ခေတ်ပြိုင်အတွေ့အကြုံ

ရောက်တတ်ရာရာ အတိုအစများ


မောင်ရင်ငတေ
ဒီဇင်ဘာ ၁၄၊ ၂၀၁၂နှစ် ၈၅၀ ပြည့် နော့ထရ်ဒမ်ဘုရားကျောင်း (La cathédrale Notre-Dame de Paris)

 
« Via viatores quaerit »
Je suis la voie qui cherche des voyageurs. I am the Way which seeks travelers.

၁၁၆၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့သော (Notre-Dame de Paris ၊ Our Lady of Paris) နော့ထရ်ဒမ်ဘုရားကျောင်းဟာ အေဒီ ၁၂ ရာစု ဥရောပအနောက်ပိုင်း ဒေသတွေမှာ ပေါ်ထွန်းခဲ့တဲ့ (Architecture gothique) ဗိသုကာပညာ လက်ရာတွေထဲမှာ အကောင်းဆုံး အထင်ရှားဆုံး အဆောက်အဦတခု ဖြစ်ပါတယ်၊ ဒီဘုရားကျောင်းကြီး တည်ဆောက်ခဲ့တာ လာမယ့်နှစ် ၂၀၁၃ မှာ နှစ်ပေါင်း ၈၅၀ ပြည့်မြောက်မှာဖြစ်ပါတယ်၊ ဒီပွဲတော်ကြီးကိုကျင်းပဖို့ ကြိုတင်ပြင်ဆင်နေတာတော့ ကြာပါပြီ၊ ကမ္ဘာ့ရိုမန်ကာသိုလစ် ဘုရားကျောင်းတွေထဲမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံး အထင်ရှာဆုံး လူသိအများဆုံး ဘုရားကျောင်းကြီးတခုပါ၊ တနှစ်တနှစ်မှာ ဧည့်ဦးရေ ၁၄ သန်းကျော် လာရောက်ကြည့်ရှု လည်ပတ်ကြတယ်လို့ ဆိုပါတယ်၊ နေ့စဉ်နဲ့အမျှတော့ ဘုရားကျောင်းကြီးရှေ့မှာ တွေ့နေရတဲ့ လူအုပ်ကြီးကတော့ မနည်းမနောပါဘဲ၊ မောင်ရင်ငတေဆီကို အလည်လာတဲ့ဧည့် မှန်သမျှကိုလည်း မရောက်မရှိရလေအောင် အမြဲရောက်အောင် အဓိကထား ပို့ပေးရတဲ့နေရာတခု ဖြစ်တာကတော့ အသေအခြာပါ၊


နော့ထရ်ဒမ်ဘုရားကျောင်းဟာ ပါရီမြို့လယ်ကို ဂငယ်ပုံစံဝိုက်ကာ ဖြတ်စီးဆင်းသွားတဲ့ (La Seine)  စဲန်းမြစ်လယ်ခေါင်မှာတည်ရှိတဲ့ သဘာဝကျွန်း l’Île de la Cité ပေါ်မှာရှိပါတယ်၊ Louis VII (Louis le Jeune) လူဝီ ၇ (၁၁၂၀-၁၁၈၀) ဘုရင်လက်ထက် မူလလက်ဟောင်း Saint Stephen ဘုရားကျောင်း အဆောက်အဦးကို ဖျက်သိမ်း၍ နော့ထရ်ဒမ်ကျောင်းကို အေဒီ ၁၁၆၃ ခုနှစ်တွင် စတင်၍ တဆင့်ပြီးတဆင့် တည်ဆောက်ခဲ့တာမှာ အနှစ် ၁၈၀ ခန့်အကြာ ၁၃၄၅ ခုနှစ်ရောက်မှသာ ယနေ့မြင်တွေ့နေရတဲ့အတိုင်း ပြီးစီးခဲ့တယ်လို့ဆိုပါတယ်၊ ၆၉ မီတာ (၂၂၆ ပေ) အမြင့်ရှိတဲ့ ဘုရားကျောင်းမျှော်စင်အပေါ်သို့ တက်ကြည့်မယ်ဆိုရင်တော့ ဓါတ်လှေခါးမရှိပါဘူး၊ ဝင်ကြေးငွေ တယောက်ကို ၈ ယူရိုခွဲ ပေးရ မှာဖြစ်ပြီး လှေခါးထစ်ပေါင်း ၄၂၂ ထစ် (တချို့ကိုယ်တိုင် ရေတွက်ဖူး သူများအပြောအရ အထစ် ၄၀၀ မရှိဘူးလို့ပြောကြတာပါဘဲ ဘာကိုယုံရမလည်းတော့ မသိပါဘူး) တက်ရမှာဖြစ်ပါတယ်၊ အချိန်တနာရီခန့် ကြာမှာဖြစ်ပြီး အိမ်သာလည်းမရှိပါဘူး၊ မျှော်စင်ပေါ် ရောက်သွားပြီးရင်တော့ စဲန်းမြစ်ကြောင်းတလျှောက် တောက်လျှောက်တွေ့ရမဲ့ ပါရီမြို့တော်ကြီးရဲ့ လှပပုံကို တွေ့ရတာနဲ့ တန်ပါတယ်လို့ ပြောကြတာပါ၊ တန်မတန်ကတော့ ကိုယ်တိုင်လာရောက် ကြည့်ရှု့ဖူးတဲ့သူတွေ သိကြမှာပါ၊ ပါရီမြို့နဲ့စဲန်းမြစ် စဲန်းမြစ်ရဲ့ရေလယ်ကျွန်းပေါ်က ဒီဘုရားကျောင်း သမိုင်းတွေကတော့ တဆက်တစပ်တည်းပါဘဲ၊ ဒီသုံးခုပေါင်းတဲ့သမိုင်းအစဟာ ပါရီသမိုင်းအစပါဘဲ၊ ဒါကိုလည်းဘဲ ပြင်သစ်သမိုင်းအစလို့ ခေါ်ဆိုနိုင်တာပါ၊
 
Le point zéro des routes de France

ပါရီမြို့သမိုင်းကြောင်းဟာ နော့ထရ်ဒမ်ဘုရားကျောင်းရဲ့ သမိုင်းကြောင်းနဲ့ အမြဲယှဉ်တွဲပြောမှ ပြီးပြည့်စုံတာပါ၊ ဘုရားကျောင်း တည်ရာနေ ရာက ပါရီမြို့ရဲ့ မြို့လည်ခေါင်တည့်တည့် ဖြစ်ရုံသာမက နိုင်ငံတနိုင်ငံ မြို့တမြို့ရဲ့ ခရီးမိုင်အကွာအဝေးကို တိုင်းတာရာမှာ ဗဟိုလ်ချက်နေရာ Le point zéro des routes အဖြစ်သတ်မှတ်ထားတဲ့နေရာက ဒီဘုရားကျောင်းကြီးရဲ့ မျက်နှာစာအရှေ့ တည့်တည့်မှာရှိတာပါ၊

အရင် ၂၀၀၇ တုန်းကထိ ပါရီ ရန်ကုန် အကွာအဝေးကို ၈၈၉၈ ကီလိုမီတာ ( ၅၅၂၈ မိုင်၊ ၄၈၀၄ နော်တီကယ်မိုင်) ကွာဝေးပါတယ်လို့ မှတ်ထားရာကနေ ယခုမနေ့တနေ့က အီဖယ်တာဝါပေါ် ရောက်တော့ ၈၉၉၈ ကီလိုမီတာလို့ ပြောင်းရေးထားတာကို တွေ့ခဲ့ရပါတယ်၊ ဘယ်လိုဘယ်လို နည်းစံနစ်တွေ ပြောင်းလည်းတိုးတက်သွားလို့ ပါရီနဲ့ရန်ကုန် ကီလိုမီတာ ၁၀၀ ပိုဝေးသွားရကြောင်း နားမလည်နိုင်ပါခင်ဗျာ၊


မောင်ရင်ငတေတို့ ရွှေနိုင်ငံတော်ရဲ့ ဗဟိုလ်ချက်နေရာကတော့ ခုအခါ ဘယ်ဒေသကို ပြောင်းရွှေ့ သွားပြီလဲတော့ မသိပါဘူးခင်ဗျာ၊ ဘယ်မြို့ဘယ်နေရာဒေသမှာ သတ်မှတ်ထားတာကိုလည်း မောင်ရင်ငတေ တခါဖူးမျှ မဖတ်ဘူးကြောင်း မကြားဘူးကြောင်းပါ၊ အကယ်၍များ မောင်ရင်ငတေ ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ် သတ်မှတ်ခွင့်များရမယ်ဆိုရင်တော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား ရင်ပြင်တနေရာရာ သို့မဟုတ် ပုဂံရွှေစည်းခုံစေတီက ကျန်စစ်သားမင်းရဲ့ အရိန္ဒမာလှံချက် နေရာကို သတ်မှတ်ချင်ကြောင်းပါ၊ ဒါပေမဲ့ မောင်ရင်ငတေလို ဘာမဟုတ်ညာမဟုတ်အဆင့် အကောင်မျိုးက ဒီလိုအကြံပြုလို့ လူတကာဟားတိုက်တာ ခံရမှာလည်းစိုးပါတယ်၊ နော့ထရ်ဒမ်ဘုရားကျောင်းဟာ ပုဂံခေတ် အနော်ရထာနဲ့ ကျန်စစ်သားမင်းတို့ တည်ဆောက်ခဲ့တဲ့ ရွှေစည်းခုံစေတီ (အေဒီ ၁၀၈၄) အာနန္ဒာစေတီ (အေဒီ ၁၀၉၁) တို့ထက် နှစ်ပေါင်း ၇၀ ဝန်းကျင်နောက်ကျပြီးမှ စတင်တည်ဆောက် ခဲ့တာပါ၊


ဘုရားကျောင်းတည်ဆောက်ထားတဲ့ ဗိသုကာပညာရပ် ဘုရားကျောင်းပတ်ပတ်လည်မှာ ထုဆစ် ထားတဲ့ရုပ်တုတွေ ဘုရားကျောင်း အတွင်းမှာရှိတဲ့ သမိုင်းဝင်ဘာသာရေးဆိုင်ရာ အနုပညာလက်ရာ တွေကိုတော့ မောင်ရင်ငတေရဲ့ဗဟုသုတရှိသမျှသော ဥာဏ်လေးတထွာ တမိုက်နဲ့ မမှီနိုင်တော့ ဘယ်လိုမှရှင်းလို့ မပြတတ်ပါဘူး၊ တတ်သမျှမှတ်သမျှ ရှင်းရမယ်ဆိုရင်လည်း တထောင့်တညထက် ပိုကြာသွားနိုင်ပါတယ်၊ မောင်ရင်ငတေ ခပ်ငယ်ငယ်တည်းက ကြားဖူးနာဖူးခဲ့တာကတော့ နော့ထရ်ဒမ်က ခါးကုန်းကြီး ဆိုတာပါဘဲ၊ ဘယ်သူလဲဘာလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲ သေခြာ မောင်ရင်ငတေမသိပါဘူး၊ ခါးကုန်းကြီးဆိုတာနဲ့ ကြောက်စရာဆိုတာဘဲ မှတ်မိပါ တယ်၊ ရေးတဲ့သူ ပြင်သစ်လူမျိုး Victor Hugo ဗစ်တာဟျူးဂိုး (၁၈၀၂-၁၈၈၅) ဘာညာဆိုတာကတော့ ဝေးလို့ပေါ့ ဗျာ၊ ဘယ်သိပါမလဲလေ၊ စာအရေးကောင်းလွန်လွန်းလို့ အာဏာပိုင်တွေရဲ့ရန်ကလွတ်အောင် တိုင်းပြည်က စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကမ္ဘာကျော်ပြည်ပြေး ကဗျာဆရာ ဝတ္ထုရေးဆရာ ပြဇာတ်ရေး ဆရာကြီး ဗစ်တာဟျူးဂိုးဆိုတာကို အခုမှကောင်းကောင်းသိတာပါ ခင်ဗျာ၊ ဂျာမန်ပြည်ပြေးက ပြင်သစ်ကိုပြေး၊ ပြင်သစ်ပြည်ပြေးက အင်္ဂလန်ပြေး၊ အင်္ဂလိပ်ပြည်ပြေးက ဂျာမဏီပြေး ဒီလိုဘဲ ဝိုင်းကြီးပတ်လည် ပြေးနေကြတာပါ၊ အမေရိကားကတော့ သွားရေးခက်လို့ ဝေးလို့ထင်ပါတယ် သိပ်မပြေးကြပါဘူး၊ ပြင်သစ်ပြည်ရောက် နာမည်ကြီး ပြည်ပြေးအရေအတွက်ကတော့ အဲဒီခေတ်က အတော်ကြီးကို များပြားခဲ့ပါတယ်၊ ဒီလူကြီးတွေအကြောင်းတော့ စာတပုဒ်ရေးလို့ရပါတယ်၊ နောက်များမှရေးပါအုံးမယ်၊

စတင်ဆောက်လုပ်ခဲ့တဲ့ နှစ် ၈၅၀ ပြည့် ပွဲတော်ကြီးကို ၁၂ ဒီဇင်ဘာ ၂၀၁၂ ကနေ ၂၄ နိုဝင်ဘာ ၂၀၁၃ ထိ တနှစ်နီးပါးကို ကျင်းပပြုလုပ်မှာလို့ ဆိုပါတယ်၊ ဘာတွေများဘယ်လို ကျင်းပမလဲတော့ သေချာမသိပါဘူး၊ အဓိကကတော့ ဘုရားကျောင်းမျှော်စင်ထိပ်ပေါ်မှာ ခေါင်းလောင်းအသစ်တွေ တပ်ဆင်မှာ ဖြစ်ပါတယ်၊ ၈၅၀ ပြည့်အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်းအသစ် နှစ်မျိုးထုတ်ဝေမယ်၊ လူမျိုးပေါင်းစုံပါဝင်တဲ့ ဂီတအဖွဲ့တွေနဲ့ သီဆိုတီးခတ် ပူဇော်မယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဘုရားကျောင်းနဲ့ပတ်သက်တဲ့ သမိုင်းအဆက်ဆက် ပြပွဲတွေရှိမယ်ပေါ့လေ၊ အနှစ် ၈၅၀ ကနေ နောက်ထပ် ကမ္ဘာကြီးတည်ရှိနေသ၍တော့ ဒီ နော့ထရ်ဒမ်ခေါ် အာဝါလေဒီ ဘုရားကျောင်းကြီး တည်ရှိနေလိမ့်မယ်လို့ ယုံကြည်နေကြသူများ များလှပါကြောင်းပါ၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts