ဒီဇင်ဘာ ၂၅၊ ၂၀၁၂
စာရေးသူရဲ့ မိသားစုမှာ ခရစ်ယာန်ဘာသာဝင် ဆွေမျိုးအရင်းတွေ ရှိတဲ့အတွက် ငယ်ငယ်ကတည်းက ခရစ္စမတ် နဲ့ နှစ်သစ်ကူး ဆုတောင်းကဒ် တွေ ပို့ရလေ့ရှိ/လက်ခံရလေ့ ရှိတယ်။ ခရစ်ယာန် ဘာသာဝင် ဆွေမျိုး နဲ့ မိတ်ဆွေတွေ ကို ပို့တဲ့ ကဒ်တွေဆို သိပ် သတိထားစရာ မလိုပေမယ့် ခရစ်ယာန် ဘာသာဝင် မဟုတ်တဲ့ သူတွေကို ပို့တဲ့ ကဒ်တွေမှာတော့ ဘာသာရေးထုံးတမ်း သဘော တိုက်ရိုက် မရောက်တဲ့ “non-religious” အသုံး၊ ဘာသာထုံးတမ်းတခုခုနဲ့ မဆက်နွယ်တဲ့ “secular term” ကို ရွေးချယ်ရတယ်..။ အဲ့ဒါကတော့ “Season’s Greetings” ဆိုတာပဲ ဖြစ်တယ်။ သူ့ အဓိပ္ပာယ် က “Merry Christmas” လိုပဲ “ငြိမ်းချမ်းတဲ့ ခရစ္စမတ်ကာလ၊ အခါကြီး၊ ရက်ကြီး နဲ့ နှစ်သစ်ကူးအချိန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ..” ဆိုတဲ့ သဘောပါပဲ။
ဗမာပြည် ပြင်ပ ရောက်နေသူ တွေဆို ဒီလိုမျိုး “Season’s Greetings” အသုံးမျိုး ကို အွန်လိုင်းမှာ ကိုယ် ဈေးဝယ်ဖူးခဲ့တဲ့ ဈေးဆိုင်တွေက နှစ်ကုန်ခါနီး ဒီလို အချိန်ဆို အီလက်ထရောနစ်ချောစာပို့ နှုတ်ဆက်ကြတဲ့ နေရာမျိုးတွေမှာ ကြုံဖူးကြမှာပါ..။ သူတို့ ဘာကြောင့် အဲဒီ အသုံး သုံးသလဲဆိုတော့ သူတို့ရဲ့ ဖေါက်သည်ဟောင်း စားသုံးသူတွေ ဟာ ဘယ်ဘာသာဝင်ရယ်ဆိုတာ မသိနိုင်တဲ့အပြင် ဘာသာအယူဝါဒ မရှိသူတွေလည်း ပါနိုင်တဲ့အတွက် အုပ်စု တခုခုကို အားပြုနှုတ်ဆက်တဲ့ သဘောမသက်ရောက်လိုတဲ့အတွက် အားလုံးတပြေးညီ “Season’s Greetings” လို့ သုံးနှုန်းရခြင်း ဖြစ်တယ်။
“Season’s Greetings” အသုံးဟာ လုံးလုံး ဆီကူလာ ဖြစ်၊ ဘာသာရေး နဲ့ လုံးဝ မပတ်သက်ဘူး လို့တော့ မဆိုနိုင်ပေမယ့် ခေတ်သစ်ကမ္ဘာသုံး ပြက္ခဒိန် နဲ့ အသားကျနေပြီ ဖြစ်တဲ့ ဘာသာအယူဝါပေါင်းစုံ၊ လူ့အဖွဲ့အစည်းပေါင်းစုံ အတွက်တော့ တပြေးညီ သင့်တော်တဲ့ အသုံး ဖြစ်တယ်လို့ ဆိုနိုင်တယ်။
အဲလို အများသဘောမဆောင်ဘဲ လူတဦးချင်းအနေနဲ့မှာကို ဆီကူလာ ဖြစ်မှု/ မဖြစ်မှု နဲ့ ဆီကူလာ အသုံး သုံး/မသုံးက ပုဂ္ဂလိက ခံယူချက် အပေါ်ပဲ လုံးလုံး မူတည်ပါမယ်။ စာရေးသူရဲ့ သမိုင်းအချက်အလက်၊ ခုနှစ်တွေပါတဲ့ ဆောင်းပါးတွေ ဖတ်ဖူးရင် သတိထားမိကြမယ် ထင်ပါတယ်။ အများအားဖြင့် ခုနှစ်သက္ကရာဇ် အခေါ် ကို “A.D.” ၊ လာတင်လို “Anno Domini” ၊ အင်္ဂလိပ်လို “in the year of (our) Lord” ဆိုတာမျိုးမသုံးဘဲ ပိုယေဘုယျ သဘောဆောင်၊ ဆီကူလာ ဖြစ်တဲ့ အသုံး “C.E. – Common Era” ဆိုတာပဲ သုံးလေ့ရှိတယ်။ အမှန်တော့ ဂဏန်းအရေအတွက် ခုနှစ်တွက်ချက်မှု သဘောအရ “AD 1 = 1 CE” ဖြစ်တဲ့အတွက် အသုံးအနှုန်းကွာပေမယ့် ခုနှစ်အရေအတွက် ကတော့ အတူတူပါပဲ။ ဒါကို “ခင်ဗျားက ဘာလို့ ဇာချဲ့ ပြောင်းသုံးနေသလဲ..” လို့ မေးခဲ့ရင် “ရေးတဲ့ စာမှာ ဘာသာအယူဝါဒ တခုခုရဲ့ ဓလေ့တခုခု လွှမ်းမိုးမှု မရှိစေချင်လို့၊ ဆီကူလာ သီးသန့် သဘော သက်ရောက်စေချင်လို့” ပါ လို့ ဖြေရပါမယ်။
စာရေးသူရဲ့ မြန်မာလိုရေး ဆောင်းပါးတွေဟာ မြန်မာစာဖတ်တတ်သူတွေ ဖတ်ဖြစ်မှာ ဖြစ်တဲ့အတွက် တင်ပြချင်တဲ့ အကြောင်းအရာ နဲ့ သဘောကို စာဖတ်သူနားလည်လွယ်အောင် တခါတရံ မြန်မာစာဖတ်သူအားလုံး (ဘာသာ/လူမျိုးပေါင်းစုံ) နဲ့ ရင်းနှီးကျွမ်းဝင် နေတဲ့၊ ဗမာ့လူ့အဖွဲ့အစည်း တခုလုံး ရဲ့ ဓလေ့ထုံးတမ်းမှာ ထည်ထည်ဝင်ဝင် သက်ရောက်နေတဲ့ ဗုဒ္ဓ ရဲ့ အဆုံးအမ၊ လမ်းညွှန်ချက်တွေကို ယူသုံး လေ့ရှိပါတယ်။ ဒီလို ယူသုံးရာမှာလည်း စာရဲ့ ဆီကူလာဖြစ်မှုကို မထိခိုက်အောင်၊ ဒီဘာသာ ရဲ့ အဆုံးအမ သာ အကောင်းဆုံး လို့ သဘောမရောက်အောင် ကြိုးစားသုံးနှုန်း၊ စကားလုံး နဲ့ တည်ဆောက်ပုံ ရွေးချယ်ရပါတယ်။ ဥပမာ – “ချစ်ခြင်းမေတ္တာ” အကြောင်းကို ပြောချင်ရင် “ဘာသာတရားအားလုံးကတော့ မေတ္တာတရားထားဖို့ သွန်သင်လမ်းညွှန်တယ်..၊ ဗုဒ္ဓ ရဲ့ ဆုံးမလမ်းညွှန်မှုကတော့ ဒီလိုပါ…” အစရှိသလို ရေးသားရပါတယ်။
စာရေးသူ ရဲ့ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ” ဆောင်းပါးကို ဖတ်မိလိုက်သူတွေဆိုရင် ဒီလို ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အုပ်စု တခုခုကို သာစေ/နာစေ တဲ့ အသုံးအနှုန်းတွေ ရှောင်ကြဉ် သုံးစွဲခြင်း “Political Correctness” သဘောကို ရေးခဲ့တာ သတိပြုလိုက်မိမယ် ထင်ပါတယ်။ ဒီသဘောဟာ လူတန်းစား၊ အလုပ်အကိုင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ သဘာဝအားနည်းချက်၊ ကျန်းမာရေးချို့ယွင်းချက်၊ ကျား/မ၊ လိင်တိမ်းညွတ်မှု စတဲ့ မတူညီကွဲပြားခြားနား၊ ဖြစ်လေ့ရှိတဲ့ သဘောသဘာဝ နဲ့ အကြောင်းအရာ တွေကို နင်းနှိမ် ပြောခြင်း (သို့) ချီးမြှောက်ပြောခြင်းမျိုးကို လူအများ သက်ရောက်စေတဲ့ နေရာ၊ ဒေသ တွေမှာ ပြုမိရင် မယဉ်ကျေးတဲ့ သဘောကို အဓိက ဆိုလိုပါတယ်။ ဥပမာ –
လူအတော်များများ ခုအချိန်ထိတောင် နှုတ်ကျိုးနေဆဲဖြစ်တဲ့ အိမ်ဖော်၊ အိမ်အကူ အလုပ်သမား ကို “အစေခံ၊ အခိုင်းအစေ၊ အစေအပါး (servant/maid)” လို့ သုံးစွဲခြင်း မျိုးပါ။ လူလူချင်း ကျွန်ပြုနိုင်တဲ့ ပဒေသရာဇ် စနစ်ရဲ့ အငွေ့အသက် မကုန်သေးတဲ့ လွန်ခဲ့တဲ့ ခေတ်ဟောင်း မှာ “အစေခံ” ဆိုတဲ့ စကားလုံးဟာ ဂုဏ်သရေရှိ၊ ခေတ်ပညာတတ်၊ လူချမ်းသာ ဆိုသူများရဲ့ နှုတ်ဖျားမှာ တင့်တယ်ကောင်း တင့်တယ်နိုင်ပေမယ့် လူအချင်းချင်း ခွဲခြားဆက်ဆံ၊ နှိမ့်ချမှုကို စက်ဆုပ်ရွံ့ရှာ ရှောင်ကြဉ်ပြီး လူတိုင်းမှာ တူညီစွာ မွေးရာပါ တည်ရှိလာတဲ့ လူ့ဂုဏ်သိက္ခာနဲ့ အညီ အားလုံး တန်းတူညီမျှ နေနိုင်အောင် ကြိုးစားရမယ့် ယဉ်ကျေးတဲ့ ခေတ်သစ်ကမ္ဘာ အတွက်တော့ အဲစကားလုံးဟာ မသတီ စရာ ခွဲခြားနှိမ့်ချ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းသာ ဖြစ်သွားပါတယ်။ ဒါကြောင့် “အစေခံ (servant/maid)” ဆိုတဲ့ စကားလုံး အစား “အိမ်တွင်းအကူ အလုပ်သမား / အိမ်တွင်းအလုပ် ကူညီသူ (Domestic worker / helper) ” စတဲ့ အသုံးအနှုန်းတွေ အစားထိုး သုံးစွဲလာကြရပါတယ်။
အလားတူပဲ မဟာဖိုဝါဒ၊ ယောင်္ကျားများသာ စွမ်းဆောင်နိုင်၊ သိနိုင်၊ မြင်နိုင်၊ လုပ်နိုင် တယ်ဆိုတဲ့ ယောင်္ကျားကြီးဝါဒ သဘော “Chairman” ၊ “Policeman” ၊ “Fireman” ၊ “Mailman” ၊ “Doorman” ၊ “Tradesman” စတဲ့ ကျားဗဟိုပြု အသုံးအနှုန်းတွေ အစား “Chairperson” ၊ “Police Officer” ၊ “Firefighter” ၊ “Mailperson” ၊ “Doorperson” ၊ “Tradesperson” စတဲ့ ကျာ-မ တန်းတူ ခွဲခြားဖော်ပြမှုမရှိတဲ့ “Gender-neutral terms” တွေ သုံးလာရပါတယ်။
အသားအရောင် ကွဲပြားသူတွေကို ခွဲခြားဆက်ဆံသလို မပြုမိစေဖို့အတွက်လည်း အာဖရိကနွယ်ဖွား အမေရိကန်၊ အာဖရိကနွယ်ဖွား အင်္ဂလိပ်၊ အိန္ဒိယနွယ်ဖွား ဘယ်နိုင်ငံသား၊ တရုတ်နွယ်ဖွား ဘယ်နိုင်ငံသား စတဲ့ ယဉ်ကျေးဖွယ် စကားတွေကို ပြောင်းလဲ သုံးလာရပါတယ်။ အရင်တုန်းက အသုံးတွေဖြစ်တဲ့ “နီဂရိုး၊ ကပ္ပလီ၊ လူမည်း၊ ကုလား” စတဲ့ အသုံးဟာ ခေတ်သစ် ကမ္ဘာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် မသင့်လျော်တဲ့အတွက် ရှောင်ကြဉ်လာရပါတယ်။
မတူကွဲပြားတဲ့ လိင်တိမ်းညွတ်မှုတွေရှိတဲ့ သူမျိုးတွေကိုလည်း နှိမ်ချ၊ လှောင်ပြောင် စေတဲ့ သဘောမျိုး၊ အသုံးအနှုန်းမျိုး မဖြစ်အောင် ရှောင်ကြဉ်ရပါတယ်။ “အခြောက်၊ ဘောပြား” စတဲ့ ရင့်သီးတဲ့ စကားလုံးတွေကို မသုံးစွဲဘဲ “လိင်တူချင်း ကာမတိမ်းညွတ်သူများ (ဝါ) လိင်တူချစ်သူများ” စသလို ယဉ်ကျေးဖွယ် သုံးနှုန်းခေါ်ဝေါ်ပြီး သူတပါး ရဲ့ လွတ်လပ်ခွင့် နဲ့ သဘာဝ အခွင့်အရေး ကို လေးစား၊ အသိအမှတ်ပြုကြောင်းပြရပါတယ်။ ဒါမှလည်း ခေတ်သစ် ကမ္ဘာရဲ့ မတူကွဲပြားမှု သဘောတွေကို လက်သင့်ခံနိုင်တဲ့ ယဉ်ကျေးတဲ့ ခေတ်လူသား စစ်စစ် ဖြစ်လာမှာပါ။
ကျန်းမာရေးချို့ယွင်းချက် ရှိနေသူတွေ ဖြစ်တဲ့ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အ နေသူများကိုလည်း “အမြင်၊အကြား၊ အာရုံ ချို့တဲ့သူ၊ ဆွံအသူ” စတဲ့ နားခံဖွယ်အသုံးသာ သုံးစွဲရပြီး “နားကန်း/ပင်း၊ မျက်ကန်း၊ အ အ” လို့ မသုံးစွဲရပါဘူး။ အင်္ဂလိပ်လို ဆိုရင်လည်း “Blind” ၊ “Deaf” စတဲ့ ရင့်သီးတဲ့ စကားလုံးတွေကို ရှောင်ကာ “Visually impaired” ၊ “Hearing impaired” ဆိုပြီး သူများရဲ့ အားနည်းချက်ကို ဖိနင်းပြောဆိုမှု မပြုဘဲ စာနာ၊ နားလည်၊ ဖေးမ တဲ့ အသုံးအနှုန်းမျိုး သုံးရပါတယ်။ “မသန်မစွမ်း” လို့ မခေါ်ဘဲ “မသန်စွမ်း” လို့ ခေါ်တဲ့ သဘောပါပဲ။
ဘာသာရေးဓလေ့၊ ပွဲတော်၊ အထိမ်းအမှတ် နဲ့ ဆက်စပ်တဲ့ အားလပ်ရက် တွေမှာဆိုလည်း အယူဝါဒအားလုံး နဲ့ အယူဝါဒမရှိသူများပါ ပါဝင်ဆင်နွှဲ တပြေးညီ ခံစားနိုင်ဖို့အတွက် ပြဋ္ဌာန်းသုံးနှုန်းရပါတယ်။ ဆောင်းပါး အစမှာ ဆိုခဲ့တဲ့ “Merry Christmas” အစား ပိုသင့်လျော်တဲ့ “Season’s Greetings” လို့ပြောင်းသုံးခြင်းမျိုးပါ..။ ပိုပြီး ဆီကူလာဖြစ်၊ ဘာသာဝင်တွေရော၊ ဘာသာမဲ့တွေရော ပါ သုံးနှုန်းနိုင်တဲ့ စကားလုံးကတော့ လူတိုင်းအားလုံး ခံစားရတဲ့ အားလပ်ရက် အခါသမယ “Happy Holidays” ပေါ့..။ ဒီအသုံးကို “Eid Mubarak” အစားလည်း သုံးစွဲနိုင်ပါတယ်..၊ ဗုဒ္ဓ ဘာသာဝင် နဲ့ ဟိန္ဒိုဘာသာဝင် တွေရဲ့ အခါကြီး၊ ရက်ကြီး အားလပ်ရက် တွေအတွက်လည်း သုံးစွဲနိုင်ပါတယ်။ ဘယ်ဘာသာကိုမှ ကိုယ်စားမပြုဘူး ဆိုတဲ့ သဘောကို ဖော်ဆောင်နိုင်ဖို့အတွက် လူမျိုးစုံ/ဘာသာစုံ ပါဝင်တဲ့ အဖွဲ့အစည်းကြီးတွေဆိုရင် ဒီလိုပဲ “Neutral” ဖြစ်တဲ့ အသုံးအနှုန်းတွေ သုံးစွဲရပါတယ်။ လူတဦးချင်း အနေနဲ့လည်း ဆီကူလာ ဖြစ်မှုကို ကျေနပ်ဂုဏ်ယူ၊ တန်ဖိုးထားတတ်ရင် သုံးစွဲနိုင်ပါတယ်။
တကယ်တော့ စကားလုံး ရွေးချယ်သုံးစွဲမှုထက် လက်တွေ့ ခံယူချက်သဘော နဲ့ အလုပ် က ပိုအရေးကြီးတယ် ဆိုတာ အားလုံးလည်း သိကြပါတယ်။ ဒါပေမယ့် စကားလုံး က အလုပ်လည်း ဖြစ်နေတဲ့..၊ အများကိုလည်း ဖြန့်ကျက် သက်ရောက်စေတဲ့ စာရေးသားနေကြတဲ့ စာရေးဆရာ ဆိုသူများ၊ စာနယ်ဇင်း လောက နဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင် လောက သားများကတော့ စကားလုံး ရွေးချယ်သုံးစွဲမှုတွေကို အထက်မှာ ဆွေးနွေးခဲ့သလို သတိထားဖို့ လိုပါတယ်။ သတိထားနိုင်ရင် ကောင်းပါတယ်။
ဗမာပြည်က အဆိုပါ လောကသားတွေ တင်ပြ၊ သုံးစွဲနေကြတဲ့အထဲမှာ အမြဲလိုလို ပါနေတဲ့ ခွဲခြားဆက်ဆံ၊ နှိမ်ချ၊ ပြက်ရယ်ပြု ခံရမှု အသုံးတွေ၊ အပြုအမူတွေကတော့ ကာမတိမ်းညွန်မှု မတူကွဲပြားသူများ၊ ဘာသာ/လူမျိုး/အသားအရောင်/လိင် ကွဲပြားသူများ၊ ကိုယ်ခန္ဓာအလေးချိန် တိုးနေသူများ၊ သဘာဝအရ (သို့) ကျန်းမာရေး အရ အားနည်ချက် ရှိနေသူများ စတဲ့ မတူကွဲပြားမှု ရှိသူများ အပေါ် သုံးနှုန်းတဲ့ အသုံးတွေ၊ သူတို့ကို ပုံဖော်တဲ့ ပုံစံတွေ၊ ဆက်ဆံတဲ့ အပြုအမူ တွေပါပဲ။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ထက် ဆိုးတဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စော်ကားမှု၊ သိမ်ငယ်အောင် လုပ်တဲ့ အသုံးအနှုန်း နဲ့ အပြုအမူတွေပါပဲ။ ဒီလို လူထု အများကို တိုက်ရိုက်သက်ရောက်တဲ့ နေရာ၊ လောက က ပုဂ္ဂိုလ်တွေ ဆွေးနွေးခဲ့တဲ့ အသုံးအနှုန်း နဲ့ ဆက်စပ်တဲ့ အပြုအမူတွေ ရှောင်ကြဉ်နိုင်ကြရင်တော့ ယဉ်ကျေးတဲ့ ခေတ်သစ် လူ့အဖွဲ့အစည်းစစ်စစ်ဖြစ်ဖို့ ပို မျှော်လင့်ချက် ရှိတာပေါ့။
လူတဦးချင်းအနေနဲ့လည်း ခေတ်သစ် (၂၁) ရာစု ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း မှာ ယဉ်ကျေးတဲ့ လူသားတယောက် အနေနဲ့ တင်းပြည့်၊ ကျပ်ပြည့် ပြည့်ပြည့်ဝဝ ဝင်ဆန့်နိုင်ဖို့အတွက် အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ရှောင်ကြဉ်သင့်တဲ့ စကားလုံးတွေ ရှောင်ကြဉ်၊ လက်တွေ့ လူ့လောက ဆက်ဆံရေးမှာလည်း ကျင့်သုံးသင့်တဲ့ အပြုအမူ၊ ခံယူချက် ကောင်းတွေ ကျင့်သုံး၊ စံပြနေထိုင်ပြနိုင်ရင် ငြိမ်းချမ်း၊သာယာပြီး တန်းတူညီမျှ၊ ဝါဒဖြူစင်တဲ့ ယဉ်ကျေးတဲ့ အသိုင်းအဝန်းလေးဖြစ်ဖို့ တနိုင်တပိုင် ပါဝင်ကူညီ ကောင်းကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
လူတိုင်းဟာ စက်ရုံထုတ် ကုန်ပစ္စည်း လို အားလုံး တသွေမတိမ်း၊ ပုံစံတူ မဖြစ်နိုင်ဘူးဆိုတာကို အခြေခံကျကျ လက်ခံဆင်ခြင်ပြီး မတူကွဲပြားတဲ့ အသွင်အပြင်၊ ဓလေ့၊ ဝါဒ၊ သဘော၊ အတွေးအခေါ်၊ အယူအဆ၊ အပြုအမူ တွေဆိုတာ ရှိစမြဲ လို့ နှလုံးသွင်းနိုင်ရင် လူ့လောကဟာ ငြိမ်းချမ်းဖို့များ လာပါပြီ..။ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ ဓလေ့၊ လိင်၊ ကာမတိမ်းညွတ်မှု၊ ကိုယ်ခန္ဓာ သွင်ပြင် လက္ခဏာ၊ အလုပ်အကိုင်၊ ပညာတတ်မှု/မတတ်မှု၊ လူတန်းစား၊ ဇာတိ၊ ဆွေမျိုး စတဲ့ အပေါ်ရံ အသွင်အပြင် ကို အလေးမထားဘဲ လူဖြစ်တည်မှု ရဲ့ ပကတိ သဘောကို အသိအမှတ်ပြုပြီး လူသားတိုင်းဟာ အားလုံး တန်းတူ ညီတူညီမျှ အခွင့်အရေးတူ ခံစားခွင့်၊ လေးစားမှု ခံယူခွင့် နဲ့ လုပ်ပိုင်ခွင့် ရှိကြောင်း အားပေး ပြဋ္ဌာန်း ကျင့်သုံးတဲ့ နိုင်ငံရေးဓလေ့၊ လူမှုရေးဓလေ့၊ စီးပွားရေးဓလေ့ နဲ့ ယဉ်ကျေးမှု ဓလေ့ ဗမာ့လူ့အဖွဲ့အစည်းမှာ ယခုထက်ပိုမို ရှင်သန်တိုးပွားအမြစ်တွဲဖို့ ဆန္ဒပြု လိုက်ပါတယ်။ ဒါဟာ စာရေးသူရဲ့ နှစ်သစ်ကူး ဆန္ဒ ဖြစ်ပါတယ်။
အားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့တဲ့ အားလပ်ရပ် ဖြစ်ပါစေ..။
ကိုယ်ကျင့်၊ သိက္ခာ၊ ပညာ မြင့်မားတဲ့ ဗမာ့လူဘောင်သစ် ကို မျှော်မှန်းလျက် …။