သတင်းပဒေသာ

ရာသီဥတုဖောက်ပြန်မှုကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား (၉၅) သန်းကျော် ရွှေ့ပြောင်းရဖွယ်ရှိ

ကျော်ဇော်ဦး
ဒီဇင်ဘာ ၆၊ ၂၀၁၂
ဘင်္ဂလာဒေ့ရှ်အခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်ရဲ့ အဆို အရ ၂၀၄၀-ခုနှစ် အရောက်မှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် နေရာရွှေ့ပြောင်းပေးရတဲ့ လူ အရေ အတွက် ဟာ ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံတည်းမှာကို လူသန်းပေါင်း (၉၅) သန်း ရှိလိမ့်မယ်လို့ ဆိုပါတယ်။

“The Tempest of Exodus: The Case of Climate Change-induced Displacement in Bangladesh and International Negotiations (မုန်တိုင်းပမာ လူဦးရေရွှေ့လျားခြင်း : ရာသီဖောက်ပြန် မှုကြောင့် ဖြစ်ရတဲ့ ဘင်္ဂလာဒေ့ရှ်အတွင်း လူများရွှေ့ပြောင်းရမှု နှင့် ယင်း အတွက် နိုင်ငံ တကာ ညှိနှိုင်းမှု များ)” ဆိုတဲ့စာတမ်းကို ဘင်္ဂလာဒေ့ရှ်အခြေစိုက် အာန်နယန် အွန်နဲရှန် (Unnayan Onneshan) အမည်ရ အဖွဲ့အစည်းက ပြုစုခဲ့တာဖြစ်တယ်လို့ ဆင်ဟွာ သတင်းဌာန သတင်းတစ်ပုဒ်မှာ ရေးသား ထားတာ ကို တွေ့ရတယ်။

အဲသည် အဖွဲ့အစည်းကလုပ်တဲ့ လေ့လာမှုအရ ယခင်ဖြစ်စဉ်တွေကို အခြေခံပြီးသုံးသပ်လိုက်တဲ့အခါ ရေမြင့်တက်လာမှုကြောင့် ၂၀၂၀- ခုနှစ်လောက်ကျရင် လူဦးရေ ၅.၂၅ သန်း၊ ၂၀၃၀ လောက်ကိုရောက်တဲ့အခါ ၁၁.၀၂ သန်း၊ ၂၀၄၀ ကိုရောက်တဲ့အခါ ၂၃.၁၆သန်း အသီးသီး နေရာရွှေ့ပြောင်း ဖယ်ရှားပေးရတော့မှာ ဖြစ်တယ် လို့ဆိုပါတယ်။ ဒါက ရေမြင့်တက်မှုကြောင့်ဖြစ်မှာ။

ဒီလိုပဲ မုန်တိုင်းဒဏ်ကို ခံရပြီး ရွှေ့ပြောင်းရမယ့် လူအရေအတွက်ကိုလည်း ဒီလေ့လာမှုမှာ တွက်ချက် တင်ပြထားတယ်။ တကယ်လို့ ပြင်ဆင်ကာကွယ်မှုတွေကိုသာ လုပ်သင့်တဲ့အတိုင်း မြန်မြန်ထက်ထက် မဆောင်ရွက်ဘူး ဆိုရင်၊ လေမုန်တိုင်းတွေရဲ့ ဒဏ်ကြောင့် ၂၀၂၀- ခုနှစ်အထိကာလ အတွင်းမှာ လူ ၁.၅၈ သန်း၊ ၂၀၃၀ ကျရင် ၆.၄၆သန်း၊ ၂၀၄၀ ကျရင် ၂၆.၃၉ သန်း ရွှေ့ပြောင်းရဖွယ် ရှိတယ် လို့ ဆိုတယ်။

ပြီးတော့ နောက်တစ်ခါ မြစ်ကမ်းပါးတိုက်စားမှုကြောင့် လူတွေ ရွှေ့ပြောင်းပေးရတာကို တွက်ချက်ထားတယ်။ ၂၀၂၀ အထိ ၁၁.၆၂ သန်း၊ ၂၀၃၀ အထိ ၂၆.၁၅ သန်း နဲ့ ၂၀၄၀ အထိ ၄၀.၆၇ သန်းတို့ အသီးသီးဖြစ်ကြတယ်။

နောက်ဆုံးတစ်ခုဖြစ်တဲ့ မိုးခေါင်ရေရှားမှုကြောင့် ရွှေ့ပြောင်းရတာကျတော့ ၃.၉၂သန်း၊ ၄.၆၄ သန်း နဲ့ ၅.၅ သန်း အရေအတွက်တို့ဟာ ၂၀၂၀ ၊ ၂၀၃၀ နဲ့ ၂၀၄၀-ခုနှစ်တို့မှာ အသီးသီးရှိလာလိမ့်မယ် လို့ ဆို တယ်။

ဒါတွေအကုန်လုံးကို ရောခြုံစဉ်းစားတွက်ချက်လိုက်တဲ့အခါ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း လူတွေအိုးမဲ့အိမ်မဲ့ဖြစ်ရွှေ့ပြောင်းရတဲ့ အရေအတွက်ဟာ ၂၀၂၀ ၊ ၂၀၃၀ နဲ့ ၂၀၄၀-ခုနှစ်အထိ ကာလတွေ အသီးသီးမှာ ၂၂.၃၇ သန်း၊ ၄၈.၂၈ သန်း နဲ့ ၉၅.၇၂ သန်း တို့ အသီးသီး ရှိလာ လိမ့်မယ်လို့ အဆိုပါ သုတေသနအဖွဲ့အစည်းက တွက်ချက်ထားပါတယ်။

အကြမ်းဖျင်းအားဖြင့်ဆိုရင် ကြီးကြီးမားမား ရေကြီးမှု တစ်ခါဖြစ်တိုင်း ဖြစ်တိုင်း၊ ပျမ်းမျှခြင်းအားဖြင့် ဆိုရင် လူ ၂.၅ သန်းတို့ဟာ အမြဲတမ်း သဘော နေရာရွှေ့ပြောင်းပေးရမှု ဖြစ်လာမယ် လို့ဆိုတယ်။

ကမ္ဘာ့ဘဏ်က နိုဝင်ဘာလ (၁၈)ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်အရ ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်ဟာ ဘင်္ဂလာဒေ့ရှ်ဘက်မှာ သုံးပေအထိတက်လာနိုင်ခြေရှိတဲ့ အကြောင်းကို အသိပေးထား ပါတယ်။ ဒီလိုတက်လာတဲ့အတွက် နဂိုကထည်းက သုံးရေရှားပါးမှုနဲ့ သီးနှံအထွက်ကျဆင်းမှုကို ရင်ဆိုင်နေရတဲ့ ဘင်္ဂလာဒေ့ရှ်မှာ အငတ်ဘေးနဲ့ ဆင်းရဲမွဲတေမှုဒဏ်တို့ဟာ ဆိုးသထက်ဆိုး လာ နိုင်ခြေရှိ တယ် လို့ဆိုကြပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ကမ္ဘာ့နိုင်ငံပေါင်းစုံက ခံစားရမှာဖြစ်ပေမယ့်၊ ဒါတွေရဲ့နောက်ဆက်တွဲ ဒဏ်ချက်တွေဖြစ်တဲ့ အစားအစာရှားပါး ပြတ်လပ်မှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ ဆိုင်ကလုံး မုန်တိုင်းတွေ နဲ့ မိုးခေါင်ရေရှားဒဏ် တို့ကြောင့် အပြင်းထန်ဆုံး ထိခိုက်ခံစားရတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေဖြစ်လိမ့်မယ် ဆိုပြီးတော့ “Turn Down the Heat (အပူချိန် ကို လျှော့ချပေးပါ)” လို့အမည်ပေးထားတဲ့ အဆိုပါ ကမ္ဘာဘဏ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။

ရာသီဥတုဖောက်ပြန်မှုရဲ့ ဒဏ်ကို အများဆုံးထိခိုက်ခံစားရဖွယ်ရှိတဲ့ မြို့တွေဟာ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မိုဇမ်ဘစ်၊ မဒါဂတ်စ်ကာ၊ မက္ကစီကို နဲ့ ဗင်နီဇွဲလား နိုင်ငံတို့မှာ တည်ရှိနေ ကြတယ်လို့ အဲသည် ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုထားတယ်။
—————–

မူရင်းဆောင်းပါးဟာ zee news ရဲ့ Climate change to displace over 95 mn Bangladeshis ဖြစ်ပြီး၊ အောက်ပါလင့်ခ်မှာ အဲဒီဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။

http://zeenews.india.com/news/eco-news/climate-change-to-displace-over-95-mn-bangladeshis_813642.html

ဤနေရာမှ ထပ်ဆင့်ပြန်လည်ကူးယူဖော်ပြအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts