နိုင်ငံတကာရေးရာ

တလတာဖေ့စ်ဘွတ်က ပျောက်ကွယ်ခဲ့တဲ့ RFA မြန်မာစာမျက်နှာပြန်လာပြီ

 

တလတာဖေ့စ်ဘွတ်က ပျောက်ကွယ်ခဲ့တဲ့ RFA မြန်မာစာမျက်နှာပြန်လာပြီ

မိုးမခအထောက်တော် ၁၄၊ နိုဝင်ဘာ ၂၁၊ ၂၀၁၂

လွန်ခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ခန့်က RFA Burmese Facebook Page အင်တာနက်မှ ပျောက်ကွယ်ခဲ့ပြီး ယခု နိုဝင်ဘာ လဆန်းတွင် ပြန်လည်ပေါ်ထွက်လာသည်။ ဖေ့စ်ဘွတ်ပရိသတ်၏ ဝေဖန်မှုများနှင့် ဌာနတွင်း လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးများဖြစ်ပေါ်သည်ဟု (အတည်မပြုနိုင်သေးသည့်)သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် တိုက်တိုက်ဆိုင်ဆိုင် အဆိုပါ RFA Facebook Page ပျောက်ကွယ်ခဲ့ခြင်းဖြစ်သည်။

RFA ဖေ့စ်ဘွတ်ပေါ်က ပျောက်ကွယ်သွားသည့်အကြောင်းကို ယခင်လဆန်းက မြန်မာပြည်အခြေစိုက် Yangon Press International ဖေ့စ်ဘွတ်စာမျက်နှာတွင် သတင်းတပုဒ်ဖြင့် ဖော်ပြခဲ့သည်။ ထိုသို့ သတင်းများထွက်ပေါ်အပြီး ဌာနရှိ မြန်မာသတင်းဝန်ထမ်းအချို့ကို အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ၀န်ထမ်းများမှာ ဌာနတွင်း ဖွဲ့စည်းပုံပြင်ဆင်မှုအရဟု အကြောင်းပြ ထုတ်ခဲ့သည်ဟု ကြားသိရသည်။

ယခုပြန်လည်ပေါ်ထွက်လာသော RFA Burmese Facebook တွင် ယခင်အတိုင်း မူလ၀က်ဆိုက်မှ တင်ဆက်မှုများအပြင် သတင်းတိုနှင့် ဓာတ်ပုံအတိုအထွာတင်ဆက်မှုများကိုလည်း အချိန်နှင့် တပြေးညီ တင်ထားသည်ကို တွေ့ရသည်။ RFA Burmese ပြည်တွင်းအခြေစိုက် သတင်းလုပ်ငန်းများကို စတင်ရန် ပြင်ဆင်နေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

(သတင်းဓာတ်ပုံ –  ၂၀၀၇ ရွှေဝါရောင်သတင်းများ တင်ဆက်မှုအတွက်၂၀၀၈ခုနှစ်က ရွှေတံဆိပ်ဆုရခဲ့သည် RFA ၀ိုင်းတော်သားများ၊ အဆိုပါသတင်းဌာန၏ လက်ရှိအကြီးအကဲ ရွှေတံဆိပ်ဆုနှင့်အတူ တွေ့ရစဉ်။ RFA သတင်းစာမျက်နှာမှ ရယူသည်)


Yangon Press International ၏ သတင်းကော်ပီကို ပြန်လည် ကူးယူတင်ပြလိုက်သည်။ အောက်ပါအတိုင်းဖြစ်သည်။


 

RFA မြန်မာဋ္ဌာန ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သိမ်း


by Yangon Press International on Monday, 8 October 2012 at 02:02 ·
 

အောက်တိုဘာ ၈၊ ၂၀၁၂၊  YPI 

 

အမေရိကန်ပြည်ထောင်စု အခြေစိုက်  လွတ်လပ်သောအာရှအသံ RFA  မြန်မာဋ္ဌာန၏ Facebook စာမျက်နှာကို  မကြာသေးမီက ပိတ်သိမ်းလိုက်ကြောင်း  သိရသည်။

 

ပုံမှန်ကြည့်ရှုသူ ပရိတ်သတ် Fan အရေအတွက် ၁၇၀၀၀ ကျော်ရှိသည့် ဖေ့စ်ဘွတ်စာမျက်နှာကို မည်သည့်အကြောင်းကြောင့် ပိတ်သိမ်းလိုက်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မကြာသေးမီ ရက်ပိုင်းက RFA သတင်းဋ္ဌာနတွင်း လိင်မှုကိစ္စ ပြဿနာများနှင့် ပတ်သက်သည့် ဝေဘန်ချက်များကို ဖေ့စ်ဘွတ်စာမျက်နှာများတွင် ၀င်ရောက်ရေးသားကြမှုနှင့် ဆက်စပ်နိုင်ကြောင်း ယင်းသတင်းဋ္ဌာနမှ အမည်မဖေါ်လိုသည့် ၀န်ထမ်းတဦးက YPI သို့ပြောသည်။ 

 

 

ဒေါ်အောင်ဆန်းစုကြည်၏ ပြီးခဲ့သည့်လကုန် အမေရိကန်ခရီးစဉ်အတွင်း RFAရုံးချုပ်သို့  သွားရောက်လည်ပတ်စဉ် ဋ္ဌာနမှူးဒေါ်ငြိမ်းရွှေနှင့်  ဒေါ်အောင်ဆန်းစုကြည်တို့ ရုပ်သံအင်တာဗျူး ပြုလုပ်ခဲ့ပြီး အဆိုပါ အင်တာဗျူးကို RFA Facebook တွင် ဖေါ်ပြခဲ့ပြီးနောက် ဖေ့စ်ဘွတ်သုံးစွဲသူများက ဒေါ်ငြိမ်းရွှေ၏ မေးခွန်းများနှင့်ပတ်သက်၍ ပြင်းထန်သည့် ဝေဖန်ချက်များ ရေးသားခဲ့ကြသည်။ 

 

 

ထို့အပြင်RFA ၀ါရှင်တန်ရုံးမှ အသက် ၆၀အရွယ် အိမ်ထောင်သည် အမျိုးသား အယ်ဒီတာတဦးက အသက် ၄၀ကျော် အိမ်ထောင်ရှိ ၀န်ထမ်းအမျိုးသမီးနှစ်ဦးနှင့် လိင်မှုဆိုင်ရာအရှုပ်တော်ပုံ ပေါ်ပေါက် ခဲ့ပြီးနောက် ဋ္ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ရှိခဲ့သည်ဟု အမည်မဖေါ်သူ ၀န်ထမ်းက ပြောသည်။ 

 

ဒေါ်အောင်ဆန်းစုကြည်နှင့် RFA ၀န်ထမ်းများ အမှတ်တရ တွဲရိုက်ထားသည့် ဓါတ်ပုံကို RFA Facebook တွင်ဖေါ်ပြခဲ့ရာ ၄င်းဓါတ်ပုံအောက်တွင် လိင်မှုအရှုပ်တော်ပုံနှင့်ပတ်သက်သူများအား ဝေဖန်လှောင်ပြောင်သည့် မှတ်ချက်များ ရေးသားကြသည်ကိုတွေ့ရသည်။ ယင်းကဲ့သို့ ဝေဖန်မှတ်ချက်များ ဖေါ်ပြထားသည်ကို ရက်အတန်ကြာ တွေ့ရပြီးသည့်နောက် RFA Facebook စာမျက်နှာ ရုတ်တရက် ကွယ်ပျောက်သွားခြင်းဖြစ်သည်။

 

 RFA ပရိသတ်များ ဆက်သွယ်ရန် ပေးထားသည့် burmese@rfa.org အီးမေးလ်လိပ်စာသို့ YPI ဆက်သွယ်မေးမြန်းသော်လည်းမေးလ် လိပ်စာမှားယွင်းသည်ဟုသာ အကြောင်းပြန်လာသည်ကိုတွေ့ရသည်။ 

 

အမည်မဖေါ်လိုသည့် RFA ၀န်ထမ်းတဦးက YPI သို့ ပြောကြားရာတွင်   RFA မြန်မာဌာနကို ပြန်လည်ဖွဲ့စည်းလိုသည့် အကြောင်းပြချက်ဖြင့် အောက်တိုဘာလအကုန်ပိုင်းတွင် RFA ၀န်ထမ်း ၄ဦးအား အလုပ်မှထုတ်ပစ်မည်ဟုဆိုသည်။ ရန်ကုန်မြို့တွင် RFA မြန်မာဌာနရုံးခွဲကို ဖွင့်လှစ် လည်ပတ်နေပြီဖြစ်၍ ၀ါရှင်တန်ရုံးချုပ်တွင် ၀န်ထမ်းအများအပြားမလိုတော့ပဲ ဌာနကို ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဌာနမှူးအပါအဝင် အထက်အရာရှိများက  RFA ၀န်ထမ်းများအားရှင်းပြခဲ့ကြောင်း သို့ရာတွင် ဋ္ဌာနတွင်း အရှုပ်တော်ပုံကိစ္စကို မြန်မာဋ္ဌာန၏အထက်သို့ တိုင်ကြားသည်ဟု မသင်္ကာသူများအား အကြောင်းပြဖြုတ်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်ဟု သူ့အနေဖြင့် ယူဆကြောင်း ပြောသည်။

 

 RFA “လွတ်လပ်သည့် အာရှအသံ”သတင်းဋ္ဌာန၏ ရည်ရွယ်ချက်မှာ သတင်းလွတ်လပ်ခွင့်မရှိသည့် အာရှတိုက်ရှိ အာဏာရှင် နိုင်ငံများ ကွန်မြူနစ်နိုင်ငံများသို့ ရေဒီယို ရုပ်သံမှတဆင့် သတင်းအချက်အလက်များ သုံးသပ်ချက်များကို ထုတ်လွှင့်ပေးရန် ဖြစ်ကာ ဒီမိုကရေစီ အရ သတင်းလွတ်လပ်ခွင့် ရရှိပြီးသည့်နောက်တွင် ဖျက်သိမ်းသည့် သာဓကများ ရှိခဲ့သည်။      ။ 

 



ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း RFA မြန်မာပိုင်း ဋ္ဌာနသို့ 


သွားရောက် လည်ပတ်စဉ် (ဓါတ်ပုံ RFA)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တလတာဖေ့စ်ဘွတ်က ပျောက်ကွယ်ခဲ့တဲ့ RFA မြန်မာစာမျက်နှာပြန်လာပြီ

Comments are closed.