သတင်းဆောင်းပါး

ဆန်ဒီမုန်တိုင်းအလွန် နယူးယောက်၊ နယူးဂျာဆီ နဲ့ အခြားပြည်နယ်အခြေအနေများ

ဆန်ဒီမုန်တိုင်းအလွန် နယူးယောက်၊ နယူးဂျာဆီ နဲ့ အခြားပြည်နယ်အခြေအနေများ
နိုင်ငံတကာသာဂိ၊ နိုဝင်ဘာ ၂၊ ၂၀၁၂
အောက်တိုဘာ ၂၉ ၊ ၃၀ မှာ ဆန်ဒီဟာရီကိန်းမုန်တိုင်း အမေရိကန်ပြည်အရှေ့ဖက်ကမ်းခြေ၊ နယူးယောက်မြို့တော်၊ နယူးဂျာဆီပြည် (ဂျာဆီနဲ့ အတ္တလန်တာမြို့) တွေကို ဖြတ်ပြီး ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ရေကြီးခြင်း၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခြင်း၊ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်ခြင်းတို့ဖြင့် အရှေ့ဖက်ကမ်းဒေသတွေက ပြည်နယ်ပေါင်း ၁၂ နယ်ကို ထိခိုက်ခဲ့ရာမှာ ပျက်စီးမှု ဒေါ်လာ ၅၀ ဘီလျံဖိုးလောက်ရှိမယ် ခန့်မှန်းပါတယ်။ သေဆုံးသူ ၉ ၀ ကျော်သွားပြီး လူပေါင်း ၄.၁ သန်းကျော်ရဲ့ နေအိမ်တွေ လုပ်ငန်းတွေမှာ လျပ်စစ်မီးပြတ်တောက်လျက်ရှိပါတယ်။ နယူးယောက်မြို့တော်မှာတင် လူ ၆ သိန်းခွဲ မီးပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ ၁၀ ရက်လောက် အချိန်ယူပြီး မှ မီးတွေ ရေတွေ ပြန်ရမယ်လို့ ပြောပါတယ်။ မုန်တိုင်းအကြို တနလာင်္နေ့ကတည်းက နယူးယောက် စတော့ဈေးကွက်ကို ပိတ်ထားခဲ့ရာမှာ ယမန်နေ့က စတိပြန်ဖွင့်ပြီး လည်ပတ်နေတယ်လို့ သိရပါတယ်။
(NJ transit rails in recovery)
မုန်တိုင်းကယ်ဆယ်ရေး ပြန်လည် နေရာချထားရေး၊ ပြန်လည်တည်ဆောက်ရေးအတွက် ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းပြီး အရေးပေါ်အခြေအနေကြေညာကာ National Guards  အမျိုးသားကာကွယ်ရေးတပ်သားတွေနဲ့ ဆောင်ရွက်ရာမှာ တပ်သားပေါင်း ၈ ထောင်ခန့် ကို ဖြန့်ကျက်သုံးစွဲတယ်လို့ ထုတ်ပြန်ထားပါတယ်။ အမေရိကန်ကြက်ခြေနီအသင်းနဲ့ အခြားကယ်ဆယ်ရေးအဖွဲ့တွေက အင်အားတွေ ရန်ပုံငွေတွေ သုံးစွဲပြီး ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။
(national guards helping people)
နယူးယောက်မြို့တော် အဓိကရေလွှမ်းခံရတဲ့ မက်ဟန်တန်မြို့တော်ကမ်းနားဘက်အခြမ်းမှာ ပြန်လည် ထူထောင်ရေးတွေ စတင်နေပါတယ်။ မြို့တွင်းပြေး မြေအောက်ရထားတွေ ပြန်လည်ပတ်ပါပြီ။ မြို့ဆင်ခြေဖုံးကနေ ရုံးတက် အလုပ်သွားသူတွေကတော့ car pool လို့ခေါ်တဲ့ ကားကြုံအတူစီးပြီး မြို့ထဲကို လာကြဖို့ မြို့တော်ဝန်က အမိန့်ထုတ်ထားပါတယ်။ ဒါမှမြို့တော်တွင်း ကားပိတ်ဆို့မှု သက်သာမယ်ဆိုပါတယ်။
(NYC charging station for all)
မြို့သူ မြို့သားတွေကတော့ တဦးကို တဦး ကူညီကြတယ်။ စားစရာ၊ ရေ၊ ဓာတ်ဆီ စသည်တို့ကို ဝေမျှ သုံးစွဲကြတယ်။ အဓိက တယ်လီဖုံး၊ ကွန်ပျူတာတွေကို အားသွင်းဖို့ အရေးတကြီးလိုအပ်နေတာမို့ လူထုဟာ မီးပေါက်ရှိတဲ့နေရာတွေဖြစ်တဲ့ ရုံးတွေ၊ စာတိုက်တွေ၊ ဟိုတယ်တွေမှာ သူတို့လျပ်စစ်ပစ္စည်းတွေကို တန်းစီပြီး အားသွင်းနေကြတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။
