ဖြစ်ရပ်များ၊ အမှတ်တရများ

ရနံ့ထုံ ဂူဘုရား

မွန်ဦးမြေ
နိုဝင်ဘာ ၁၉၊ ၂၀၁၂
‘Perfume Pagoda’ or ‘Perfume Temple’
ဗီယက်နမ်စကားဖြင့် Chuဲa Huong
 နောက်ခံ ထုံးကျောက်တောင်ကျောများမှ စီးစင်းလာသော Yen မြစ်၏ ရှု့ မျှော်ခင်း 

ဗီယက်နံ နိုင်ငံမြောက်ပိုင်း၊ မြို့ တော် ဟနွိုင်း (Hanoi) ခရိုင်အတွင်းရှိ့  ဗုဒ္ဓဘာသာအဆောက်အအုံများ စုစည်းရာ ရှေးဟောင်း နေရာ တစ်ခု ဖြစ်ပါသည်။ ပိုမိုတိကြသောနေရာမှာ Huong Son Commune ဒေသန္တရအုပ်ချုပ်ရေးနယ်အတွင်း၊ ထုံးကျောက်တောင်ကျောများ အတိုင်း My Duc District, မြို့ တော် ဟနွိုင်း၏ အနောက်တောင်ဘက် ကီလိုမီတာ ၆၀ ခန့် တွင်တည်ရှိပါသည်။ တချို့ ကလည်း Perfume Pagoda လို့ ရေးထားတာကြောင့် မြန်မာလို – ရေမွှေး ဘုရား – လို့ခေါ်ကြပါသည်။ စာရေးသူအနေနှင့်ကတော့ ပင်းတရ ဂူဘုရားကဲ့သို့ ရုတ်ပွားတော်များ ဂူအတွင်းတည်ရှိနေတာရယ်၊ ရှေးအစဉ်အလာထဲက အမွှေးတိုင် အခွေကြီးများ (တချို့ အခွေ ကြီးများဆို တခါညှိထားလျှင် တစ်လ ခံပါသည်) အမြဲမပြတ် ထွန်းညှိထားသည်ကြောင့်၊ အမွှေး ရနံမှာဂူထဲကမထွက်နိုင်ဘဲ အမြဲမွှေးနေ တာကြောင့် – ရနံထုံ ဂူဘုရား – ဟုခေါ် မိပါသည်။ မိမိနှစ်သက်ရာကို ခေါ်ဆိုနိုင်ပါသည်။


 လှဆိပ်နှင့် ရေကျောင်းခရီး သွားများ (လှေတစီးလျှင် ခရီးသွား ၆ ယောက်သာ စီးခွင့်ပြုပါသည်) Yen မြစ်ရိုးတလျှောက်၊


သွားရန်လမ်းကျောင်း။ ။ ရောက်ဖူးသူများအတွက်ကတော့ သွားရန်လမ်းကျောင်း အမျိုးမျိုးသိရှိပြီးဖြစ်ပါလိမ့်မည်။ တခါမှ မရောက်ဖူး သေးသူ မြန်မာဘုရားဖူးသူတော်စင်များအတွက် လွယ်ကူသောလမ်းကျောင်းကတော့ – – -၊ ဈေးချိုပြီး၊ ရှုမငြီးစရာသာယာလှပတဲ့ရှုမျှော် ခင်းနဲ့ အတူ (ကွန်မြူနစ်နိုင်ငံ၏ ဗုဒ္ဓဘာသာကိုင်းရှိုင်းမှုကို တအံတသြ ခံစားလိုပါက) ကူတို့ လှေကလေးဖြင့် ရေလမ်းကသွားတာပို ကောင်းပါသည်။ သွားရန်အညွှန်းမှာ၊ ဟနွိုင်းမြို့ တော်ကို တစ်ရက်အရင်ရောက်ရပါမည်။ မြို့ တွင်းမှာရှိသော ပြည်တွင်း ခရီးသွားလုပ်ငန်း ရုံးခန်းများ (Tourist Attraction Office) တွင် သွားမည့်နေ့ ထက်တစ်ရက်စောပြီး Perfume Pagoda (Chuဲa Huong) သွားခြင်တယ် ပြောပြီး လက်မှတ်ဝယ်ပါ။ မြို့ တော်အတွင်း စုရပ်နေရာမှ ဘတ်စကားခရီးစရိတ်၊ လှေစရိတ်၊ နေ့ လယ်စာ၊ ရေသန့် ဘူးများအပါအ၀င် အမေရိကန် ဒေါ်လာ ၃၅ ခန့် ကုန်ကြပါမည် (အင်္ဂလိပ်စကားပြန်နှင့်သွားပါ၊ ဂျပန်၊ ပြင်သစ် ဧည့်လမ်းညွှန်များနှင့်ဆိုလျှင် စရိတ်ကြီးသွားပါ မည်)။ နောက်တနေ့ ချိန်းထားသောနေရာကို ၁၀ ~ ၁၅ မီးနစ်ခန့် အရင်ရောက်အောင်သွားပါ (မြန်မာစံတော်ချိန်အတိုင်းမသွားပါနှင့်)။ အကြောင်းမှာ မြို့ ထဲတွင် ကား မော်တော်ဆိုင်ကယ် အလွန်ရှုပ်ထွေးတာကြောင့် ဘုရားဖူးကား သက်ဆိုင်ရာစုရပ်များကို လိုအပ်သလို ရှောင်ကွင်းမောင်းနှင်ခြင်းကြောင့် စောပြီးရောက်တပ်ပါသည်။ ရောက်လျှင်ရောက်ခြင်းလည်း တမီးနစ်ထက်ပိုရပ်လို့ မရတာကြောင့် အမြန်ပြေးတက်ရပါသည်၊ နောက်ကြနေလျှင် ယဉ်ထိန်းရဲ၏စည်းကမ်းအရ ချန်ထားခဲ့ပါမည်။ ဟနွိုင်းမြို့ တော်ကနေ နံနက် ၈း၀၀ နာရီ ကထွက်ပြီး ညနေ ၆း၀၀ နာရီခန့် မှာပြန်ရောက်လေ့ရှိပါသည်။ အပြန်ယဉ်တန်းပိတ်ဆို့ မှု့ ကြောင့် ပုံမှန်ပြန်ရောက်ချိန်မသေခြာပါ။

ရေလမ်းခရီးမှာသာယာလှသော်လည်း၊ နေပူရှိန်ကြောင့် ဦးထုပ်၊ ချွေးသုတ်ပုဝါ၊ ရေသန့် ဘူးနှင့် ခေါက်ယက်တောင် အပိုများ ယူဆောင်သွားပါက ပို၍ အဆင်ပြေပါသည်။ အထူးသဖြင့် သဘာဝရှုမျှော်ခင်းကို ပြန်လည်ခံစားနိုင်အောင် ကင်မရာတော့ မပါမဖြစ် မေ့ပစ်လိုမရပါ။ ကြေးစား ဓါတ်ပုံဆရာကြီးများအဖြစ်မလိုပါ။ တုန်ခါမှုမရှိသော လှေကလေးပေါ်မှမနီးမဝေးသဘာဝကမ်းချေ၊ တောင်တန်း အထပ်ထပ်နှင့် နောက်ခံကား၊ ကမ်းချေတလျှောက်စိုက်ထားသော ရောင်စုံဖူးပွင့်နေသည့် ကြာပန်းများမှာ ဘုရားဖူးတစ်ယောက်၏ စိတ်ကို – ပိန်းကြာ ဖက်အပေါ် ရေမတင် သကဲ့သို့ ကြည်လင်အေးမြ စေသားဟု ဧည့်လမ်းညွှန်၏ မပီကလာ ပီကလာနှင့် ရွတ်သွားသော အင်္ဂလိပ်ကဗျာ ကလေးကို ကျနော်ပြုံးမိပါသည် – – -။ အတိတ်အခါက ကျနော်တို့ ဘုန်းကြီးကျောင်းမှာစာသင်နေတုံး ကိုရင်ကြီးယူလာတဲ့ ကဗျာကလေးကို သတိရမိလို့ ပါ – – -၊

ထွေးညိုကမှာ
မြရေကန်ပေါင်ရိုးက ရေအိုးယူခဲ့ပါ ထွေးညိုကမှာ
ပဒုမ္မာ၊ ရွှေကြာကသင်း။
နှစ်ပွင့် သူယှဉ်လို့ 
အေးကြည်လင် ရေပြည့်အိုးမှာ
ထိုးတပ်လေခြင်း။      ။

(မင်းသုဝဏ်၊ ၁၉၃၆)

ဘုရားသမိုင်း နောက်ခံကားရှေးဟောင်း သုတေသနဌာန၏ ရှာဖွေမှုများအရ၊ လက်ရှိကျောင်းမကြီး Thien Tru အဆောက်အဦးနေရာမှာ ပထမဦးဆုံး ၁၅ ရာစုနှစ် များက ဘုရားကျောင်းဟောင်းတစ်ခုကို တူးဖေါ်တွေ့ ရှိခဲ့ပါတယ်။ အစဉ်အလာအားဖြင့် ယုံကြည်ထားသော ပုံပြင်အရဆိုလျှင်၊ ရှေးနှစ် ပေါင်း ၂၀၀၀ ကျော်ကာလက၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဟာ မြတ်စွာဘုရား ဒုက္ကရစရိယာ (Lord Buddha practiced asceticism ခဲယဉ်းစွာ ကျင့်ရသောအကျင့်) ကျင့်တော်မူသော တီးဘက်တောင်ကုန်းဒေသသို့ ရောက်ရှိသွားပြီး၊ ယခု လက်ရှိ ရနံ့ ဂူ ဘုရား နေရာနှင့်တူသောကြောင့် စခမ်းချပြီး တရားအားထုပ်ခဲ့ပါသည် (အဆိုပါ အကြောင်းအရာကို အထက်လှိုင်ဂူကြီကျောက်စာမှာ ရေးထိုးထားပါသည်)။ ဌင်းနောက် တောထွက် ရဟန်း ရသေ့များ အဆင့်ဆင့်ရောက်ရှိလာပြီး တရားကျင့်ရာ ဌာနကြီးဖြစ်လာပါသည်။ အေးချမ်းသာယာသော သာသန နယ်မြေအဖြစ် လူသိများလာပြီး ဘုရားဖူးများအစဉ်မပြတ်ရောက်ရှိလာပြီး၊ အုပ်ချုပ်သူ ဘုရင်ကြီးများ ၏သတ်မှတ်မှုဖြင့် ဘေးမဲတောကြီး၊ အသက်သတ်လွတ်စားသော သူတော်စဉ်များ နောက်ဆုံးခေါင်းချရာနေရာလည်းဖြစ်ခဲ့ပါသည်။

 
သာသနအလံ နှင့် Yen မြစ်ရိုးတလျှောက် အရာရှိအရာခံများ၏ သင်းချိုင်းဂူများ 
 
Yen မြစ်ရိုးတလျှောက် ၀ဲ ယာ ရှုမျှော်ခင်းများ 

 မြစ်ရိုးတလျှောက် ရေသန့် ဘူး၊ အချိုရေ အအေးများရောင်းနေသော ဈေးသယ်များ

မှတ်ချက်။   ၁) ကျနော်တို့ ကျိုက်ထီးရိုး ဘုရားကဲ့သို့ ရသေ့ ရဟန်းများ တောမှီရာမှ အစဉ်အလာကြီးမားလာပုံ ရပါသည်။ ထူးခြားသည် မှာ၊ နောင်အခါများတွင် စစ်သူကြီးများ၊ မှူးကြီးမတ်ရာများ၊ ဘုရင်ဧကရစ်များ နိုင်ငံ့အုပ်ချုပ်ရေးမှ အနားယူသောအခါ နိဗ္ဗန်မကူးမှီစပ်ကြား နားခိုရာစခမ်းကြီးဖြစ်လာခဲ့ပါသည်။ မည်သည့်ပြစ်မှုမျိုးနှင့်ဖြစ်စေ လူရော တိရစ္ဆာန်ပါဘေးမဲ့တောကြီးအဖြစ်ထိန်သိမ်းခဲ့ပေမဲ့လည်း၊ ပြင်သစ် ကိုလိုနီနယ်ချဲ့ စစ်နှင့် အမေရိကန် ကွန်မြူနစ်ဆန့် ကျင်ရေးစစ်တို့ ၏ မဟာဗုံးကြဲ ဒါဏ်ကို ဗုဒ္ဓသသနိကအဆောက်အအုံများ ပြာပုံဖြစ်ခဲ့ရပါသည်။

၂)  ဗီယက်နံ ဗုဒ္ဓဘာသာ အဆိုအရ ဂေါတမဘုရားသည် ဒုက္ကရစရိယာ ၁၀ နှစ်ကျင့်တော်မူ၍ သက်တော် ၈၉ ပရိနိဗ္ဗန်စံသည်ဟု မူကွဲများ သိခဲ့ရပါသည်။ ကျန်တရားတော်၏ အနှစ်သာရများ၊ အဆုံးအမများမှာ ကျနော်သိသလောက်နှင့် အတူတူဖြစ်ပါသည်။

ယခုခန်းမဆောင်ကြီး၏ ပစ္စယံကျောက်ခံခုံကြီးနှင့် ကျောက်လှေခါးကြီးတို့ မှာမူလ ဘုရားကျောင်းစတည်ကထဲကဖြစ်ပါသည်။ Kim Dung ကွန်းဆောင်ကြီးမှာ Le Hy Tong ခေတ် (ခရစ်သက္ကရစ် ၁၆၈၆) ကတည်ထားခဲ့ပါသည်။ ရာသီဥတု တိုက်စားမှုကြောင့် အပျက်အစီးများ ရှိခဲ့သော်လည်း ရှေးမူအတိုင်းပြင်ဆင်ခဲ့ပါသည်။ ခန်းမဆောင်ကြီးထဲမှ ဗုဒ္ဓရုပ်ပွားတော်ကြီးနှင့် ကွမ်းရင်မယ်တော်ကြီး ရုပ်ပွားတော်တို့ မှာ ကြေးဝါဖြင့် ၁၇၆၇ ခုနှစ်တွင်သွန်းလုပ်ခဲ့ပါသည်။ ၁၇၉၃ ခုနှစ်တွင် ပြုပြင်ခဲ့ကြောင်းမှတ်တန်းများကျန်ရှိပါသည်။ ပြင်သစ် နှင့် အမေရိကန် စစ်တို့ ၏ ဗုံးကြဲမှုကြောင့် မုဒ်ဝကြီးနှင့် ခေါင်းလောင်းစဉ်ပြသဒ်ကြီးတို့ မှာလုံးဝပြိုကျခဲပြီး ၁၉၈၆ နှင့် ၁၉၉၄ ခုနှစ်တို့ မှာပြင်ဆင်ခဲ့သည။်

 
ဘုရားကျောင်းအ၀င်ဝ မူလကျောက်ခုံကြီးနှင့် ဧည့်သည်များနာနေရန် အကြိုဆောင် (Presentation Shrine)
 
 Thien Tru (Haven Kitchen) နိဗ္ဗန် အတွက်မီးဖိုချောင်ဟုအမည်ရသော ဘုရားဆောင်မကြီးနှင့် ဘုရားဖူးရင်ပြင်
 
ဆောင်မကြီးထဲမှ ဗုဒ္ဓရုပ်ပွားတော်၊    ဗုံးဒါဏ်ကြောင့်ပြိုသွားသော မုဒ်ဝကြီးပြန်လည်ပြုပြင်ထားပုံ သဘာဝအနေအထားအရတည်ထားပုံများ (Physical Layout)

ရနံဂူဘုရား ဟုခေါ်ထားသော်လည်း တစ်ဆူတည်းမဟုတ်ပါ။ ဘုရားကျောင်းများ၊ တောင်ကျချောင်းမှဖြစ်ပေါ်နေသော သဘ၀ ရေကန်များ၊ သဘာဝလှိုင်ဂူများကို၊ ထုံးကျောက်တောင်ရိုး နှင့် အပူပိုင်းဒေသ သဘာဝတောတန်းများ အကြား တည်ထားပုံမှာ အလွန် သာယာ အတုယူကောင်းလှပါသည်။

အ၀င်ဝလမ်းပေါ်တွင် Den Trinh (Presentation Shrine) ဧည့်သည်များနားနေရန် နှင့် ဘုရားကျောင်းအနေအထားကို ရှင်းပြရန် အဆောက်အဦးကြီးဖြစ်ပါသည်။ Hung ဘုရင်မင်ဆက်၏ ကျော်ကြားသောစစ်သူကြီးကို အမှူးပြုပြီးတည်ထားသော ဆင်ရုပ်စောင့် ခန်းမကြီးဖြစ်ပါသည်။ ဘုရားဖူးများကို စကားပြန်က စတင်ရှင်းပြပုံကို ဂရုပြုပြီးနားဆင် မှတ်သားပါက အထူးစိတ်ဝင် စားစရာကောင်းပါသည်။

အထက်ပါ နားနေရန်အဆောင်ကို ကျော်လွန်ပါက Thien Tru (Haven Kitchen) နိဗ္ဗန် အတွက်မီးဖိုချောင် ဟုအမည်ရသော ဗဟိုလ်ခန်းမဆောင်ကြီးကို တွေ့ ရပါမည်။ အမည်ရင်းမှာ အထက်ပါအတိုင်းဖြစ်သော်လည်း အများက Chua Ngoai (Outer Pagoda) အပြင်ဘုရားစေတီ ဟုခေါ်ကြပါသည်။ ခန်းမဆောင်ကြီး အတွင်းမှာ အံ့မခန်းနိုင်လောက်အောင် အတွင်းပရိဘောဂများနှင့်ဆင်ပြင်ထား သည်မှာ အထူးကြည်နူးမိပါသည်။ အထူးစာမဖွဲ့ လိုတော့ပါ၊ သူတော်စင်များကိုယ်တိုင်ကြွရောက်ဖူးမျှော်ပါက လက်တွေ့ ခံစားမှုကိုရပါလိမ် မည်။ ဌင်းခန်းမဆောင်ကြီး အနားမှာ ဘုံသုံးဆင့် အုပ်နှင့်သစ်စေတီတစ်ဆူ (Vien Cong Bao Stupa) တွေ့ ရပါမယ်။ ဇင်ဘုန်းတော်ကြီး (Ch’an Master Vien Quang) ကဌင်းဘုရားကျောင်းအဆောက်အဦးများနှင့် ပရ၀ဏ်ကို တည်ထွင်ဖန်တည်းထားတာကိုအမှူးပြုပြီး အရိုးအိုးဂူဘုရား ဖြစ်ပါသည်။ ဇင်ကျောင်းတော်၏ အစဉ်အလာအရ တရားပြသောခန်းမများ တရားထိုင်ရန် အဆောင်များနှင့် မှတ်တမ်းမှတ်ရာများ အတွက်တန်ဘိုးမဖြတ်နိုင်သော ကျောက်စာတိုင်များ အသီးသီးတည်ဆောက်ထားသည်မှာ ရှေးဟောင်း ဗီယက်နံနိုင်ငံ၏ ဗုဒ္ဓဘာသာကိုး ကွယ်မှု၏ အနှစ်သာရဖြစ်ပါသည်။ သုတေသီများ ဆက်လက်၍လေ့လာပြီး မြန်မာစာဖတ် လူထုကြီး အတွက်တင်ဆက်ပေးပါက တန်ဘိုးကြီးလှပါမည်။

 
ဇင်ဘုန်းတော်ကြီး (Ch’an Master Vien Quang) အရိုးအိုးဂူဘုရား။   တရားပြသောခန်းမ နှင့် ကျောက်စာတိုင်

သဘာဝအလျှောက် ကျောက်တောင်ပြိုကျပြီး စေတီပုံဖြစ်နေသော ကျောက်တောင်ကြီးကို (Thien Tru) စေတီလို့ ခေါ်ပြီး ဌင်းတောင်တွင် ခေါင်းလောင်းစဉ်မြင့်ကြီးနှင့် ရတနာသုံးပါး ခန်းမဆောင်ကြီးရှိပါသည်။ စစ်ဘေးစစ်ဒါဏ်ကြောင့် ပြိုကျသွားပြီး ၁၉၈၀ ခုနှစ်များကပြန်လည် ပြင်ဆင်ထားပါသည်။ အထက်ပါ တရားပြသောခန်းမနှင့် ကျောက်စာတိုင်ဘေးတွင် ရှေးဟောင်း သင်္ချိုင်းတစ်ခုရှိ ပြီး အစဉ်အလာအားဖြင့် ကျောင်းထိုင်ဆရာတော်ကြီးများ၏ဂူနှင့် အတူ မှတ်တန်းမှတ်ရာများ သမိုင်းဝင်ကျန်ရစ်ပါသည်။

တရားထိုင်ရန် အဆောင်များနှင့် မှတ်တမ်းမှတ်ရာများ အတွက်တန်ဘိုးမဖြတ်နိုင်သော ကျောက်စာတိုင်များ

Thien Tru (Haven Kitchen) နိဗ္ဗန် မီးဖိုချောင်ခန်းမဆောင်ကြီးမှ Huong Tich Cave သို့ သွားရာလမ်းတွင် Giai Oan Temple အံဝင်ဂွင်မကျနိုင်သော အယူများစွန့် ပစ်ရာဘုရားကျောင်းဟုအမည်ရပါသည့် ကျောင်းတော်နှင့် အတူ သဘာဝကြည်ပြာရောင်ရေကန် ကိုမြင်ရပါမည်၊ ဌင်းရေကန်ထဲသို့ စမ်းကျောင်း ကိုးခုဝင်ပုံမှာ ကမ္မဋ္ဌာန်းစီးဖြန်းနေသကဲ့သိုမြင်ရပါမည်။ သို့ သော် ဌင်းခရီးမှာရှည်ကြာ လွန်းသောကြောင့် ဘုရားဖူးအများသည် Cable-car ခရီးသည်များကို တောင်ပေါ်တောင်အောက် သယ်ဆောင်သည့် သံကြိုးဆွဲယာဉ်ကို သာအသုံးပြုသဖြင့် အထက်ပါရေကန်နှင့် ကျောင်းဆောင်ကိုမရောက်ကြပါ။

 
ရနံ့ ဂူဘုရား၏ အမြင့်ဆုံးနေရာမှာရှိသော Huong Tich Cave နှင့် Chua Trong (Inner Temple) အတွင်းကျောင်းတော်ရာနှင့် ဂူပေါက်ကြီး

ရနံဂူဘုရား၏ အထွတ်အထိပ်နေရာဖြစ်သော Huong Tich ဂူကြီးမှာအလွန်ကြီးမားပြီး၊ ရှေးအခါကတရားကျင့်သော ရသေ့ ရဟန်းများ အတွက်အစစဖူလုံနေသောဂူကြီးဖြစ်ပုံရပါသည်။ ယခုလက်ရှိမှာကိုက စိမ့်စမ်းနှင့် ကြည်လင်အေးမြနေသောရေတွင်းတို့ မှာ အရာရာကို စွန့် လွှတ်လောက်အောင်သဘာဝကဆွဲဆောင်နေပါသည်။ ဂူဝကြီးကိုကြည့်ရသည်မှာ နဂါးကြီး ပါးစပ်ဟနေသောပုံနှင့်တူပါသည်။ အ၀င်ကျောက်နံရံတွင် တရုတ်စာဖြင့်ရေးထားပုံ အသံထွက်မှာ (Nam thien de nhat dong) ဟုဖတ်ရပြီး အဓိပ္ပာယ်မှာ တောင်ဘက် ကမ္ဘာ၏ပထမတန်းစာဂူပေါက်ကြီး ဟုအမှတ်အသားကို ၁၇၇၀ ခုနှစ်ကရေးထွင်းထားပါသည်။ ဌင်းခေတ်အခါက အုပ်ချုပ်သူ ဘုရင်များ ၏အမည်များကိုလည်း မှတ်သားထားပါသည်။ ဂူကြီးအတွင်းတွင် ရုပ်ပွားတော်အများအပြာကိုတွေ့ ရပြီး၊ အကြီးဆုံးနှစ်ဆူမှာ ဗုဒ္ဓနှင့် ကွမ်းရင်မယ်တော်ကြီးပုံဖြစ်ပြီး ကျောက်စိမ်းနှင့်ထုလုပ်ထားပါသည်။ အခြားပန်းပုရုပ်များမှာ ဘုရားအလောင်းများ၊ ရဟန်းတာမျာ၊ ကွန်ဖြူးရှပ် နှင့် ပထမဦးဆုံးရဟန်းတော်ကြီးပုံတို့ ဖြစ်ပါသည်။ ဌင်းအပြင် (stalactites and stalagmites) ကျောက်စက်မန်းဆွဲ နှင့် ကျောက်စက်မိုးမျှော် အများအပြားကိုတွေ့ ရပါမည်။ တချို့ မှာ ဘုရားဖူးများ၏ ပွတ်သတ်မှုကြောင့် ပျက်စီးပြီး ပြောင်ချောနေပါသည်။ ဂူမကြီးမှာ မိုင်ဝက်ခန့် အတွင်းတွင် မွေလိန် မွေကောက်ဖြစ်နေပြီး၊ အနီးအနားတွင် သီးခြားရပ်တည်နေသော ဂူများနှင့် ဘုရားရုပ်ပွား တော်များရှိပါသေးသည်။ အချို့ သောဂူများမှာ ရှေးကြသော ဗီယက်နံယုံကြည်ရာ နတ်ရုတ်များလည်းရှိပါသည်။ ကျနော်တို့ ကျိုက်ထီးရိုး ဘုရားသမိုင်းမှာပါသလို ဒေသခံ နတ်ဖြစ်သွားသော နန်ကျင်တို့ လို ပုံပြင်များလည်း အများအပြားရှိပါသည်။

ဗီယက်နံနိုင်ငံ၏ အကြီးဆုံး ဘုရားပွဲမှာ ရနံဂူဘုရားပွဲဖြစ်ပြီး Huong Pagoda Festival ဆိုလျှင်လူတိုင်းသိပါသည်။ ဘုရားပွဲကို နှစ်စဉ် ဖေေါ်ဝါရီလ ၁၅ ရက်နေ့ မှာဖွင့်သော်လည်း၊ ဇန်န၀ါရီလ လယ်ကနေ မတ်လလယ်အထိ တိုးမပေါက်အောင် လူစည်ကားပါသည်။ အထူးသဖြင့် လူပျို အပျိုများ အားခဲ၍ ဘ၀အဖေါ်မွန်များရှာသောပွဲဆိုလျှင်လည်း လွန်ရာကြမည်မထင်ပါ။ အထူးလှပပြီးသာယာလှတဲ့ နေရာဖြစ်ထာကြောင့် ဗီယက်နံစာနှင့်အတူ ရှေးတရုတ်စာတွေနဲ့ ပါ ကဗျာများ စာများဖွဲ့ ဆိုထားသည်ကို ၀ါသနာပါသူများ လေ့လာရန် ကုန်ကျန်းထုပ်ကြီးဟုပင်ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာသူတော်စင်များ တရားရှာဖွေ စိတ်ကူးဖြင့်ဘုရားဖူးနိုင်ပါစေဟုရည်စူးလျှက် …။

ဂူတွင်းရှိဘုရားစဉ်နှင့် နတ်ရုပ်များ၊ ကွန်ဖြူရှပ်ရုပ်ထု နှင့် အမွှေးတိုင်ကြီး၊ ဂူကိုစတင်တွေ့ ရှိသူ ဆရာတော်ကြီး
 Cable-car သံကြိုးဆွဲယာဉ်နှင့် ဂူတွင်း စမ်းရေတွင်း
 
Huong Tich Cave နှင့် Chua Trong (Inner Temple)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts