အခန်းဆက်များ အုန်းနိုင်

ရေးခဲ့မိသောမှတ်တမ်းများ (၈)

အုန်းနိုင်
ဇန်န၀ါရီ ၂၊ ၂၀၁၃
● တပ်ပေါင်းစု

ဒီအချိန်မှာပဲ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ  ဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ  တခြားနိုင်ငံရေးပါတီများက (Front)  လို့ခေါ်တဲ့   တပ် ပေါင်းစု  ဖွဲ့ စည်းရေးကိုတင်ပြလာကြတယ်။ အဖွဲ့ချုပ်အတွင်းမှာ  အောင်စုတင်လို့ခေါ်တဲ့  အစုသုံးစု  စုပေါင်းပြီးဖွဲ့ ခဲ့ရာက   ပထမဆုံး ဦးတင် ဦးအဖွဲ့က မျိုးချစ်ရဲဘော် ဟောင်းများအဖွဲ့ဆိုပြီး  ကော်မရှင်မှာ အဖွဲ့တခုအနေနဲ့   မှတ်ပုံတင်ခဲ့ပါတယ်။ တကယ်တော့  မလုပ်သင့်တာကို  စလုပ်ခဲ့တာပါဘဲ။ ဒီလိုစလုပ်တော့  ဒေါ်စုရဲ့ အုပ်စုဖြစ်တဲ့  တတ်သိပညာရှင်များဆိုတဲ့  အများစုက  မကျေနပ်ကြပါ။

မျိုးချစ်ရဲဘော်ဟောင်းများက အဖွဲ့ချုပ်ထဲက  ခွဲမထွက်ပါဘူး။ အရန်အဖွဲ့ အနေနဲ့သာ ဖွဲ့ တာဆိုပေမယ့် သူတို့လုပ်ရပ်က  သံသယရှိစရာဖြစ်လာပါတယ်။ တကယ်တော့ တတ်သိပညာရှင်များအုပ်စုဆိုတာက အရေးအခင်းထဲမှာကိုပေါ်လာပြီး စုစည်းခဲ့တဲ့အဖွဲ့။ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွဲမိတော့ လူကစုံသွားပါတယ်။ ပါတီတွေဖွဲ့၊နယ်စည်းရုံးရေးတွေလုပ်ကြတော့ တဖြည်းဖြည်း နယ်တွေမှာပျံ့နေတဲ့ ၁၉၅၀ ခုနှစ်နဲ့ ၁၉၆၀ ခုနှစ်ကြား စစ်တပ်အာဏာမသိမ်းမီ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ အခြားကောလိပ်ပေါင်းစုံက  ကျောင်းသားညီညွတ်ရေးတပ်ဦးဟောင်းများ၊ ဗကသဟောင်းများ။

တော်လှန်ရေးအစိုးရ (စစ်အစိုးရ) လက်ထက်ပေါ်ပေါက်ခဲ့တဲ့ အလုပ်သမားအရေးအခင်း၊ ဦးသန့် အ ရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်း၊ ကျွန်းစွယ်အရေးအခင်း စတဲ့အရေးအခင်းပေါင်းစုံမှာ လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားဟောင်းများ၊ အလုပ်သမားဟောင်းများဟာ မြို့နယ်အဖွဲ့တွေ တိုင်းနဲ့ ပြည်နယ်အဖွဲ့ တွေမှာအများစုဖြစ်လာတယ်။ သူတို့ကလည်း  အစုသဘောကျစ် ကျစ်လစ်လစ်  စုစည်းမိလာကြတယ်။ ဒါကို အထက်ဗမာပြည်လှည့်ခဲ့တဲ့ ဦးအောင်ကြီးကတွေ့တော့ ကွန်မြူနစ်ဟောင်းတွေ ..ကွန်မြူနစ်လို လားသူဟောင်းတွေ  လက်ဦးမှုယူနေပြီဆိုပြီး ဖောက်ခွဲလိုက်တာပါဘဲ။ ဖောက်ခွဲရုံတင်မဟုတ်ဘူး။ သူက အဖွဲ့ချုပ်ကကိုခွဲထွက်ပြီး သီး ခြားခွဲထောင်တယ်။

အများစုဖြစ်တဲ့ တတ်သိပညာရှင်များကလည်း  အဖွဲ့တစ်ခုထောင်ပြီး  အဖွဲ့ ချုပ်အောက်မှာပဲ မှတ်ပုံတင်ဖို့ကြိုးစားခဲ့ပေ မယ့် ကွဲတယ်..ပြဲတယ်ဆိုတဲ့ အနေအထားထပ်ဖြစ်မှာစိုးလို့ ဒေါ်စုက သီးသန့်မှတ်ပုံတင်တာမလုပ်ဖို့ မေတ္တာရပ်ခံတယ်။ အခြေခံအားဖြင့် တော့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းမှာ စုစည်းညီညွတ်မှု အားနဲနေတယ်။ ဒါပေမယ့် မျိုးချစ်ရဲဘော်ဟောင်းကြီးတွေက သူတို့မှာ အနည်းစုဖြစ်လို့ ခွဲထွက်ရင် ဦးအောင်ကြီးလောက်တောင် ထောက်ခံမှုမရလောက်မှန်း သိတယ်။ ဒီတော့ ဒေါ်စုကိုအဓိကထားပြီး ချဉ်းကပ် ထားတယ်။

ဒီအခြေအနေကို  တစ်ခြားနိုင်ငံရေးပါတီတွေကမြင်တယ်။ အဖွဲ့ ချုပ်ထဲက  တတ်သိပညာရှင်အုပ်စုနဲ့ နီးစပ်တဲ့အဖွဲ့တွေကလည်း ရှိတယ်။ ဒီတော့  တပ်ပေါင်းစု  အသံထွက်လာတယ်။ ဒါပေမယ့် တပ်ပေါင်းစုအလံကိုလွှင့်လာတဲ့သူတွေကြားမှာ အခြေခံအားဖြင့် သုံးမျိုးကွဲနေတယ်။

ပထမတစ်မျိုးက တပ်ပေါင်းစုဖွဲ့ ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထဲက မျိုးချစ်ရဲဘော်ဟောင်းကြီးတွေကို ခြေချုပ်ထားပြီး  ဒီမိုက ရေစီအရေးကို  ပိုပြီးအားကြီးကြီးနဲ့တိုက်လိုတဲ့အမျိုးအစား..။

ဒုတိယတစ်မျိုးက လူများစုကြီးက ထောက်ခံမှုပေးလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်အ၀ါကို မျိုးချစ်ရဲဘော်ဟောင်းကြီးများနဲ့ တတ် သိပညာရှင်များအုပ်စုရဲ့လက်ထဲက ဆွဲယူချင်တဲ့အမျိုးအစား။

တတိယတစ်မျိုးကတော့ အစဉ်အဆက်ကတည်းက တပ်ပေါင်းစုနဲ့ လုပ်စားလာခဲ့တဲ့ပုံစံပါ။ တစ်ဖွဲ့ တည်းကနေ  အဖွဲ့ တွေများများ မှတ်ပုံ တင်မယ်။ တပ်ပေါင်းစုဖွဲ့ ရင်  အဖွဲ့ များတဲ့အတွက် အင်အားများများနဲ့ ဝင်လာပြီး အုပ်စီးဖို့ ကြိုးစားတတ်တဲ့ အမျိုးအစားတွေပဲ ဖြစ်တယ်။

အဲဒီလိုတွေ ဖြစ်နေတော့  အဖွဲ့ ချုပ်ဗဟိုမှာ တပ်ပေါင်းစုကိုခဏထားပြီး  မဟာမိတ်အဖွဲ့များအနေအထားနဲ့ပဲ  တခြားနိုင်ငံရေးအဖွဲ့အစည်း များကို  ဆက်ဆံကြမယ်ဆိုတဲ့ လိုင်းကျလာပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts