ကဗျာ

မြန်မာနိုင်ငံ မင်္ဂလာပါ

ကျော်ဟုန်း
နိုဝင်ဘာ ၂၃၊ ၂၀၁၂

ဧည့် ကန်သမ္မတအိုဘားမား ရွေးခြယ်လိုက်တာနဲ့ 
သွေးအလိမ်းလိမ်းထပ် ဘဝအထွေထွေညှပ်ခဲ့တဲ့
ကံ့ကော်ရင်ပြင်လဲ ငယ်ရုပ်ဆင်မျက်နှာသစ်ခဲ့ပြီ၊
ရေညှိအထပ်ထပ်၊ သံကြိုးရစ်ပတ် သော့ခလောက်ခတ်
ဘွဲ့ နှင်းသဘင်ကြီးနဲ့  ကျောင်းတော်ဝန်းတံခါးကြီး
ခုနစ်သွယ်ရောင်ခြယ် မိတ်ကပ်လိမ်းလိုက်ပြီ…
(မြန်မာနိုင်ငံ- မင်္ဂလာပါ )

သမိုင်းတော်ဝင်၊ ရန်ကုန်တက္ကသီလာ ဘွဲ့ နှင်းဆောင်ထဲ
ပထမဆုံးရောက်လာတဲ့ အမေရိကန်သမ္မတ
သူ ဗမာလိုနှုတ်ခွန်းဆက်လိုက်တာက …
(မြန်မာနိုင်ငံ မင်္ဂလာပါ )

သူ့ နှုတ်ဆက် မိန့် ခွန်းပြောပွဲ
ဒီခန်းမဆောင်ကြီးထဲမှာ
သူတော်စင် ရဟန်းတွေလဲပါ
မသူတော်စစ်စစ်တွေလဲပါ
သူရဲကောင်းနဲ့ သူလဲထောင်းတွေလဲပါ
ခွပ်ဒေါင်းတွေ၊ ကြံ့ဖွတ်တွေ၊
တောကြောင်တွေ၊ ဖားတပိုင်း ငါးတပိုင်းတွေ
စုံတောလယ်မှာ သကာလိမ်းအပြုံးတွေနဲ့ 
အင်အားတုအစု သက်တန့် ခြယ်နေ ခဏ
ဘာပဲဖြစ်ဖြစ် (မြန်မာနိုင်ငံ မင်္ဂလာပါ )

ပြည်သူက တင်မြှောက်ထားတဲ့ ကန်သမ္မတက
ပြည်သူကို အဓမ္မကျင့် ထိုင်ခုံလုအစိုးရကိုပြောခဲ့
“ကမ္ဘာ့ အင်အားအကြီးဆုံး အမေရိကန်စစ်တပ်
အရပ်သားအစိုးရ ထိန်းချုပ်မှုကို နာခံရသတဲ့၊
သမ္မတဟာ နိုင်ငံတော်စစ်သေနာပတိချုပ်ဖြစ်လဲ
သမ္မတဆန္ဒအတိုင်း လွှတ်တော်မှာ
အတင်းအကြပ် အတည်ပြုခိုင်းခွင့်မရှိ၊
နိုင်ငံ့တရားသူကြီးတွေကို သမ္မတကခန့် 
တရားစီရင်ရေးမှာ သမ္မတ စွက်ဖက်ခွင့်မရှိ၊
အမေရိကန်မှာ ဆင်းရဲသားကလေးငယ်က သမ္မတအထိ
ဥပဒေအောက်မှာ တညီတညာထဲ ရှိရသတဲ့ “

အိုဘားမားရဲ့ မှတ်သားလောက်တဲ့စကား
ဒို့ ဗမာပြည်မှာ အတုယူပွားခဲ့ရင်
(မြန်မာနိုင်ငံ မင်္ဂလာပါ )

ကမ္ဘာက အလေးထား
လူထုခေါင်းဆောင် အမေစုကို
လက်အုပ်လေးချီ ဦးညွတ်ပြုပြ
အိုဘားမားအပြု ပမာတုတတ်စေ
ကိုယ်နှုတ်မူယာ စာအလွှာနဲ့ 
စော်ကားပြုဖူး သူယုတ်ထူးများ
တောင်းပန်ပြုရင် (မြန်မာနိုင်ငံ မင်္ဂလာပါ )

ထေရဝါဒ ဗုဒ္ဓမေတ္တာရိပ်အောက်မှာ
မွေးဖွားကြီးပြင်း လူယဉ်ကျေးမှန်ရင်
အိုကြီးချက်မ သံဃာ့နာယကတွေအပေါ်
အန္တ ပုတုစဉ် လူစင်စင်က
တံစိုးထိုး ဓားမိုး အဏာစိုးမှုတွေ
ရပ်တန်းတု့ံတန့်  ရပ်ပေးခဲ့ရင်
(မြန်မာနိုင်ငံ မင်္ဂလာပါ)

တိုင်းကျိုး မျိုးအကျိုး၊ သာသနာ့ကျိုးမျှော်
တရားတော်ကြားညှပ် စေတနာပတ်လို့ 
ဟောပြောဆုံးမ ဇာနည်ဓမ္မကထိကတချို့ ရဲ့
တရားမဟောခွင့် ရုတ်သိမ်းပစ်ရင်
(မြန်မာနိုင်ငံ မင်္ဂလာပါ)

မြန်မာ့စည်းရိုး တောတောင်ရိုးမှာ
ယမ်းအဆိပ်ငွေ့ စဲ၊ မျက်ရည်မဝဲ
နှင်းငွေ့ သန့် စင် တိုင်းရင်းရွှင်ရင်
(မြန်မာနိုင်ငံ မင်္ဂလာပါ)

အသစ်မျိုးဆက် ရင်သွေးရေးဖြာ
ပညာ အသိ၊ ငြိမ်ချမ်းတင့်ရာ
ခြေခံမြှင့်ရင် (မြန်မာနိုင်ငံ မင်္ဂလာပါ)

ရှက် အိနြေ္ဒကြီး
မြန်မာပြည်ဖွား အမျိုးသမီးများအရေး
ကာကွယ် ဂုဏ်မြှင့်၊ ဥပဒေမိုးရင်
(မြန်မာနိုင်ငံ မင်္ဂလာပါ)

လယ်ယာစိုက်သူ၊ စက်ရုံလုပ်သား
အခြေခံများရဲ့ ထမင်းလုတ်ကို
လုယူခြင်းဝေး ကင်းပပေးရင်
(မြန်မာနိုင်ငံ မင်္ဂလာပါ)

ပြည့် သံယဇာတ၊ ငါ့ဟာမှတ်တဲ့
ခရိုနီနဲ့  အကျင့်ပျက် ပါဝါရှိ ဝန်ထမ်း
အရေးယူ ရှင်းရင်
(မြန်မာနိုင်ငံ မင်္ဂလာပါ)

အုပ်ချုပ်သူပင် ပြည့်ဝန်ထမ်းမို့ 
ပြည်သူသာ မိဘ၊ ရို့ ကျိုးပြရင်
(မြန်မာနိုင်ငံ မင်္ဂလာပါ)

အလှူရှင် ငွေထိုင်စား
ဘီယာသောက် ဝိုင်မော့
လုပ်စားနိုင်ငံရေးသမား
အတိုက်အခံတချို့ များ
ပြည်တော်ပြန်ဝင် ထပ်မရှုပ်ရင်လဲ
(မြန်မာနိုင်ငံ မင်္ဂလာပါ)

တော်တော်ပျံ တော်တော်ဝဲ
သမ္မတအကြံပေး ကိုလူနှမ်းအဖွဲ့ လဲ
ကျော်ဟုန်းရဲ့ စာ၊ ဒီကဗျာဖတ်ပြီး
ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ကာလုံတို့ ထံ
ကောင်းသုတ် ဆိုးရုတ်၊ အကြံပြုခဲ့ရင်
(မြန်မာနိုင်ငံ မင်္ဂလာပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts