ကဗျာ မောင်စွမ်းရည်

အဖိုးနဲ့ မြေး ဆွေးနွေးခန်း

မောင်စွမ်းရည်
ဇန်န၀ါရီ ၄၊ ၂၀၁၂

 

လွှတ်တော်သတင်းစာ၊ ဖတ်နေရာကို
ရောက်လာမြေးငယ် မေးရှာတယ်။

“အိမ်ကျယ်ကြီးမှာ
ဗိုလ်ကြီးတွေရော လူတွေရော
မိန်းမတွေရော ယောက်ျားရော
ရောရိ ရောရိ ရှုပ်နေတာပဲ
ဘာလုပ်တာလဲ အဖိုးရဲ့။”

“လွှတ်တော်ဆိုတာ အဲ့ဒီဟာပေါ့
ဟိုဟာ သမ္မတ၊ ဟိုဟာ ၀န်ကြီး
အမတ်ကြီးတွေ၊ စည်းဝေးနေတာ
ဒီနေရာပေါ့”

“စည်းဝေးဆိုတာ ဘာလုပ်တာလဲ
လွှတ်တော်ဆိုတာ ဘယ်လိုဟာလဲ
ပြောပါအုံးဗျာ အဖိုးရာ။”

“ငါ့မြေးကလဲ ဟိုမေး ဒီမေး
တယ်မေးတာကိုး။
စည်းဝေးဆိုတာ ဟိုဟာ ဒီဟာ
ပြောတာဆိုတာ တိုင်ပင်တာပေါ့။
လွှတ်တော်ဆိုတာ လွှတ်ပါ တော်ပါ
အော်တာဟစ်တာ လွှတ်တော်ပါကွဲ့ .. ငါ့မြေးရဲ့။”

“ဗိုလ်ကြီးဆိုတာ ဘယ်လိုဟာလဲ
ဘာလို့ ဗိုလ်ကြီးခေါ်တာလဲ
ဗိုလ်ကြီးဆိုတာ ဗိုလ်တွေကြီးလို့
ဗိုလ်ကြီးခေါ်သကွဲ့။”

“စစ်ဗိုလ် စစ်သား စစ်တိုက်မသွားဘဲ
လွှတ်တော်ထဲမှာ ဘာလုပ်လာသလဲ။
စစ်တပ်ထဲမှာ ပိုနေတာကြောင့်
“စစ်ပို” ဖြစ်ရင် စစ်မြေပြင်မှာ
နေရာမအား လွှတ်တော်သွားပြီး
အနားယူသကွဲ့။”

“သေနတ်မပါ၊ ဓားမပါဘဲ
လွှတ်တော်ထဲမှာ ဗိုလ်တွေလာပြီး
ဘာလုပ်တာလဲ။”

“လွှတ်တော်ထဲမှာ ဗိုလ်တွေလာပြီး
ဘာမှမလုပ် ငုတ်တုတ် အိပ်ငိုက်
နားလိုက် စားလိုက်၊ သမ်းဝေလိုက်ပေါ့။”

“သားသားကြီးရင် ဘာလုပ်မယ်”

“ဗိုလ်ကြီးလုပ်မယ် ဖိုးဖိုးရယ်။
လွှတ်တော်တက်မယ် မုန့်စားမယ်
နားလိုက် စားလိုက် အိပ်ငိုက်မယ်
နားမယ် စားမယ်
စားမယ် ၀ါးမယ်”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts