ကဗျာ ကမာပုလဲ

ညက … ရှင်ဒဲလား စာရင်းကို ပြန်လည် ကြည့်ဖြစ်ခြင်း (Kama Pale)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ညက … ရှင်ဒဲလား စာရင်းကို ပြန်လည် ကြည့်ဖြစ်ခြင်း

ကမာပုလဲ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၂

 
ညက … ရှင်ဒဲလားစာရင်း ကို ပြန်ကြည့်ဖြစ်တယ်

 

ရုပ်ရှင်ဇာတ်ကားကြီးကို တီဗွီဖန်သားပြင်ပေါ်မှာ
ပြန်လည်ကြည့်ရှု ခံစားခွင့်ရရှိခြင်း

ဆေးရောင်စုံ မဟုတ်၊ အဖြူအမည်း

ဒုတိယ ကမ္ဘာစစ် အဖြစ်အပျက်

မော်ကွန်းရုပ်ရှင် ကြည့်နေရသလိုပဲ …။

ဂျာမန်ဗိုလ်က

နံနက်အိပ်ယာအထမှာ

ဝါးရံတာထွက် စီးကရက်ဖွာတယ်

စနိုက်ဖါ သေနတ်တလက်နဲ့

ခိုက်ခိုက်တုန် နှင်းထူထူထဲ

အလုပ်ကြမ်း လုပ်ပေးနေရတဲ့ ဂျူးသုံ့ပန်းတွေကို

အပြင်းပြေ ပစ်ခတ်သတ်ဖြတ်တယ်

ပြီးမှ ရေအိမ်ထဲဝင်

အပေါ့အပါးသွားတယ်။

ဂျာမန်ဗိုလ်တွေအတွက်

သုံ့ပန်းတွေကို သတ်ဖြတ်ရတဲ့ အလုပ်ဟာ

ထမင်းစား၊ ရေသောက်တာကမှ

ခက်ကောင်း ခက်နေပါဦးမယ် ….။

အရှင်လတ်လတ်

ဦးခေါင်းတည့်တည့်ကို ပစ်ခတ်လိုက်တဲ့အခါ

စီးကျလာတဲ့သွေးတွေဟာ

နှင်းဖြူဖြူ ရေခဲပြင်လမ်းမထက်

မြွေတကောင်လို စီးဆင်းသွားရင်း

ပစ်ခတ်သူ ဂျာမန်ဗိုလ်ရဲ့ စစ်ဘိနပ်ဦးမှာ ရပ်သွားတယ်။

ဂျာမဏီ အဖနိုင်ငံတော်ကြီး ဘယ်လို ကျဆုံးခဲ့ပါသလဲ

အဓိအပတိ ခေါင်းဆောင်ကြီး ဟစ်တလာ

ဘယ်ပုံ နိဂုံးချုပ်ခဲ့ပါသလဲ …

သူ

ဟစ်တလာ

ဗာဆိုင်းစာချုပ်ကို ဆုတ်ဖြဲလိုက်သူ

သူ့ကို ဘယ်သူတွေက ဘယ်အကျိုးစီးပွားအတွက်

လျစ်လျူရှု မြှောက်ပင့် သွေးထိုးပေးခဲ့ပါသလဲ …။

၂၁ ရာစုမှာ

ဆက်ဒန်ဟူစိန်

အိုစမာဗင်လာဒင်

မိုမန် ကဒါဖီ

…………..

……………။

ညက … ရှင်ဒဲလား စာရင်း ကို ပြန်ကြည့်ဖြစ်တယ်

နာဇီ အကျဉ်းစခန်းထဲကနေ

အရှေ့အလယ်ပိုင်းမှာ

အစ္စရေးနိုင်ငံကို ပြန်လည်ထူထောင်မယ့်သူ

ဗင်ဂူရီယန် လွတ်မြောက်လာတယ်

သူတို့ … သူတို့တွေ လွတ်မြောက်လာတယ်။

တလောက

ဇာဂနာ လွတ်မြောက်လာတယ်

မစုစုနွေး လွတ်မြောက်လာတယ်

သူတို့ … သူတို့ လွတ်မြောက်လာကြတယ် …။

အဲဒီလို

လွတ်မြောက်မှု အကြောင်းတွေကို

ခံစား စဉ်းစားနေရင်းက

မလွတ်မြောက်သေးတာ ကမ္ဘာကြီးပဲ …

ညက ရှင်ဒဲလား စာရင်းကို ပြန်ကြည့်ဖြစ်တယ်။ ။

ကမာပုလဲ

၂၆၊ ၁၀၊ ၂၀၁၁။

ရှင်ဒဲလား စာရင်း= Schindler’s List = ဒုတိယ ကမ္ဘာစစ်နောက်ခံ ဒါရိုက်တာ စတီဗင် စပီးဘာခ် ( Steven Spielberg) ရိုက်ကူးခဲ့သော အဖြူအမည်း ရုပ်ရှင်ဇာတ်ကား။

ရုပ်ရှင် ရုံတင်သည့် နေ့စွဲ။ ။ 30 November 1993 (DC)။ 1 December 1993


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts