လူများ၊ ရုပ်ပုံလွှာများ

ရောက်တတ်ရာရာအတိုအစများ

မောင်ရင်ငတေ
ဒီဇင်ဘာ ၂၂၊ ၂၀၁၂

● ပါရီမြို့စားရန်ကုန်မင်းသားကြီးရဲ့ ဘဝအနုပညာ
ရန်ကုန်မင်းသားကြီးပါရီမြို့စားဆိုလို့ ၁၈၇၂ ခုနှစ်က ကင်းဝန်မင်းကြီးသံအဖွဲ့နဲ့အတူ ပြင်သစ်ပြည် ကို ရောက်ရှိခဲ့ပြီး ကျန်နေရစ်ခဲ့တဲ့မင်းသားတပါးပါးရဲ့ အဆက်နွယ်ထဲကလို့တော့ မထင်လိုက်ကြ ပါနဲ့၊ သူဟာအသက် ၇၀ ကျော်အရွယ်ရှိပြီး ပါရီမှာရောက်ရှိနေထိုင်ခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော် ကြာခဲ့ပါပြီ၊ ဥရောပရောက် မြန်မာလူမျိုးများကြားဝယ် ယခုထက်ထိတိုင်အောင် လူသိအများဆုံး၊ လူကြား သူကြားထဲအဝင်ဆုံး၊ မောင်ရင်ငတေတို့လို နောက်ပိုင်းရောက်လာသူများနဲ့ အဆက်စပ် အရှိဆုံးသူတဦးဖြစ်ပါတယ်၊ BEYOND RANGOON ဆိုတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ခံ ရုပ်ရှင်ဇာတ်ကားနဲ့ ကျော်ကြားလူသိများခဲ့တဲ့သူတဦးဖြစ်ခဲ့လို့ ရန်ကုန်မင်းသားကြီးလို့ တင်စားပြီး ခေါ်လိုက်ရခြင်း ဖြစ်ပါတယ်၊

မောင်ရင်ငတေနဲ့ မင်းသားကြီးဦးအောင်ကိုတို့ဟာ ဘယ်ဘဝကရှေးရေစက်လည်းတော့ မသိပါဘူး၊ ပါရီရောက်ပြီး သိပ်မကြာခင်ကာလက စတင်ပြီးတွေ့ဆုံခဲ့ရတာ ဒီကနေ့အထိတိုင်အောင်ပါဘဲခင်ဗျ၊ ဆယ်နှစ်ကျော်သက်တမ်းကာလမှာ တူတာတွေတော်တော်များများရှိခဲ့သလို ကွဲလွဲခြင်းတွေလည်း တော်တော်များများရှိခဲ့ပါတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့နော်၊ မောင်ရင်ငတေအမည်နဲ့ ပါရီအကြောင်း ပြင်သစ်အကြောင်း ဥရောပအကြောင်း တောက်တိုမယ်ရ ရောက်တတ်ရာရာ ရေးတဲ့အခါမှာ ပါရီကို လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ကာလကတည်းက ရောက်ရှိပြီးနေတဲ့၊ ယနေ့ထက်ထိတိုင်အောင် ရွှေပြည်တော်ကြီးရဲ့ နိုင်ငံ့ရေးရာအဖြာဖြာနဲ့ အကြောင်းအရာပေါင်းစုံနဲ့ ဆက်စပ်ပတ် သက်နေတဲ့၊ ရွှေစကားကိုပြော ရွှေထမင်းရွှေဟင်းတွေကို မြိန်မြိန်ယှက်ယှက် ရွှေလက်နဲ့အားပါးတရ စားမြဲစားနေ ဆဲဖြစ်တဲ့၊ အန်ကယ်ကြီး ရန်ကုန်မင်းသားကြီးအကြောင်းကိုတော့ ချန်လှပ်ထားလို့ ဘယ်လိုမှမရနိုင် မဖြစ်နိုင်ပါဘူးခင်ဗျာ၊ သူ့ရွှေစံအိမ်တော်ရောက်ရင် စိတ်တိုင်းကြသောက်လို့ရတာမှန်သမျှသောက်ခဲ့ စားလို့ရတာမှန်သမျှစားခဲ့ ဆေးလိပ်ငွေ့တထောင်းထောင်းထအောင်ဖွာခဲ့ အဲလိုကျေးဇူးတွေ လည်း ရှိတယ်မဟုတ်ပါလား၊

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာသား မင်းသားကြီးဦးအောင်ကိုကို ၁၉၃၆ ခုမှာမွေးဖွားခဲ့ ပါတယ်၊ ၁၉၅၀ ခုနှစ်များမှာ ဗမာ့တပ်မတော်လေ့ကျင့်ရေးတပ်ရဲ့ “Boy’s Army” “ရဲညွန့်” တပ်ခွဲမှ တပ်သားလေး၊ နောက်တော့ ရန်ကုန်တပ်နယ်ဆေးရုံမှာ သင်တန်းသားဆေးတပ်သား၊ ၁၉၆၃ ခုနှစ် မဆလအစိုးရလက်ထက် ချော်တွင်းကုန်း ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီး မကြာခင်မှာ မင်းသားကြီးလည်း စာကြည့်တိုက်ရေးရာဌာနမှာ ရုံးဝန်ထမ်းဖြစ်လာခဲ့ပါတယ်၊ မင်းသားကြီးဟာ ၁၉၅၈ ခုနှစ်လောက်ကစတင်ပြီး ပြင်သစ်စာ ပြင်သစ်စကားနဲ့ ထိတွေ့ခွင့်ရရှိခဲ့တာပါ၊ ၁၉၆၁ ခုနှစ်မှာ Alliance Française de Rangoun ကျောင်းကို ရန်ကုန်မြို့၌ဖွင့်ခဲ့ပြီး နောက်တနှစ်မှာတော့ မင်းသားကြီး ပြင်သစ်စာသင်တန်းကျောင်းသား ဖြစ်ခဲ့ရပြန်ပါတယ်၊ ၁၉၆၆ ခုနှစ် အရောက်မှာတော့ ကံကောင်းခြင်းလက်ဆောင်အဖြစ် ပြင်သစ်ယဉ်ကျေးမှုပညာသင်ဆုကိုရရှိခဲ့ပြီးတော့ ပါရီမြေကြီးကို နင်းခွင့်ရရှိခဲ့ပြီး L’université de Paris-Sorbonne ဆော်ဘွန်းတက္ကသိုလ်မှာ ပြင်သစ်ဘာသာနဲ့ ယဉ်ကျေးမှုသင်တန်းသားကျောင်းသားဖြစ်လာပြန်ပါတယ်၊ သုံးနှစ်တာ ပညာသင်ကာလအတွင်းမှာ ကြင်ယာလောင်းလည်း တပြိုင်နက်ရှာဖွေတွေ့ရှိခဲ့ပါတယ်၊ ဒါပေမဲ့မင်းသားကြီးဟာ ပြည်ချစ်စိတ် အပြည့်နဲ့ ၁၉၆၉ သင်တန်းပြီးဆုံးချိန်မှာပြန်ခဲ့ပါတယ်၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ကော်ပိုရေးရှင်းမှာ ဝင်ရောက်၍ စကားပြန်အလုပ်ကို ဆက်လက်လုပ်ကိုင်ပါတယ်၊

တကယ်တော့ စကားပြန်အလုပ်ကို ၁၉၆၂-၆၃ ပြင်သစ်စာ သင်တန်းပြီးကာလကစလို့ ရန်ကုန်မြို့ရှိ ပြင်သစ်သံရုံးနဲ့ အဲဒီအချိန်က ပြင်သစ်လူမျိုးတွေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ဂျိုးဖြူ ရေကူး ရေအားပေးစက်ရုံစီမံကိန်းတွေမှာ လုပ်ခဲ့တာပါ၊ စကားပြန်အလုပ်အဖြစ် (République du Zaïre ခေါ် La République démocratique du Congo) ဆိုပြီး အမည်အမျိုးမျိုး ခဏခဏ အပြောင်းလဲ များခဲ့တဲ့ ဇိုင်ယာခေါ်ကွန်ဂိုနိုင်ငံ သမတကြီး ဗိုလ်ချုပ်ကြီးမိုဘူတူ (၁၉၃၀-၁၉၉၇) (Joseph-Désiré Mobutu) ၁၉၇၃ ခုနှစ် ရန်ကုန်မြို့သို့ လာရောက်လည်ပတ်ချိန်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနေဝင်းနဲ့ တွေ့ဆုံရာမှာ ပြင်သစ်စကားပြန် အဖြစ် ထူးထူးခြားခြားလုပ်ကိုင်ခဲ့ရတာပါ၊ အဲဒီခေတ်ခါက ကမ္ဘာမှာထင်ရှားခဲ့တဲ့တပါတီအာဏာရှင် နှစ်ဦးရဲ့တွေ့ဆုံပွဲမှာ ပြင်သစ်စကားပြန်အလုပ်ကို လုပ်ခဲ့ရတာဟာ ထူးခြားခဲ့သော အဖြစ်ပျက်ပါဘဲ၊ နောက်ထပ်ထူးခြားချက်တခုကတော့ မင်းသားကြီးရဲ့ကြင်ယာတော်လောင်းဟာ မိန်းမကြိုက်တော့ စိုက်စိုက်လာဆိုသလို မင်းသားကြီးရှိရာ ရန်ကုန်မြို့တော်ကို လိုက်လာရောက်ရှိပြီး ၁၉၇၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်၊ ရန်ကုန်မှာဘဲ သမီးလေးတဦး မွေးဖွားခဲ့ပါတယ်၊

မင်းသားကြီးဦးအောင်ကိုဟာ စကားပြန်အလုပ်လုပ်ကိုင်ရင်း တဖက်မှာလည်း ကလောင်ကိုင်ပြီး အောင်သာ၊ အောင်ကိုကို၊ အောင်မျိုး (ပြင်သစ်စကားပြန်ဟောင်း) အမည်များဖြင့် အိုးဝေဂျာနယ်၊ ဟံသာဝတီသတင်းစာ၊ THE WORKING PEOPLE’S DAILY သတင်းစာတို့မှာ ဆောင်းပါးမျိုးစုံကို ရေးသားခဲ့ပါတယ်၊ ထို့ပြင် ပြင်သစ်နိုင်ငံ၌ နေထိုင်စာသင်ကြားနေစဉ် ၁၉၆၆ ကာလကတည်းက ဘာသာပြန်ဆို ရေးသားထားသော နာမည်ကျော် အသက်အငယ်ဆုံး စာပေနိုဘယ်ဆုရှင် ပြင်သစ် အယ်ဂျီးရီးယားနွယ်ဖွား ကမ္ဘာသိ မြန်မာသိ Albert Camus အဲလ်ဘဲလ် ကမျူး (၁၉၁၃-၁၉၆၀) ရဲ့ L’Étranger The Outsider ကို အပြင်လူ သို့မဟုတ် သူစိမ်းဆန်ဆန် အမည်ဖြင့် ပြင်သစ်မူရင်း ဘာသာမှ တိုက်ရိုက်ပြန်ဆို ထုတ်ဝေဖြန့်ချီနိုင်ခဲ့ပါတယ်၊ ဒီမြန်မာဘာသာပြန် စာအုပ်ကိုတော့ အခု အခါ ရှာဖွေတွေ့ရှိဖို့ မလွယ်တော့ပါဘူး၊ မင်းသားကြီးက ပြန်လိုချင်လွန်းလို ရန်ကုန်နေသူတွေကို ပြန်လည်ရှာဖွေခိုင်းခဲ့တာ အချိန်အတော်ပေးရှာယူခဲ့ရကာ ကံကောင်းလွန်းလို့ ရှာဖွေတွေ့ရှိခဲ့တာပါ၊ ဒါကြောင့် ဒုတိယအကြိမ်ပြန်လည်ပြီး ထုတ်ဝေချင်သူများရှိပါက ပြန်လည်ထုတ်ဝေဖို့ အောင်မျိုး (ပြင်သစ်စကားပြန်)ကိုယ်စား မောင်ရင်ငတေ ကြော်ငြာဝင်ပေးလိုက်ပါတယ်၊ အောင်မျိုးဘာသာပြန် သူစိမ်းဆန်ဆန်ဝတ္တုကို ကိုယ်တိုင်ဖတ်ဖူးသူမှတ်မိသူတဦးကတော့ ကဗျာကဝေ ဆရာကြီးဦးတင်မိုး ဖြစ်ပါတယ်၊ ၂၀၀၂ ခုနှစ် မင်းသားကြီးအိမ်ကို ကဗျာဆရာလာလည်စဉ် စကားတိုက်ဆိုင်သွားရင်း ဦးတင်မိုးရဲ့ “ခင်ဗျား အောင်မျိုး ပြင်သစ်စကားပြန်ဟောင်းလားလို့” မေးလိုက်သံကြီးကိုတော့ အခုထိအောင်ဘဲ ကြားယောင်နေမိပါသေးတယ်၊

၁၉၇၅ ခုနှစ်အရောက်မှာတော့ မင်းသားကြီးဟာ အကြောင်းကြောင်းသော အကြာင်းတို့ကြောင့် အမိရွှေနိုင်ငံတော်ကြီးကို မခွဲခွာချင်ဘဲခွဲခွာခဲ့ရပါတယ်၊ မိန်းမကြိုက်တော့ ဆိုက်ဆိုက်လာခဲ့ပြီးတော့ နောက်တဖန် ဆံထုံးနောက်ကိုရောင်မထုံးပါဘဲ ပြန်ပါသွားခဲ့ရပြီပေါ့၊ အဲဒီအချိန်ကာလက နိုင်ငံခြား သွားရောက်ခြင်းဆိုတာ မောင်ရင်ငတေတို့တိုင်းပြည်မှာ တော်တော်ကိုဘဲနည်းပါးလွန်းပါသေးတယ်၊ မင်းသားကြီး သွားရတဲ့ပုံစံကတော့ ကျမ်းကျိန်ပြီးထာဝရလက်ပြ နှုတ်ဆက်ခဲ့ပါတယ်ပုံစံမျိုးပါ၊ ဗီဇာ တောင်း အလည်ပြန်လို့တော့ရတာပေါ့ဗျာ၊ အဲဒီခေတ်အချိန်က မောင်ရင်ငတေတို့ ရွှေပြည်တော် တိုင်းပြည်ကြီးကလည်း သယံဇာတတွေ ပေါများတုန်း၊ ကုန်ဈေးနှုန်းတွေကလည်း မကြီးမြင့်သေး၊ ရွှေတကျပ်သား လစာတဝက်တရာကျော်နှစ်ရာပေးရတဲ့ခေတ်၊ အိမ်ထောင်ဦးစီး တယောက်လုပ်စာ တအိမ်လုံးမက ဂျီးဒေါ်ကြီးပါခေါ်တင်ကျွေးထားနိုင်တဲ့ခေတ်၊ မလေးရှားဆိုတာစာရင်းထဲမှာမရှိသေး တဲ့ခေတ်၊ မင်္ဂလာဒုံလေဆိပ်ကနေ နိုင်ငံတကာကို တိုက်ရိုက်ဖလိုက်နဲ့သွားနိုင်တဲ့ခေတ်၊ နိုင်ငံခြားကို အပြီးအပိုင် သွားတယ်ဆိုတာက ရွှေမြန်မာအိမ်မက်ထဲမှာတောင် မရှိသေးတဲ့ခေတ်ပါ၊ အဲဒီလိုခေတ် အခါမျိုးမှာ မင်းသားကြီးက သွားရတာဆိုတော့ ကံဆိုးတာလား ကံကောင်းတာလား မသိပါခင်ဗျာ၊ ဒီလိုမျိုး ရွေးချယ်ခြင်းကိုခံခဲ့ရတဲ့မင်းသားကြီးဟာ ပါရီမြို့တော်လမ်းမများပေါ်မှာ ကားလေးတစင်းနဲ့ စာသင်သားပြင်သစ်လူမျိုးတွေ ရှိရာကိုသွားရင်း အင်္ဂလိပ်စာသင်ကြားပေးရတဲ့ ကျောင်းဆရာဘဝနဲ့ လောကကြီးကိုဖြတ်သန်းရပြန်ပါတယ်၊ ပြင်သစ်လူမျိုးတွေကြားထဲမှာနေ ပြင်သစ်စကားပြော ပြင်သစ် အစာတွေစားရင်း ပြင်သစ်ယဉ်ကျေးမှုထဲ စီးဝင်နစ်မြောခဲ့တဲ့ အချိန်ကာလပိုင်းတွေ ဖြစ်ခဲ့ ပါတယ်၊ မစီးဝင်မနစ်မျောလို့လည်း မရနိုင်တဲ့အခြေအနေပါ၊ မင်္ဂလာဒုံလေဆိပ်က ထွက်သွားတာနဲ့ ရွှေပြည်တော်နဲ့ ဆက်သွယ်မှုပြင်ပနေရာကို ရောက်ရှိလို့သွားပါပြီ၊ ယနေ့ခေတ်အခါလို  အိုင်ဖုန်းတို့ အင်တာနက် အွန်လိုင်းတို့မပြောပါနဲ့၊ ဌာနဆိုင်ရာရုံးတွေမှာတောင် လက်နဲ့တဂျစ်ဂျစ်လှဲ့ပြီး ခေါ်ရတဲ့ ဂဏန်းနှစ်လုံးနဲ့ ဖုန်းမည်းမည်းကြီးတွေသာ ရှိတဲ့ခေတ်ပါ၊ မောင်ရင်ငတေဖားသားကြီးရဲ့ ရုံးဖုန်း နံပတ်တောင်မှ မှတ်မိသေးရဲ့ ၁၈ ဆိုလားဘဲ၊ ဆက်သွယ်မှုလုပ်ချင်ရင် စာတိုက်နေစာထည့် ကြေးနန်းရိုက် ဒီအဆင့်ဘဲရှိတာပါ၊ ၁၉၉၀ ခုနှစ် မောင်ရင်ငတေတို့ ဘန်ကောက်ရောက်တော့ မြန်မာပြည်ကရည်းစားဆီ စကားပြောချင်လွန်းလို့ စာတိုက်ကြီးရှိရာတယ်လီဖုန်းရုံးကို တကူးတက သွားပြီး တမိနစ်ဖုန်းခေါ်ခ ဘတ်သုံးဆယ်ပေး ခေါ်ခဲ့ရတာတွေကို လွမ်းတောင်လွမ်းမိပါရဲ့၊ ဒါတောင်မှ တနာရီကျော် ဖုန်းဒိုင်ခွက်ကိုအဆက်မပြတ်လှည့်ပြီး ခေါ်သာခေါ်ငြား ဆက်သွယ်မှုပြင်ပ မှာသာဖြစ်ခဲ့စမြဲပါ၊ အခုခေတ်မှ မဟုတ်ပါဘူး၊

ဒီလိုနဲ့ ပြင်သစ်လူမျိုးတပိုင်းဖြစ်သွားတဲ့ မင်းသားကြီးကို ရန်ကုန်မင်းသားကြီး ဖြစ်စေခဲ့သူကတော့ ဟောလီဝုဒ်မှ ဒါရိုက်တာ John Boorman ဘဲဖြစ်ပါတယ်၊ ဆရာ ဂျွန်ဘိုးမန်းရဲ့ Beyond Rangoon ရန်ကုန်အလွန် အမည်ရရုပ်ရှင်ကားရဲ့ ဇာတ်ပို့မင်းသားရှာပုံတော်ဖွင့်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မင်းသားကြီးကိုတွေ့ရှိသဘောကြပြီး ရွေးချယ်ခြင်းခံခဲ့ရပါတယ်၊ မင်းသားကြီးပါဝင်သရုပ်ဆောင်ပြီးရိုက်ကူးနေစဉ်အတွင်းမှာဘဲ ပြောင်မြောက်တဲ့သရုပ်ဆောင်မှုများအပြင် အကြံပေးနိုင်မှုများကြောင့် အဓိကဇာတ်ဆောင်တဦးသဖွယ် ဇာတ်ရုပ်အခန်းများစွာ သရုပ်ဆောင်ခွင့်ကို ရရှိခဲ့ပါတယ်၊ အဲဒီချိန် ကာလက မင်းသားကြီးလို ဒီလိုဇာတ်လမ်းကို လက်ခံရိုက်ကူးချင် ရိုက်ကူးရဲသူ ရွှေကိုယ်တော်တွေ သိပ်မရှိနိုင်ပါဘူး၊ ဟောလီဝုဒ်ကရိုက်တဲ့ ရှားရှားပါးပါး မြန်မာဇာတ်လမ်းနောက်ခံဇာတ်ကားမှာ နာမည်ကြီးချင်လို့ ပါဝင်သရုပ်ဆောင်ချင်သူ များကောင်းများနိုင်ပေမဲ့ ၈၈၈၈ အရေးတော်ပုံကြီးကို ဇာတ်လမ်းနောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ဒီဇာတ်ကားမှာတော့ ဝင်ရောက်သရုပ်မဆောင်ရဲကြပါဘူး၊ ဥရောပရောက်ပြီး အနောက်တိုင်းနိုင်ငံသားတွေအဖြစ် ခံယူထားပြီးသူများဟာ အများအားဖြင့်တော့ ဟိတ်နဲ့ဟန်နဲ့ ငါကွဆိုပြီး ပြည်တော်ပြန်လည်ချင်သူအများစုပါ၊ ဒီလိုလူတွေဟာ အဲဒီအချိန်မှာ စစ်အာဏာရှင် မကြိုက်တဲ့အလုပ်တွေကို ဘယ်လိုလုပ်လုပ်ရဲကြပါ့မလဲနော်၊ ပြည်တော်ဝင်ခွင့်ဗီဇာ အပိတ်မခံနိုင်ကြဘူးမဟုတ်ပါလား၊ ဒီတချက်တည်းနဲ့ဘဲ မောင်ရင်ငတေ မင်းသားကြီးကို လုံးဝလုံးဝ ထောက်ခံခဲ့ပါတယ်၊ အဲဒါ ၁၉၉၄-၁၉၉၅ ခုနှစ်ပါ၊

အခု ၂၀၁၀ အလွန်ကာလတွေမှာတော့ ဟန်မဆောင်နိုင်လောက်အောင်ကိုဘဲ သူ့ထက်ငါဦးစွာ အတိုက်အခံလောကသား နာမည်ကြီးငယ် နိုင်ငံရေးတော်လှန်ရေးဆရာ့ဆရာကြီး ဆရာငယ်များ အပါအဝင် လူကြီးလူငယ် လူသစ်လူဟောင်း အားလုံးအားလုံးလိုလို ခါတော်မှီပြန်တော် မူရောဂါ စွဲကပ်ခံရပြီး တန်းစီစံနစ်ထားရလောက်အောင်ပင် ငါးမရလည်း ရေချိုးပြီးပြန်တာပေါ့ ဆိုသူတွေ သိပ်ပေါများနေတာကို မောင်ရင်ငတေ ဘာမှမပြောချင် မပြောရဲပါဘူး၊ ရွှေပြည်ကြီး မြန်မြန်ဖွင့်ဖြိုး တိုးတက်အောင် မြန်မြန်ပြန်မြန်မြန်လုပ်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်၊ မောင်ရင်ငတေ တို့ကတော့ အခြေခံပညာရေးကလည်း အဆင့်မမှီနိမ့်လေတော့ နိုင်ငံရပ်ခြားမှာဘဲ အလုပ်ကြမ်းနဲ့ ဘေးထိုင်ဘိုင်ကျဘုပြောတဲ့ အလုပ်လုပ်ရင်း ပေးအပ်လာတဲ့တို့အရေးတာဝန်ကြီးများကို အော်ပေးဖို့ ဆက်လက်တာဝန်ယူပါတယ်ခင်ဗျာ၊ ဖွဘုတ်ထဲက ဖတ်လိုက်ရတာတခုလို “ဒို့များကတော့ ချစရာ လက်နက်လည်း မရှိသလို ပြန်စရာ ခရီးစရိတ်လည်း မရှိပါဘူးကွယ်”၊ မင်းသားကြီးကို ချီးမွမ်းခန်း ဖွင့်နေရာကနေ ဘယ်လိုလုပ်ချော်တောငေါ့ပြီး အများမကြိုက်တဲ့ လူမိုက်စကားတွေကို ပြောမိ နေရပြန်ပါပြီ၊ ဗဲရီးဆောရီးပါ ခင်ဗျာ၊ ခွင့်လွှတ်တော်မူကြပါခင်ဗျာ၊

၂၀၀၃-၂၀၀၄ လောက်ဆီမှာတော့ မင်းသားကြီးဟာ ကဗျာဆရာကြီးဦးတင်မိုးဆီက ကူးစက်လာတဲ့ ကဗျာပိုးကြောင့် အချိန်ရတဲ့အခါတိုင်း ကဗျာစပ်ဖို့ကြိုးစားခဲ့ပြီးနောက် ကဗျာရှည်ကြီးတပုဒ် ဖြစ်ပေါ် လာပါတော့တယ်၊ မင်းသားကြီးကတော့ ဘယ်လောက်ပင်ပန်းလည်းတော့မသိပါဘူး၊ ကြံရာပါ မြှောက်ထိုးပင့်ကော် လုပ်ပေးခဲ့တဲ့ မောင်ရင်ငတေမှာတော့ သူပြင်လိုက်ဖျက်လိုက်တိုင်း လက်ရေးနဲ့ အချောပြန်လိုက်ကူးပေးခဲ့ရလို့ လက်တော်တော် ညောင်းရပါတယ်၊ အဲဒီကဗျာရယ် မင်းသားကြီးရဲ့ ငယ်လက်ရာဆောင်းပါးတချို့နဲ့ ပေါင်းစပ်ပြီးထုတ်ဝေတဲ့ မင်းသားကြီးကဗျာ အမည်ရတဲ့စာအုပ်ကို ထိုင်း မြန်မာနယ်စပ်တနေရာက မင်းသားကြီးကို ချစ်ခင်ကြတဲ့သူတွေ ဝိုင်းဝန်းကူညီခဲ့ကြလို့ ၂၀၀၅ ခုနှစ်မှာ ပုံနှိပ်စာအုပ်အဖြစ် ထွက်ပေါ်လာခဲ့ပါတယ်၊

မြန်မာလိုနေ မြန်မာအစာကိုကြိုက်ပြီး မြန်မာသီချင်းဂီတကို နေ့စဉ်လိုနားထောင်နေတတ်တဲ့ မင်းသားကြီးမှာ မြန်မာမှု့မြန်မာစရိုက်တွေ ခုထိတိုင် အပြည့်ရှိနေတာကတော့ အသေအခြာပါဘဲ၊ အခုထိနှစ်ပေါင်း ၄၀ ကျော် ယူရိုပီယန်သားလုံးလုံး ဖြစ်နေပေမဲ့ မင်းသားကြီးရဲ့တိုက်ခန်းလှေခါးခွင် အတွင်းရောက်တာနဲ့ဘဲ ငပိငံပြာရည်ငရုတ်သီးနံ့သင်းထုံတဲ့ မြန်မာ့ဟင်းရနံ့စစ်စစ်တွေကို စရပါပြီ၊ လွမ်းမောတမ်းတဖွယ်ရာ မြန်မာသံစစ်စစ် သီချင်းသံတီးလုံးသံတွေကို ကြားရပါပြီ၊ သွားလည်နေကြ မောင်ရင်ငတေတို့တသိုက်ကတော့ ဆာလောင်နေတဲ့ဗိုက်ကိုပွတ်ပြီး ကိုယ်ကဝယ်မလာနိုင်လည်း စားပွဲပေါ်မှာရှိနေတဲ့ ဝီစကီပုလင်းဖွင့် ငါးလီတာအပြည့်ရှိနေမြဲ စက္ကူဝိုင်ပုန်းကိုဖွင့်ပြီး စိတ်ကြိုက် သောက်ကြစမြဲပါ၊ ဒါတွေဟာတခါတရံမဟုတ်ပါ၊ အမြဲတမ်းလိုလိုပါ၊ သူဟာလူတန်းစားခွဲခြားမှုမရှိပါ၊ လာလည်သောသူ မျက်နှာစိမ်းကျက်မရွေး မည်သူကိုမဆို ဧည့်ခံခြင်းပါ၊ လူတွေတဝုန်းဝုန်း တရုန်းရုန်းနဲ့နေရခြင်းကို ကြိုက်နှစ်သက်သောသူပါ၊ ပျော်ပျော်နေတတ်သူပါ၊ သူများတွေ ဆိုတာ ကတာကို အားမရနိုင်လို့ ကိုယ်တိုင်ဝင်ကဝင်ဆို တတ်သူပါ၊ သူများအကြောင်းကို မကောင်းမပြော ချင်သူပါ၊ သူရဲ့အဓိကအားနည်းချက်က လူတိုင်းကိုအားနာတတ်ခြင်းပါ၊ အားနာလွန်းလို့ ခါးနာ သွားရတာတွေလည်း အကြိမ်ကြိမ်ပါ၊ ဒါပေမဲ့ ဘယ်တော့မလညှ်း မမှတ်ပါခင်ဗျာ၊ မှတ်များထား ရင်တော့ မောင်ရင်ငတေက အကြိမ်ရေအများဆုံးမှာ ပါနေမလားဘဲနော်၊

မောင်ရင်ငတေပြင်သစ်မြေကိုနင်းပြီး သုံးလေးလအကြာမှာ မင်းသားကြီးကို စတင်တွေ့ရှိသိခွင့်ရခဲ့ တာပါ၊ နောက်သိပ်မကြာခင်ကာလမှာတော့ ရှိသမျှသော ပစ္စည်းထုပ်လေးဆွဲပြီး မင်းသားကြီးအိမ် ရောက်ခဲ့ပါတယ်၊ တနှစ်ကျော်ကျော်လောက် မင်းသားကြီးရဲ့အိမ်ရိပ်အောက်မှာ ခိုလှုံခွင့်ရခဲ့ပါတယ်၊ အခကြေးငွေအကြောင်း တလုံးတပါဒမှမပြောဘဲ ခိုလှုံခွင့်ရခဲ့တာပါ၊ ဒီအကြောင်းတွေ ဒီကိုရောက် နေသူ တော်တော်များများသိကြသလို အခုလက်ရှိတိုင်အောင်လည်းဘဲ ခိုလှုံနေကြသူတွေ ရှိနေပါ သေးတယ်၊ အဓိကအရေးကြီးဆုံးသောအချက်တချက် ကျန်ရှိပါသေးတယ်၊ ပြင်သစ်တိုင်းပြည်ကို မောင်ရင်ငတေတို့လို ရောက်ရှိလာသူများအားလုံးနီးပါးကို စကားပြန်လုပ်ပေးရတာပါဘဲ၊ တချိန်က နိုင်ငံတော်သမတကြီးရဲ့ စကားပြန်ဖြစ်ခဲ့သူ မင်းသားကြီးက မောင်ရင်ငတေရဲ့ စကားပြန်လည်း ဖြစ်ခဲ့ဖူးပါတယ်၊ ပါရီမြို့ကို ရောက်ရှိလာသမျှ ရွှေပြည်တော်သားတော်တော်များများ ဟိုတယ် အန်ကယ်လ်ကြီးမှာ တည်းခိုဖူးနေထိုင်ဖူးကြပါတယ်၊ မောင်ရင်ငတေကတော့ ကံဇာတာတက်ချိန် ဖြစ်ခဲ့လို့ အန်ကယ်လ်ကြီးဟိုတယ် ရောက်ရှိချိန်မှာ မင်းသားကြီးကတပါးတည်း စံမြန်းနေချိန်နဲ့ ကြုံကြိုက်ခဲ့ပါတယ်၊ ကြိုက်သလိုနေ ကြိုက်သလိုစား တပြားမှမပေးရဘဲ ဖရီးနေခွင့်ကြုံခဲ့ရတာပါ၊ ကိုယ်ပေးနိုင်တဲ့အတိုင်းအတာကိုဘဲ လက်ခံရယူပြီး ငွေတန်ဖိုးအကြောင်း တခါမှမပြောခဲ့တာပါ၊ ပြည်ပ အတိုက်အခံနိုင်ငံရေးနယ်ပယ်မှာ ငွေကြေး အရှုတ်တော်ပုံတွေကြောင့် စိတ်ဓါတ်ရေးရာတွေ ပျက်စီးခြစားကုန်ပြီး အဲဒီအများစုဟာ ပြန်တော်မူတီးလုံးအသစ်တွေနဲ့ သာရာစီးကုန်ပါပြီ မျောပါ ကုန်ပါပြီ၊ အဲဒီခေတ်အခါကို ကောင်းကောင်းမှီခဲ့ပြီး လုပ်စားချင်ရင်လုပ်စားဂွင်ကို ကောင်းကောင်းမိ ခဲ့တဲ့ မင်းသားကြီးဟာ သူပြောပြောနေကြ သူ့ရဲ့စကားအတိုင်းပြောရရင် တလုံးချိုင့်ဘဝကိုဘဲ ပျော်ပျော်ကြီးဖြတ်သန်းရင်း ပါရီမြို့တော်ကြီးနဲ့ သိပ်မဝေးကွာလှတဲ့ အနှစ်နှစ်ဆယ်ကျော် သုံးဆယ် နီးပါး သူနေထိုင်နေတဲ့ ပါရီမေထရိုနံပတ် ၈ လိုင်းပေါ်က Créteil – Université ခရေတေးလ် ယူနီဗာစီတေးဘူတာနားကတိုက်ခန်းလေးမှာ ယနေ့ထိတိုင်ဆက်လက်နေထိုင်နေဆဲဖြစ်ပါကြောင်း၊ မောင်ရင်ငတေရဲ့ နေ့ခင်းကြောင်တောင် အိမ်မက်တွေထဲမှာတော့ ရန်ကုန်မြို့လယ် သမတ ရုပ်ရှင်ရုံကြီးမှာ မင်းသားကြီးရဲ့ ရန်ကုန်အလွန် ဇာတ်ကားကြီးကို ခဏခဏ ကြည့်ဖြစ်ကြောင်းပါ၊ ပါရီမြို့စား ရန်ကုန်မင်းသားကြီး အန်ကယ်လ်ကြီး မင်းသားကြီးဦးအောင်ကို အသက်ရာကျော် ဆက်လက်ရှည်ကာ သောက်နိုင်စားနိုင် ပျော်နိုင်ပါးနိုင် ကနိုင်ခုန်နိုင် ပါစေကြောင်း အားလုံးရဲ့ ကိုယ်စား မောင်ရင်ငတေ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ၊ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ မင်းသားကြီး ခင်ဗျား၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ရောက်တတ်ရာရာအတိုအစများ

Comments are closed.