ဇန်န၀ါရီ ၉၊ ၂၀၁၃
၇.၁.၂၀၁၃ (တနင်္လာနေ့) နံနက် (၁၀း၀၀) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၏ တိုကင်ဆောင် တွင် အသက် (၁၅) နှစ်အရွယ် ကျောင်းသားလေးတစ်ယောက် ၄င်း၏တင်ပါးမှ သွေးယိုစီးမှု တစ်ခုဖြစ်ပွားခဲ့သဖြင့် နာရေးကူညီမှုအသင်း ( ရန်ကုန်) ၏ အရေးပေါ်လူနာ တင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကူညီ ပေးခဲ့ကြသည်။
ဖြစ်စဉ်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးကုသရန်အတွက် လာရောက် တိုကင်တန်းစီသော ကျန်စစ်သားအိမ်ရာ၊ အရှေ့ဒဂုံမြို့နယ်တွင် နေထိုင်သော မောင်ကောင်း မြတ် အသက် (၁၅) နှစ် အဠမတန်း ကျောင်းသားတစ်ဦးသည် ၄င်း၏ ဖခင်နှင့်အတူ တိုကင်ရယူခဲ့သည်။ တိုကင်ရယူခဲ့ပြီး ဘတ်စ်ကားဖြင့် အိမ်သို့ပြန်ရန် ဘတ်စ်ကားဂိတ်သို့အရောက် မနက်ဖြန်မှ ပြသမည့် ကျောင်းသားလေး၏တင်ပါးမှ မွေးရာပါအလုံး/အဖု၌ သွေးထွက်လာသဖြင့် တိုကင်ရယူခဲ့သော နေရာသို့ ပြန်လာ၍ အကူအညီတောင်းခံစဉ် အနာမှသွေးများ သွေးအိတ်ပေါက်သကဲ့သို့ ပန်းထွက်လာခဲ့သည်။ ထိုစဉ် သုခကုသိုလ်ဖြစ်ဆေးခန်းမှ သူနာပြုဆရာမလေးများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝန်ထမ်း များနှင့် အသင်းသားများတို့မှ ဂွမ်း၊ ပတ်တီး၊ ဆေးဝါးများဖြင့် အရေးပေါ်ကုသပေးခဲ့ပြီး မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
မောင်ကောင်းမြတ်သည် မွေးရာပါအဖု/အလုံး (Managocele) ဖြစ်ပြီး မကြာခဏဆိုသကဲ့သို့ သွေးစိမ့်စိမ့်ထွက်တတ်သည်ဟု သူ၏ဖခင်မှ ပြောကြားခဲ့သည်။ သွေး၊ သွေးခဲများ လွန်စွာထွက်နေသည့် အတွက်ကြောင့် လူနာတင်ယာဉ်ပေါ်သို့ အောက်ခံတာပေါ်လင် အခင်းဖြင့်တင်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ မောင်ကောင်းမြတ်လေးသည် မိခင်မရှိတော့ချေ။ ဖခင်နှင့်အတူ နေထိုင်သည်။ သွေး တစ်ပုလင်းခွဲခန့် ပြင်ပသို့ထွက်သွားတော့သည်။ မောင်ကောင်းမြတ်လေး၏ မျက်နှာထက်တွင် သွေးများ မရှိတော့။ မောင်ကောင်းမြတ်လေးသည် “ရှူဆေးပေးပါ” ဟုသာ အတန်တန်တောင်းနေပြီး သတိလုံးဝ မလစ်စေရန် မိမိကိုယ်မိမိ ထိမ်းနေဟန်တူသည်။ အနီးနားတွင်ရှိသော လူနာများမှလည်း ထူးဆန်းလှသော ရောဂါဝေဒနာကိုကြည့်ရှုပြီး စိုးရိမ်ပူပန်နေခဲ့သည်။
ထိုကဲ့သို့သော အရေးပေါ်ဝေဒနာရှင်များအနေဖြင့် အစိုးရဆေးရုံကြီးများသို့ တိုက်ရိုက်သွားရောက် ကုသသင့်ပါသော်လည်း စရိတ်မတတ်နိုင်သောကြောင့် ယခုကဲ့သို့ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါး ကုသရန်လာရောက် တိုကင်တန်းစီယူရာတွင်လည်း လူနာရှင်ကိုယ်တိုင် လိုက်ပါလာခြင်းမပြုသင့်ကြောင်း ဝေဒနာရှင်လူနာများအနေဖြင့် သတိပြုသင့်သည်။ မည်သို့ပင်ဖြစ်စေကာမူ ယခုကဲ့သို့ အသက်ငယ်ရွယ်ပင် ငယ်ရွယ်သော်ငြားလည်း မောင်ကောင်းမြတ်သည် မိမိ၏ ခံစားနေရသော ဝေဒနာဆိုးကြီးအား “အသိ” ရှိစွာဖြင့် မိမိ၏ ရောဂါဝေဒနာအား ကြံ့ကြံ့ခံကာ “သတိ” တရားတို့ဖြင့် ရင်ဆိုင်နိုင်ခဲ့မှုအပေါ် မြတ်စွာဘုရား ရှင် ဟောကြားထားခဲ့သော “အသိ – သတိ” တရားအား လက်ကိုင်ပြုနိုင်ခြင်းအား ချီးကျူးမိပါတော့သည်။