ဝေဖန်ရေးရာ

ဆင်းရဲလှချည်- ဒို့မြန်ပြည် (Phone Shan)

ဆင်းရဲလှချည်- ဒို့မြန်ပြည်

ဘုန်းသျှံ (လန်ဒန်ဝိဟာရ)၊ နိုဝင်ဘာ ၁၀၊ ၂၀၁၂

အွန်လိုင်းသတင်းမှာ ဖတ်လိုက်ရပါတယ်၊ လူလိမ် “လူကြီးမင်း”၊ လူညာ “လူကြီးမင်း” ဘာပဲ ညာပဲ-စသည်ဖြင့် ကြမ်းတမ်းသည့် အသွင်ဆောင်သော အရေးအသား အပြောအဆို အသံတွေပဲပေါ့။ ခေတ်မီဖွင့်ဖြိုးစ ဖြစ်လာတဲ့ နိုင်ငံတိုင်းမှာ ဒီလို အခြေအနေ၊ ဒီလို ပြဿနာ၊ ဒီလို ဖြစ်ရပ်တွေက အဆန်းတော့ မဟုတ်လှပါဘူး။ မြန်မာနိုင်ငံလို ပွင့်လင်းစ ဖြစ်နေတဲ့ နိုင်ငံမှာ၊ ဒါဟာ အစပဲ ရှိဦးမှာပါ။ လာမည် မကြာမှီတွေ အများကြီးပါ၊ ဒီလိုသတင်းမျိုးတွေ စောင့်ပြီးတော့သာ ဖတ်ကြရတော့မှာပါ။

ရောင်းသူတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ဝယ်လိုသူတွေကို လောဘနဲ့ မက်လုံးပေးကြ။ ဝယ်လိုသူတွေကလည်း ဈေးပေါပေါနဲ့ ရလိုမှု လောဘတွေတက်ကြ။ ရောင်းသူ-ဝယ်သူ အလိုမပြည့်ကြ လေသောအခါ နောက်ဆုံးတော့ လောဘနှစ်ခု ပေါင်းဆုံမိကြရာမှ ဒေါသမီးတွေ တောက်ကြရတယ် မဟုတ်ပါလား။  လာပြန်ပါပြီ နောက်တစ်ခါ… သူ့ကြော်ညာကို ဖတ်ကြည့်ပါဦး…

“အစီအစဉ်သစ်ဖြင့် Samsung Galaxy ရောင်းချပေးမည့် (လူကြီးမင်း) …”

”မဟာလျော့ဈေး အစီအစဉ်ဖြင့် စေတနာ ရှေ့ ထား၍ ပြုလုပ်ပေးခဲ့ပါသော်လည်း အစီအစဉ် ပျက်ခဲ့သည့်အတွက် ဝမ်းနည်းမိပါသည်။ ကြော်ညာထားသည့်အတိုင်း ဟန်းဆက် တစ်လုံးလျှင် ကျပ်(၅၀၀၀)ဖြင့် မနှိုက်ရောင်းချပေးမည်မှာ အမှန်တကယ် ဖြစ်ပါသည်။ နေပြည်တော်၊ ပျဉ်းမနားနှင့် တောင်ကြီး ဆိုင်များတွင် မဲနှိုက် ရောင်းချပြီး ဖြစ်၍ ကျန် Handset အလုံး (၈၀) ကို အောက်ဖော်ပြပါ အစီအစဉ်သစ်ဖြင့် မဲနှိုက်ရွေးချယ် ရောင်းချမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြား အပ်ပါသည်။

၁။ ရန်ကုန် လူကြီးမင်း ဖုန်းဆိုင်များသို့ လာရောက်၍ ကူပွန်ပေါ်တွင် – အမည် မှတ်ပုံတင်၊    လိပ်စာ၊ ဖုန်းနံပါတ်များကို ဖြည့်စွက် ထည့်သွင်းရပါမည်။

၂။ ကူပွန် ထည့်နိုင်သည့်ကာလ –          ၇- ၁၁- ၂၀၁၂-မှ ၁၁-၁၁-၂၀၁၂-အထိ           (နေ့စဉ်  မနက်(၉ )နာရီမှ ညနေ (၅) နာရီ) အထိ။

၃။ မဲနှိုက် ရွေးချယ်ပေးမည့်နေ့ – ၁၂-၁၁-၂၀၁၂၊ PAPKROYAL HOEL.

၎။ မဲနှိုက်ရွေးချယ်ပေးမည့် အရေအတွက် – လသာ အလုံး (၂၀)၊ ပါရမီ (၁၀) လုံး၊ ဇဝန (၁၀)လုံး၊ ဘုရင့်နောင် (၁၀)လုံး၊ မြောက်ဥက္ကလာ (၁၀)လုံး၊ အင်းစိန်ဖော့ကန်(၁၀)လုံး၊ သာကေတ (၁၀)လုံး။

၅။ မဲပေါက်သူများ စတင်ဝယ်ယူနိုင်သည့်နေ့ – ၁၃-၁၁- ၂၀၁၂။ 

မှတ်ချက်။ ။ လူတစ်ဦးလျှင် တစ်ကြိမ် တစ်ဆိုင်တည်းတွင်သာ ကူပွန်မဲ ထည့်ခွင့်ရှိသည်။ မှတ်ပုံတင် တူနေပါက ပယ်မဲ အဖြစ်သတ်မှတ်မည်။ လူကြီးမင်း ဖုန်းဆိုင် မိသားစုဝင်များ ဝင်ရောက်ရွေးချယ်ခွင့် မရှိရန် ကန့်သတ်ထားပါသည်။ မဲပေါက်သူများအား စာနယ်ဇင်းများတွင် ဖော်ပြပေးခြင်း၊ ဆိုင်ရှေ့ တွင် ကြော်ညာပေးခြင်း၊ တစ်ဦးချင်းစီကို ဖုန်းဆက် အကြောင်းကြား ပေးခြင်းတို့ကို ပြုလုပ်ပေးပါမည်”။

သတ္တဝါတိုင်းမှာ လောဘတရား ဦးစီးလာရင် အမှန်နဲ့အမှားကို ဝေခွဲနိုင်တဲ့ဉာဏ် မရှိလေတော့ ရလိုမှု လောဘကြောင့် တစ်ကောင်နဲ့တစ်ကောင် ကိုက်ကြတယ်၊ တစ်ကောင်နဲ့တစ်ကောင် ထိုးဆိတ်ကြတယ်၊ ပုတ်ခတ်ကြတယ်၊ တိရ စ္ဆာန်တို့၏ အဖြစ်ကို ပြောတာပါ။  အခုဖြစ်နေကြတာက လူသားတွေလေ။ အိပ်တာ၊ စားတာ၊ ကာမဂုဏ် မှီဝဲတာ တိရစ္ဆာန်များနဲ့ တူကြပေမဲ့၊ လူကတော့ ဆင်ခြင်တုံတရား သာရမယ် ရှိရမယ်လေ၊ ဉာဏ်ပေါ့- ဉာဏ်ပဲပေါ့၊ အဲဒါရှိလို့လဲ လူလို့ခေါ်တာပါ။ အဲဒါ မရှိရင် တိရစ္ဆာန်နဲ့ အတူတူပါပဲလို့ လောကနိတိက ဆိုထားတာ မဟုတ်ပါလား။

အခုတော့ ဒီပုံကို ကြည့်လိုက်ပါ……  ရလိုမှု ရှိနေကြသူတွေနဲ့ ရောင်းလိုမှု ရှိတဲ့သူတွေ ဘယ်သူ့က ဘယ်သူကို အပြစ်ဆိုကြမှာလဲလို့။ ဘယ်သူမှားလို့ ဘယ်သူမှန်သလဲ။

ရောင်းချမည့်အရေအတွက်က……

၎။ မဲနှိုက်ရွေးချယ်ပေးမည့် အရေအတွက် – လသာ အလုံး (၂၀)၊ ပါရမီ (၁၀) လုံး၊ ဇဝန (၁၀)လုံး၊ ဘုရင့်နောင် (၁၀)လုံး၊ မြောက်ဥက္ကလာ (၁၀)လုံး၊ အင်းစိန်ဖော့ကန် (၁၀)လုံး၊ သာကေတ (၁၀)လုံး တဲ့။

အရေအတွက် လူဦးရေ သန်းနဲ့ချီ ရှိနေတဲ့ ရန်ကုန်တစ်မြို့ လုံးမှာမှ အလုံးပေါင်း (၈၀)ထည်းပါ။ မြင်ရတဲ့ လူအုပ်က သောင်းဂဏန်းနီးနီး ရှိပါလိမ့်မယ်။ ဖြစ်နိုင်၏ မဖြစ်နိုင်၏၊ ရနိုင်၏ မရနိုင်၏ ဝယ်မည့်သူများက စဉ်းစားဝေဘန် ကြည့်ရမှာပါ။ တိုးကြ ဝှေ့ကြရင်းနဲ့ ခိုက်ရန်တွေဖြစ်၊ ခေါင်းပေါက် ထိပ်ကွဲတောင် ဖြစ်ကြသတဲ့။ ဒို့နိုင်ငံ ဒီလောက်တော့ မဆင်းရဲသေးပါဘူး။ ဆင်းရဲနေတာက စိတ်ပဲ။

ရောင်းသူ၏အလွန် ဝယ်သူ၏အမှားလို့ မပြောလို မသုံးသပ်လိုပါဘူး၊ အားလုံး လောဘသားတွေမို့ ချည့်ပဲလို့သာ မြင်မိတာပါ။ စာရေးသူလည်း လောဘကင်းနေသူ တစ်ယောက် မဟုတ်ပါဘူး၊ သို့သော် အဲဒီလို နေရာမျိုးမှာ လုံးဝလာမှာ မဟုတ်သလို အချိန်ကို အကျိုးမဲ့ ဖြုန်းတီးပစ်မှာလည်း မဟုတ်ပါဘူး။ အချိန်၏ တန်ဖိုးကို သိနေကြတဲ့ သူအားလုံးဟာ စာရေးသူနဲ့ တစ်သားတည်း ရှိနေကြမည်လို့ ယူဆပါတယ်။

ကြားဘူးထားတဲ့ ပုံဟောင်းတစ်ခုလို…. မန္တလေးမြို့မှ သူဋ္ဌေးတစ်ယောက် ဆိုင်ကယ်စီးပြီး ရွှေဘိုမြို့ကို ကိစ္စတစ်ခုနဲ့ သွားတဲ့အခါ ဝက်လက်မြို့အပိုင် လှတောရွာကို ရောက်ပါတယ်၊ ရွာလည်လမ်းမမှာ စီးလာတဲ့ ဆိုင်ကယ်က စက်ရပ်သွားလေတော့ သူဋ္ဌေးကလဲ စက်ရပ်သွားတဲ့ ဆိုင်ကယ်ကို ခြေတစ်ဖက်နဲ့ နင်းနင်းပြီး နှိုးပါတယ်၊ တစ်ဘွတ်ဘွတ်နဲ့သာ မည်နေတဲ့အတွက်  ဆိုင်ကယ်နှိုးနေတဲ့ သူဋ္ဌေးကို ရွာသားတစ်စုက ဝိုင်းကြည့်နေကြတယ်၊ လူတွေဝိုင်းကြည့်လေ သူဋ္ဌေးက စက်ကိုနင်းနှိုးလေနဲ့ အချိန်တော်တော် ကြာသွားပါသတဲ့။

သို့ပေမဲ့ ဆိုင်ကယ်စက်က မနှိုးလာပါဘူး၊ သူ့မှာ ချွေးတွေလဲ ရွှဲနစ်လာပြီပေါ့၊ အဲဒီအချိန်မှာ ကြည့်နေတဲ့ လူအုပ်ထည်းက အသံတစ်သံ ထွက်ပေါ်လာပါတယ်၊

”ဟောဒီလူ ဒို့ရွာမှာ မောင်းထောင်းစားရင် သူဋ္ဌေးဖြစ်လောက်တယ်”လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ ကျန်လူအားလုံးက ဟားတိုက်ပြီး ရယ်ကြသတဲ့။

အခုလည်း လူကြီးမင်း ဖုန်းဆိုင်က Samsung Galaxy ဖုန်း အလုံး(၈၀)ကို ကျပ် (၅၀၀၀)နဲ့  ရလေမလားလို့ဆိုတဲ့ ရည်ရွယ်ချက်ထား လာကြတဲ့ လူများစွာတို့၏ တန်ဖိုးရှိတဲ့ အချိန်တွေကို လှတောသား ပြောနည်းနဲ့ ပြောရလျှင်………

“အော် ဒို့ရွှေမြန်မာတွေ အချိန်တွေ တော်တော်ကို ပိုလိုက်ကြတာလို့ အချိန်လုနေရတဲ့ အင်္ဂလန်မှာ လာပြီးတော့များ အသုံးချလိုက်လျှင် သုဋ္ဌေးမင်း ဖြစ်လောက်တယ်လို့သာ …”

(အချိန်သည် မဆင်းရဲတတ်- …… စိတ်သာ ဆင်းရဲတတ်၏)။

သတ္တဝါ မှန်သရွေ့  တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ၊

ဘုန်းသျှံ (လန်ဒန်ဝိဟာရ)

၉ . ၁၁. ၂၀၁၂။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ဆင်းရဲလှချည်- ဒို့မြန်ပြည် (Phone Shan)
  1. တော်တော်အရှက်မရှိ.မြက်နှာပြောင်တိုက်ရိုက်စားနေတဲ့လူကိုဆက်အားပေးနေသူတွေ XXXX

  2. မြန်မာ.စိတ်ရင်း အချောင်လိုခြင်ခြင်း

    အလကားဆိုရင် အိမ်ကျိုးစေရမယ်

  3. လူကြီးမင်းက နာမည်ရ လိုခြင်း ကို ခက်ခဲသောသူများ၊ သေချာစွာ(အမှတ်မထင်)မသုံးသပ်မိသူမှားနှင်. လုပ်ငန်းပြိုင်များ
    ကြောင်.ဖြစ်ရတာပါ။ အဲဒီဖြစ်စဉ် မဖြစ်ခင်မှာ အချက်အလက်တွေကို သတင်းရနိုင်ပါတယ်။မကြာခင်ကပါ။ပြန်စဉ်းစားပါ။
    တကယ်တော. ရောင်းသူရော စားသုံးသူပါမှားပါတယ်။ရောင်းသူကပထမစမှားတယ်ဆိုပေမဲ. ၀ယ်သူကလဲမစဉ်းစားပဲ ကြားက အပြိုင်တွေကတွန်းလေသလား။

Comments are closed.