ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၅) – Mar Mar Aye


ဦးရှံစား
မာမာအေး
နိုဝင်ဘာ ၁၁၊ ၂၀၁၂

(ဓာတ်ပုံ – Morning Post ဂျာနယ်)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ဒီတပါတ်လည်း ဗိုလ်ကလေးတင့်အောင်အကြောင်းဘဲ ပြောဦးမှာ မဟုတ်လားလို့ တွေးနေ သိနေတယ် ထင်ပါရဲ့။

ဘိုးတော်ကြီးထွင်တဲ့ကိစ္စဆီ မရောက်ချည်တော့ပြန်ဘူး ဆိုပြီး နိုင်မြန်မာရေးပေးတဲ့ မေတ္တာပို့လေးနဲ့ သိမ်းခဲ့တာမို့လား။ သူထွင်တဲ့ တခုခုဆီ ပြန်သွားပြောကြတာပေါ့နော။

ဒီခေတ်ကြီးထဲမှာ လူတယောက်အသက် (ကိုးဆယ်)ရောက်အောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် စောင့်ရှောက်ခဲ့ရမလဲ၊ အသက်ကိုးဆယ်ကျော် တစ်ရာ ကျန်းကျန်းမာမာ ဘယ်နှစ်ယောက် ရှိနေမလဲ၊ အတော် နည်းနေရော့မယ်ပေါ့ရှင်။ အဲဒီထဲမှာ – တခါ၊ သူဘာလုပ်ခဲ့သလဲ၊ ဘယ်လိုနေခဲ့သလဲ၊ သူ့မှာ လူတွေကို အသိပေးလို့ရတဲ့ကိစ္စ အကေါင်းအဆိုး ဘာတွေ ရှိသလဲ၊ ပြောလို့ရတဲ့သူလဲရှိမယ်၊
လူဖြစ်ခဲ့လို့သာ၊ ဘာမှတ်တမ်းမှတင်စရာမရှိတဲ့ နေရိုးနေစဉ်၊ သေရိုးသေစဉ်အတိုင်း ဧည့်သည်သွား ဧည့်သည်လာတွေက ပိုများမှာလေ။ ဒီဂီတဘိုးအေကြီးစိတ်ကူးကို မြူးရွှင်ဘွယ်ရာ ‘ကါရိုက်တာ’မှာထား၊ မှတ်သားနိုင်တာကြောင့် ပြောရေးရှိက ပြောသရှင်လို့ မာအေးက ဆိုတာပါရှင်။ သက်ရှိထင်ရှား သူနေသွားခိုက်မှာ ပြောမှားဆိုမှား ရှိရင်၊ သူပြန်ပြောသွားနိုင်ရင်၊ နောင်တွင် ငြင်းစရာ ဘယ်လာရှိမှာလဲ ဆိုတဲ့ ခံယူချက်နဲ့ပါနော်။

မာအေးက တချို့သောလူပုဂ္ဂိုလ်တွေအကြောင်း ပြောတဲ့အခါမှာ – အများအားဖြင့် မရှိကြတော့မှ ပြောဖြစ်တာများတော့ လိုရင်းတိုရှင်းလုပ်နေရတာပေါ့။ ပြီးတော့ ပြောစရာ ရှိမလဲ ပြောရတာပါ။ ဒါကြောင့် ကိုယ်သိတာလောက်ကလေးပါလို့ ထည့်ထည့်ပြောနေရတာဘဲ။ လူ့သဘောကတော့ အကေါင်းကြီးဘဲ တွင်စေ မြင်စေချင်တာပါ။ ယောက်ျားဆိုလဲ ဘုရားဆုပန်၊ မိန်းမဆိုလဲ တော်လေး၀၀င် အကေါင်းကြီးဘဲ ဖြစ်ချင်တာမို့လားရှင်။
မာအေးကတော့ ကေါင်းကေါင်းဆိုးဆိုး တပါးသူအကျိုးမထိခိုက်မှာမျိုးတော့ ဆင်ချင်ပြီး  ပြောပြလိုတာပါဘဲ။

အကိုလေးဟာ သူ့ဝန်းကျင် ပြဇါတ်ရုပ်ရှင် ဂီတဖန်တီးဖက် အနုပညာရှင်တွေနဲ့ ပျော်အောင်နေတယ်၊ ပျော်အောင်ထားတယ်၊ တသားတည်းနေတတ်တယ် ဆိုကြပါစို့၊ ဘယ်တော့မှ စိတ်ညစ်တဲ့ကိစ္စတွေ ယူမလာတတ်ဖူး၊ ဘယ်လိုဟာသမျိုးဖြစ်ဖြစ် ကြိုက်တတ်တယ်၊ တွေးနေတယ်၊ သူ့အတွေးမှာ ပေါ်လာတဲ့ ဟာသကို ပြန်ပြောပြတဲ့အခါ သူပြောမျာကို သူ့ဖါသာ အရင်ရယ်ပြီးမှ ပြန်ပြောပြီး အားလုံးနဲ့အတူ ထပ်ရီတတ်ပါတယ်။ မျှဝေခံစား မျက်ရည်များတောင်လည်ရှယ်တယ် ဆိုတာမျိုးပေါ့။

ဒါကြောင့် ပြီးခဲ့တဲ့အပါတ်က နံပါတ် (သုံးလုံးတူတဲ့) လေးသုံးလုံးကျနေတာကိုး။ အပျော်ဖဲဆော့နိုင်အောင်လဲ တီထွင်ပေးဖူးတဲ့အကြောင်း ပြောပြဘို့ သတိရပြန်တာပေါ့။ ရေးကြီးခွင်ကျယ် မဟုတ်ပေမယ့် နည်းစံနစ်တခု ထွင်တာဟာ ဥာဏ်သုံးနိုင်တာ အခရာ အဓိကမို့  နားလည်ပေးစေချင်ပါတယ်။

မာအေးတို့ဆီက လူအတော်များများဟာ ဖဲကစားနည်းအမျိုးမျိုး ရှိတဲ့အနက် တမျိုးလောက်တော့ ကစားတတ်မှာချည်းပါဘဲ။ မာအေးတို့ရဲ့ သုံးလောက သဘင်၊ ဂီတ၊ ရုပ်ရှင် အပါအ၀င်ပေါ့။ အထူးသဖြင့် ခရီးသွားကြစဉ်မှာ အပွင့်ကလေးတွေကြည့်ရင်း လိုက်သွားတော့ မသိမသာနဲ့ ရောက်သွားတာမျိုး ခံစားတတ်ကြပါတယ်။ အဲဒီလို ကစားတတ်တဲ့သူတွေ ထိတွေ့မြင်ကြားဖူးတဲ့ ကစားနည်းအသီးသီးမှာ မရှိဖူးသေးတဲ့ ဗိုလ်ကလေးတင့်အောင် တည်ထွင်တဲ့နည်းကို “ဆယ့်လေးချပ်” ကစားနည်းလို့ ခေါ်ရမှာဖြစ်ပါတယ်။
ဆယ့်သုံးချပ်ကစားနည်းမှာ တချပ်တိုးပြီး ကစားရတာပါ။ ဖဲတချပ်တက်လာရင်း ပုံစံတမျိုး စဉ်းစားနိုင်ရင်း ဖြစ်လာလို့ ပျင်းစရာကိုမရှိပါဘူး။ အကိုလေးနဲ့အတူ ခရီးသွားဖေါ် အနားနီးတဲ့ ဂီတသမီးသားတတွေနဲ့သာ ကစားခဲ့ရှာပါတယ်။ လေးချပ်အထက် ဂျိုကါမထောက်ရတဲ့ ရမ်းတတွဲနဲ့ ထိမ်းထားရတဲ့ကစားနည်းမျိုး ဖြစ်ပါတယ်။ အကျယ် မပြောတော့ပါဘူးနော်။ CASINO နဲ့ မှားမှာစိုးလို့ပါ။

မာအေးတို့ ဘိုးတော်ကြီး သက်ရှည်ကျန်းမာနေတာဟာ ပျော်ပျော်နေတတ်ပြီး ဘ၀ကို ပျော်ပျော်ဘဲ ရင်ဆိုင်ခဲ့တာကြောင့်ဖြစ်မယ် ထင်ပါတယ်။ ဇနီးမယား သမီးသားတို့ကလဲ ငြူစုခြင်းမရှိ – ပကတိငြိမ်းချမ်းတဲ့ မိသားစုသဏ္ဍာ စံလို တွေ့ရတယ်။
ကံကေါင်းတဲ့ အနုပညာရှင် အကိုလေးရဲ့ ရုပ်ပုံလွှာကို တလောလေးက မာအေးရဲ့ ကိုယ်ရေးစာအုပ်ကလေး ထုတ်လို့ မိတ်ဆက်ပွဲလေး လုပ်တဲ့နေရာက သတင်းလေးထဲမှာ ပါလာတာတွေ့လိုက်တဲ့အခါ၊ သိတ်ကြီးပြောင်းလဲသွားပုံ မရဘူး၊  မာအေးစတွေ့ခဲ့တုန်းကအတိုင်းဘဲ သေးသေးကျစ်ကျစ်၊ တိုက်ပုံ အကျအန ၀တ်တတ်တဲ့သူ့ကို ဦးအောင်ရှိန်ဆိုတဲ့ နာမည်ကျော်ကါတွန်းဆရာကြီးက ဟာသမြောက်အောင် သမခဲ့တာလေးလဲ အဆစ် ပေးရဦးမယ်လို့ သတိရမတယ်။
မာအေးက ကါတွန်းဆရာ အောင်ရှိန်တို့၊ ဆရာမြင့်သိန်းတို့နဲ့လဲ ခင်ဖူးတယ်၊ ဆရာအောင်ရှိန်ရဲ့ ဦးရှံစားတို့ ဦးဒိန်းဒေါင်တို့ ဆရာမြင့်သိန်းရဲ့ စံရွှေမြင့်တို့ ကါတွန်းစာအုပ်တွေ ရုပ်ရှင်ဖလင်တွေပေါ် ရောက်လာတော့ ရှံစားလဲဆို၊ စံရွှေမြင့်လဲဆိုပေါ့။

တနေ့ ‘မှားတဲ့အခါလဲ မှားပေမပေါ့’ ဆိုတဲ့ ဟာသကါး ပဏာမသီချင်း အသံသွင်းဖို့ရာ ရုပ်ရှင်မြှင့်တင်ရေးကို သွားရောက်တဲ့အခါ ကါတွန်းအောင်ရှိန်ကြီးလဲ  လာတာကိုး၊ ဒါနဲ့ မာအေးက စပ်စုစိန် လုပ်ခဲ့တာပေါ့လေ။ အနောက်ဖက်က ကေါ်မစ်တွေ ကါတွန်းတွေဟာ ပန်းချီမဆွဲခင် လူနဲ့ အရင် လှုပ်ရှားကြည့်၊ ပုံကြမ်းဆွဲပြီးမှ အတည်ရေးတာ ဟုတ်လား မေးတော့ ဟုတ်တယ် တဲ့၊ ဦးအောင်ရှိန်ဟာလဲ သူ့ကါတွန်းတွေမှာ စံလူထားတာဘဲ တဲ့၊ သူက လက်တွေ့ပြခဲ့ပါတယ်။ အကိုလေးနဲ့ ကိုကို သီချင်း အသံထည့်နေကြတဲ့ ခတ်လှန်းလှန်း နေရာလေးကို လက်ညှိုးထိုးပြရင်း ပြောတာပါ။ “ရွှေအေး … ညည်း ဒီကနေ လှန်းကြည့်ကြည့်စမ်း၊ ဗိုလ်ကလေးကို ဘေးတိုက်က မြင်နေရတယ်မို့လါး၊ လူက သေးသေး၊ တိုက်ပုံလေးနဲ့၊ မေးရိုးက ဒေါင့်ကျကျ၊ မချောင့်တချောင် မောင့်ကျက်သရေခေါင်းပေါင်းလေး ဆောင်းပေးကြည့်လိုက်၊ ဦးရှံစားမှ ဦးရှံစားရဲ့ဂိုက်၊ တွေ့လား၊ တွေ့ပြီလား၊ အကိုလေးကို နောက်ရင်း တကယ့်အရုပ်က စုံထောက်ကြီး ဦးရှံစားအဖြစ် အောင်မြင်သွားတဲ့အကြောင်း မှတ်ထားလိုက်ပေါ့ဟာ” တဲ့။ အကိုလေးလဲ သူ့ကြည့်ပြီး ဦးရှံစား ကါတွန်းရုပ် ဖန်တီးခဲ့တာကို သိကေါင်း သိနေမှာပါ။ လူတိုင်းက ချစ်ကြောက် ရိုသေကြလို့ သူ့ကို နာမ်စားသုံးတဲ့နာမည်ပြောင်တောင် မကြားမိခဲ့ပါဘူးရှင်။ ဥပမာ စန္ဒရားချစ်ဆွေ ဆို မှုံကြီး၊ စန္ဒယားလှထွတ် ဆို မှုံလေး၊ မောင်ကိုကိုဆိုရင် ‘အိုကေ – ရှူးဝါး’၊ ဆရာရွှေပြည်အေးကြီးတောင် ‘ဆွံတွန့်ကွန့်ပျံ’ တဲ့။ သူ့မှာ အကိုလေးဟာ အကိုလေးဘဲရှိပါတယ်။
အဲဒီလို ဦးရှံစားကိစ္စ သိရတဲ့နေ့မှာ ရှံစားဒိန်းဒေါင် အကြောင်းပြု ဆိုခဲ့ရတဲ့ သီချင်းကလေးရဲ့ အစဟာ ခလေးတိုင်း ရတဲ့ သံစဉ်ကို စာသွင်းပေးထါးတာမျိုးမို့ မှတ်မိနေပါတယ်ရှင်။ အိပ်နေသလား ကိုကိုဂျွန် သီချင်း အလိုက်ကလေးနဲ့ ဆိုခဲ့တာပါ။

“မှားတဲ့အခါလဲ မှားပေမပေါ့” ပဏါမသီချင်းမှ
* ဦးရှံစား …. ဦးဒိန်းဒေါင်၊ ရှံစား ရှံစား … ဒိန်းဒေါင် ဒိန်းဒေါင် xxx ဂုဏ်မြောက်အောင် နှစ်သွယ်စုံထောက်မောင်၊ ဥာဏ်ရည်ပြောင် – စံမမီပေါင် လူတိုင်းအသဲထဲအေးအေါင်၊ အသက်ပေးလို့သာ ရွက်ဆောင်၊ အမမှု မပေါ်ပေါင်၊ မှားပြီမောင် xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts