်တောင်းခံခဲ့ရာ ရဲမှူးမှ ညနေပိုင်းတွင် တောင်သူများနှင့် တွေ့ဆုံပြီး လိုအပ်ချက်ရှိပါသဖြင့် ထပ်မံပြင်ဆင်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

ရဲမှူးကိုယ်တိုင်မှ တောင်သူများအား ပယ်ဖျက်တာမဟုတ်ကြောင်း၊ လိုအပ်ချက်ကိုသာ ပြင်ဆင်ခိုင်းတာဖြစ်ကြောင်း ပြောဆိုပါတယ်။

“ဘာတွေလိုအပ်လဲ ကျွန်တော်တို့ကို ပြောပြပါ၊ ရဲမှူးကြီးပြောမှ ကျွန်တော်တို့က လိုအပ်ချက်ကိုပြင်နိုင်မှာပါ၊ ရဲမှူးက လိုအပ်ချက်ကို မပြောပါဘူး၊ မပြောတဲ့အတွက် ကျွန်တော်တို့က နေ့တိုင်းတင် နေ့တိုင်းမှားနေမှာပဲ၊ ကျွန်တော်တို့တောင်းဆိုတာတွေ များနေရင် လျော့ပေးမယ်၊ ပိုနေရင် နှုတ်ပေးမယ်၊ ကျွန်တော်တို့ ရင်ထဲကခံစားချက်ကို နိုင်ငံတော် အစိုးရမှ သိရှိပြီးတော့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးနိုင်ရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ပါပဲ”

ဟု တောင်သူကိုယ်စားလှယ်တစ်ဦးမှ ပြောဆိုခဲ့ရာမှာ ရဲမှူးမှ လိုအပ်ချက်ကို အလျှင်းမပြောကြောင်း သိရှိရပါတယ်။

တောင်သူများဟာ တတိယအကြိမ်မြောက် ခွင့်ပြုမိန့်တင်ဖို့ ကြိုးစားနေဆဲမှာပဲ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ တောင်သူကိုယ်စားလှယ်တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ တောင်သူကိုယ်စားလှယ် (၅)ဦး ရွေးပေးခိုင်းရာ တောင်သူများမှ ကိုယ်စားလှယ်(၅)ဦးအား ရွေးပေးခဲ့ကြောင်း၊ ဇန်န၀ါရီလ(ရ)ရက်နေ့မှာ တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။

ဇန်န၀ါရီလ(၆)ရက်နေ့မှာတော့ မြန်မာနိုင်ငံတောင်သူလယ်သမား အတွင်းရေးမှူး ဦးသိန်းအောင် ရောက်ရှိလာပြီး တောင်သူတွေရဲ့တောင်းဆိုချက်(၃)ချက်အား နေပြည်တော်ဝန်ကြီးတွေကို တင်ပြပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဇန်န၀ါရီလ(ရ)ရက်နေ့ ညနေမှာတော့ တောင်သူလယ်သမားအတွင်းရေးမှူး ဦးသိန်းအောင်မှ (၄၆) ပေါင် ဧည့်မထတစ်တင်းကို ၃၅၀၀/ကျပ်ဖြင့် ၀ယ်ပေးမည်ဖြစ်ကြောင်း၊ လယ်ယာမြေ ပြဿနာများကိုလည်း အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးပါ့မယ်လို့ ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။

ဇန်န၀ါရီလ (၉) ရက်နေ့တွင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ရွှေဘိုစု င၀န်ရေကာတာနစ်နာတဲ့ တောင်သူ (၁၁)ဦးကို တာဝန်ရှိသူတွေက ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရှိရပါတယ်။ နစ်နာမှုတွေနဲ့ပါတ်သတ်ပြီး တောင်သူတွေက ကာလတန်ကြေး ၁၂ သိန်းတောင်းဆိုရာမှာ တာဝန်ရှိသူတွေက ဘယ်နေ့ဘယ်ရက် ပြန်လည်ပေးနိုင်လို့ မပြောသောကြောင့် တောင်သူများစိတ်မကောင်းဖြစ်နေရကြောင်း သိရှိရပါတယ်။

တောင်သူတွေတောင်းဆိုတဲ့ စပါးတစ်တင်းကို ၃၅၀၀/ကျပ် ပေးမည်ဆိုလျှင် တောင်သူများက ကျေနပ်ဝမ်းမြောက်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူတွေပြောသည့်အတိုင်း ကတိပေးထားတဲ့အတိုင်း ဖြစ်မလာပါက ဇန်န၀ါရီလ(၁၅) နေ့မှာ စီစဉ်ထားတဲ့အတိုင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts