ရင်ထက်ကဗျည်း

ကံထွန်းသစ်
နိုဝင်ဘာ ၁၂၊ ၂၀၁၂
 

“အစားကောင်းစားရလျှင် ခင်မင်သူကို သတိရသည် “ ဆိုသောရှေးသူဟောင်းစကားသည် ကိုယ့်အတွက် တော့ မပြည့်စုံ။ မည်သည့်စားဖွယ်ကိုစားစား၊ ခင်မင်သူတွေကို အမှတ်ရနေ တတ်သောကြောင့်ပင်။

ငယ်စဉ်ကပင် သွားဆင်းရဲသောကိုယ်သည် လက်သင်သွားဆရာဝန်ငယ်တစ်ဦး၏ မှားယွင်းဆုံးဖြတ်မှုဒဏ်နှင့် သက်ရင့်သမားကြီးတစ်ဦး၏လက်ထောက် ဆရာမလေး၏ သွားနှုတ်ဒဏ်ကို မချိမဆံ့ ခံရပြီးသည့်နောက် မှာတော့ သွားဆေးခန်းတွေကို ကိုယ်ရှောင်တတ်ခဲ့သည်။

သွားကိုက်သွားနာလျှင် ဆားရေနွေးငုံ၊ မသက်သာလျှင် ဝမ်းနှုတ်၊ မသက်သာသေးလျှင် အကြောလျှော့၊ သို့သော် နှုတ်ထားသည့်နေရာတွေ ကွက်လပ်မဖြည့်ခဲ့လေတော့ ကျန်သွားတွေယိုင်၊ တချို့ကျိုး။ သည်လိုနှင့် သူငယ်ချင်းတွေက “ အကျိုးများသောဆရာတော် “ ဟု ကျီစယ်ခေါ်ခဲ့ကြ။

တပည့်၊ ဒကာတွေက ပြန်စိုက်ပေးရန်ကြိုးစားကြ၊ ကောင်းပေ့ဆိုသည့် ဆရာတွေထံ ခေါ်ပြကြ၊ ကိုယ်ကမူ ကြောက်ရွံ့ဆဲ၊ ယုံကြည်မှုမဲ့ဆဲ၊ သို့နှင့် စရံငွေတွေဆုံးပေါင်းလည်းမနည်းတော့။

သို့ဖြင့်သာ သွားဟောင်းလောင်းနှင့် ကိုယ်အမေရိကကိုရောက်လာသည်။ လူမှုဆက်ဆံရေးနယ်တွင် သွား၏ အသရေအရေးပါမှုနှင့် သွားကျန်းမာရေးစရိတ်မြင့်မားသည့် သည်လိုနိုင်ငံကြီးတွင် ကိုယ်ကံကောင်းခဲ့သည်က  ရောက်စနှစ်မှာပင် ကိုမျိုး၊ မပပတို့ ဆွေမျိုးတစု၏ စပွန်စာဖြင့် L.A မြို့ အဇူဇာပဋ္ဌာန်းပွဲကို ကြွရောက်ရခြင်းပင်။

ပဋ္ဌာန်းတန်ခိုးဟုဆိုရပေမည်။ “ အကျိုးများသောသူအဖြစ်မှ အကျိုးမရှိသူအဖြစ်သို့ “ ချက်ချင်းရောက်သွားရ တော့သည်။ ပဋ္ဌာန်းတန်ခိုးလည်းဆိုသေး၊ ဘယ်နှာကြောင့် … ဟု မျက်မှောင်မကုတ်လိုက်ပါနှင့်။ ဆိုလိုရင်းက ပဋ္ဌာန်းပွဲလာစဉ် သွားကျိုးနေသော ကိုယ့်ခံတွင်းကို ဆရာဝန်မောင်နှံကြောင့် သွားတွေဝင်းသွားသည်ကို ရွယ်ပေသည်။

ဆယ်ကြိမ်မြောက် ပဋ္ဌာန်းဖွင့်ပွဲမှာပေါ့။ စည်ကားသိုက်မြိုက်လှသည့် ပရိတ်သတ်များထဲတွင် ပင်နီတိုက်ပုံနှင့် သူ့ကို သတိထားလိုက်မိသည်။ မကြာခင် ကိုမျိုးက မိတ်ဆက်ပေးမှ ဒေါက်တာလမင်းတရာ တဲ့။ သူ့ဖခင်ကို လူချင်းမကျွမ်းသည့်တိုင် စာကိုရင်းနှီးကြောင်းပြောဖြစ်ခဲ့။ နောက်ပြီး သူ့ဇနီးက ပဋ္ဌာန်းဖွင့်ပွဲအခန်းအနား တွေမှာ ဓမ္မဂီတိတွေသီကျူးလေ့ရှိသည့် ဝတ်အသင်းအဖွဲ့ဝင်တယောက်တဲ့။ အမည်က မိုးငယ်ငယ်။  နှစ်ဦးစလုံးက သွားဆရာဝန်တွေတဲ့။ အော် … ပညာနှင့်သဒ္ဓါ ညီတဲ့မောင်နှံပဲ၊ အင်း … ဒါကြောင့်လည်း မိုးငယ်ငယ်မှာ လမင်းတရာ သာနိုင်တာပေပဲဟု ကြံကြံဖန်ဖန် တွေးရင်းပြုံးမိသည်။

စကားတွေဆိုရင်း ကိုယ့်သွားအခြေအနေကိုမြင်သွားပြီး သွားတွေစိုက်ပေးပါရစေတဲ့။ သည်တခါ ကိုယ်မတွေဝေတော့။ လက်ခံလိုက်သည်။ ပဋ္ဌာန်းပွဲကြီးအတွင်းမှာပင် အချိန်လုကာ သူတို့မောင်နှံက အဟောင်းနှုတ်၊ အသစ်စိုက်ပေးလိုက်ကြသည်။ ခုတော့ လူရွှင်တော်မိုးဒီကြီး ထက်လင်းရင်လူးဆေးကြော်ငြာ

သလို … “ တားတား ချားချင်တာချားလို့ရပြီ “ … ပေါ့။

ကျေးဇူးပါဆရာမောင်နှံ၊ ကျေးဇူးပါ။ ဆေးခန်းကို ကားမောင်းပို့ပေးသည့် ကိုမျိုး … ပြီးတော့ ဒေါ်မစပယ်၊ ပြီးတော့ … ပဋ္ဌာန်းပွဲကြီးနှင့်စပ်သမျှ …။

တကယ်ပါ။ ကိုယ်တို့ရဟန်းတော်တွေဆိုတာ တင်းကြပ်သည့် ဝိနည်းစည်းအတွင်းက သူတွေလေ။ ရွှေ ငွေကို မသာယာတတ်အောင် စောင့်စည်းလေ့ရှိသူတွေလေ။ သည်အရာတွေက သီလကို စွန်းထင်းစေလွယ်သည့် အရာတွေမို့ ဖြစ်နိုင်လျှင် ရှောင်ကြဉ်ကြသည်လေ။ လူတွေနှယ် ရောင်းခြင်း၊ ဝယ်ခြင်းကို ရှောင်ကြရ၊ အမှတ် တမဲ့ဝယ်မိလျှင်ပင် ထိုပစ္စည်းကို မသုံးဆောင်ကောင်း၊ သုံးဆောင်တိုင်း အာပတ်သင့်စေတဲ့. အစရှိ အနောင်နောင်မဖြစ်ဖို့ သို့နှယ်တင်းကြပ်ထားဟန်ထင့်။ ထိုပစ္စည်းကို တပါးသူအား ပေးလိုပေး၊ သို့မဟုတ် စွန့်၊

သို့မှ အာပတ်ကလွတ်ရပြီ။ စွန့်ခြင်းနှင့်တကွပြုရသည့် ကုထုံးပေါ့။ ဘယ်လောက်တင်းကြပ်လိုက်သလဲဆိုလျှင်ရွှေ၊ ငွေ အလှူခံပြီး ပုထိုးစေတီတည်လျှင်ပင် ကိုယ်ပြန်မဖူးကောင်း၊ ဖူးတိုင်း၊ ဖူးတိုင်း အာပတ်သင့်ကြောင်း အဖွင့်တခုကို သတိထားမိသည်။

စကားစပ်ရလျှင် မန္တလေးတောင်၊ ရန်ကင်းတောင်၊ ရွှေစက်တော်၊ စစ်ကိုင်းတောင် စသည်တို့မှာ စောင်းတန်း လှေကားတွေ ဆောက်လုပ်ခဲ့သော ရသေ့ကြီးဦးခန္တီဆိုလျှင် မူလက ရဟန်းတော်ပင်။ လှူတန်းကြသော ဘဏ္ဍာများကို ကိုင်တွယ်ဝေဖန်ဖို့ အပ်စပ်အောင် ရသေ့ဘဝကို ခံယူလိုက်သည်တဲ့၊ ကြည်ညိုဖွယ်ပေ။

ကိုယ်တို့မူ ထိုနှယ်မကျင့်နိုင်သေးသည့်တိုင်၊ ဝိနည်းနှင့်လျော်ရန် အခွင့်ထူးခဲ့ကြပေသည်။ ထိုအခွင့်ကို အစာစားတိုင်းအမှတ်ရတတ်သည်။ ဒေါက်တာလမင်း၊ ဒေါက်တာမိုးငယ်ငယ် မိသားစုနှင့် ဝေယျာဝစ္စဆောင် ရွက်သူတွေက… ပြီးတော့ ပဋ္ဌာန်းပွဲကြီးက ကျေးဇူးပြုခဲ့ပြီ။ နို့မဟုတ်ပဲ … ကိုယ်မအပ်မစပ်ရှာဖွေပြီး သွားစိုက်ခဲ့မိလျှင် …  စားတိုင်း … ဝါးတိုင်း … ဟူး …။

ပဋ္ဌာန်းရွတ်ဖော် ညီတော်၊ နောင်တော်တို့သည်လည်း ကိုယ့်နှယ် လိုအပ်ရာရာ မျက်စိ၊ သွား စသည်တို့ကို အပ်စပ်လျော်စွာ အလှူခံအသုံးပြုကြရပေပြီ။ သူတို့သည်လည်းကိုယ့်နှယ် စာပေ ပရိယတ် ဖတ်မှတ်ပို့ချတိုင်း၊ တစုံတခုသောခဲဖွယ်ကိုဘုဉ်းပေးတိုင်း ကောင်းမှုရှင်တို့ကို အမှတ်ရနေကြလိမ့်မည်။ ပြီး မေတ္တာတွေပို့သ နေကြမည်မှာ ဧကန်။ သံဃာတော်တွေဘက်က မေတ္တာ၊ ဒကာ ဒကာမတွေဘက်က သဒ္ဓါ၊ ဒကာ ဒကာမတွေ ဘက်က စေတနာ၊ သံဃာတွေဘက်က ပညာ၊ ဆေးဘက်ဆိုင်ရာဆရာဝန်၊  မျက်စိဆရာဝန်၊ သွားဆရာဝန်၊ အပ်စိုက်ဆရာဝန်ပညာရှင် စသည်တို့က ပညာ၊ သံဃာတော်တွေဘက်က ဓမ္မာ စသည်တို့ ယက်ရှယ်ပွဲကြီး လို့ပင် ဆိုလောက်ပါရဲ့။

ကြည့်စမ်း … အညောည ဥပနိဿိတာအလှ (အချင်းချင်း တည်မှီခြင်းအလှ)သည် ဘယ်ကလောက် ကြည်နူး ဖွယ် ကောင်းလိုက်သလဲ။ ပဋ္ဌာန်းလိုဆိုတော့ အညမညပစ္စည်း၊ သဟဇာတပစ္စည်း၊ နိဿယပစ္စည်း၊ ဥပနိဿယပစ္စည်း … အလို … ပစ္စည်းပေါင်းများစွာနှင့် အချင်းချင်း ကျေးဇူးပြုပွဲကြီးပါလား။

ကျန်းမာရေးအာမခံစရိတ်ကြီးပြီး မြန်မာဆရာဝန်တွေမရှိရာပြည်နယ်တွေမှာနေသူ ကိုယ်တို့အဖို့မူ ကျေးဇူးကမ္ဘာ။

ဤကား ကိုယ့်လက်ခုပ်ငယ်ဖြင့်ခပ်ယူစွမ်းသမျှ ကျေးဇူးအလှတို့ကို ပြောပြခြင်းပင်။ လက်ခုပ်မဆံ့သော၊ လက်ကြားယိုသွားသောအလှတို့ကား များပြားလှစွာပင်၊ ဥပမာ … ဆွမ်း … ကွမ်း … ဝေယျာဝစ္စတို့၌ မမောနိုင် မပန်းနိုင် အရုဏ်၊ နေ့ … ညဥ့် မလပ်ရအောင်စွမ်းဆောင်ကြသည့် အမျိုးကောင်းသမီးကြီးများ၊  သံဃာတော်များ အလှည့်ကျရွတ်ဆိုပူဇော်နိုင်ရန် ပင့်ဖိတ်လျှောက်ထား ပေးကြသည့် နိဗ္ဗာန်ဆော်များ၊ အလှူခံဌာန၊ သင်္ကန်းလျှော်ခြင်း (စက်ဖြင့်)၊ အခန်းအနားပြင်ဆင်ခြင်း၊ ကုဋီတို့သန့်စင်ပေးခြင်း စသည့် ဝတ်တို့ကို ကျရာကထမ်း စွမ်းရာက မ နေကြသည့် ရွယ်နုရွယ်ရင့် မောင်မယ် တို့ကလည်း “ ဘဒ္ဒန္တဧသက “၊ “ ဘဒ္ဒန္တဉာဏဝရ “၊ “ ဘဒ္ဒန္တသြသဓ “၊ “ ဘဒ္ဒန္တနန္ဒိယ “ အမှူးပြုသည့် ဦးဆောင်အရှင် မြတ်များကိုကူညီဝိုင်းရံပေးခြင်းထက် ထိုအရှင်မြတ်တို့ဆောက်လုပ်နေသည့် သာသနာခံတပ်ကြီးကို ဝိုင်းဝန်း ဆောက်လုပ် နေဟန်ပင်။

ခြုံ၍ဆိုသော် … လွန်ခဲ့သောဆယ်စုနှစ်ကျော်က သံဃာ (၆)ပါးမျှဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ရသော အဇူဇာ ပဋ္ဌာန်းပွဲသည် ယခုတော့ သံဃာတော် (၅ဝ) ခန့်ဖြင့် ကြီးကျယ်ခန်းနားနေခဲ့ပြီ၊ သာဓု ပဲ့ထင်ထပ်ခဲ့ပြီ။

ငယ်သောကျေးဇူး၊ ကြီးသောကျေးဇူး၊ လုပ်အားကျေးဇူး၊ ငွေအားကျေးဇူးအားလုံးကိုစုရုံးလိုက်ခြင်းဖြင့် ယခုလို ပဋ္ဌာန်းပူဇာသဘင်ကြီး နှစ်စဉ်မပျက် အဓွန့်ဆက်ခဲ့ခြင်းကိုမူ မည်သူမှငြင်းဘွယ်မမြင်။

ထိုကျေးဇူးတို့တွင် …ကိုယ့်ကို ကုသပေးခဲ့ကြသော ဆရာဝန်မောင်နှံတို့လို ပဋ္ဌာနဘာဏကသံဃာတော် တွေကို သွား၊ မျက်စိ စသည် … သန့်ရှင်းခန့်ကျန်းစေရုံမက စိတ်၌ပင် မှဲ့မည်းပြစ်မထင်အောင် ကုသ၊ လှူဒါန်းပေးကြသည့် ဆရာဝန်ကြီး၊ ငယ် အားလုံးတို့၏ ကျေးဇူးကလည်း တပြက်တထင်ရှိလှသည်ဟု ဆိုလိုက်ချင်ပါသည်။ ဟုတ်ပြီ … သည်အကြောင်းကို ဆောင်းပါးရေးရမည်။

အင်း … ကိုယ့်ရဲ့လေးဖင့်ပုံနှင့် သည်နှစ်ပဋ္ဌာန်းပွဲတော် မှီတန်ကောင်းပါရဲ့။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts