ဓာတ်ပုံသတင်း

ကနေဒါ ဗန်ကူးဗားနဲ့ တိုရန်တိုမှာကျင်းပတဲ့ ရွှေညဝါဆရာတော်ရဲ့ ဓမ္မပူဇာသဘင် မြင်ကွင်း

 ကနေဒါ ဗန်ကူးဗားနဲ့ တိုရန်တိုမှာကျင်းပတဲ့ ရွှေညဝါဆရာတော်ရဲ့ ဓမ္မပူဇာသဘင် မြင်ကွင်း

ကျော်ဟုန်း ၊ ၆၊ နိုဝင်ဘာ ၂၀၁၂

ရွှေညဝါဆရာတော်ဟာ ကနေဒါနိုင်ငံတွင်းမှာ ဓမ္မပူဇာပွဲများ ကျင်းပနိုင်ခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်မှ ကနေဒါကို ကားဖြင့် ခရီးပြင်းနှင်ပြီး မနားမနေ ကြွချီတော်မူကာ  ကနေဒါရှိ မြန်မမာနိုင်ငံသားများရဲ့ အာသီသကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကနေဒါနိုင်ငံတွင်း ရွှေညဝါဆရာတော်ရဲ့ဓမ္မသဘင်များကျင်းပနိုင်ရန် အဓိကပံ့ပိုးစီစဉ်ခဲ့သူများကတော့ ဗန်ကူးဗားဘီစီ၊ ဗုဒ္ဓရံသီ ဘုန်းကြီးကျောင်းမှ ဂေါပကများဖြစ်ကြတဲ့ ကိုစိန်ထွန်း၊ ကိုကိုလေး၊ ကိုတင်နွယ်၊ကိုမြင့်ဦးတို့ ပဲ ဖြစ်ပါတယ်။ ဆရာတော်ကြွချီရာ လမ်းတလျှောက် အဆင်ပြေချောမွေ့ စေရန် ကူညီခဲ့ကြသူများကတော့ ကပ္ပိယကိုမောင်မောင်သိန်းနဲ့ ဇနီး၊ ကိုထွန်းထွန်းမိသားစု (အော်ရီဂွန်)နဲ့  ဗုဒ္ဓရံသီဂေါပက(ဗန်ကူးဗား)အဖွဲ့ ပါ။

ဆရာတော်ဟာ ထိုင်းဗီဇာထုတ်ပေးမှုကြန့် ကြာခြင်းကြောင့် နိုဝင်ဘာ (၁) ရက်မှာ ဗန်ကူးဗားကို မရောက်နိုင်ဘဲ နိုဝင်ဘာ(၃)အာရုဏ် ချိန်မှ ရောက်ဖြစ်ခဲ့ကြပါတယ်။ နိုဝင်ဘာ(၃)ရက်မှာ နေ့ ဆွမ်းကို ကိုတင်နွယ်မိသားစုက ကပ်လှူခဲ့ပြီး အနီးအနားရှိတဲ့ မိတ်ဆွေများလဲ လာရောက်ခဲ့ပါတယ်။ ထိုနေ့ ဆွမ်းကပ်ပွဲတွင်လဲ ရွှေညဝါဆရာတော်က လောကီ၊လောကုတ္တရာ ကျင့်ကြံနေထိုင်အပ်တဲ့  တရားများကို ဟောပြောဆုံးမတော်မူခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဆုံးမသြဝါဒများအတိုင်း နေထိုင်ပုံ၊ အများအကျိုး ဆောင်ရွက်ရပုံများကို တရားတော်နဲ့ ညီညွတ်လို့ လုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်၊လူမျိုး၊ ဘာသာ သာသနာတိုးတက်ဖို့  သေသည့်အထိ ဆောင်ရွက်သွားမယ့်အကြောင်း မိန့် ခဲ့ပါတယ်။

ထို (နိုဝင်ဘာ၊၃၊ ၂၀၁၂) ရက် ညနေ (၆း၃၀) မှ (၁၀)နာရီခန့် အထိ 5175, Dumfrics street, Vancouver B.C ရှိ  Kensinton Community Center GYM  ခန်းမမှာ ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ ပထမဦးဆုံးတရားပွဲကို ကျင်းပဖြစ်ခဲ့ပါတယ်။ ထို  တရားပွဲကို  ရွှေညဝါဆရာတော်၊ ဦးသူရိယ၊  ဗုဒ္ဓရံသီ ကျောင်းထိုင် အရှင်ဂေါသက၊ တို့ လဲ ကြွရောက်ခဲ့ကြပါတယ်။

စီစဉ်သူများနဲ့  တရားပွဲလာပိရိသတ်များက “ ရွှေညဝါဆရာတော်၊ ကျန်းမာပါစေ၊ သက်တော်ရှည်ပါစေ” လို့  သံပြိုင်ဆုတောင်း ပြီး ကြေးစည်ထု၊ထီးဖြူမိုးကာ ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြပါတယ်။ ဒီတရားပွဲမှာ အခြားကျင်းပခဲ့တဲ့တရားပွဲများနဲ့ မတူတဲ့ထူးခြား  ချက်ကတော့ တရားပွဲမစမီ ရွှေညဝါဆရာတော်ရဲ့သမိုင်းအကျဉ်းချုပ်ကို ပရိသတ်များသိစေရန် ဖတ်ကြားခြင်း၊ တရားပွဲအပြီးမှာ မှော်ဘီ ရွှေညဝါတောရကျောင်းအတွက်  လှူဒါန်းမည့်ငွေများ  ဆော်သြ ကြေညာခြင်းပင်ဖြစ်ပါတယ်။  ရွှေညဝါဆရာတော်က တကယ့်လွတ်လပ်ရေးအမည်ရှိ တရားတော်ကို ဟောကြားခဲ့ပါတယ်။

ဗန်ကူးဗားဘီစီ တရားပွဲမှာ မြန်မာငွေ သိန်း (၂၀) ကျော်ရရှိခဲ့ကြောင်းသိရပါတယ်။ ရွှေညဝါတောရကျောင်းရဲ့ ပင်မဘွဲ့ နှင်းသဘင် စတုရန်းပေ (၁၂၀၀) ထဲမှ စတုရန်းပေ (၁၀၀) တကွက်စာ၊  နှစ်ထပ်စာသင်ဆောင် စတုရန်းပေ (၁၆၀၀၀) ထဲမှ စတုရန်းပေ(၁၀၀) တကွက်စာနဲ့ ဆွမ်းစားဆွမ်းချက်ဆောင် စတုရန်းပေ (၆၀၀၀) ထဲမှ စတုရန်းပေ (၁၀၀) တကွက်စာတို့ အတွက် စုစုပေါင်းကျသင့် ငွေသိန်း(၅၀)ဖိုးကို ဆရာတော်ပြန်လာမယ့်(နိုဝင်ဘာ၊၁၂၊၂၀၁၂)မှာ ဖြည့်လှူဒါန်းနိုင်ရန် စီစဉ်ထားကြောင်းသိရပါတယ်။ တရား  ပွဲလာတဲ့ပိရိသတ်များကို ခေါက်ဆွဲကြော်၊ ကြာဇံချက်၊ လက်ဖက်ရည်ချို၊ ရွှေကြည်၊ ကျောက်ကျောမုံ့ ချိုများနဲ့ ဧည့်ခံပါတယ်။

ရွှေညဝါဆရာတော်ဟာ အစီအစဉ်အတိုင်း ဗန်ကူးဗားတရားပွဲအပြီး ည(၁၁)နာရီခွဲမှာ တိုရန်တိုမြို့ ကိုကြွချီခဲ့ပါတယ်။ တိုရန်တိုကို မနက်စောစောပိုင်းဆိုက်ရောက်ပြီး ထိုနေ့  (နိုဝင်ဘာ၊ ၄၊ ၂၀၁၂) ညနေမှာ12 High Meadow Place,ON, M9L မှာတည်ရှိတဲ့ မဟာဓမ္မိကကျောင်းတွင် တရားပွဲကျင်းပခဲ့ပါတယ်။ ဒီတရားပွဲမှာလဲ(တကယ့် လွတ်လပ်ရေး)တရားတော်ကို ထပ်ဟောခဲ့ပါတယ်။  တကယ့်လွတ်လပ်ရေးတရားတော်ဟာ  နှုတ်ဆောင်လွတ်လပ်ရေး၊ သရုပ်ဆောင်လွတ်လပ်ရေးကို ယနေ့ ကြုံတွေ့ နေတဲ့ မြန်မာ၊ကမ္ဘာအရေးများနဲ့  ဘုရားရှင်ဖြစ်တော်မူခြင်း အောင်မြင်မှုအကြောင်းယှဉ်တွဲကာ ဟောကြားခဲ့တဲ့ တရားဖြစ်ပါတယ်။

ထိုတရားတော်ဟာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်ပြီး ကိလေသာ တဏှာကုန်ခမ်းကာ ဗုဒ္ဓဘုရားရှင်အဖြစ်ရောက်ခဲ့ပုံ၊ သံသရာမှလွတ်မြောက်ရ၍ တကယ့်လွတ်လပ်ရေးရကြောင်း ဝိနည်းအတိုင်းဟောခဲ့ပေမယ့်လဲ ပြည်တွင်း အာဏာပိုင်များ က ရွှေညဝါဆရာတော်ကို တရားဟောခွင့်ပိတ်စေခဲ့တဲ့ တရားလဲဖြစ်ပါတယ်။       ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကနေဒါ ဗန်ကူးဗားနဲ့ တိုရန်တိုမှာကျင်းပတဲ့ ရွှေညဝါဆရာတော်ရဲ့ ဓမ္မပူဇာသဘင် မြင်ကွင်း
  1. ဆရာတော်ကြီးကျန်မာချမ်းသာပါစေသက်တော်ရာကျော်ရှည်ပါစေ။

Comments are closed.