(NYC Halloween disturbed)
မုန်တိုင်းစဲပြီး အောက်တိုဘာ ၃၁ ဟာ အမေရိကန်ကလေးတွေ ဆင်နွဲလေ့ရှိတဲ့ ဟောလိုးဝင်းပွဲတော် – (ကာတွန်းတွေ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေလို ၀တ်စုံမျိုးစုံ ၀တ်ဆင်ပြီး အိမ်နီးချင်းတွေဆီက သကြားလုံး ချော့ကလက်လိုက်တောင်းကြတဲ့ ပွဲတော်) ဖြစ်တာမို့ အဆိုပါ မြို့နယ်တွေက ဟောလိုးဝင်းပွဲတော်ကို ဆင်နွဲဖို့ ရက်တွေကို ရွှေ့ဆိုင်းထားလိုက်ကြတယ်လို့ ဆိုပါတယ်။
မုန်တိုင်းက အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင် ၁ ပတ်အလိုမှာ ၀င်တာမို့ မဲဆွယ်ပွဲတွေကို သမ္မတနဲ့ အပြိုင်ဝင်သူတို့က ခေတ္တရပ်နားခဲ့ပေမယ့် အခုတော့ မဲဆွယ်ပွဲတွေ ပြန်စနေပြီလို့ ဆိုပါတယ်။
(nj – shore lines affected area)
လက်ရှိသမ္မတ အိုဘားမားက မုန်တိုင်းခံပြည်နယ်တွေကို ပြည်ထောင်စုအစိုးရက (Federal Governmet) ကနေ အရေးပေါ်ကူညီမှုတွေ အမြန်ဆုံး အထိရောက်ဆုံး ပေးမယ်လို့ ကတိပေးပြီး လိုက်လံအားပေးမှု ပြုလုပ်နေပါတယ်။ ပြိုင်ဖက်သမ္မတအရွေးခံသူ ရီပတ်ဘလစ်ကန်ပါတီသမား မစ်ရော်နီကတော့ အစိုးရထက် ပြည်နယ်တွေကို တိုက်ရိုက်လုပ်ပိုင်ခွင့်ပေးဖို့၊ အစိုးရမဟုတ်တဲ့ ကြက်ခြေနီတွေလို အဖွဲ့အစည်းတွေကို လှူကြဖို့ ကူကြဖို့၊ ကိုယ်ထူကိုယ်ထကြဖို့ ပိုမို တိုက်တွန်းနေတာကို တွေ့ရပါတယ်။ သဘောကတော့ အရေးပေါ်အခြေအနေမှာ အစိုးရကို အသိအမှတ်ပြုမယ့်အစား အခြားဘက်တွေကို အလေးသာပြနေတဲ့ပုံဖမ်းတာမျိုး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
(obama with american people)
မည်သို့ပင်ဖြစ်စေ ဆန်ဒီမုန်တိုင်းဟာ ယခင်မုန်တိုင်းတွေလိုပဲ အမေရိကန်ပြည်သူတွေရဲ့ လူမှုဘ၀၊ စီးပွားရေးဘ၀တွေကို ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလ ဖြစ်တဲ့အတွက် နိုင်ငံရေးအရလည်း သက်ရောက်မှု ဖြစ်စေပါတယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရအပြင် အာမခံလုပ်ငန်းကြီးတွေ၊ လူမှုရေးကူညီမှုအဖွဲ့တွေ၊ အလှူရှင်တွေကနေ ပြန်လည်ထူထောင်ရေးကို ၀ိုင်းဝန်းလုပ်ကိုင်ကြမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ မိသားစုတွေဘ၀တွေဟာ ပြန်ပြီးတော့ ရုန်းကန်ပြန်ထရပ် ကြဦးမှာဖြစ်တယ်။ ဒါဟာလည်း အမေရိကန်ပြည်သားတွေရဲ့ နိုင်ငံသားစိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။
(Photos – Internet, google image search words – “sandy hurricane”)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts