ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၄)
ဦးမျိုး (ဥပဒေ)၊ ဇန်န၀ါရီ ၇၊ ၂၀၁၃
အပိုင်း (၄)
လက်ရှိ ကြံဖွံ့အစိုးရ ထုတ်ပြန်ထားသော ပညာရေး အသုံးစရိတ် အခြေအနေကို အောက်ပါအတိုင်းတွေ့ရပါသည်။
၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ကြံ့ ဖွံ့ အစိုးရ ၀န်ကြီးဌာန အချို့ အတွက် သုံးငွေပမာဏ နှင့် အသုံးစရိတ်ရာခိုင်နှုန်း
ကာကွယ်ရေးဝန်ကြီးဌာန ကျပ်ငွေ သန်းပေါင်း ၁ သန်း၊ ၁ သိန်းကျော်
စွမ်းအင်ဝန်ကြီးဌာန ကျပ်ငွေ သန်းပေါင်း ၁ သန်း၊ ၁ သောင်းကျော်
ဘဏ္ဍာရေးဝန်ကြီးဌာန ကျပ်ငွေ သန်းပေါင်း ၁ သန်းကျော်
ကာကွယ်ရေး အသုံးစရိတ်။ ( အစိုးရ အသုံးစရိတ် စုစုပေါင်း၏ ) ၁၄ ဒသမ ၃၉ ရာခိုင်နှုန်း
ကျန်းမာရေး အသုံးစရိတ် ။ ၂ ဒသမ ၈၂၂ ရာခိုင်နှုန်း
ပညာရေး အသုံးစရိတ် ။ ၄ ဒသမ ၇၃၃ ရာခိုင်နှုန်း
မှတ်ချက်။ ၃၁၊ ၁၊ ၂၀၁၂ နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီး ဦးတင်နိုင်သိန်း၏ တင်ပြချက်) Messenger News Journal FM.
ဤဥပဒေကြမ်း အခန်း (၄) တက္ကသိုလ်၏ လုပ်ငန်းတာဝန်များ အပိုဒ်ခွဲ ( စ ) တွင် ”တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ နေရေး ၊ ထိုင်ရေး နှင့် စည်းကမ်း သေ၀ပ်ရေးကို ကြီးကြပ် စီမံခန့်ခွဲရန်နှင့် ကျန်းမာရေးကို တိုးတက်အောင် စီမံခန့်ခွဲရန်၊” ဟု ယခင်မှ ယခုထိ တည်ဆဲဖြစ်နေသည့် ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၊ တက္ကသိုလ် ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင်လည်း ဤအပိုဒ်ပါရှိပါသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက် စစ်တပ်က အာဏာသိမ်းသည့် နေ့မှသည် ယနေ့ ဦးသိန်းစိန် ကြံ့ဖွံ့ပါတီ အစိုးရ လက်ထက်တိုင် ဤတာဝန်ကို တစွမ်းတစ ထမ်းဆောင်ခဲ့ဘူးပါသလား မေးရပါမည်။
တက္ကသိုလ် ကောလိပ်အသီးသီး၏ နေရေး ထိုင်ရေး သွားလာရေးကအစ ဘာတခုမှ တာဝန်ယူမှု တာဝန်ခံမှု မရှိသည်ကိုတော့ ဗြောင်ဝန်ခံရပါမည်။ ဥပဒေကို ပြ့ည်သူလူထုအား အပြကောင်းရုံ သက်သက် အပြော ကောင်းနေလျှင် တိုင်းပြည် သည်ထက် ဆင်းရဲတွင်းနက်ရပါတော့မည်။
ယခင်ရှိခဲ့သည့် ၁၉၅၇ ခုနှစ်၊မန္တလေး တက္ကသိုလ် အက်ဥပဒေ ပုဒ်မ ၁၄ (၃) (ဆ) တွင် “ကျောင်းသားများ၏ နေရေးထိုင်ရေးနှင့် စည်းကမ်းသေ၀ပ်ရေးတို့ကို ကြီးကြပ် အုပ်ချုပ်ရန်၊ ထို့ပြင် ကျောင်းသားများ၏ ကျန်းမာရေးနှင့် ကောင်းကျိုးအရပ်ရပ် တိုးတက်ဖွံ့ဖြိုးမှုအတွက် စီစဉ်ပေးရန်။” ပါရှိ သည့်အတိုင်း တာဝန်ယူမှု တာဝန်ခံမှုဖြင့် နေထိုင်ခဲ့ကြသည့် နောင်တော့် နောင်တော် ကျောင်းသားကြီးများ ပြောပြ၍သိရှိရပါသည်။
မ ဆ လ လက်ထက်ထိတိုင် ကျောင်း သားများ၏ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကအစ လူမှုရေး၊ ကျန်းမာရေး၊ သွားလာရေး အားလုံးလိုလိုပင် ယခု န ၀ တ၊ န အ ဖ ကြံဖွံ့အစိုးရ လက်ထက်မှာထက် အဆများစွာ ကောင်းခဲ့ကြသည်ကို ၈ လေးလုံး မျိုးဆက်ကျောင်းသားများလည်း ခံစားသိတတ် ခံယူတတ်မှာ ဖြစ်ပါသည်။ ကျောင်းသား အရေးကို ဒီအတိုင်း ငုံ့ခံနေလျှင် ဒီထက် အဆပေါင်းမြောက်များစွာ ဆိုးရွားသွားနိုင်သည့် ဘေးအန္တရာယ်မှ ကာကွယ်ကြ ရပါလိမ့်မည်။ ပညာရေးဆိုင်ရာ မတရားသည့် ဥပဒေများဘေးမှ ကင်းဝေးကြစေ လိုပါသည်။
ယခင်က နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ကိုယ်တိုင်ပြဋ္ဌာန်းခဲ့သည့် ၁၉၅၇ ခုနှစ်၊ မန္တလေး တက္ကသိုလ် ဥပဒေတွင် ပုဒ်မ ၂ အဓိပ္ပါယ် ရှင်းလင်းဖော်ပြချက် ပုဒ်မခွဲ (ဋ) တွင် ”စတက်ကျု ဥပဒေများ” ဆိုသည်မှာ နိုင်ငံတော် သမ္မတက ပဌမဦးစွာ ပြဋ္ဌာန်း ပြီးနောက် အခါအားလျော်စွာ ကောင်စီက ပြင်ဆင်သော မန္တလေး တက္ကသိုလ် စတက်ကျု ဥပဒေများကိုလည်းကောင်း၊ ဤအက်ဥပဒေအရ ကောင်စီက ပြုမည့် နောက်ထပ်ဖြည့်စွက်ချက်များနှင့် နောက်ထပ်ပြင်ဆင်ချက်များကိုလည်းကောင်း ဆိုလို သည်။” ဟု ဖော်ပြထားပါသည်။
ဤဥပဒေ၌ပင် ပုဒ်မ ၂၄ တွင်“နိုင်ငံတော် သမ္မတ က ပြဋ္ဌာန်းသော စတက်ကျု ဥပဒေများသည် ပဋ္ဌမဦးဆုံး စတက်ကျု ဥပဒေများ ဖြစ်ရမည်။ သို့ရာတွင် ထိုစတက်ကျု ဥပဒေများကို ကောင်စီက ပြင်ဆင်နိုင်သည်။ သို့တည်း မဟုတ် ထပ်မံဖြည့်စွက်နိုင်သည်။ သို့တည်းမဟုတ် ဖျက်သိမ်းနိုင်သည်။” ဟု ပါရှိခဲ့ သည်ကို အထင်အရှားတွေ့ရပါသည်။ ဥပဒေပြုခြင်း၊ ပြင်ခြင်း၊ထပ်မံဖြည့်စွက်ခြင်း၊ ဖျက်သိမ်းခြင်းကို တက္ကသိုလ်ကောင်စီက ပြုလုပ်နိုင်ကြောင်းတွေ့ရပါသည်။
ဥပဒေ သည် အမြဲတမ်း အသေမဟုတ် ပြင်နိုင်ဖြည့်နိုင် ပယ်ဖျက်နိုင်သည့် လွတ်လပ်ခွင့် အခွင့် အရေးကို မလွဲမသွေ ပေးရမည် ဖြစ်ပါသည်။ ဤဥပဒေ ပြဋ္ဌာန်းပြီးနောက်မှ ၁၉၅၈ ခုနှစ် သြဂုတ်လတွင် ကျောင်းသားများ ပညာရေး နှီးနှောဖလှယ်ပွဲကြီး ပေါ်ပေါက်လာ သည် ကိုလည်း သတိပြုရပါမည်။ ၁၉၅၈ – ၅၉ ခုနှစ် တ က သ ရွေးကောက်ပွဲတွင်-
၁။ ကိုခင်မောင်အုန်း ဥက္ကဋ္ဌ
၂။ ကိုဘကောင်း ဒု – ဥက္ကဋ္ဌ
၃။ ကိုခင်အောင် အထွေထွေ အတွင်းရေးမှူး
၎။ ကိုမြင့်သိန်း တွဲဘက်အထွေထွေအတွင်းရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေး ဌာန
၅။ ကိုတင်အောင် ငွေထိန်း
၆။ ကိုဖိုးသာဘေး ကစားခုန်စားနှင့် ယဉ်ကျေးမှု ဌာန
၇။ မခင်ခင်တိုး ကျောင်းသား သက်သာချောင်ချိရေး ဌာနမှူး
၈။ ကိုသာဒိုး နိုင်ငံခြား ဆက်သွယ်ရေး ဌာနမှူး
၉။ ကိုညိုဝင်း လူထုဆက်သွယ်ရေး ဌာနမှူး
၁၀။ ကိုလှတင် အိုးဝေ တာဝန်ခံ
၁၁။ ကိုသိန်းတန် ပိဋကတ်မှူး
-တို့ဖြစ်ကြပါသည်။
ပဉ္စမအကြိမ်မြောက် တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ ဆွေးနွေးပွဲကို ၁၉၅၉ခုနှစ်
ဇန္န၀ါရီလ (၂ – ၃ ) ရက်နေ့က ရန်ကုန်တက္ကသိုလ်၊တကသ အဆောက်အဦးတွင် ကျောင်းသား ကိုယ်စားလှယ် (၉၆) ဦး၊ လေ့လာသူ (၃၅)ဦး စုစုပေါင်း (၁၃၁) ဦးတို့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ စုပေါင်းတိုက်ပွဲဝင်ကြရန်အတွက် ဆွေးနွေးပွဲကြီးမှ ပြဋ္ဌာန်းလိုက်သော သဘောတူညီချက်များတွင် တမျိုးသားလုံးနှင့် သက်ဆိုင် သောအရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ထုတ်ပြန်ပြဋ္ဌာန်းလိုက်ကြောင်း ပါရှိ ပါသည်။
၁။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေးမူကို ထောက်ခံ၍ ကျောင်းသားများ၏ လူမှုရေး၊ စီးပွားရေး ရှုထောင့်မှ သုံးသပ်ကာ ပန်ကြားလွှာတစောင်
ထုတ်ပြန်ရန်၊
၂။ အမျိုးသား လွတ်လပ်ရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်ကြရန်၊ ပန်ကြားလွှာတစောင်ထုတ်ပြန်ရန်၊
၃။ ဒီမိုကရေစီ အခွင့်အရေး ကာကွယ်ရေးအတွက် ထုတ်ပြန်ကြေညာရန်။
-တို့ပါရှိပါသည်။ တက္ကသိုလ် ကျောင်းသား သမဂ္ဂများ၏ လှုပ်ရှားမှုများကို သမိုင်း သင်ခန်းစာ အဖြစ်မှတ်သားသင့်ပါသည်။
ယခုပြဋ္ဌာန်းလာမည့် ဥပဒေကြမ်းမှာ တက္ကသိုလ် ပညာရေးစနစ်ကို သွားနေကျလမ်းမှ မလွဲမသွေ ပြောင်းလွဲသွားစေရန် ရည်ရွယ်ချက် ပါရှိမလာပါသဖြင့် ပယ်ဖျက်ပြီး အသစ်စက်စက်ဖြစ်စေရန် ပြဋ္ဌာန်းသင့်ပါသည်။ ပြဋ္ဌာန်းရာတွင် သွားရမည့် အဆင့်ဆင့်ကို တတ်သိပညာရှိများ ငြင်းခုံကြရပါမည်။ ဒီမိုကရေစီ ပညာရေးအတွက် တောင်းပွဲတိုက်ပွဲ ဆန္ဒ ပြပွဲ များကို မုချမသွေ ဆင်နွဲခဲ့ရသည့် သင်ခန်းစာကို မျိုးဆက်တိုင်း တွေ့ကြုံရင်ဆိုင်ရပါမည်။ ဘ၀ရှင်သန်မှုသည် တိုက်ပွဲ များဖြင့် ပြည့်လျှမ်းနေပါသည်။ ပြည်သူ့ အကျိုး ဆောင်ကြ အရေးတွက် ဖြစ်ရပါမည်။ ကျောင်းသားရှိလျှင် ဒီမိုကရေစီ ပညာရေး တိုက်ပွဲအတွက် သမဂ္ဂရှိရပါမည်။ ဒီမိုကရေ စီရေး ပြည်သူ့ တိုက်ပွဲပင် မဟုတ်ပါလော။
ဦးမျိုး(ဥပဒေ)
၉ – ၉ – ၂၀၁၂