မှတ်စုမှတ်တမ်း သတင်းဆောင်းပါး ဝေဖန်ရေးရာ

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၃)

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၃)

ဦးမျိုး (ဥပဒေ)၊ ဇန်န၀ါရီ ၅၊ ၂၀၁၃

အပိုင်း (၃)

            တိုင်းပြည်၏ စီးပွားရေး စနစ်၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုစနစ်တို့နှင့် ကိုက်ညီ သည့် ပညာရေးစီမံကိန်း သို့မဟုတ် ပညာရေးစနစ်သည်သာလျှင် တိုင်းပြည်၏ ရည် မှန်းချက်ပန်းတိုင်သို့ ချီတက်ရေးအတွက် လုံးဝ အထောက်အကူ ဖြစ်ပေမည်။ ပြည်သူ လူထုကို အကျိုးပြုသော ပညာရေးစီမံကိန်း၊ တိုင်းပြည်က လက်ခံနိုင်သော စီမံကိန်းဖြစ် ပေလိမ့်မည်။ တိုင်းပြည်၏ အခြေအနေနှင့် ကင်းလွတ်ကာ ရေးဆွဲသော စီမံကိန်းနှင့် ဥပဒေများသည် အကျပ်အတည်း မြောက်မြားစွာကို ပေါ်ပေါက်စေကာ ပျက်စီးကြရ သည် မှာ သမိုင်းသင်ခန်းစာဖြစ်ပေသည်။

            ၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေးဥပဒေ မူကြမ်း ပုဒ်မ ၃ (က) တွင် “ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေးစနစ်နှင့်အညီ အကောင် အထည်ကို ဖော်ဆောင်ရန်” ဟုပါရှိပါသည်။

ခေတ်မီ ပညာရေးစနစ် ဆိုသည်မှာ အဘယ်ကို ခေါ်ပါသနည်း။

န ၀ တ ၊ န အ ဖ စစ်အစိုးရ တဖြစ်လဲ ကြံဖွံ့အစိုးရ စစ်အုပ်စု၏ ခေတ်မီရေးအတွက် စစ်အုပ်စုနှင့် ခရိုနီခေါ် အာဏာကပ်ပါး စီးပွားရေး ဓါးပြများ၏ ဆွေမျိုးသားချင်းကောင်းစားရေး၊ ပညာတော်သင်လွှတ်ရေးအတွက် ခေတ်မီနေသည်ကို ခေါ်ပါသလား၊ လက်တွေ့အရ အမေးခံရပါမည်။

စီးပွားရေးနှင့် ပညာရေးကို ခွဲခြားပစ်၍ မရပါ။ ဦးပိုင်လီမီတက် နှင့် နိုင်ငံတော်ပိုင် စီးပွားရေး ဥပဒေများ ကိုပြဋ္ဌာန်းပြီး နိုင်ငံတော် လက်ဝါးကြီးအုပ် ဗျူရိုကရက် စစ်အရင်းရှင်များ၏ စီးပွားရေး အရ သွေးစုပ်ခံ၊ လက်ဝါးကြီးအုပ် ခံရသည့် ဘ၀နှင့် ပညာရေးဘ၀မှာ ခွဲခြားမရပါ။

ပညာရေးတွင် မညီမျှမှု၊ လက်ဝါးကြီးအုပ် အပိုင်စီးမှု၊ စစ်တပ်ပညာရေးအလွှာတခုကို ဖန်တီးနေမှုများကို ယခုပြဋ္ဌာန်းလာမည့် ပညာရေး ဥပဒေက တမင်တကာ မမြင်ချင်ဟန် ဆောင်ကာ ဖုံးကွယ်ထားသည်ကို ပညာရေး လောကသားများအားလုံးက ဖွင့်ချ ဖော် ထုတ်ပြကြရပါမည်။ ဒါလားကွ ခေတ်မီ ပညာရေး စနစ်ဆိုတာ ဟူ၍သာ ဖြစ်ပါသည်။

            ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဟု ဖော်ပြချက်ကို ကြံဖွံ့အစိုးရလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ၂၀၁၁ ခုနှစ် ကိုယ်ပိုင် ကျောင်း မှတ်ပုံတင်(၂၀၁၁-ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်-၁၄) ကို ကြိုတင်လေ့လာရုံဖြင့် အပွေးမြင် အပင်ကို သိရှိတွေ့မြင်နိုင်ပါသည်။

ဤဥပဒေ ပုဒ်မ ၃(င) တွင် “ပြည်ထောင်စု အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန် များကို ထမ်းဆောင်ခြင်း၊”ဟုပါရှိပါသည်။ ကိုယ်ပိုင်ကျောင်း၌ပင်လျှင် ကျောင်းဆရာများ ကို အစိုးရလုပ်ငန်းများတွင် တာဝန်ပေးထမ်းဆောင်စေခြင်းမျိုး မဖြစ်သင့်ပါ။ ပညာရေး တွင် အုပ်ချုပ်သူအစိုးရက ၀င်ရောက်စွက်ဖက် အနိုင်ကျင့်မှုမျိုးကို လုံးဝ မကျင့်သုံး သင့်ပါ။ အတွေးအခေါ်မမှန်ကန်သည့် ဖော်ပြချက်ကိုတွေ့ရပါသည်။

 ဤဥပဒေပုဒ်မ ၁၆ (ဈ) တွင် “ထပ်ဆောင်း သင်ခန်းစာများအား တိကျစွာ သင်ကြားနိုင်ရန် ကြပ်မတ်ဆောင်ရွက်ခြင်း။”ဟုပါရှိပါသည်။ ထပ်ဆောင်းသင်ခန်းစာများကို အတင်း အကျပ် ပြဋ္ဌာန်းပြီး ချုပ်ကိုင်ကြပ်မတ်လို၍ ဖြစ်ကြောင်း ပေါ်လွင်လွန်းပါသည်။

 ”မြန်မာနိုင်ငံ တ၀န်းလုံးတွင် မူလတန်းအဆင့် စတင် တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ရာခိုင်နှုန်း ၂၀ ခန့် မူလတန်းပညာ မပြီးဆုံးကြောင်း စက်တင်ဘာ ၃ ရက်နေ့က ပညာရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဦးအေးကြူက ပြောကြားခဲ့သည်။” (The Myanmer Post 15- Sept-2011) ကို ကြည့်ခြင်းအားဖြင့် မူလတန်းပညာရေး စနစ်ကိုပင် မအောင်မြင်သေးသည့် အခြေအနေတွင် ပညာရေးလွတ်လပ်ခွင့်ကို မပိတ် ပင်သင့်ပါ။ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို အုပ်ချုပ်ရေးသက်သက် ကြိုးနီစနစ်ဖြင့် မချုပ်ချယ်သင့်ပါ။

ပညာရေးဆိုင်ရာလွတ်လပ်ခွင့်အား ဆရာရော ကျောင်းသားကိုပါ ပေးအပ်ထားရပါမည်။ ကျောင်းသားအဓိက ပညာရေးစနစ်အား ပျိုးထောင်ပေးသင့်ပါ သည်။ ဆရာကချည်း အိတ်သွန်ဖာမှောက် သင်ကြားပေးသည့် (Banking System) ကျောင်းသားက ဘာမှ မေးမြန်းဆွေးနွေးခွင့် မရှိသည့် တလမ်းသွား စနစ်ဟောင်း ပညာ ရေးစနစ်မှ လုံးဝ လမ်းကြောင်းပြောင်းလဲပစ်သင့်ပါသည်။

ဤဥပဒေ ပုဒ်မ ၃၄ တွင်“ ဘာသာရေး၊ နိုင်ငံရေး ဟောပြော ပို့ချသော ဆရာ၊ ဆရာမများကို ထောင်ဒါဏ် ၃ နှစ်အထိ၊ ထို့ပြင် ကျပ် ၃ သိန်းအထိ ချမှတ်နိုင်သည်။”ဟု ပြဋ္ဌာန်းထားပါသေးသည်။

လွတ်လပ်စွာ ဟောပြောခွင့်အခွင့်အရေး (လူ့အခွင့်အရေး ကြေညာချက် အပိုဒ် -၁၉) ကို စာသင်ကျောင်းခန်းထဲအထိ လိုက်လံချုပ်ချယ်နေခြင်းမှာ နိုင်ငံရေးကို စစ်အစိုးရ အဆက်ဆက် မည်မျှကြောက်လန့်ကြောင်း တွေ့ရှိရသည်။ အဘယ်မှာ ဘက်စုံအတွေး အခေါ် အယူအဆ မှန်ကန်နိုင်ပါအံ့နည်း။ ဒီမိုကရေစီ ပညာရေး စနစ်သို့ သွားရာလမ်း က ခလုတ်ကန်သင်းများကို ရှင်းလင်းပစ်သင့်ပါသည်။ ထွက်ပေါ်လာမည့် တက္ကသိုလ် ပညာရေးဥပဒေ၏ ရှေ့ပြေးဥပဒေအဖြစ် သတိထားရပါမည်။ ဤကဲ့သို့ ဥပဒေများ ချုပ်ချယ်မှုများကို ပြဋ္ဌာန်းလာမည့် အန္တရာယ်ကို ကြိုတင်ကာကွယ် သင့်ပါသည်။

            ထွက်ပေါ်လာသော ဥပဒေများသည် အခြေခံ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေမှ ပေါက်ဖွားလာသည်များသာ ဖြစ်ကြောင်းကိုလည်း အထူးသတိချပ်ရန်လိုပါသည်။

၂၀၀၈ ဥပဒေပုဒ်မ ၂၈ (ဃ) တွင်”ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေး စနစ်ဖော်ဆောင်ရမည်။”ဟု ဖော်ပြထားချက်မှလာသည့် ခေတ်မီပညာရေးစနစ်မှာ အဘယ်ကိုဆိုလိုပါသနည်း။

အတွေးအခေါ်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး အတူယဉ်တွဲ နေထိုင်နိုင်သည့် ဒီမိုကရေစီ ခေတ်ကာလတွင် တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ တစ်စည်း၊ လူအုပ်စုတစ်စု၏ အတွေးအခေါ်ကို အမှန်အဖြစ်ယူဆခြင်းသည် ခေတ်မမီဘဲ လုံးဝ မသင့်လျော်သည့် ဖော်ပြချက်ဖြစ်ပါသည်။

စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်က ပေါ်ထွန်း လာသည့် ဘက်စုံ အတွေးအခေါ် အယူအဆဆိုလျှင် အဆိုးဝါးဆုံးသော ပညာရေးစနစ် ဖြစ်သွားပေတော့မည်။ ဒီမိုကရေစီ ပညာရေးစနစ်နှင့် ပြဒါးတလမ်း သံတလမ်း လွဲချော်သွားပေတော့မည်။ အင်မတိ အင်မတန် အန္တရာယ်ကြီးလှပါသည်။

ပုဒ်မ ၂၂ (က) တွင်” နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ် ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။” ဟု ဖော်ပြချက်မှာလည်း နိုင်ငံတော်က ကူညီမည်ဟုသာ ဖော်ပြသဖြင့် လက်တွေ့အကောင်အထည် ဖော်ရန်မှာ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများကိုယ်တိုင် ဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ အခွင့်အရေးများကို ပိတ်ပင်ထား သည့် တပြည်ထောင် ဖွဲ့စည်းပုံ ၂၀၀၈ ဖြင့် မည်သည့်နည်းနှင့်မျှ ပြည်ထောင်စုကို အကောင်အထည် မဖော်နိုင်ကြောင်း ဖော်ပြချက်ဖြစ်နေပါသည်။

ပုဒ်မ ၄၅၀ တွင် ”မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်။”ဟု ဖော်ပြချက်မှာ ပြည်ထောင်စု နိုင်ငံ ထူထောင်မည့် သဘောထား မရှိကြောင်း အရိပ်ပြ အကောင်ထင်စေပါသည်။ အခြား လူမျိုး၊ အခြားဘာသာစကား ၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို ပစ်ပယ်ပြီး  ဖွံ့ဖြိုး တိုးတက် မှုကို အဟန့်အတား အကန့်အသတ် ဖြစ်စေပါသည်။ ပြည်နယ်အသီးသီးရှိ အများသုံး တိုင်းရင်းသား ဘာသာစကား၊ စာပေတို့ကို သက်ဆိုင်ရာ ပြည်နယ်အသီးသီးတွင်  ရုံးသုံးဘာသာ စာပေစကားအဖြစ် ပြဋ္ဌာန်းနိုင်မှသာလျှင် ဖွံ့ဖြိုးတိုးတက်ရန် အခွင့် အလမ်းများ ပိုမိုရရှိလာနိုင်မည် ဖြစ်ပါသည်။ မြန်မာစာ နှင့် တိုင်းရင်းသား ဘာသာစကား နှင့်စာပေတို့ အပြန်အလှန် ပူးတွဲ ပေါင်းစပ်နိုင်မှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ပါမည်။

ပုဒ်မ ၉၁ ရှိ ဇယား(၁) တွင်ဖော်ပြ ထားသော ဥပဒေစာရင်းပါဥပဒေများကို ပြည်ထောင်စုလွှတ်တော်ကသာ ဥပဒေပြုခွင့်ရှိပါသည်။ ဇယား(၁) နံပါတ် ၉ လူမှုရေးကဏ္ဍမှ (က) (ခ)တွင် တက္ကသိုလ်ပညာရေးနှင့် ပတ်သက်၍ ဥပဒေပြုနိုင်ကြောင်း ဖော်ပြထားသည်။ ဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတွင် ပညာရေးနှင့် ပတ်သက်၍ ဥပဒေပြုခွင့်မရှိပါ။

အိမ်နီးချင်း ပါတီစုံ ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံကြီးတွင် ပညာ ရေးနှင့်ပတ်သက်၍ ယခင်က ပြည်ထောင်စု လွှတ်တော်တွင် ဥပဒေပြုအာဏာ ပေးအပ် ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်နယ်လွှတ်တော်များသို့ ပညာရေးဆိုင်ရာ ဥပဒေပြု အာဏာပေးအပ်လိုက်သည့်အခါ အိန္ဒိယပညာရေး တဟုန်ထိုး တိုးတက်သွားခဲ့သည်များ ကို အတူယူဖို့လိုပါသည်။ နိုင်ငံတကာ အတွေ့အကြုံများကို လေ့လာတင်ပြနိုင်ဖို့ လိုပါသည်။

ပုဒ်မ၂၁(က) တွင် “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားသောသည့် တန်းတူမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့် ရှိသည်။”ဟု စာသက်သက် ဖော်ပြချက်တွင် ပင်လျှင် ၎င်းအခွင့်အရေးတို့ကို ရှာမတွေ့နိုင်သည်မှာ လိမ်စဉ်ကြီး ဖြစ်နေပါသည်။ ဤ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အကိုင်းအခက် အဖြစ် ထွက်ပေါ်လာမည့် ပညာရေးဥပဒေ အန္တရာယ်ဘေးက ကင်းဝေးနိုင်ကြစေရန် ကာကွယ်ရပါမည်။

ဦးမျိုး (ဥပဒေ)

၈ – ၈ – ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts