သန်းဝင်းလှိုင်

ရွှေနန်းထက်မှ ဧကရီသုံးပါး (၂)

သန်းဝင်းလှိုင်
ဒီဇင်ဘာ ၂၈၊ ၂၀၁၂
 ● ဒိန်းမတ်ဒုတိယမြောက် မာဂရက်ဘုရင်မကြီး

ဥရောပတိုက်မြောက်ပိုင်းရှိ ဒိန်းမတ်နိုင်ငံသည် ဥရောပရှိ အခြားသော ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံများထက် နန်းသက်အရှည် အကြာဆုံးသော ဘုရင့်နိုင်ငံတစ်ခုဖြစ်သည်။ ယနေ့ဒိန်းမတ်နိုင်ငံ၏ ထီးနန်းကို စိုးစံနေသူမှာ ဒုတိယမြောက် မာဂရက်ဘုရင်မကြီး (Queen Margrethe II of Denmark) ဖြစ်သည်။

၁၄ ရာစု နှင့် ၁၅ ရညစုအတွင်း စကင်ဒီနေးဗီးယားနိုင်ငံများဖြစ်ကြသော နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်နိုင်ငံတို့သည် ၁၃၇၅ ခုနှစ် မှ ၁၄၁၂ ခုနှစ်အထိ ပေါင်းစည်းထားသော ‘ကာလ်မာပြည်ထောင်စု’ (Kalmar Union) ၏ ပထမဆုံးသော ဧကရီဘုရင်မမှာ ပထမမြောက် မာဂရက်ဘုရင်မဖြစ်သည်။ ထို့နောက် နှစ်ပေါင်း ၅၆၀ ကျော်အတွင်း ဒိန်းမတ်နိုင်ငံအဖြစ် သီးခြားပေါ်ထွန်းလာပြီးနောက် ဒိန်းမတ်နိုင်ငံ၏ ပထမဆုံးဘုရင်မကြီးမှာ ၁၉၇၂ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် နန်းစံခဲ့သည့် ဒုတိယမြောက် မာဂရက်ဘုရင်မဖြစ်သည်။ ဘုရင်မကြီး နန်းတက်စဉ်က အသက် ၃၁ နှစ်သာ ရှိသေးသည်။

ဒုတိယမြောက် မာဂရက်ဘုရင်မသည် န၀မမြောက် ဖရက်ဒရစ်ဘုရင် (King Frederik IX) နှင့် ဆွီဒင်မင်းသမီးဖြစ်သော မိဖုရားကြီး အင်းဂရစ် (Queen Ingrid of Sweden) တို့မှ ၁၉၄၀ ပြည့်နှစ် ဧပြီလ ၁၆ ရက်နေ့တွင် ကိုပင်ဟေဂင်မြို့ရှိ Amalienborg နန်းတော်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးဦးအနက် အကြီးဆုံးသမီးတော်ဖြစ်သည်။ ညီမတော်များမှာ ဘီနီဒိုက် မင်းသမီးနှင့် အဲန်းမာရီမင်းသမီးတို့ ဖြစ်သည်။ ဒုတိယမြောက် မာဂရက်ဘုရင်မကြီး၏ နာမည်အပြည့်အစုံမှာ Margrethe Alexandrine Porhidur Ingrid ဖြစ်သည်။ ဘုရင်မကြီး၏ ခမည်းတော်မှာ ဒဿမမြောက် ခရစ္စတီးယန်းဘုရင်နှင့် မိဖုရား ဒိန်းမတ်မင်းသမီး အလက်ဇန္ဒြားတို့မှ ဖွားမြင်သည့် အကြီးဆုံးသားတော်ဖြစ်သည်။ မယ်တော်မှာ ဆွီဒင် ဘိုနာဒေါ့ဖ်မင်းဆက်မှ ဆင်းသက်လာသည့် ဆွီဒင်အိမ်ရှေ့မင်းသား ဂုစတပ်ဗ်အဒေါ့ဖ်နှင့် အိမ်ရှေ့မင်းသမီးမာဂရက်တို့၏ တစ်ဦးတည်းသော သမီးတော် ဖြစ်သည်။ မယ်တော်သည် ပန်းချီဝါသနာထုံ၍ နန်းတွင်းပန်းချီကျော်တစ်ဦးလည်းဖြစ်သည်။

၁၉၄၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ကိုပင်ဟေဂင်မြို့ရှိ ဟိုးမန်းဘုရားရှိခုးကျောင်း၌ မာဂရက်မင်းသမီးအား ခရစ်ယာန်သာသနာ့ဘောင်သို့ သွတ်သွင်းသည့် ကင်ပွန်းတပ်မင်္ဂလာအခန်းအနားကျင်းပပြီး ခေါင်းကိုင်မိဘများအဖြစ် ဒိန်းမတ် ဒဿမမြောက် ခရစ်တီးယန်းဘုရင်၊ ဒိန်းမတ် ကနတ်မင်းသား (Prince Knud of Denmark) ဒိန်းမတ် အက်ဆဲ မင်းသား (Prince Axel of Denmark) ဆွီဒင်ဘုရင် ပဉ္စမမြောက် ဂုစတပ်ဖ်၊ ဆွီဒင်အိမ်ရှေ့စံမင်းသား ဂုစတပ်ဖ်အဒေါ့ဖ်၊ ဆွီဒင် ဂုစတပ်ဖ်အဒေါ့ဖ် မင်းသား နှင့် Connaught နှင့် Strathearn မြို့စား အာသာမင်းသားတို့က ဆောင်ရွက်ပေးခဲ့ကြသည်။

မာဂရက်ဘုရင်မသည် ငယ်စဉ်က ဒိန်းမတ်နိုင်ငံ၌ ပညာသင်ကြားခဲ့ပြီး အင်္ဂလန်ပြည် ဟမ်ရှိုင်းယားမြို့ North Foreland Lodge ကျောင်းတွင် ကျောင်းအိပ်ကျောင်းစားအဖြစ် ပညာသင်ကြားခဲ့၍ ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် ၁၉၆၀ မှ ၁၉၆၁ ခုနှစ်အထိ ဘွဲ့လွန်ပညာအဖြစ် ကင်းဘရစ်ရိုင်တန်ကောလိပ်၌ သမိုင်းမတင်မီကာလ ရှေးဟောင်းသုတေသနဘာသာရပ်များကို လေ့လာဆည်းပူးခဲ့သည်။ ထိုမှတဖန် ၁၉၆၁ မှ ၁၉၆၂ အထိ Aarhus တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ဆက်လက် ဆည်းပူးသည်။ ၁၉၆၃ မှ ၁၉၆၅ အထိ ပြင်သစ်နိုင်ငံ ဆော်ဘွန်းတက္ကသိုလ်နှင့် လန်ဒန်စီးပွားရေးတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်တို့ကို ဆည်းပူးခဲ့သည်။ မာဂရက်မင်းသမီးသည် လန်ဒန်ရှေးဟောင်းသုတေသနဗိမာန်၌ သုခမိန်အဖွဲ့ဝင် ပညာရှင်အဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရသည်။ သူသည် ဒိန်းမတ်၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဆွီဒင်၊ ဂျာမန်ဘာသာစကားတို့ကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်သည်။

ထို့နောက် မာဂရက်မင်းသမီးသည် ၁၉၆၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ပြင်သစ်နိုင်ငံဆိုင်ရာ ဒိန်းမတ်သံမှူးဖြစ်သူ မောင့်ပီဇက်မြို့စား ဟင်နရီဒီလာဗော့ဒ်နှင့် ကိုပင်ဟေဂင်မြို့ ဟိုးမန်းဘုရားရှိခိုးကျောင်း၌ လက်ထပ်ထိမ်းမြားခဲ့သည်။ ထိမ်းမြားပြီး နောက် ကြင်ယာတော်မြို့စားအား ဒိန်းမတ်ဟင်နရီမင်းသားဘွဲ့ (His Royal Highness Prince Henrik of Denmark) အပ်နှင်းခဲ့ သည်။ ယင်းမှ ထွန်းကားခဲ့သော သားသမီးများကိုလည်း ဒိန်းမတ်ထီးနန်း၌ ဆက်ခံခွင့်ရှိသော ထီးမွေးနန်းလျာအဖြစ် သတ်မှတ်ပေးခဲ့သည်။

မာဂရက်မင်းသမီးသည် ဟင်းနစ်မင်းသားနှင့် သားနှစ်ဦးထွန်းကားခဲ့ရာ သားဦး ဖရက်ဒရစ်မင်းသားကို ၁၉၆၈ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ဖွားမြင်၍ ဒုတိယသား ဂျိုးခရင်းမင်းသားကို ၁၉၆၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ သားတော်ကြီးသည် အသက် (၄၄) နှစ် အရွယ်ရှိပြီး၊ ဒိန်းမတ်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဖြစ်သည်။ မယ်တော်မာဂရက်မင်းသမီးက သားတော် အသက် ၁၈ အရွယ်ကပင် နိုင်ငံတော် ကောင်စီအဖွဲ့ဝင် အဖြစ် ခန့်အပ်ခဲ့သည်။

ဒိန်းမတ်အိမ်ရှေ့စံနန်းလျာမင်းသား ဖရက်ဒရစ်သည် သြစတြေးလျနိုင်ငံသူ ဥပဒေပညာရှင် ရိုးရိုးသာမာန်အရပ်သူ ကလေး မာရီအယ်လီဇဘက်ဒေါ်နယ်ဆင် (Mary Elizabeth Donaldson) (၃၂ နှစ်) နှင့် ၂၀၀၄ ခုနှစ် မေလ ၁၄ ရက် လက်ထပ် ထိမ်းမြား၍ သားတော်နှစ်ပါး သမီးတော် နှစ်ပါး ထွန်းကားခဲ့သည်။

မာဂရက်မင်းသမီးသည် ဒုတိယသားတော် ဂျိုးခရင်းမင်းသားသည် ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် အလက်ဇန္ဒြားခရစ္စတီးနာမန်လေ (၃၁ နှစ်) နှင့် လက်ထပ်ထိမ်းမြားခဲ့သော်လည်း အိမ်ထောင်မပြေလည်မှုကြောင့် ၂၀၀၅ ခုနှစ် ဧပြီလ၈ ရက်နေ့ ကွာခြားခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မာရီအဂ္ဂါသာအိုဒီလီကာဗာလီယာ (Marie Agathe Odile Cavallier) (၃၂ နှစ်) နှင့် ထိမ်းမြား၍ သားတော် ၃ ပါး၊ သမီးတော် ၁ ပါး ထွန်းကားခဲ့သည်။

မာဂရက်မင်းသမီးတွင် ညီမတော်နှစ်ပါးရှိရာ ညီမတော် ဘီနီဒိုက်မင်းသမီးသည် ဆိုင်းဝစ်ဂျင်စတိန်းဘာလီဘတ်မြို့စား ရစ်ချတ်မင်းသားနှင့် ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လက်ထပ်ခဲ့၍ သားတော် ဂူစတပ်ဖ်ထွန်းကားခဲ့သည်။

ညီမတော်အထွေးဆုံးအဲန်းမာရီမင်းသမီးသည် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဂရိဘုရင် ဒုတိယမြောက် ကွန်စတင်တင်း (King Constantine II of Grece) နှင့် ထိမ်းမြား၍ သမီးတော် အလက်ဇန်းဒရား၊ သားတော် ပေါလ်နှင့် နီကိုလပ်စ်တို့ထွန်းကားခဲ့သည်။ ယခုအခါ ဂရိနိုင်ငံသည် ဘုရင်စနစ် ပယ်ဖျက်လိုက်သောကြောင့် မင်းသမီးနှင့် ကြင်ယာတော်တို့ သည် လန်ဒန်မြို့၌ နေထိုင်လျက်ရှိသည်။

ထို့နောက် မာဂရက်မင်းသမီး၏ခမည်းတော် န၀မမြောက် ဖရက်ဒရစ်ဘုရင်ကြီးသည် ၁၉၇၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် နာဖျားနေသည့်ကြားမှ တိုင်းပြည်သို့ နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်မြွက်ကြားပြီးနောက် ၁၄ ရက်အကြာ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် နတ်ပြည်စံခဲ့ရာ ဇန်န၀ါရီလ ၁၅ ရက်နေ့ကျပ် အိမ်ရှေ့စံမာဂရက်မင်းသမီးသည် ဒုတိယမြောက် မာဂရက်ဘုရင်မဘွဲ့ ခံယူ၍ ဒိန်းမတ်ထီးနန်းကို ဆက်ခံခဲ့ကြောင်း ၀န်ကြီးချုပ်ဂျင်းအော့တိုခရက် (Jens Otto Krag) က ဘုရင့်နန်းတော်မှ ထုတ်ပြန်ကြေညာခဲ့သည်။ ဒုတိယမြောက် မာဂရက်ဘုရင်မ၏ ဆောင်ပုဒ်မှာ `ဒိန်းမတ်နိုင်ငံ အင်အားတောင့်တင်းဖို့ ဘုရားသခင်သည် ပြည်သူများအား ချစ်ခင်စောင့်ရှောက်တော်မူပါ´ (God’s help, the love of the People, Denmark’s Strength) ဟူ၍ ဖြစ်သည်။

နန်းတက်သည့်နေ့မှာ ဒုတိယမြောက်မာဂရက်ဘုရင်မကြီးသည် တိုင်းပြည်သို့ အောက်ပါအတိုင်း ပြောကြားသွားခဲ့သည်-

“နိုင်ငံ့တာဝန်ကို ၂၅ နှစ်တာမျှ ကျေပွန်စွာ ထမ်းရွက်ခဲ့ပြီးနောက် နတ်ပြည်စံသွားသော ကျွန်မ၏ ချစ်လှစွာသော ဖခမည်းတော်၏ တာဝန်အရပ်ရပ်သည် ယခုအခါ ကျွန်မ၏ ပုခုံးပေါ်တွင် အလုံးစုံ ကျရောက်ခဲ့ရပါပြီ။ ဘုရားသခင်ပေး သော ဤတာဝန်ကို ကျွန်မသည် ဖခမည်းတော်ကဲ့သို့ သစ္စာရှိစွာဖြင့် တိုင်းသူပြည်သားများနှင့် နိုင်ငံတော်အပေါ်တွင် အမှုတော်ကို ကျေပွန်စွာထမ်းရွက်ပါမည်ဟု ကတိပြုပါသည်။”

ဒိန်းမတ်နိုင်ငံသည် ဥရောပရှိ အခြားသော ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံများကဲ့သို့ပင် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ ဘုရင် (၀ါ) ဘုရင်မသည် နိုင်ငံတော်အကြီးအကဲဖြစ်သည်။ ဒုတိယမြောက် မာဂရက် ဘုရင်မကြီးသည် နိုင်ငံခြားသံအမတ်များ၏ သံအမတ်ခန့်အပ်လွှာများကို လက်ခံရယူခြင်း၊ ဘွဲ့ထူးဂုဏ်ထူးတံဆိပ် ပေးအပ်ခြင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ပြပွဲ၊ ပြိုင်ပွဲများသို့ တက်ရောက်ဖွင့်လှစ် ပေးခြင်း၊ လမ်း၊ ကျောင်း၊ တံတားဖွင့်လှစ်ပေးခြင်း၊ တခြားနိုင်ငံမှ နိုင်ငံတော်ဧည့်သည်အဖြစ် ကြွရောက်လာသော ဘုရင်၊ ဘုရင်မများ၊ သမ္မတများကို လက်ခံတွေ့ဆုံ၍ ဂုဏ်ပြုညစာစားပွဲတည်ခင်းဧည့်ခံကျွေးမွေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

သို့သော် ဘုရင်မကြီးသည် ပါတီနိုင်ငံရေးအဖွဲ့အစည်းများနှင့် ခပ်ကင်းကင်းနေ၍ မည်သည့်ပါတီအဖွဲ့အစည်း ကိုမျှ ဘက်လိုက်မှု မရှိပေ။ လူထုအမြင် တိမ်းစောင်းမည်စိုး၍ ရွေးကောက်ပွဲ၌ မည်သည့်ပါတီကိုမှ မဲမပေးချေ။

လူထုဆန္ဒအတိုင်း ရွေးကောက်ပွဲ၌ အနိုင်ရရှိသော ပါတီအဖွဲ့အစည်းသည် အစိုးရဖွဲ့ပြီးပါက ဖော့ကက်ကင်း (Folketing) လွှတ်တော်၌ ဘုရင်မကြီးသည် အနိုင်ရပါတီ၏ ခေါင်းဆောင်အား ၀န်ကြီးချုပ်အဖြစ် ခန့်အပ်၍ လွှတ်တော်အဖွင့်စကား မြွက်ကြားသည်။ ရွေးကောက်ပွဲ၌ အစိုးရဖွဲ့ရန် အမတ်ဦးရေ မပြည့်မီပါက အခြားပါတီနှင့် ပူးပေါင်း၍ ညွန့်ပေါင်းဖွဲ့စေသည်။ ညွန့်ပေါင်းအစိုးအရဖွဲ့ရန် အမတ်အရေအတွက် မည်သည့်ပါတီအဖွဲ့အစည်းမှ မပြည့်မီပါက ဘုရင်မကိုယ်တိုင် သဘာပတိအဖြစ် ပါဝင်ဆောင်ရွက်သော ဘုရင်မအထူးအစည်းအဝေး (Dronnigerunde) ကို ချက်ချင်း ခေါ်ယူ၍ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပစေသည်။

ဒုတိယမြောက်မာဂရက်ဘုရင်မကြီးသည် ကြင်ယာတော်မင်းသားကြီးနှင့်အတူ အမာလီယန်ဗော့ဂ်ျ နန်းတော် (Amalienborg Palace) နှင့် ဖရက်ဒန်းစ်ဗော့ဂ်ျနန်းတော် (Fredensborg Palace) ၌ တလှည့်စီ နန်းစံ၍ နွေရာသီတွင် ဂရားစ်တင်းနန်းတော် (Grasten Palace) ၌ နန်းမြန်းသည်။

ဘုရင်မကြီး အားလပ်ချိန်များ၌ ပန်းချီရေးဆွဲ၍ နှစ်စဉ်မိမိပန်းချီရေးဆွဲထားသော ပန်းချီကားများကို ပြပွဲတင်၍ ပြသလေ့ရှိသည်။ ဘုရင်မကြီးရေးဆွဲပေးသော သရုပ်ဖော်ပုံများကို ၁၉၇၇ ခုနှစ်က ထုတ်ဝေခဲ့သော The Lord of the Rings ၀တ္ထုစာအုပ်၌ ထည့်သွင်းပုံနှိပ်ထားသည်။ ကြင်ယာတော်မင်းသားကြီး ရေးဖွဲ့ခဲ့သော ကဗျာပေါင်းချုပ်စာအုပ်၌ လည်း ဘုရင်မကြီးသည် သရုပ်ဖော်ပုံများရေးဆွဲပေးခဲ့သည်။ ထို့အပြင် ဘုရင်မကြီးသည် တော်ဝင် ဒိန်းမတ် ဘဲလေးအဖွဲ့အတွက်လည်း အ၀တ်အစားဒီဇိုင်းများ ရေးဆွဲပေးခဲ့သည်။ ဘုရင်မကြီး၏ ပွဲတက်ဝတ်စုံများကို နာမည်ကျော် ဒီဇိုင်းနာ ပီယာဘော်မိန်းစ်နှင့် ဂျော်ဂျင်ဘင်ဒါတို့က ပင်တိုင်ချုပ်လုပ်ပေးကြသည်။

ဘုရင်မကြီး၏ ထူးခြားချက်မှာ စီးကရက်ကို မီးခိုးမပြတ် သောက်တတ်သောကြောင့် ကိုယ်ပိုင်နားနေခန်း၌သာ သုံးဆောင်ရန် တော်ဝင်တရားရုံးက ညွှန်ကြားခဲ့သည်။

မည်သို့ဆိုစေ… ဒိန်းမတ်ထီးနန်း၌ ၁၉၇၂ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ မှစ၍ ထီးနန်းစံခဲ့သော ဒုတိယမြောက် မာဂရက်ဘုရင်မကြီးသည် လာမည့်နှစ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် နန်းစံသက် ၄၁ နှစ် ရှိပြီဖြစ်သည်။ နန်းစံသက်တမ်း နှစ် ၄၀ အတွင်း ဒိန်းမတ်နိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြင့်မား၍ ၂၀၁၁ ခုနှစ်တွင် နိုင်ငံသားများ၏ တစ်ဦးချင်ဝင်ငွေသည် အမေရိကန်ဒေါ်လာ သုံးသောင်းခန့်ဖြင့် ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံပြီးလျှင် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိနေပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts