သရော်စာ

ဖွတ်ကလေးနှင့် ခက်သေးရွာ ယုန်ကန်ဆေးရုံကြီး အဆင့်မြင့်မားရေး

အီကြာအော်
ဒီဇင်ဘာ ၁၉၊ ၂၀၁၂
 တပည့်ကျော် ဖွတ်ကလေးက အူယားဖားယား ပြေးလာပြီး သူ့ဆရာ အီကြာအော်ကို ဖောက်သည်ချလေသည်။

“ဆရာအော်ရေု ကျုပ်တို့ ကုန်ရန်ဆေးရုံကြီး  အဲယောင်လို့ ယုန်ကန်ဆေးရုံကြီးကို သူကြီးက ခေတ်မှီအောင် အဆင့်မြှင့်တော့မယ်တဲ့”

အီကြာအော်သည် ခက်သေးရွာသားတို့ ထုံးင်္စအတိုင်း ဆရာကြီး စတိုင်ဖြင့် သူမသိသေးသော်လည်း သိလေဟန်ဖြင့်

“မင်းကလည်းကွာ ဒါများ ဘာထူးဆန်းလို့လည်း”

“ဆရာအော်ကလည်း ဒီတစ်ခါတော့ သူကြီးဆိုတော့ တကယ်ဖြစ်အောင်လုပ်မှာပါ”

အီကြာအော်က ပြောပေါင်းများလို့ ရိုးနေပါပြီ ဟူသောမျက်နှာထားဖြင့်

“ဟေ့ကောင် ရွာလူကြီးတွေ မြို့တက်ပြီး ဆေးသွားမကုပဲ တို့ ယုန်ကန်ဆေးရုံကြီးမှာ ဆေးကုတဲ့နေ့ဆိုရင်တော့ ငါယုံမယ်လေ”

ခက်သေးရွာမှ လူကြီးများကား ရွာနားကမြက် ရွာနွားမစားသကဲ့သို့ ဖင်နာခေါင်းနာ လိပ်ခေါင်းလောက် ရောဂါကအစ ယုန်ကန်ဆေးရုံကြီးတွင် ဆေးမကုပဲ မြို့ပေါ်တက်ကာ ဘောက်ကန်၊ စူကာပင် စသောဆေးရုံကြီးများတွင် ဆေးကုသလေ့ရှိသည်။

“ပြီးတော့ ယုန်ကန်ဆေးရုံကြီးက အထူးကု ဆရာဝန်ကြီးတွေက သူတို့ကိုယ်တိုင် နေမကောင်းဖြစ်ရင်ကော သူတို့လည်း မြို့ပေါ်ရှိ တခြား ဆေးရုံတွေမှာ သွားကုကြတယ် မဟုတ်ဘူးလား ဖွတ်ကလေးရဲ့ ”

“တစ်ယောက် တစ်လေလောက်ပဲ သွားကုနိုင်တာပါ ဆရာအော်ရယ်”

“ြဲပီးတော့ ၀က်ပိုင်မှ စားသာတာ ပြောတယ်”

“ဟာ ဆရာဝန်ကြီးတွေက ၀က်မွေးတယ် ဟုတ်ရဲ့ လား ကွာ၊ ကြံကြီးစီရာ”

“ဟို လူနာဆောင်ပိုင်တာ ပြောတာလေ ဆရာရဲ့ ”

“မင်းကလည်းကွာ ၀ပ်ဒ်ပိုင်ပြောပါ”

“ယုန်ကန်ဆေးရုံကြီးက ဒိသာပါမောက္ခကြီးတွေက နိုင်ငံခြားပြန်ကြီးတွေဆိုတော့ ဆေးကုတာ တစ်ဘက်ကမ်းခတ်မှာပေါ့ ဆရာအော်ရဲ့ ”

“ငါ့လှေငါထိုး ပဲခူးရောက်ရောက်ပေါ့ ဖွတ်ကလေးရယ်”

မင်းငယ်ပါသေးတယ်ဆိုသော အကြည့်ဖြင့် အီကြာအော်က သူ့တပည့်ကို ကြည့်လိုက်သည်။

“သူတို့မှာက ရှိတာလေးနဲ့ လှအောင်ကနေရတာ ဆရာအော်ရဲ့ ၊ ဆရာဝန်တွေ ကြည့်ရတာလည်း ဖတ်ဖတ်ကို မောလို့ပါပဲ”

ဟုတ်တော့လည်း ဟုတ်သည်။

ဆရာဝန်ကြီးများမှာလည်း ပင်ပန်းကြရှာသည်။

ညကြီးသန်းခေါင်အထိ ဆေးရုံမှာ လူနာတွေ ကြည့်ရသူ ဆရာဝန်ကြီးများ ရှိကြသည်။

ဆရာဝန်ကြီးတချို့ ခမြာ လူနာကြည့်ရင်း ငုတ်တုတ်မေ့သလို ငုတ်တုတ်အိပ်ပျော်သူများရှိသည်။ သနားစရာပေတကား။

သာမန် ခက်သေးရွာသားများမှာကား ယုံယုံ မယုံယုံ၊ ကန်ကန် မကန်ကန်၊ ယုန်ကန်ဆေးရုံကြီးသာ အားကိုးစရာ ရှိပေသည်။

ငွေကြေးတတ်နိုင်သူ လူကူံထံများကလည်း ဘောက်ကန် နှင့် စူကာပင် ဆေးရုံများသို့ သာ ဆေးသွားကုကြသည်။

“ဖြည်းဖြည်းပေါ့ ဆရာအော်ရယ်”

“စိတ်မစောကြပါနဲ့”

ဖွတ်ကလေးက သွားလေသူ ဒေါက်တာမောင်မောင်၏ လေသံမျိုးဖြင့်ပြောသည်တွင်

အီကြာအော်လည်း မနေနိုင်တော့ပဲ

“မင်းက နောက်ထပ် နှစ်အစိတ်လောက် ကြာဦးမယ် ပြောတာလား”

“ငါတို့လည်း အဲလောက်ဆိုရင် လူ့ဘ၀ကနေ ပင်စင်ရလောက်ပြီ”

ထိုအခါတွင် ဖွတ်ကလေးက သူကြီးနှင့်ကိုင်ကာ ပေါက်တော့သည်။

“ဘာလည်း၊ ဆရာအော်က သူကြီးကို မယုံဘူးလား”

သူကြီး နံမည်ကြားရတော့ အီကြာအော် လေနည်းနည်းလျော့ သွားသည်။ သူကြီးကိုတော့ ခက်သေးရွာသားများက ချစ်ကြောက်ရိုသေကြ သည်။ သို့သော်လည်း ဆရာအော်က အလျော့မပေးသေးသော လေသံဖြင့်

“အဲဒါဆိုရင် စားတာရော၊ ရိတ်တာပါ မျှပေးနေရတဲ့ စားရိတ်မျှပေးဆိုတာတွေ ဖျက်ပစ်ရင် ကောင်းလိမ့်မယ်”

“ငါတို့ ရွာသားတွေလည်း စားရိတ်တင်မကဘူး ဆေးဝါးပစ္စည်းက မစုံတော့ အသက်ပါ မျှပေးနေရတာ”

“ဟုတ်ပါ့ ဆရာအော်ရေ၊ ကျုပ်တို့ရွာသားတွေက အသက်ကို ဖက်နဲ့ ထုတ်တားရတာ ကလား”

“ဟေ့ကောင် ဖွတ်ကလေး၊ အခုတော့ တောပြုန်းသွားလို့ တို့ခက်သေးရွာမှာ ဖက်တောင်မရှိတော့ဘူး”

“အသက်ကို ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတယ် ပြောရပေလိမ့်မယ်”

အီကြာအော်လည်း သူ့အကွက်ထဲ ၀င်လာသဖြင့် ဆရာကြီးလုပ်တော့သည်။ ခက်သေးရွာသားများက ယုန်ကန်ဆေးရုံကြီးကို ကွယ်ရာတွင် ကား “တင်တင်ချော”ဟု လည်းကောင်း၊ “ဆေးရုံ” အစား“ဆေးကုန်” ဟုလည်းကောင်း အတင်းတုတ် သမုတ်ကြလေသည်မဟုတ်ပါလား။

ရှေ့ တွင်တော့ “ဟုတ်ကဲ့ပါ ဆရာကြီး၊ ဟုတ်ကဲ့ပါ ဆရာကြီး” ဟူကာ ပြန်မပြော နားမထောင် လုပ်သည်မှာ ခက်သေးရွာ၏ ဓလေ့သာ ဖြစ်တော့သည်။ ဆေးရုံမှဆင်းပြီးလျှင် အတင်းပေါင်း သောင်းခြောက်ထောင်ကို ပြောတော့သည်။ပြီးလျှင် ဖွတ်ကလေးက ၀မ်းသာအားရဖြင့်

“အခု ယုန်ကန်ဆေးရုံကြီးမှာ နှလုံးနှိုးစက် အသစ်ချပ်ချွတ်တွေ ရောက်နေပြီပြောတယ်”

“တလောက ခက်သေးရွာသား ကျောင်းဆရာ အိုပါးတစ်ယောက် နှလုံးရပ်သွားတာ ဆရာအော် သိတယ်မဟုတ်လား”

ကျောင်းဆရာပေါ်ကြီးတစ်ယောက် ကိုရီးယားကား ကြည့်လွန်းသဖြင့် သူ့ကို အိုပါးဟု အမည်ပြောင် ပေးထားကြသည်။

“သိတယ်လေကွာ၊ သူက ရုပ်ရှင်တွေပဲထိုင်ကြည့်ပြီး ကိုယ်လက် လှုပ်ရှားမှုမရှိတော့ နှလုံးသွေးကြော ပိတ်တော့တာပေါ့”

“အဲဒါ ဆရာရေ၊ နှလုံးနှိုးစက်နဲ့ ကောက်နှိုးလိုက်တာ ငေါက်ကနဲပဲတဲ့”

နှလုံးနှိုးစက်ဖြင့် သူကြီး၏ကားအိုအား ဘက်ထရီထောက် နှိုးသကဲ့သို့ နှိုးသဖြင့် နှလုံးနိုးကာ အသက်ရှင်ရသည်။အံ့ဘွယ်ပေတကား။

“အဲဒါကို ကြားသွားပြီး အမေရိကားက ဆရာဝန်ကြီးများတောင် ယုန်ကန်ဆေးရုံကြီးမှာ နှလုံးနှိုးခြင်းကို လာရောက် လေ့လာရတယ်လို့ ပြောကြတယ်”

ဖွတ်ကလေးက ဂုဏ်ယုသော လေသံဖြင့် ပြောသည်တွင် ဆရာအော်က

“အဲဒါကတော့ မင်းနည်းနည်းပိုသွားပြီ”

“မီးမလာရင်ကော ဘယ်လိုလုပ်မှာလည်း”

“ဟေ့ကောင်၊ မင်း ကော်မစ်ရှင်များ ရသလားမသိဘူး”

“အရင်တုန်းက မင်းပဲ ယုန်ကန်ဆေးရုံအကြောင်း ရစရာမရှိအောင်ပြောပြီးတော့”

ဖွတ်ကလေးကား ရယ်ကြဲကြဲလုပ်နေသည်။

“မင်း အခုတစ်လော ပျောက်နေပါလားကွ”

ဆရာအော်က မေးလိုက်သည်တွင်

“ကျွန်တော် အလုပ်ရနေပြီ ဆရာအော်ရေ”

“ဘာအလုပ်လည်း ဖွတ်ကလေး”

“ယုန်ကန်ဆေးရုံမှာ အလုပ်သမားပေါ့”

“ဆရာအော်ပဲ အလုပ်ဟူသမျှ ရေရှိမှဆို”

ဖွတ်ကလေးက အီကြာအော်ကို မရမက ဆွဲထည့်တော့သည်။

“အလုပ်ဟူသမျှ ဂုဏ်ရှိစွ လို့ ပြောပါကွာ”

“ငါ့ကို အလကားနေရင်း နံမည်လာမဖျက်ပါနဲ့ ဖွတ်ကလေးရာ”

ဖွတ်ကလေးက ဖားသည့်လေသံဖြင့်

“အဲဒါ ကိုယ့် ဆရာသမားမို့လို့ လာပြီး အကြောင်းကြားတာ”

“ဒီနေ့ လူနာရုံစောင့်အလုပ် စရတော့မှာမို့လို့ အုပ်ကြီး အုပ်လေးတွေကို ကန်တော့ အဲ သတင်းပို့ရဦးမယ်”

“သွားလိုက်ဦးမယ် ဆရာအော်ရေ့ ”

ဖွတ်ကလေးတစ်ယောက် ဂုဏ်ယုဝင့်ကြွားစွာဖြင့် ထွက်သွားသည်တွင် အီကြာအော်လည်း နောက်တစ်ခါ ယုန်ကန်ဆေးရုံသို့ လူနာသွားမေးလျှင်တော့ တပည့်ကျော် ဖွတ်ကလေးအားကိုးဖြင့် ဆေးရုံဝင်ခ လာဘ်ထိုးစရာ မလိုတော့ပဲ ဗွီအိုင်ပီ ဖြစ်ရချေသေးရဲ့  ဟူသော အတွေးဖြင့် သဘောကျကာ ခေါင်းတညိတ်ညိက်ဖြင့် ကျန်ရစ်ခဲ့တော့ လေသတည်း။       ။

ယုန်ကန်ဆေးရုံကြီး အဆင့်မြင့်ပါစေ
သဗ္ဗေသတ္တာ ကမ္မသကာ

မှတ်ချက်-
ဘောက်ကန်=ဘန်ကောက်
စူကာပင်=စင်္ကာပူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖွတ်ကလေးနှင့် ခက်သေးရွာ ယုန်ကန်ဆေးရုံကြီး အဆင့်မြင့်မားရေး
  1. တခါလာလည်း“မဲပြာပုဆိုး”လူတော်၊လူတတ်တွေအကြောင်းချည်းဖတ်နေ၇လို.ဒီလိုစာတွေဖတ်၇တော့ ”၇ီ၇တယ်”“ဗြဲ”။အီကြာအော်ဒီလိုေ၇းလိုက်တော့ထိတ်ပိုင်းကလူကြီးမင်းတွေ၇န်ကုန်ဆေး၇ုံကြီးကို ကျော်ပြီးနိင်ငံခြားဆေးသွားကု၇မှာအနည်းနဲ.အများတော့အင်တင်တင်ဖြစ်သွားကျမှာဘဲ။သနားပါ တယ်။

Comments are closed.