သတင်းဆောင်းပါး

မြန်မာနိုင်ငံ ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့် – Aung Din

(ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၂၄၊ ၁၃ ဒီဇင်ဘာ ၂၀၁၂)
မြန်မာနိုင်ငံ ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်၊ ဒီဇင်ဘာ ၂၁၊ ၂၀၁၂

အပိုင်း (၁)

နိဒါန်း၊

ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ က မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကတဆင့် အသက်ဝင် ရှင်သန်နေပြီ ဖြစ်ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့ နောက် ဖွဲ့စည်းပုံအသစ်အရ တည်ထောင်ဖွဲ့စည်းကြတဲ့ အာဏာ ယန္တရားကြီး များလဲ ရွေ့လျားမောင်းနှင်နေကြပြီ ဖြစ်ပါတယ်၊ အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်၊ တရားလွှတ်တော်ချုပ် စသဖြင့်၊ အဲဒီ အာဏာပိုင်အဖွဲ့အစည်းများ ထဲမှာ လွှတ်တော် ရဲ့ လှုပ်ရှားဆောင်ရွက်မှုများက ဒီ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ အများပြည်သူ စိတ်ဝင်စားစရာ၊ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူများ အထူးအာရုံစိုက်စရာ ဖြစ်နေပါတယ်၊

အထူးသဖြင့် အာဏာပိုင်အဖွဲ့အစည်းများအကြား အပြန်အလှန်ထိန်းကျောင်းပဲ့ပြင်ရေး (Check and Balance) ဆိုတာကို တွင်တွင်ပြောပြီး လွှတ်တော်ကနေ အစိုးရ အာဏာကိုရော၊ တရားစီရင်ရေးအာဏာကိုရော ဝင်ရောက်စွက်ဖက်ဖို့ကြိုးစားတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ အပြင် ခုံရုံးရဲ့ တရားသူကြီးများကိုပါ စွပ်စွဲပြစ်တင်တာ၊ အခုနောက်ဆုံး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ကို ပြင်ဆင်ရေးဆွဲပြီး  နိုင်ငံတော်သမ္မတ ရဲ့ လက်အောက်ခံဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်အပေါ်မှာ လွှတ်တော်ရဲ့ အာဏာ သက်ရောက်ဖို့ ကြိုးစားနေတာတွေက ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်၊ 

တကယ်ကိုပဲ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ဖြစ်အောင် တည်ဆောက်နေတာလား၊ တချိန်က တဖွဲ့တစည်းထဲမှာ ယူနီဖောင်းအတူတူ ရှိခဲ့ရာကနေ အခုမှအစိုးရ ဖြစ်သွားသူတွေကို အာဃာတနဲ့ အားပြိုင်နေတာလား၊ ၂၀၁၅ မှာ သမ္မတ ဖြစ်စရာ ငါမှတပါး အခြားမရှိလို့ ကိုယ့်ကိုကိုယ် ပွဲထုတ်နေတာလား၊ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်၊

တချိန်တည်းမှာပဲ လွှတ်တော်ကနေ အခြားအာဏာယန္တရား နှစ်ခုကို ပဲ့ပြင်ထိန်းကြောင်းဖို့ အပြင်းအထန်ကြိုးစားနေချိန်မှာ လွှတ်တော်တွင်းမှာတော့ လွှတ်တော်ခေါင်းဆောင်များ နဲ့ လူများစုပါတီ (အာဏာရပါတီ) ကို ထိန်းကြောင်းပဲ့ပြင်တဲ့ အတိုက်အခံ မရှိအောင် ဖန်တီးထားတာကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်၊

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော် ရဲ့ ဖွဲ့စည်းလှုပ်ရှားပုံတွေကို စောင့်ကြည့်လေ့လာ ဝေဘန်သုံးသပ်ဖို့ လိုအပ်လာပါတယ်၊ အဲဒီလို လေ့လာသုံးသပ်ရာမှာ ဒီမိုကရေစီစနစ် အခြေခိုင်ပြီးသား အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ရဲ့ ဖွဲ့စည်းတည်ဆောက် လှုပ်ရှားပုံများနဲ့ နှိုင်းယှဉ် သုံးသပ်ပါ့မယ်။ အမေရိကန် ရဲ့ စနစ်က ပိုကောင်းတယ်လို့ ပြောတာမျိုးမဟုတ်ပါ၊ အပျံသင်စ ငှက်တကောင် အဖို့ ကောင်းကင်မှာ မနားတမ်း ပျံသန်းနိုင်တဲ့ အခြားငှက်ကြီးများဆီက သင်ယူစရာတွေ အများကြီးရှိနေတယ်ဆိုတာ သိစေချင်လို့ပါ၊

လွှတ်တော်အချိန်ဇယား နဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အလုပ်ချိန်

အစဆုံးပြောချင်တာကတော့ လွှတ်တော်အစည်းအဝေးများရဲ့ အချိန်ဇယား သတ်မှတ်မှုပါပဲ၊ ၂၀၁၁ ခုနှစ်မှာကျင်းပတဲ့ ပထမအကြိမ် လွှတ်တော် ပထမ အစည်းအဝေးက ဇန်နဝါရီ ၃၁ ရက်နေ့ ကနေ မတ်လ ၂၃ ရက်နေ့အထိ (ပိတ်ရက်များမပါ) ၁၄ ရက် ကြာခဲ့ပြီး ဒုတိယအစည်းအဝေးက ဩဂုတ်လ ၂၂ ရက်နေ့ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ၄၆ ရက် ကျင်းပခဲ့တာမို့ ၂၀၁၁ ခုနှစ်မှာ လွှတ်တော်အစည်းအဝေးများ ၅၇ ရက် ကျင်းပခဲ့ပါတယ်၊

၂၀၁၂ ခုနှစ်မှာတော့ တတိယအကြိမ်အစည်းအဝေး ကို ဇန်နဝါရီ ၉ရက်နေ့ကနေ ဇန်နဝါရီ ၁၂ ရက်နေ့အထိ ၄ ရက်၊ စတုတ္ထအကြိမ်အစည်းအဝေးကို ဇူလိုင် ၄ ရက်နေ့ကနေ စက်တင်ဘာ ၆ရက်နေ့အထိ ရက်ပေါင်း ၄၀၊ ပဉ္စမအစည်းအဝေးကို အောက်တိုဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ၁၃ရက်၊ စုစုပေါင်း ၂၀၁၂ ခုနှစ်မှာ လွှတ်တော်အစည်းအဝေး ၅၇ ရက် ကျင်းပခဲ့ပါတယ်၊

ဆိုတော့ တစ်နှစ်ကို ပျမ်းမျှ ရက် ၆၀၊ နှစ်လ လောက် လွှတ်တော် ရုံးထိုင်တယ်လို့ ယူဆရမှာပါ၊ ရုံးပိတ်ရက်များ နဲ့ ပေါင်းရင် တစ်နှစ်ကို လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ နေပြည်တော်မှာ ၃လလောက် နေပြီး လွှတ်တော်တက်ရပါတယ်၊ ဒါကို တချို့ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အစည်းအဝေး ထိုင်ရတဲ့ ရက်တွေ များလွန်းတယ်လို့ ပြောတော့ အံ့ဩမိပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော် ရဲ့ ၂၀၁၁ ခုနှစ်မှာ ရုံးထိုင်အလုပ်လုပ်တဲ့ နေ့ပေါင်းက ရက် ၂၀၀ ရှိပြီး ၂၀၁၀ ခုနှစ်မှာ ရက်ပေါင်း ၁၆၆ ရက် ရှိခဲ့ပါတယ်၊ ပျမ်းမျှခြင်းအားဖြင့် အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ တစ်နှစ်ကို ရက်ပေါင်း ၁၈၀ (၆လ) လောက် ဝါရှင်တန်ဒီစီမှာ ရုံးထိုင်အလုပ်လုပ်ပါတယ်၊ ကျန်တဲ့ရက်တွေမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်များကို ပြန်ပြီး မဲဆန္ဒရှင်ပြည်သူများနဲ့ ထိတွေ့ဆက်ဆံကြပါတယ်၊ လိုအပ်ရင်၊ သက်ဆိုင်ရာ ကွန်ဂရက် ကော်မီတီ များက တာဝန်ပေးရင် ပြည်ပနိုင်ငံများကို လေ့လာရေးခရီးတွေ ထွက်ကြပါတယ်

အဓိက နားလည်ဖို့က လွှတ်တော်ကိုယ်စားလှယ်များဟာ နိုင်ငံတော်ရဲ့ လစာ နဲ့ အထောက်အပံ့တွေ ကိုခံစားနေကြတာမို့ အခြားအခြားသော နိုင်ငံ့ဝန်ထမ်းများလိုပဲ စနေ၊ တနင်္ဂနွေ နဲ့ နိုင်ငံတော်ရုံးပိတ်ရက်များက လွဲရင် ကျန်တဲ့ ရက်တွေအားလုံးမှာ အလုပ်တာဝန်တွေ ရှိတယ်ဆိုတာပါပဲ၊ 

သူတို့ရဲ့ အလုပ်တာဝန်တွေကို လေး ပိုင်း ပိုင်းခြားနိုင်ပါတယ်၊ လွှတ်တော် အစည်းအဝေးတွေမှာ တက်ရောက်ပြီး ပြည်သူလူထုကိုယ်စား ဆွေးနွေးပြီး ဥပဒေတွေ ပြဌန်းတာ၊ သက်ဆိုင်ရာ လွှတ်တော်ရေးရာကော်မီတီ များရဲ့ တာဝန်ကို ထမ်းဆောင်တာ၊ မဲဆန္ဒရှင်ပြည်သူများနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးတာ၊ နဲ့ လိုအပ်တဲ့ ဥပဒေတွေ ပြဌန်းနိုင်ရေး ဥပဒေကြမ်းများပြင်ဆင်ရေးဆွဲတာတွေပါ၊

ဒီအရေးကြီးတဲ့ တာဝန်တွေကို တနှစ်ပါတ်လုံးမှာ စနစ်တကျ ထမ်းဆောင်နိုင်ဖို့အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်က နှစ်တစ်နှစ်ရဲ့ အစမှာပဲ တစ်နှစ်စာ အချိန်ဇယားကို လူများစုပါတီ၊ လူနည်းစုပါတီ ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးပြီး ထုတ်ပြန်ပါတယ်၊ အဲဒီအချိန်ဇယားမှာ ဝါရှင်တန်ဒီစီ မှာ နေထိုင်အလုပ်လုပ်ရမည့် ရက်များ၊ သက်ဆိုင်ရာ မဲဆန္ဒနယ် မှာ အလုပ်လုပ်ရမည့် ရက်များ နဲ့အနားယူခွင့်ရတဲ့ ရက်များ ကို မျှမျှတတ ခွဲဝေသတ်မှတ်ပါတယ်၊ ဒါကြောင့်လဲ ကြိုတင်ထုတ်ပြန်ထားတဲ့ တစ်နှစ်စာအချိန်ဇယားအတိုင်း အမေရိကန်လွှတ်တော်အမတ်များဟာ သူတို့ ရဲ့ အလုပ်လုပ်ချိန်ကို တိုင်းပြည်အတွက်အကျိုးရှိအောင် စီမံခန့်ခွဲနိုင်ကြပါတယ်၊

မြန်မာနိုင်ငံမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၆ နဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၄၊ ၃၅၊ ၃၆၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၄၊ ၃၅ ၃၆ များအရ လွှတ်တော်အစည်းအဝေးကို ဥက္ကဌ က တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် ခေါ်ယူဖို့နဲ့ တကြိမ် နဲ့ တကြိမ်အကြား ၁၂လ ထက် မကွာစေရ ဆိုတာပဲ ပြဌန်းထားတာမို့ လွှတ်တော်အစည်းအဝေးခေါ်ယူရေးဟာ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌများရဲ့ စိတ်သဘောထားအပေါ်မှာပဲ တည်မှီနေပါတော့တယ်၊ အစည်းအဝေးရက်မတိုင်ခင် ၂၁ ရက်ကြိုပြီး အကြောင်းကြားရင်လုံလောက်ပါတယ်၊

ဒီတော့ မြန်မာနိုင်ငံလွှတ်တော်ရဲ့ အလုပ်လုပ်ချိန်ဟာ တနှစ်မှာ ရက် ၆၀ လောက်ပဲရှိတာမို့ အမေရိကန် ကွန်ဂရက်အမတ်များရဲ့တနှစ်တာအလုပ်လုပ်ချိန် (ရက်ပေါင်း ၁၈၀) နဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေပါသေးတယ်၊

 ပြီးတော့ နှစ်ပေါင်း များစွာ ဥပဒေကင်းမဲ့ခဲ့တဲ့၊ သို့မဟုတ် တရားဥပဒေက အာဏာရှင်ရဲ့ လက်နက်ဖြစ်ခဲ့တဲ့ နိုင်ငံကို ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာအောင် တည်ဆောက်ဖို့အတွက် ဖျက်သိမ်းရမည့် ဥပဒေဟောင်းတွေ အများကြီး၊ ပြဌန်းရမည့်၊ ပြင်ဆင်ရမည့် ဥပဒေတွေ အများကြီး ရှိနေတာမို့ ဒီထက်ပိုပြီး အလုပ်လုပ်ကြရမှာပါ၊

အဓိက လိုအပ်တာက မြန်မာလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ နှစ်တစ်နှစ်အတွင်းမှာ ဥပဒေပြုလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့၊ လွှတ်တော်ရေးရာကော်မီတီများရဲ့ အထူးပြုတာဝန်တွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့၊ မဲဆန္ဒရှင်ပြည်သူများရဲ့ အသံကို စိတ်ရှည်လက်ရှည် နားထောင်နိုင်ဖို့ နဲ့ လိုအပ်တဲ့ ဥပဒေကြမ်းတွေ လုံလုံလောက်လောက် ပြင်ဆင်ရေးဆွဲနိုင်ဖို့ လွှတ်တော်ရဲ့ တနှစ်စာအချိန်ဇယားကို လွှတ်တော် ဥက္ကဌများက နှစ်တနှစ်ရဲ့ အစမှာ စနစ်တကျ ရေးဆွဲပြဌာန်းဖို့ပါပဲ၊

လေးစားစွာ၊ အောင်ဒင်

နိုဝင်ဘာ ၂၆၊ ၂၀၁၂

(အမေရိကန်မှ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အောင်ဒင်ကို ဘန်ကောက်ဆေးရုံတွင် လက်ပံတောင်းတောင် အကြမ်းဖက်မှုထိခိုက် ဒဏ်ရာရ သံဃာတော် ဦတိက္ခဥာဏ၊ မြန်မာပြည်က ကိုကိုကြီး နှင့်အတူ တွေ့ရစဉ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မြန်မာနိုင်ငံ ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့် – Aung Din
  1. ဦးအောင်ဒင်ပြောတာမှန်ပါသည်။ တနှစ်မှာ ၃၆၅ ရက်ရှိသည်ကြောင့် နှစ်ဝက်ခန့်  ရက် ၁၈၀ ကို လွှတ်တော်အမတ်များ ပါလီမန်တက်သင့်ပါသည်။ လိုအပ်လာလျှင်လိုအပ်သလို ဥပဒေပြင်ဆင်ရေးများကိုဦးစားပေးလုပ်သင့်ပါသည်။ ဌင်းဥပဒေပြင်ဆင်ရေးလုပ်ငန်းများ နှောင့်နှေးနေပါက၊ ဌင်းကို အခွင့်အရေး အရယူတဲ့ စားဖားကြီးများ၊ ခရိုနီကြီးများ၊ တပ်ဖက်က အင်းကျီချွတ်ထားတဲ့ အရပ်ဖက်ကမိုးကျရွှေကိုယ်ညွှန်ချုပ်ကြီးများ ကလဖန်မထိုးနိုင်အောင် လွှတ်တော်အမတ်များ ပြည်သူ့ အတွက် အချိန်ပိုပေးပြီး ဥပဒေပြင်ဆင်ကြပါ ခင်ဗျား။

Comments are closed.