ကဗျာ

ခေတ်သစ် ဒေဝဒတ်

အရှင်နန္ဒဝံသ(အမာရီလို)
နိုဝင်ဘာ ၃၀၊ ၂၀၁၂
မမြင်ကွယ်ရာကပေမယ့် ရွှေရင်လွှာ နာလှပါရဲ့
ဒီမိုကရေစီလမ်းကို လှမ်းသူလို့ဆိုသူတွေရဲ့
ကြမ်းလိုက်တဲ့ အဖြစ် ….

မတရားတာ  တရားစေဖို့ အများအပေါ်မှာ ငဲ့ညှာပါလေကွဲ့လို့
ဦးပိုင် တရုတ်ကို ဆန္ဒဖေါ်ထုတ်တာ ဒီလိုအပြုတ် လုပ်ရက်စရာလား …

ယိုသူမရှက်ပေမဲ့ မြင်သူမှာ ရှက်လှပါရဲ့
ဒင်းစနက် ရွံလို့မုန်း ကြည့်ကြစမ်းပါအုံး …

သွေးရဲရဲနဲ့ မြတ်သံဃာ၊ ဆေးရုံမှာ အတုံးအရုံး …
ကိုယ်လုံးအထက် ဒဏ်ချက်တွေနဲ့ အသက်ကို စတေး၊ ပြည်သူကို အလုပ်ကျွေးပြုခဲ့..

မရှုရက်နိုင်လှပေဘု သူ့လက်ချက် သူ့စနက်တွေက
ဘီးလူးသဘက် ၀င်ပူးနေသည့်နှယ် ….

အာဏာရယ် လက်ကိုင်တုတ်လုပ် တရုတ်ကို နဖူးတိုက်
ဦးပိုင်ကို ဦးခိုက်လို့ စူးစိုက် ရူးမိုက်မိုက်စရိုက်နဲ့
မီးတိုက်လို့အကြမ်းဖက် လုပ်ရက်လိုက်လေခြင်း …

အင်တာနက်သတင်းက မြင်ကွင်းကိုကြည့် မှင်တောင်သက်မိပါရဲ့…
ဒါလားဟဲ့ အစိုးရ … သူခိုးက လူအော်သလို
မင်းသားခေါင်းဆောင်းထားတဲ့ဘီးလူး … မထူးဇာတ်ခင်းနေသလား …

အစိုးရ ခေါ် မင်းတို့ရဲ့လုပ်ရပ် စစ်တပ်နဲ့ ပြည်သူ့ရဲ မိုက်မဲလိုက်ပေခြင်း …
အခြေနေချင်းမတူလို့ ပြည်သူမှာခံပြင်းကာ စိတ်နာလှပေမဲ့  မာန်တင်းလို့အံကြိတ်ဖြေ ..

သို့သော်လေ ကမ္ဘာမြေက
မကြာချေ ဒဏ်ပြန်ခတ်ပါလိမ့် …
ထိုအခါ မင်းသံဃာကို မတပါနဲ့
မင်းတို့ဟာ ကွန်မြူနစ်အတွေးတွေနဲ့ သံဃာတော်တို့သွေး မြေခစေသူမို့
ဒီအဖြစ် ဒီစနစ်တွေကြည့်ရင် မင်းတို့ဟာလေ ..ခေတ်သစ်ရဲ့ ဒေဝဒတ် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts