လူများ၊ ရုပ်ပုံလွှာများ သန်းဝင်းလှိုင်

ရွှေနန်းထက်မှ ဧကရီသုံးပါး (၃)

နယ်သာလန်ဘုရင်မကြီး ဘီထရစ်
သန်းဝင်းလှိုင်
ဇန်န၀ါရီ ၉၊ ၂၀၁၃
 
ယနေ့နယ်သာလန်နိုင်ငံကို စိုးစံနေသော ဧကရီဘုရင်မကြီးမှာ ၁၉၈၀ ပြည့်နှစ် ဧပြီလ ၃၀ ရက် နေ့မှစ၍ နန်းစံခဲ့သည်။ ဘီထရစ် (Beatrix Wilhelmina Armgard) ဖြစ်သည်။ သူ၏ သက်တော် သည် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ဆိုလျှင် ၇၅ နှစ်ပြည့်၍ နန်းသက်မှာ ၃၂ နှစ် ရှိပြီဖြစ်သည်။

အင်ဂလန်နိုင်ငံ၏ တရားဝင်အမည်မှာ ‘နယ်သာလန်ဘုရင့်နိုင်ငံတော်’ The Kingdom of the Netherlands ဟူ၍ ဖြစ်သည်။ သို့သော် တချိန်က နယ်သာလန်ကို ဟော်လန်နိုင်ငံဟူ၍ လည်းကောင်း၊ ဒတ်ခ်ျနိုင်ငံဟူ၍လည်းကောင်း အမည်ကွဲအမျိုးမျိုးဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။

နယ်သာလန်နိုင်ငံသည် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် အုပ်ချုပ်သော ဘုရင့်နိုင်ငံတော်ဖြစ်သည်။ နယ်သာလန်၏ ရှေးဦးသမိုင်းသည် မငြိမ်းမသက်ဆူပူလှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။ အလယ် ခေတ်တွင် ယခုလက်ရှိ ဘဲလ်ဂျီယံ နှင့် နယ်သာလန်နိုင်ငံတို့သည် မြို့စားတို့အုပ်ချုပ်သော နယ်ပယ် များသာဖြစ်သည်။ ‘ချားလ်သဗိုး’ သည် နယ်ပယ်များကို စုစည်းကာ ပြင်သစ်နှင့် ဂျာမနီနိုင်ငံ တို့အကြားတွင် ကြားနေနိုင်ငံတစ်ခုအဖြစ်တည်ထောင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

၁၅၅၆ ခုနှစ်တွင် စပိန်ဘုရင်လည်းဖြစ်၊ ဧရာမသာသနာစောင့်ဧကရာဇ်လည်းဖြစ်သော ပဉ္စမမြောက် ချားလ်ဘုရင် (၁၅၀၀-၁၅၅၈) နန်းစွန့်လိုက်သောအခါ ထိုနယ်ပယ်များသည် စပိန်ဘုရင် ဒုတိယမြောက်ဖိလစ် (Philip 11 of Spain) လက်အောက်သို့ ကျရောက်သွားခဲ့လေသည်။ ယင်းလက်ထက်တွင် နယ်သာလန်နိုင်ငံအား နိုင်ငံရေး၊ ဘာသာရေးအမျိုးမျိုးဖိနှိပ်မှုများပြုလုပ်ခဲ့သဖြင့် အော်ရိန်းနယ်သား ဝီလျံမင်းသား (၁၅၃၃- ၁၅၈၄)က ၁၅၆၈ တွင် ပုန်ကန်ထကြွ၍ နယ်သာလန်နိုင်ငံ လွတ်မြောက်ရေးစစ်ပွဲ စတင်ဆင်နွှဲခဲ့သည်။ ဝီလျံမင်းသား၏ခေါင်းဆောင်မှုဖြင့် ၁၅၈၁ နှစ်တွင် မြောက်ပိုင်းပြည်နယ် ခုနှစ်နယ်တို့ စုစည်းမိပြီး နယ်သာလန်နိုင်ငံတည်ထောင်နိုင်ခဲ့သည်။ ယင်းကြောင့် ဝီလျံမင်းသားအား ‘နယ်သာလန်နိုင်ငံ၏ဖခင်ကြီး’ ဟု ဥဒါန်းတွင်ရစ်ခဲ့လေသည်။ ဝီလျံမင်းသားသည် ၁၅၈၄ ဇူလိုင်လ ၁၀ တွင် လူသတ်သမားတစ်ဦး၏ လုပ်ကြံမှုကြောင့် နတ်ရွာစံခဲ့ပြီးနောက် ၁၈၀၆ ခု တွင် ပြင်သစ်ဧကရာဇ် နပိုလီယံလက်အောက်ခံသို့ ကျရောက်ကာ  ဟောလန် ဘုရင့်နိုင်ငံဖြစ်လာခဲ့ပြန်သည်။

ထို့နောက် အော်ရိန်းနတ်ဆောနယ်မှ ဘုရင်ခံ ဝီလျံမင်းသားကို ပထမမြောက် ဝီလျံဘုရင်ဘွဲ့အပ်နှင်း၍ ပြင်သစ်လက်အောက်ခံ မြောက်ပိုင်းရှိ ပြည်နယ်များကို စုစည်း၍ ဘုရင့်ပြည်ထောင်စု ဖွဲ့စည်းစေခဲ့သည်။ သို့သော် ပထမမြောက် ဝီလျံဘုရင်သည် ဒတ်ခ်ျ လူမျိုးများကိုသာ ပိုမိုအရေးပေးမှုကြောင့် ဘဲလ်ဂျီယံလူမျိုးတို့က ပုန်ကန်ထကြွခဲ့သည်။ သို့ဖြင့် ဘုရင့်ပြည်ထောင်စုနိုင်ငံတော်ကို ဖျက်သိမ်းခဲ့ရ၍ ၁၈၃၁ နိုဝင်ဘာ ၁၅တွင် လန်ဒန်စာချုပ်အရ ဘဲလ်ဂျီယံအား လွတ်လပ်ရေးပေး၍ နယ်သာလန်နိုင်ငံအတွင်း ပေါင်းစည်းထားမှုကို ဖျက်သိမ်းပေးခဲ့ရသည်။ ဤသို့ဖြင့် ဘဲလ်ဂျီယံနိုင်ငံသည် သီးခြားလွတ်လပ်သော ဘုရင့်နိုင်ငံ ဖြစ်လာသည်။

ယင်းနောက် ဝီလျံဘုရင်၏သမီးတော် ဝီလ်ဟယ်မင်းနားဘုရင်မ (Queen Wilhelmina) (၁၈၈၀- ၁၉၆၂) ၁၈၉၈တွင် နန်းတက်သောအခါ လူဇင်ဘတ်ပြည်နယ်ကို လက်လွှတ်ခဲ့ရပြန်သည်။

ဒုတိယစစ်ကြီးဖြစ်လာသောအခါ ဘုရင်မကြီးနှင့် အစိုးရအဖွဲ့တို့သည် ဗြိတိန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ စစ်ကြီးပြီးနောက် နယ်သာလန်နိုင်ငံသို့ ပြည်တော်ပြန်ခဲ့သည်။ သို့သော် ကျန်းမာရေးချို့တဲ့လာသဖြင့် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် သမီးတော်ကြီး ဂျူလီယန်းနား မင်းသမီးအား ထီးနန်းလွှဲပေးခဲ့ရသည်။ ဂျူလီယန်နားဘုရင်မသည် ကြင်ယာတော် ဘားနတ်မင်းသား (Prince Bernhard of Lippe-Biesterfeld) နှင့် သမီးတော် လေးပါး ထွန်းကားခဲ့သည်။ ၁၉၈၀ ဧပြီ ၃၀ရက်နေ့တွင် မယ်တော်ဘုရင်မထံမှ ထီးနန်းဆက်ခံခဲ့သော ဘီထရစ်ဘုရင်မကြီးသည် ဂျူလီယန်နားဘုရင်မကြီး၏ အကြီးဆုံးသမီးတော်ဖြစ်သည်။ ဘီထရစ် ဘုရင်မ၏ ညီမတော်များမှာ မင်းသမီးအော်ရိန်းနတ်ဆော၊ မင်းသမီး လစ်ပီဘိုင်စတာဖီးလ်တို့ ဖြစ်သည်။ ဘုရင်မဘီထရစ်အား နယ်သာလန်နိုင်ငံ ဘန်းမြို့ရှိ ဘုရင့်နန်းတော်တွင် ၁၉၃၈ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

ငယ်စဉ်က ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကနေဒါနိုင်ငံရှိ ပုဂ္ဂလိက မူလတန်းနှင့် အလယ်တန်း ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ စစ်ကြီးပြီးနောက် ၁၉၄၅ သြဂုတ် ၂ရက် တွင် နယ်သာလန် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နယ်သာလန်နိုင်ငံ၌ ဆက်လက်ပညာသင်ကြား၍ ၁၉၆၁ ခုနှစ်တွင် လေဒင်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။

၁၉၆၆ ခုနှစ် မတ်လ ၁၀ရက်နေ့တွင် ဂျာမန်မင်းမျိုးမင်းနွယ်မင်းသား ကလော့စ်ဖန်အမ်းဘဂ် (Claus Van Amsberg)အား လက်ဆက်၍ ၁၉၆၇ တွင် သားတော်ကြီး ဝီလျံအလက်ဇန်ဒါး (Prince Willem-Alexander) ၁၉၆၈ တွင် သားလတ် ‘ဂျိုဟန်းဖရီဆို’ (Prince Johan Friso) ၁၉၆၉ တွင် သားငယ် ကွန်စတင်တင်း (Prince Constantijn) ဟူ၍ သားတော်သုံးပါးထွန်းကားခဲ့သည်။ ကြင်ယာတော် မင်းသားကြီးကလော့စ်သည် ဟစ်တလာလူငယ်အဖွဲ့အား ပံ့ပိုးကူညီခဲ့သော်လည်း နာဇီပါတီကို ဆန့်ကျင်ခဲ့သူဖြစ်သောကြောင့် ဂျာမနီမှ မောင်းထုတ်ခြင်းခံရသည်။ ကြင်ယာတော် ကလော့စ် မင်းသားကြီးသည် ၂၀၀၂ခုနှစ်တွင် ကံကုန်သွားခဲ့သည်။

နယ်သာလန်ဘုရင်မကြီး ဘီထရစ်သည် သားတော်ကြီး အောရိန်းမင်းသားဘွဲ့ခံ ဝီလျံ အလက်ဇန်ဒါးအား ၁၉၈၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့တွင် နယ်သာလန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားဘွဲ့အပ်နှင်းခဲ့သည်။ အိမ်ရှေ့မင်းသားသည် ၁၉၇၃ မှ ၁၉၇၉ အထိ ဘန်းမြို့ရှိ အလယ်တန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၁၉၈၁ တွင် အထက်တန်းစာမေးပွဲအောင်မြင်ခဲ့သည်။ ထို့နောက် ၁၉၈၁မှ ၁၉၈၃ ခုနှစ် အထိ United World College of the Atlantic ကောလိပ်၌ ပညာသင်ကြား၍ ဘွဲ့ရရှိခဲ့သည်။

ယင်းနောက် ၁၉၈၅ သြဂုတ်လမှ ၁၉၈၇ ဇန်နဝါရီလအထိ နယ်သာလန်ဘုရင့် ရေကြောင်းတက္ကသိုလ်သို့ တက်ရောက်၍ ၁၉၈၈တွင် ဗိုလ်အဆင့်ခန့်အပ်ခြင်း ခံရသည်။ ၁၉၈၇ခုနှစ်တွင် လေဒင်တက္ကသိုလ်သို့ ပြန်လည်တက်ရောက်၍ သမိုင်းအထူးပြုဘာသာရပ်ဖြင့် ၁၉၉၃တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ သားတော်အိမ်ရှေ့စံနန်း လျာမင်းသားသည် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီ ၂ တွင် Maxima Zorreguieta Cerruti နှင့် ထိမ်းမြားလက်ထက်၍ သမီတော်ကြီး Catharina Amalia သမီးတော်လတ် Alexia ၊ သမီးတော်ငယ် Ariane တို့ ထွန်းကားခဲ့သည်။

နယ်သာလန်ဘုရင်မကြီးသည် Forbes (ဓန) မဂ္ဂဇင်း၏ခန့်မှန်းချက်အရ နန်းစဉ်ရတနာ၊ ရဲတိုက်၊ နန်းတော်၊ ရှေးဟောင်းပစ္စည်းများတန်ဖိုး မပါ ငွေသားချည်း ၂၀၀၉ ခုနှစ်အထိ အမေရိကန်ဒေါလာ သန်းပေါင်း ၃၀၀ အထိ ကြွယ်ဝချမ်းသားသည် ဟုဆိုသည်။

မည်သို့ဆိုစေ နယ်သာလန်ဘုရင်မကြီးနန်းသက် ၃၃နှစ်အတွင်း နယ်သာလန်နိုင်ငံသည် နိုင်ငံတော်အေးချမ်းသာယာ၍ စီးပွားရေးပုံမှန်တိုးတက်လျက်ရှိသည်။

နယ်သာလန်နိုင်ငံသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လူဦးရေ ၂၁ ဒသမ ၇၁သန်းရှိ၍ ၂၀၁၁ ခုနှစ်တွင် အမျိုးသား အသားတင် ထုတ်ကုန်ပမာဏ (ဂျီဒီပီ) စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါလာ ၈၄၀ ဒသမ ၄၃၃ ဘီလီယံရှိ၍ တဦးချင်း၏ငွေမှာ အမေရိကန်ဒေါလာ ၅၀၃၅၅ ရှိသည်။ ၂၀၀၀ပြည့်နှစ်မှစ၍ နယ်သာလန်နိုင်ငံသည် အခြားအီးယူ ဥရောပသမဂ္ဂအဖွဲ့၏ ၁၇ နိုင်ငံနှင့်အတူ ယူရိုငွေကြေးကို သုံးစွဲလျက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts