ပါရီမောင် လောကဓာတ်ခန်း

ပြင်သစ် ဘာသာ လေ့လာစရာ (နိဒါန်း အစ)

ပြင်သစ် ဘာသာ လေ့လာစရာ  (နိဒါန်း အစ)

ပါရီမောင်၊ ဇန်န၀ါရီ ၄၊ ၂၀၁၃

ငယ်စဉ် ကတည်းကအင်္ဂလိပ်စာနှင့်ရင်းနှီးလာခဲ့ သော မြန်မာ လူမျိုးများ အတွက် ပြင်သစ်ဘာသာသည် ခက်ခဲသောဘာသာစကားတခုအဖြစ် သာမက သဒ္ဒါနည်းစနစ် အရ ၄င်း၊အသံထွက် အရ၄င်း  ကမ္ဘာပေါ်တွင် ခက်ခဲသော ဘာသာစကားအဖြစ် လူသိများပါသည်။ပြင်သစ် ဘာသာစကား နှင့် အင်္ဂလိပ် ဘာသာ စကား တို့၏ ကွဲပြားခြားနားမှု ကို မှတ်သား၍ လည်း  အင်္ဂလိပ်ဘာသာကို ကျွမ်းကျင် တတ်မြောက်ပြီးသူ များ အနေနှင့် လေ့လာ နိုင်ပါသည်။

အင်္ဂလိပ်စာ အခြေခံ မရှိသူများအနေနှင့် စိတ်ပျက် စရာမလိုပဲ  ဘာသာစကားတခုကို  အသစ် စတင် သင်ယူသကဲ့သို့ ကြိုးစားပါလျှင်  အင်္ဂလိပ်စာ အခြေခံ ရှိ ပြီးသူများထက် သာလွန် တတ်မြောက်နိုင်ပါသည်။

ဥပမာအားဖြင့်ပြောရလျှင်  စောင်းတီး သင်ရန် သွားရောက် အပ် နှံ သည့်အခါ လုံးဝ မသင်ဘူး သေး သောသူကို သင်ရလွယ် သဖြင့် ဈေးလျှော့ယူပြီး မတတ် တတတ် သင်ဘူးထားထားသူ များကို  ဈေးပို ယူသော သာဓက ကိုပေးချင်ပါသည်။

အထူးသဖြင့် မြန်မာလူမျိုး ကျောင်းသား လူငယ်များ  ဘာသာစကား တတ်မြောက်ရန် ရည်ရွယ်ပြီး ရေးသား ခြင်း ဖြစ်၍  မြန်မာလို  အရှင်းလင်းဆုံး ပုံစံ ဖြင့် ရေးသားပါ မည်။ အချို့ နေရာများတွင် မလွဲ မရှောင်သာ မြန်မာ စကားလုံး ဖြင့်ဖေါ်ပြရန် အဆင်မပြေလျှင်  အင်္ဂလိပ် အခေါ် အဝေါ်သာ ဖြင့် ရေးသားပါမည်။

တဆင့်ခြင်း ကြိုးစား၍ လေ့လာ သင်ယူလျှင် အခြေခံ အဆင့် ထက် သာလွန်၍ ပြော ၊ ဆို ၊ ရေး ၊ဖတ်  နိုင် မည်ဟု ဆို ချင်ပါသည်။

နည်းစနစ်

ခေတ်ပေါ် နည်းစနစ် များတွင်  ပြင်သစ်စာ လုံး ဝ မသင်ဘူးသေးသော သူတယောက် ပြင်သစ်စာ သင်တန်း တခုသို့ သွားတက်လိုက် သည်နှင့် အရင်ဆုံး စသင်သော သင်ခန်းစာများတွင် စကားပြော လေ့ကျင့် ခန်းများ၊ သုံးနှုံးထားသည့် အချိန်ပြ  ကြိယာပုဒ် ( Tense ) များကို  တွေ့ရပါမည် ။

 အသက် ၈နှစ်ခန့် ရှိသော မူလတန်း အဆင့် ပြင်သစ်ကျောင်းသား ကလေးတယောက် ၏ စာအုပ်ကို ကြည့်လိုက်လျှင်  အတိတ်ကာလကို ပြသော ကြိယာပုဒ်များဖြစ်သော Past Tense , Past Parfect Tense များကို တွေ့ရပါမည်။

 မြန်မာနိုင်ငံတွင်လည်း ရန်ကုန်မြို့တွင်ရှိသော Alliance Francaise ( ပြင်သစ်စာသင်ကျောင်း ) တွင် ထိုကဲ့သို့  နေ့စဉ်ပြောဆိုနေသော  အပြန်အလှန် စကားပြော များကို သင်ကြားသဖြင့်  ပြင်သစ်စာ မသင်ကြားဘူးသူများ အတွက် မလွယ်လှပါ ။

ထိုကျောင်းတွင်လည်း ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် သင်ကြားသော နည်းစနစ် နှင့် ယခုသင်ကြားသော နည်းစနစ် ပင်လျှင် လုံးဝကွဲပြားပြီး သင်ထောက်ကူ ပစ္စည်းများဖြစ်ကြသော ဗီဒီယို၊ အသံသွင်းတိတ်ခွေများ ဖြင့် သင်ကြားသည့် အပြင်  စကားပြော အဖွဲ့၊ အဆိုဝါသနာပါသူများ အဖွဲ့၊ အစရှိသဖြင့် ဘာသာစကားအပြင် ပြင်သစ် ဘာသာစကား၊ ယဉ်ကျေးမှု နှင့် ပါတ်သက် သမျှလေ့လာနိုင်ရန် စာကြည့်တိုက် ပါသုံးစွဲနိုင်သဖြင့် အထူးပြော စရာမလိုတော့ပါ ။

ထိုကဲ့သို့ ကျောင်းများတွင် မတက်ရောက်နိုင်သူများ ၊ အခြားနိုင်ငံ များတွင် နေထိုင်ပြီး အင်တာနက် မှ ရသမျှ အချိန်ပေးပြီး လေ့လာချင် သူများ အတွက် အထူးရည်ရွယ်ပြီး အခြေခံ ကို ပိုင်နိုင်စေရန် ရည်ရွယ် ရေးသားပါသည်။

ပြင်သစ်စာ၏ ခက်ခဲမှု များ

ဘာကြောင့် ပြင်သစ်စာ ခက်ရသလဲ ဆိုတာ အကြမ်းအားဖြင့် သိနိုင်ရန် ရှင်းလိုပါတယ်။

ဒီအချက်တွေကို သတိထားရင် ထင်သလောက် မခက်တော့ပါ ။

အင်္ဂလိပ် စာနှင့် မတူပဲ ပိုမို ခက်ခဲ ရသော အကြောင်းများတွင်

၁ ။ အသံထွက်

၂ ။ သဒ္ဒါ

၃ ။ နာမ် ပစ္စည်းတိုင်း နှင့် နာမဝိသေသန များကို  အထီး ၊ အမ ခွဲခြား ခြင်းတို့ကြောင့်   ဖြစ်ပါတယ်။

အသံထွက်  Pronounciation

အင်္ဂလိပ်စာနှင့် တထပ်တည်း ရှိနေသော  A, B, C, D  အက္ခရာ ၂၆ လုံး ကို

အေ ၊ ဘီ ၊ စီ ၊ ဒီ  ဟု မရွတ်ဆိုပဲ

အာ ၊ ဘေ ၊ ဆေ ၊ ဒေ  ဟု ရွတ်ဆိုရာ မှ စတင်၍  မြန်မာများ ဒုက္ခနှင့် တွေ့ကြပြီဟု ဆိုချင်ပါသည်။

ထို့ကြောင့်  သင်ခန်းစာ တခုတိုင်းတွင်  ရှင်း လင်းချက် များ မှလွဲ၍ အသံထွက်များကို ပေးထားသော လင့်များ နှင့် တွဲဖက်၍ ကြေညက်အောင် လေ့ကျင့်စေလိုပါသည်။ လေ့လာသူများအနေနှင့်လည်း မိခင်စကားပြော ( Native Speaker ) အသံကိုသာ ရှာ၍

လေ့ကျင့် သင့်ပါသည်။ ဘာသာစကားတခု၏ အသံထွက်ကို အတိအကျ ရေးမပြနိုင်ခြင်းများလည်း ရှိလာ နိုင်ပါ၍ စာလုံး တခုကို ကျနော် ရေးပြ သည့် အသံထက်  ပေးထားသော လင့်မှ အသံကိုသာ အမှန်ဟု ယူဆ၍လေ့လာပါရန် ။

အချို့ စာလုံးပေါင်းများ သည်  အင်္ဂလိပ် လိုပေါင်းထားသော်လည်း  ပြင်သစ် အသံထွက်နည်းအရ ကွဲပြားသည်းကို  အလွယ် မှတ်ယူနိုင်ပါသည်။

ဥပမာ

Nation , Partition , Expression , Gestion , Mission ကဲ့သို့   tion , sion နှင့် အဆုံး သတ်သော စာလုံး များ ကို   အင်္ဂလိပ်လို  “ ရှင် “  ဟု  အသံမထွက်ပဲ   “  ဆီးရွန်း “ ဟု ပုံသေမှတ် ယူထားနိုင်သည်များလည်း ရှိနေသောကြောင့် အနည်းငယ် သက်သာရပါသည်။

နောက်ပိုင်းတွင်သရများ (Vowel) နှင့်တွဲ၍အသံထွက်ပုံတင်ပြပါမည်။

သဒ္ဒါ  Grammer

အခက်ခဲဆုံး နှင့် ဒုက္ခအပေးဆုံးဟုပင်ဆိုချင်ပါသည်။ သာမန် နေ့စဉ်သုံး စကားတွင် မဖြစ်မနေပါဝင်မည်ဖြစ်သော   Article ( အရာဝထ္တု  ),  Tense ( အချိန်ပြပုဒ် ), Verb Form ( ကြိယာ ပုံစံ ) , Agreement ( ပြင်သစ်လို Accord၊ လူပုဂ္ဂိုလ် နှင့် သက်ဆိုင်သော အထီး၊အမ ကိန်းများ၊ အနဲကိန်း၊ အများ ကိန်းများ ကို ချိန်ညှိပေးခြင်း ) ကဲ့သို့သော အပိုင်းများ ပါဝင်ပါသည်။

နာမ် ပစ္စည်း  Nouns

သူသည်လည်း ဒုက္ခ အပေးဆုံးထဲက တခုပါ 

ဥပမာပြောရ လျင်  စားပွဲ၊ ကုလားထိုင် ၊ အသံ ၊ အရောင် ၊ ကား၊ အိမ် ၊စာအုပ်  အစရှိသဖြင့် နာမ်ဝထ္တု အားလုံးကို  အထီး၊ အမ  ပုံသေ ခွဲခြား သတ်မှတ် ပေးထား ခြင်း ရှိပြီးဖြစ်သောကြောင့် သူနှင့် သက်ဆိုင် သမျှကိုလည်းချိန်ညှိ ခြင်း   (Agreement) လုပ်ပေးရပါတယ်။

နာမ် ( Noun ) တခုသည် အနဲကိန်း ( Singular ) မှ အများကိန်း ( Plural ) သို့ ပြောင်းရာတွင် အချို့စာလုံးများသည် စာလုံးပေါင်း လုံးဝ ကွဲပြားသွားသည်များလည်းရှိပါသည်။ ထို့ အတူ နာမဝိသေသန ( Adjective ) များသည်လည်း အထီး မှ အမ သို့ ပြောင်းရာတွင် ၄င်း၊ အနည်း ကိန်းမှ အများ ကိန်းသို့ ပြောင်းရာတွင်၎င်း  ဥပဒေသ များ ရှိကြပါသည်။

နောက်ထပ် ဒုက္ခပေး ခြင်း ရှိပါသေးသည်။ အခြားမဟုတ်ပါ ။ ပြင်သစ် အက္ခရာ များတွင် ပါရှိသော

( é ) ( è ) ( à ) ( ê ) ( ö ) ( ë ) ( ù ) ( ç )  စာလုံးများ ဖြစ် ကြသည်။

            ထို့ပြင်  l’ amour ,  l’ Oréal , l’ âge , le monde , la beauté  စသည် တို့လည်းရှိပါ သေးသည်။ Grammar သဘောကို ရှင်းလင်းစွာသိသွား ပြီး လျှင်တော့  “ ဒါ့ကြောင့်ကိုး “   ဟုဖြစ်သွားနိုင်ပါသည်။  

သင်ခန်းစာများအဖြစ်

( ) အတွင်းမှ ပြင်သစ် အခေါ်ဖြစ်သည်

1- Alphabet  (  Alphabet )   အယ်လ ဖါ ဘေ

2- Article (  Article )  အာတိ  ကလ်
3- Vocabulary ( Vocabulaire ) ဗို ကာ ဗျူ လဲ

4-  Noun ( Nom )  နောမ်
5- Personal Pronoun (Pronom Personnel)

6-  Verb ( Verbe ) ဗက် ဗ်  and verb form or Conjugation ( Conjugaison ) ကွန်ဂျူဂေးဇွန်း

7– Adjective ( Adjectif ) အာဂျေ တိဖ်

8– Preposition ( Préposition ) ပရေပို ဇီး ဆီးရွန်း

9– Affirmative Sentense ( Affirmatif ) အဖိရ် မားတိဖ်

10– Negative Sentense ( Négatif ) နေး ဂါး တိဖ်

11– Tense  ( Temps ) တော့ မ်

12– Adverb  ( Adverbe ) အာ့ ဒ ဗက် ဗ

13– Expression  ( Expression ) အိတ် ပ ရက် ဆီးရွန်း

14– Passive ( Passif ) ပါ့ ဆိ ဗ်

15– Possesive ( Possesif )  ပိုဆက် ဆိ ဗ်

တို့ကို အလျင်းသင့်သလို ဖေါ်ပြပေးသွားပါမည်။

ယခု သင်ခန်းစာများတွင် အခြေခံ အဆင့်အနေနှင့် နားလည်ပြီး နေ့စဉ် ပြောဆိုနေကြ စကားများကို  ပြင်သစ်လို ပြောဆို နိုင်ကြ ပြီဆိုလျှင် ထပ်မံ၍ စာလုံးတိုင်းကို အသေးစိတ် သရုပ်ခွဲ၍ လေ့လာ နိုင်ရန် မခက် ခဲတော့ပါ။

ကျနော်လေ့လာသင် ယူထားသမျှကို ထပ်ဆင့် ဝေငှခြင်းသာ ဖြစ် ၍ ကောင်းတယ်၊ ပြည့်စုံတယ် လို့ မဆိုလိုပါ ။ စာအုပ်များ ၊အခွေများ ၊ လင့်များ နှင့် တိုက်ဆိုင် စစ်ဆေးလေ့လာ၍ ပိုမို နားလည် တတ်သိသူများမှ ဖြည့်စွက် အကြံပေး ရေးသားလာပါလျှင်လည်း ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

သင်ခန်းစာ ၁

အက္ခရာများ  Alphabet  (Alphabet) ပြင်သစ်ဘာသာဖြင့် ခေါ်ဆိုခြင်းကို ( – ) ဖြင့်ရေးပြထားပါသည်

ပြင်သစ်ဘာသာစကားသည် ကံအားလျော်စွာ အင်္ဂလိပ် အက္ခရာများကို အသုံးပြုထားခြင်းသည် ကံကောင်းသော်လည်း အသံထွက်များ ကွဲပြားသည်ကို သတိပြု လေ့လာ ရန်လိုအပ်ပါသည်။

                                                  A – အာ                                                  B – ဘေ                   

       C –                             C – ဆေ                                                 D – ဒေ

       E –                                      E – အဲ့ ( အတိအကျ မရနိုင်ပါ၊ လည်ချောင်းသံ ဖြင့် အသံထွက်ရုံ သာဖြစ်သည်။အ နှင့် အဲ့      ကြားသံ)

       F –                                      F -english အတိုင်း                                    G – ဂျေ (  ဂျ နှင့် ရှ  အသံ ကြား)

       H –                                      H – အတ် ရှ်                                              I – အီ

       J –                                       J – ဂျီ                                                      K – ကာ

       L –                                       L – english အတိုင်း                                    M- english အတိုင်း

       N –                                      N – english အတိုင်း                                   O – english အတိုင်း

       P –                                      P – ပေ                                                    Q – english အတိုင်း

       R –                                      R – အဲခ် (လည်ချောင်းသံ၊ဗမာများအတွက် အခက်ဆုံး)   S – english အတိုင်း

       T –                                      T – တေ                                                   U -အယူ (နှတ်ခမ်းစုထားပြီးထွက်ပါ)

       V –                                      V – ဗေ                                                    W -ဒူဗလဗေ

       X –                                      X – အီက်စ်                                               Y – အီဂရက်ခ          

Z -ဇက်ဓ   

A          B          C          D          E          F          G          H          I           J          K          L

M          N          O         P          Q         R          S          T          U          V          W         X         

Y          Z

အသံထွက်များသည် မိခင်ဘာသာစကား မဟုတ်လျှင် အတိအကျ ရေးပြ၍ မရနိုင်သည့်

အတိုင်း အနီးစပ်ဆုံးသာ ကြိုးစား ရေးပါသည်။  ပေးထာသော လင့်ခ် ၊ video

Clip များနှင့် တွဲဖက် လေ့ကျင့် ပါ။

http://www.youtube.com/watch?v=fCmDx5C5apA&feature=channel

(စာတည်း၏ ဖြည့်စာ – မိုးမခမီဒီယာ၏ ပါရီဝိုင်းတော်သားအသစ်တဦးဖြစ်တဲ့ ပါရီမောင်ရဲ့ အခန်းဆက် ပြင်သစ်စကားပြောဆောင်းပါးများကို ဆက်လက် တင်ဆက်သွားပါမယ်။ မိုးမပရိသတ်ကြီးကလည်း အသစ်ကလေးကို ကြိုဆိုလိုက်ကြပါဦး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts