ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

နာရေးကူညီမှုအသင်း ကုသိုလ်မှတ်စု

နာရေးကူညီမှုအသင်း (ရန်ကုန်)
ဒီဇင်ဘာ ၁၁၊ ၂၀၁၂

● စက္ခုအလင်းတံခါး ဖွင့်ထားလေပြီ
၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလအတွင်းမှစတင်၍ “လူ ၂၅ဝဝ ရရင် ဗမာတွေအလင်းပွင့်ပြီ” ဟူသော ဆောင်းပါးတစ်ပုဒ် ကျွန်တော်၏ Face Book စာမျက်နှာတွင် တင်ခဲ့ဖူးပါသည်။ ၄င်းဆောင်းပါးသည် အမြင်အာရုံ စူးရှထက်မြတ်စေရန်၊ အမြင်အာရုံများ ကြည်လင်ပြတ်သားစေရန်၊ အမြင်အာရုံများ အေးမြ တောက်ပလာစေရန်နှင့် စက္ခုအလင်းမှုံဝါးခြင်း၊ တိမ်စွဲခြင်းတို့ကို ခံစားနေရသော မျက်စိဝေဒနာရှင်များအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခကုသိုလ်ဖြစ်ဆေးခန်း”တွင် ခွဲစိတ်ကုသမှု ပြုလုပ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ရေးသားခဲ့ခြင်းဖြစ် သည်။ မျက်စိခွဲစိတ်ခန်းဖွင့်လှစ်မည် ဖြစ်သည့်အတွက် “သုခကုသိုလ်ဖြစ် ဆေးခန်း”သို့ လာရောက်ကုသကြသည့် မျက်စိဝေဒနာရှင်များသည် ဆေးရုံများသို့ သွားရောက်ရမည့် လမ်း စရိတ်၊ စားစရိတ်နှင့် မိမိမျက်စိအား ခွဲစိတ်ကုသရန် စောင့်ဆိုင်းခြင်းတည်းဟူသော အချိန်ကုန်၊ ငွေကုန်၊ လူပန်းရခြင်းကိစ္စများ မလိုအပ်တော့ပေ။ ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခကုသိုလ်ဖြစ် ဆေးခန်း”၏ မျက်စိခွဲစိတ်ခန်း ဖွင့်လှစ်နိုင်ရန်အတွက်လိုအပ်သည့် မျက်စိခွဲစိတ်ခန်းသုံး ပစ္စည်းကရိယာ ဝယ်ယူနိုင်ရန်အတွက် အလှူငွေများလိုအပ်ခဲ့သည်။ ထို့ကြောင့် ထိုအချိန်က  Digital Slit Lamp နှင့် Operation Microscope (Motorized)တို့အား အလှူရှင် ကိုဝင်းထွန်း+မပေါက် (သိင်္ဂီရွှေဝါပိုးထည်တိုက်) မှ လှူဒါန်းပေးခဲ့ပြီး ကျန်ရှိသောခွဲစိတ်ခန်းသုံး ပစ္စည်းကရိယာများဝယ်ယူနိုင်ရန် အလှူငွေများ (US$ – 28219) ခန့်အားလိုအပ်နေသောကြောင့် လူတစ်ဦးလျှင် (US$ – 10) နှုန်းဖြင့် လှူဒါန်းကြမည်ဆိုပါက လူအယောက် (၂၅ဝဝ) ဦးဆိုလျှင် လိုအပ်သောခွဲစိတ်ခန်းသုံး ကရိယာများ ဝယ်ယူနိုင်မည်ဖြစ်ပါကြောင်း။ ထိုကြောင့် “လူ ၂၅ဝဝ ရရင်  ဗမာတွေအလင်းပွင့်ပြီ” ဆောင်းပါးအား ရေးသားခဲ့ပြီး Face Book စာမျက်နှာ ပေါ်သို့တင်ရှိပြီး (၁ဝ) ရက်ခန့်အကြာ၌ လိုအပ်သော မျက်စိခွဲစိတ်ခန်းသုံးပစ္စည်းများ ဝယ်ယူနိုင်ခဲ့သည်။

  
ထိုအချိန်က မျက်စိခွဲစိတ်ပေးမည့် ဆရာဝန်များသည်လည်း    . . . အသင့်
မျက်စိခွဲစိတ် ကုသမှုခံယူမည့် လူနာများသည်လည်း     . . . အသင့်
မျက်စိခွဲစိတ်ရာတွင် အသုံးပြုရမည့် ခွဲစိတ်ခန်းသုံးပစ္စည်းများသည်လည်း  . . . အသင့်
(အခမဲ့) ခွဲစိတ်ပေးမည့် “သုခကုသိုလ်ဖြစ်းဆေးခန်း” သည်လည်း  . . . အသင့်
ယခု (၂) နှစ်တာကာလရောက်ရှိချိန်မှ ကျန်းမာရေးဦးစီးဌာန၏ ခွဲစိတ်ခွင့်ပြု မှတ်ပုံတင်ရရှိခဲ့ တော့သည်။

ထို့ကြောင် “သုခကုသိုလ်ဖြစ်ဆေးခန်း”၌ ဆေးပညာရပ်များဖြင့် စေတနာရှင် ဆရာဝန်မှ ၈.၁၂. ၂ဝ၁၂ ရက်နေ့ နံနက် ၉းဝဝ နာရီအချိန်တွင် မျက်စိခွဲစိတ်ရန် လူနာစုစုပေါင်း (၈) ဦးတို့အား ခွဲစိတ်မှုစတင် အကောင်ထည်ဖော်ခဲ့တော့သည်။ မျက်စိခွဲစိတ်မှုစတင်ချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့်အတူ သမီး မြင့်မိုရ်ဦး (Australia-ဆေးကျောင်းသူ)နှင့် ကိုဆောင်းဦးလှိုင်တို့မှ ခွဲစိတ်ခန်းအတွင်းသို့ ဝင်ရောက်လေ့လာကြကာ မျက်စိဝေဒနာရှင်လူနာများကို အားပေးစကား ပြောကြားခဲ့ ကြသည်။ ၉.၁၂.၂ဝ၁၂ ရက်နေ့တွင် မျက်စိခွဲစိတ်မှုခံယူခဲ့ကြသော လူနာ (၈) ဦးတို့၏ ခွဲစိတ်မှုအား စစ်ဆေးစမ်းသပ်ခြင်းများ၊ ဆေးပေးခြင်း များ၊ မျက်စဉ်းခတ်ခြင်းများအား ပြုလုပ်ပြသ ခဲ့ပြီး မျက်စိခွဲစိတ် လူနာများအတွက် အလှူရှင်များတို့မှ လှူဒါန်းထားသည့် နေကာမျက်မှန်များအား နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ တပ်ဆင်ပေးခဲ့သည်။ ယခုလက်ရှိ အနေအထားအရ “သုခ ကုသိုလ်ဖြစ်ဆေးခန်း”ရှိ မျက်စိခွဲစိတ်ခန်းသည်  ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း ဖွဲ့စည်း တည်ဆောက်ထားသော အဆင့်မှီခွဲ စိတ်ခန်းဖြစ်သော်ငြားလည်း မျက်စိခွဲစိတ်ကုမည့် ဆရာဝန်ကြီး (၈) ဦးရှိပြီး ခွဲစိတ်ခန်း သုံးကုတင် တစ်လုံးတည်းသာရှိနေသည့်အတွက် အမြင်မှုန်ဝါးမှု၊ အမြင်မကြည်လင်မှု၊ တိမ်စွဲကပ်နေသူ ပြည်သူများအတွက် အမြန်ဆုံး၊ အထိရောက်ဆုံး အမြင်ကြည်လင်ပြတ်သားမှု ပေါ်ထွန်းလာရေးအတွက် ထပ်မံ၍အင်တိုက်အားတိုက် ခွဲစိတ်ခန်းသုံးကုတင်များ၊ ခွဲစိတ်ခန်းသုံး ကရိယာ များအား တိုးချဲ့မြှင့်တင် ဖွင့်လှစ်ကုသပေးနိုင် ရန်အတွက် ကြိုးစားရတော့မည် ဖြစ်ပေသည်။xxxxxxxxx

● ဆောင်းဦးလှိုင် – ၄၁
နိုင်ငံကျော်စတူဒီယို တေးသံရှင် ကိုဆောင်းဦးလှိုင်၏ (၄၁) နှစ်ပြည့် မွေးနေ့အခမ်းအနားအား ၉.၁၂.၂ဝ၁၂ ရက်နေ့တွင် နာရေး ကူညီမှုအသင်း (ရန်ကုန်) ၌ မိသားစုနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/သူများနှင့်အတူ ပျော်ရွှင်စွာ ကျင်းပပြု လုပ်ခဲ့သည်။

 

ကိုဆောင်းဦးလှိုင်သည် မွေးနေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ၏အမျိုးသားနေ့တွင် မွေးဖွား ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးရုံတွင် ယင်းနေ့မှစတင်၍ မျက်စိလူနာများ အား မျက်စိခွဲစိတ်မှုပေးသည့်ဖြစ်ပေသည်။ မွေးနေ့အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ လုပ်အားပေးများ၊ အလှူငွေ လာရောက်လှူဒါန်းကြသော အလှူရှင်များ၊ သုခကုသိုလ်ဖြစ် ဆေးခန်းသို့လာရောက်၍ ဆေးဝါးကုသကြသော လူနာများနှင့် လူနာရှင်များတို့ “သုခအာဟာရ” စား သောက်ဆိုင်၌ နို့စိမ်းခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေး၍ မွေးနေ့အလှူဒါန ပြုအပ်ခဲ့သည့်အပြင် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ သုံးထပ်အဆောက်အဦး ခန်းမဆောင်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် ကိုဆောင်းဦးလှိုင်၏ မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များတို့အား တွေ့ဆုံ၍  ကိုဆောင်းဦးလှိုင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ ကိုချို (ရွှေငါးမောင်မောင်)မှ ရေခဲမုန့်ဖြင့် ဧည့်ခံကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူအား ဂါရဝပြု ကန်တော့ခဲ့သည်။ ဦးကျော်သူမှ “လူမှုရေး ဂီတသူရဲကောင်းတစ်ဦးအဖြစ် အသက်ထက်ဆုံး ပေးဆပ်သွားနိုင်သူတစ်ဦးအဖြစ် ဆောင်ရွက်ရန်” တိုက် တွန်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်ချီးမြှင့်ခဲ့ကြသော ဧည့်သည် များအား အမှတ်တရစကား များအဖြစ် “ယခုလို မွေးနေ့အခမ်းအနားမျိုး လုပ်ကိုင်ခဲ့ဖူးခြင်းမရှိပါဘူး။ ဒီနေ့ (၄၁) နှစ်ပြည့် မွေးနေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ လုပ်အားပေးနေကြတဲ့ လူမှုရေး ညီအစ်ကိုမောင်နှမများတွေဟာ နေ့စဉ် နေ့တိုင်း အပူသောကများဖြင့်သာ မွှန်းကြပ်နေသည့်အတွက် တဒင်္ဂလေး ကိုယ်စိတ်နှလုံး ချမ်းမြေ့ စေချင်တဲ့ စိတ်ဆန္ဒတစ်ခုနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း” အမှတ်တ ရပြော ကားခဲ့ပြီး လူမှုရေး သံစဉ်သီချင်း များအား ကိုဆောင်းဦးလှိုင်နှင့်အတူ မွေးနေ့ပွဲသို့တက်ရောက် ချီးမြှင့်ကြသော တေးသံရှင် ပိုပို၊ မီးနို၊ ခိုင်ဇာ သွေးတို့ဖြင့် ပျော်ရွှင်စွာ သီဆိုဖျော်ဖြေခဲ့သည်။

ကိုဆောင်းဦးလှိုင်၏ (၄၁) နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် မွန်မြတ်လှသော လူမှုရေး ပရဟိတလုပ်ငန်းများအား အများပြည်သူအကျိုးအတွက် ဆက်လက်၍ ထမ်းရွက်နိုင်ပါစေကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများတို့မှ မေတ္တာပို့သ ဆုမွန်ကောင်း တောင်းပေးလိုက် ပါသည်။
xxxxxxxxxxxx

● ပြည်သူတို့အတွက် ရုပ်ရှင်စက်မှုလုပ်သားများ

မြန်မာ့ရုပ်ရှင်သမိုင်းတွင် မြန်မာ့ရုပ်ရှင်လောကသားများ၏ သာရေးနာရေးနှင့် ရုပ်ရှင်လောကသား များ၏ အနုပညာကိစ္စအရပ်ရပ်တို့ကို ဖြေရှင်းမှုပေးသော ရုပ်ရှင်လောကသားမျာ၏ ရှေ့၌မားမားမတ်မတ် ဖခင်သဖွယ် ရပ်တည်ပေးခဲ့သော “ရုပ်ရှင်ကောင်စီ” တဖြစ်လည်း “မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး” ဟူ၍ ပေါ်ပေါက်လာကတည်းက “ရုပ်ရှင်သည် ပြည်သူ့အတွက်” ဟူသော ဆောင်ပုဒ်အား လက်ကိုင်ပြုကာ ရိုက်ကူးထုတ်လုပ်ဖြန့်ချီမှုများ ပြုလုပ်ပေးခဲ့။ သို့သော် ပြည်သူအကျိုး (ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကျန်းမာရေး)၊ ပြည်သူများ သင်ခန်းစာ၊ ဗဟုသုတရစေမည့် ဇာတ်ကားအရေအတွက်သည် လက်ချိုး ရေတွက်၍ ရနိုင်ခဲ့သည်။ အမှန်စင်စစ် စီပွားရေး အကျိုးအမြတ်များသာ ကျန်ရစ်ခဲ့သည်မှာ များလှသည်။

 
မည်သို့ပင် ဆိုစေကာမူ အများပြည်သူ အကျိုးရှိသည့်ဇာတ်ကားများဖြစ်စေ၊ ထုက်လုပ်ထုတ်လုပ်သူ တို့ အကျိုးဖြစ်စေသည့်ဇာတ်ကားများဖြစ်စေ၊ သရုပ်ဆောင်များအတွက် အကျိုးရှိစေသည့် ဇာတ်ကားများ ဖြစ်စေကာမူ ရုပ်ရှင်ရိုက်ကွင်းများ၌ အမှန်တကယ် ပင်ပန်းကြီးစွာဖြင့် ကန့်လန့်ကာနောက်ကွယ်မှ လှုပ်ရှား၊ ဖန်တီးပေးနေရသော ဘဝသမားများမှာ စက်မှုလုပ်သားများ (ကင်မရာမင်း၊ မီးထိုး၊ မှန်ထိုး၊ အသံဖမ်း၊ ဆက်တင်၊ ကရိန်း၊ ထော်လီ) စသော လုပ်သားထုများပင်ဖြစ်တော့သည်။ သူတို့ … သူတို့သည် ဇာခန်းဆီး နောက်ကွယ်မှ အဓိကပုံဖော်ပေးနေရသော ရုပ်ရှင်စက်မှုလုပ်သားများဖြစ်သည်။ ဘဝပေါင်းများစွာ ရုန်းကန်လှုပ်ရှားနေကြရသော လုပ်သားထုများစုဝေးရာ အမာခံရုပ်ရှင်စက်မှုအလွှာပင် ဖြစ်တော့သည်။  သူတို့သည် ဘဝ၌ရပ်တည် လှုပ်ရှားနေကြသာ ဘဝများစွာကို ကိုယ်ချင်းစာစိတ်ရှိသည့် စာနာနားလည် စိတ်ရှိသည်။ သူတို့ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသော ဘဝသမားများလည်းဖြစ်သည်။ ရုပ်ရှင်သမားများအား ကူညီထောက်ပံ လှူဒါန်းမှုများပြုလုပ်သည့်ပွဲများတွင် သူတို့မပါဝင်ခဲ့သော၊ အပယ်ခံခဲ့ရသော၊ အပယ်ခံ ရုပ်ရှင်စက်မှုလုပ်သားများ ဖြစ်သော်ငြားလည်း သူတို့၌ လူသားချင်းစာနာစိတ် အပြည့်အဝရှိကြသည်။ ကိုယ်တိုင်ခံစားကြုံတွေ့ရသူများသည် သူတပါး၏ ဒုက္ခကြုံတွေ့ရမှုကို နားလည်သဘောပေါက်လွယ်သကဲ့ သို့ သူတို့၌ ဗြဟ္မစိုရ်တရား၊ စည်းလုံးမှုအင်အားတို့ ခိုင်မာလာသည်။
 

၉.၁၂.၂ဝ၁၂ တနင်္ဂနွေနေ့ နံနက် ၉းဝဝ နာရီအချိန်တွင် မြန်မာ့ရုပ်ရှင်လောက၏  စက်မှုလုပ်သား အဖွဲ့ခေါင်းဆောင် (၁၂) ဦးသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ (ယခင် သရုပ် ဆောင်၊ ဒါရိုက်တာဟောင်း ဦးကျော်သူ) ထံသို့ ရောက်ရှိခဲ့ကြသည်။ သူတို့သည် လူသားချင်းစာနာစိတ်ဖြင့် ပြည်သူတို့၏ နာရေးကူညီမှုလုပ်ငန်းမျာအား လုပ်အားဒါန ပြုကြဖြစ်လေတော့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ရောက်သည်နှင့် ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသူ/သားများက ဝမ်းသာအားရကြိုဆိုခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များအား လိုက်လံရှင်းလင်းပြသခဲ့ပြီး သူတို့၏ အလုပ် ချင်ဆုံးသော အများပြည်သူအတွက် ပေးဆပ်လိုသော နာရေးကူညီမှုလမ်းကြောင်းများအား နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသား/သူများနှင့် လိုက်လံဖေးမကူညီ သင်္ဂြိုလ်ပေးမှု ပြုလုပ်ကုသိုလ်ယူခဲ့ကြ သည်။  သူတို့ (၁၂) ဦးအား ရေဝေးသုဿန်သို့ (၆) ဦးအား တာဝန်ယူစေ၍ နိဗ္ဗာန်ယဉ်များဖြင့် သယ်ဆောင်လာကြသော  နာရေးကူညီမှုလမ်းကြောင်းများအား သင်္ဂြိုလ်ပေးမှုတွင် ကုသိုလ်ယူစေခဲ့သည်။ သူတို့အားလည်း အလှည့်ကြ နာရေးလမ်းကြောင်း နိဗ္ဗာန်မော်တော်ယဉ်ဖြင့် လိုက်ပါကာ နာရေး သယ်ဆောင်ခြင်းလုပ်ငန်းများကို စနစ်တကျ ကုသိုလ်ယူပေးဆပ်စေခဲ့သည်။ နာရေးလမ်းကြောင်း စုစုပေါင်း (၁၅) ကြောင်းခန့် ကူညီဖေးမနိုင်ခဲ့ကြသည်။

“အခမဲ့ နာရေးပို့ဆောင်ကူညီမှုလုပ်ငန်းသည် မူးယစ်ဆေးစွဲသကဲ့သို့ မပို့ဆောင်ရလျှင် မနေနိုင် ဖြစ်အောင်  စွဲလန်းစေသည်”ဟု ဦးကျော်သူပြောကြားထားသည့်အတိုင်း “Miss Internet နှင် People Choice ဆုရှင် နန်းခင်ဇေယျာသည်လည်း မိမိ၏လုပ်ငန်းတာဝန်များ မအားလပ်သည့်ကြားမှ တစ်လလျှင် (၂) ကြိမ်လာရောက်ကာ နာရေးကူညီမှုလမ်းကြောင်းများ လိုက်ပါကူညီချင်သည်ဟု” ပြောကြားရင်ဖွင့် သွားသည့်အတိုင်း ယခု ဘဝသမားများဖြစ်သော ရုပ်ရှင်စက်မှု လုပ်သားများသည်လည်း တစ်လလျှင် (၂) ကြိမ် လာရောက်ကာ နာရေးကူညီမှုလမ်းကြောင်းများ လိုက်ချင်သည်ဟု  ဥက္ကဋ္ဌ   ဦးကျော်သူအား ရဲရဲဝံ့ဝံ့ တောာင်းဆိုသွားခဲ့သည်။   ထို့အပြင် နာရေးကူညီမှုအ သင်း(ရန်ကုန်)နှင့် ပတ်သက်သော လူမှုရေး လုပ် ဆောင်ချက် ရိုက်ကွင်းများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) နှစ်ပြည့်အခမ်းအနားနှင့် အမြို့မြို့ အနယ်နယ်သို့ သွားရောက်ကာလှူဒါန်းမှုပြုခြင်း၊ ဟောပြောပွဲအခမ်းအနားများအားလည်း သူတို့တက်စွမ်း သော ပညာရပ်ဖြင့် ဝင်ရာက်ကူညီလိုကြောင်း ပြောကြားခဲ့ကြသည်။ ထို့ကြောင့် “ရုပ်ရှင်စက်မှု လုပ်သားများသည် ပြည်သူ့အတွက်” ဟူ၍ဆိုလျှင် မှန်ကန်မှုရှိပေလိမ့်မည်ဟု ထင်မြင်မိပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “နာရေးကူညီမှုအသင်း ကုသိုလ်မှတ်စု

Comments are closed.